02 March, 2010
လမ်းလျှောက်သူ
ငါကိုက အကျင့်မကောင်းခဲ့တာပါ
လမ်းလျှောက်ရင်တောင်
မရောက်သေးပဲနဲ့
နောက်ပြန်မလှည့်ချင်ခဲ့သူ။
ဘဝလမ်းဆိုတော့
မှားမှန်းသိနေလည်း
တစ်ဝက်မကမှ
အစက ပြန်လျှောက်ရမယ်ဆိုလည်း
ကုန်ခဲ့တဲ့ အချိန်တွေက
ပြန်ရနိုင်မှာတဲ့လား...။
ဘာအတွက်ဘာကြောင့်
ဒီလမ်းကို လျှောက်သလဲလည်း
ငါ့ကိုယ်ငါကို မသေချာချင်သလို။
တစ်ချို့ကလည်း
ငါလျှောက်နေတဲ့လမ်း
အမှန်ပဲရယ်လို့
လိုက်လျှောက်ချင်သူတွေလည်း ရှိရဲ့။
တစ်ချို့ကလည်း
မရှုံချပေမယ့်လို့
အကျိုးအမြတ်မရှိတဲ့လမ်းကို
ဇွတ်တိုးလျှောက်တယ်လို့
ပြောလိုလျှက်နဲ့ ပြောမထွက်ကြ။
ကိုယ့်ဘဝကိုယ်
ရပ်တည်ဖို့ကိုမနည်းရုန်းကန်
မိဘအတွက် ထောက်ပံဖို့က
အိပ်မက်တွေရဲ့ အဝေး...
ဒီလိုလမ်းကို
မှန်နေဆဲပဲလို့
ယုံကြည်ချက်နဲ့ ဆက်လျှောက်ရမတဲ့လား။
တကယ်တော့
ငါပဲ သတ္တိနည်းသူပါ၊
အပြောင်းအလဲ ကြိုက်တယ်လို့ ပြောပြောပြီး
တကယ်တမ်း ပြောင်းဖို့ကျ
လက်တွန့်နေတတ်သူ။
ငွေရှာတာ ဝါသနာမပါဘူးလို့ ပြောရတာ
ဂုဏ်ယူစရာ မဟုတ်မှန်းလည်း သိရဲ့နဲ့
ဒီလိုပဲ ပြောရမလို ဖြစ်ဖြစ်နေတာ...။
ဒီလမ်းကိုလည်း ပျော်နေတာမဟုတ်
ဟိုလမ်းမှာလည်း မပျော်မှာသိနေ...
အိပ်မက်ထဲက လမ်းကလည်း ဘယ်ဆီမှာမှန်းမသိ
ဒီလိုနဲ့ပဲ
လမ်းလျှောက်ခဲ့တာလည်း
တော်တော်ခရီးပေါက်ခဲ့ပေါ့။
သိင်္ဂါကျော်
2.3.2010
9:17
(ကိုယ့်ဘဝကိုယ် မကျေနပ်တဲ့ စိတ်နဲ့ ရေးဖြစ်တဲ့ ကဗျာပါ။)
16 comments:
Flower said...
ကဗျာလေးက အဓိပ္ပါယ်တွေနဲ့ လေးနက်လှတယ်.
တစ်ခါတစ်လေမှာ ကိုယ်မှန်တယ် ထင်တဲ့လမ်းကိုဘဲ
မရောက်နိုင်မှန်းသိရက်နဲ့
လျှောက်နေမိကြတဲ့သူတွေ အများကြီးပါဘဲ....
ရောက်လိမ့်နိုး မျှော်ကိုးရင်းပေါ့သိင်္ဂါ.......
ယောနက်သန် said...
ဒီလိုပါဘဲဗျာ။ တခါ တခါကျ ဆန္ဒ တွေက ဆန္ဒ တွေဘဲ ဖြစ်ဖြစ်နေတယ်။
Anonymous said...
အိပ်မက်ထဲကလမ်းကတော့ အိပ်မက်ထဲမှာပဲ
တကယ်လျှောက်ရတဲ့လမ်းက တကယ်လျှောက်ရတဲ့လမ်းပဲ
စိတ်မပျက်ပါနဲ့။ သူသူ ကိုယ်ကိုယ် ဒါမျိုးတွေ ရှိပါတယ်။
ဘလော့လေး ပြင်လိုက်တာလား။ လှလာတယ်။
ဒီပုံက ဘယ်မြို့က ပုံလဲ။
လူသွားလမ်းမပါတော့ ဟိုင်းဝေးလမ်းလား။
မအယ်
လင်းကြယ်ဖြူ said...
ဆရာ ဦးတင်မိုး ဆိုထားတဲ့ ကဗျာလေးရှိတယ်..
အကြောက်သန်အတွေးဖောက်ပြီး
နောက်ပြန်ပြေးပေါက်မရှာ နဲ့
အရှေ့ကိုသာ ဆက်လျှောက်
တစ်နေ့နေ့မှာရောက်ရမယ်
မာန်ဇွဲတင်း..အံခဲရင်း...အလံမလဲခြင်းစိတ်ဓါတ်နဲ့
နမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့မြူး ကြစို့............တဲ့
အားလုံး အဆင်ပြေသွားမှာပါ...
