05 March, 2010

လမ်းပေါ်ကလူ




မီးသတ်ဌာနမှ ရောက်လာချိန်တွင် မီးခိုးလုံးများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီ။ ကားကတော့ အလျှံတငြီးငြီး တောက်လောင်နေပြီ။ မြေပြင်ပေါ်ကိုပါ မီးအစအန များက ကျနေဆဲ။ နောက်တစ်နေ့မှာတော့ ကယ်ဆယ်ရေးက မီးကျွမ်းနေသော ခန္ဓာကိုယ် တစ်ခုကို ဆွဲထုတ် ပြီး ကားပိုင်ရှင်ဟု သတ်မှတ်ခဲ့သည်။ အသက် ၂၀ အရွယ် လူငယ်ကလေး ဖြစ်သည်။ သူ့အမေကတော့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေသည့်ကြားက သတင်းသမားများ မေးသမျှကို ဖြေပေးနေရသေးသည်။ ထိုညက ကောင်လေး၏ အမေထံသို့ ကောင်လေး၏ အခင်ဆုံး သူငယ်ချင်းဆိုသော မိန်းကလေး တစ်ယောက် ဖုန်းဆက်သည်။ သူ့အမေက သတင်းသမားများကို ပြောစဉ်က သူ့မှာ သူငယ်ချင်းမရှိဘူး ဟု ဘာဖြစ်လို့ ပြောခဲ့ရသလဲ လို့ မိန်းကလေးက စိတ်ဆိုးသော အသံနှင့် အပြစ်တင်သည်။ ဘာကြောင့်ပြောရလဲ ဆို သူကလည်း သူ့သူငယ်ချင်းတွေကို ဒီထဲမှာ မပါစေချင်ဘူး ထင်လို့ပါ လို့ သူ့အမေက ပြောလိုက်ရသည်။ “သူမသေသေးဘူးလို့ပဲ ကျွန်မ စိတ်ထဲ ထင်နေတယ်..” မိန်းကလေးက ပြောသည်။
***

မိုင် ၂၀ အဝေးမှာတော့ ကားကြုံစီးချင်သူ တစ်ယောက်သည် မီးဟပ်ထားသော လက်များနှင့် ဖြတ်သွားသော ကားတစ်စီးကို တားသော်လည်း ရပ်မပေးခဲ့ပါ။ သူ့ဘဝ တစ်ခုလုံးကို ထားခဲ့ရပြီဟု သူ စတင် တွေးတောမိသည်။ သူ့မျက်နှာတွင် အပြုံးလေး တစ်ခု ပေါ်လာပြီး လမ်းဆက်လျှောက်လာခဲ့သည်။ ထရပ်ကားတွေ ရပ်ကြသော ဆိုင်ကလေး တစ်ခု တစ်လေ တွေ့လျှင်တော့ သူ့မှာရှိသော ပိုက်ဆံအနည်းငယ်နှင့် ကော်ဖီလေး ဘာလေး သောက်ပြီး နောက်မြို့ကို သွားဖို့ စီးစရာတစ်ခုခုလည်း ရှာလို့ ရနိုင်သည်။ သူ ဘယ်နေရာကို သွားရမယ်မှန်း မသိသေး..။ ဒီလမ်းမကြီးကပဲ သူ့အိမ် လို့ စဉ်းစားမိသည်။ သူ အရင်က အိမ်လို့ ခေါ်ခဲ့သော နေရာကို ဘယ်တော့မှ ပြန်မသွားနိုင်တော့။

သူနေသော အမေရိကန်ပြည်နယ်လေးမှာ ရဲမှူး နှင့် သူ့လူတွေ အားလုံးက မူးယစ်ဆေး အရောင်းအဝယ် လုပ်ငန်းတွေနှင့် ပတ်သက်ကြသည်။ သူက ဆေးရောင်းသူများကို စုံစမ်းဖူးသည့်အတွက် သူတို