ပျော်ပါစေခင်ဗျာ
*.*.*
Anonymous said...
ဘ၀ဆိုတာ.. ဒီလိုပါပဲ..
ကိုယ်လျှောက်နေတဲ့လမ်းမှာ တခါတလေတော့ လူတိုင်းတွေဝေမိတတ်ပါတယ်။
ရွှေရတုမှတ်တမ်း said...
ဘကျောက်တော့ဟိုလမ်းလိုလို..ဒီလမ်းလိုလိုနဲ့ လမ်းဆုံးတော့မဲ့အချိန်တောင်နီးလာပြီ
မောင်သီဟ said...
ကိုကိုကျောက်ပြောသလိုပဲဗျာ
လမ်းလျှောက်နေတုန်းပါပဲဗျာ
Nge Naing said...
ကဗျာလေးက သိပ်ကောင်းတာပဲ အဓိပ္ပါယ်တွေ အများကြီးပါတယ်နော့်။ ကြိုက်တဲ့ဘက်က တွေးယူလို့ရတယ်။
အားပေးလျက်ပါ။
ငယ်နိုင်
လင်းဒီပ said...
ဟိုနည်းနည်းလှမ်း ဒီနည်းနည်းလှမ်း
လျှောက်ခဲ့တဲ့ လမ်းတွေလည်း များပေါ့..။
ကြည်ဖြူပိုင် said...
စာရေးကောင်းတဲ့မသိင်္ဂါရေ..
အဲလိုတွေးရဘူးလေ
ငွေမရှာဘူးလို့ကိုယ့်ကိုယ်ကိုသတ်မှတ်ထားပေမယ့် ပညာတွေရှာနေတယ်
အသိပညာတွေရှာနေတယ်
ဒါတွေကတန်ဖိုးရှိတဲ့အရာတွေပါ။
ခရီးအတော်ပေါက်နေတဲ့လမ်းကိုဆက်သာလျှောက်
အားပေးနေမယ်....
ပျော်ပျော်နေနော်.....
Be Happyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyyy :):):):)
ကိုဇော် said...
ဖြစ်ချင်တာ မဖြစ်သေးပေမဲ့...
လျှောက်သင့်တော့လည်း ဆက်လျှောက်နေရတာပါပဲဗျာ။
ကျနော်လည်း ကိုယ့်ဖာသာ တစ်ခုတစ်လေ ဖြစ်မိတာပါပဲ။ ဒါပေမဲ့လည်း ပေါ့လေ.။
ပျော်ရွှင်ပါစေ
ကိုဇော်
Sein Lyan Tun said...
ငါကိုက အကျင့်မကောင်းခဲ့တာပါ
လမ်းလျှောက်ရင်တောင်
မရောက်သေးပဲနဲ့
နောက်ပြန်မလှည့်ချင်ခဲ့သူ။
တကယ်တော့
ငါပဲ သတ္တိနည်းသူပါ၊
အပြောင်းအလဲ ကြိုက်တယ်လို့ ပြောပြောပြီး
တကယ်တမ်း ပြောင်းဖို့ကျ
လက်တွန့်နေတတ်သူ။
အဲဒါတော့အမှန်ပဲ
တိုက်ဆိုင်သွားလို့
း)
ကိုလူထွေး said...
တခါတခါ ခရီးတော်တော်ပေါက်ပြီးမှ အစကနေ ပြန်စရတာမျိုးတွေ ဘဝမှာ ကြုံရတတ်ပါတယ်...
ကုန်ခဲ့တဲ့အချိန်တွေအတွက် ဘယ်ကမှ အစားပြန်မရဘူး ဆိုပေမယ့်...
ရခဲ့ဖူးတဲ့ အတွေ့အကြုံကတော့ မတူနိုင်တော့ဘူးလေ...
ဒုတိယအကြိမ် ပြန်လျှောက်တဲ့အခါ အကြံကောင်း ဥာဏ်ကောင်းတွေ ပေါ်လာမယ်... ဒီ့ထက်ပိုကောင်းပြီး ခရီးပိုတိုတဲ့ လမ်းအသစ်တွေကိုလည်း ရှာဖွေတွေ့နိုင်သေးတာပေါ့...
ဘာပဲဖြစ်ဖြစ် လျှောက်နေသူတယောက်အတွက် ပန်းတိုင်ဆိုတာ တနေ့တော့ ရောက်လာတာပါပဲ...
ကျိုက်ထီးရိုးတောင် တက်တုန်းကလိုပေါ့...
းဝ)
Angel Shaper said...
သမီးလဲ အဲလိုဖြစ်နေတတ်တာပါပဲ။
ဘာပဲဖြစ်ဖြစ် မကြီးရေ.... ဖိုက်တင်းးးးးးးးးးးနော်။
purplemay said...
ဒီလမ်းကိုလည်းပျော်နေတာမဟုတ် ၊ ဟိုလမ်းမှာလည်း မပျော်မှာသိနေ.....အဆိုးဆုံးက အိပ်မက်ထဲကလမ်းက ပျောက်နေတုန်းပဲ အစ်မရေ....
may16 said...
ကဗျာလေးကို ကြိုက်တယ် ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင် လို့ပါ.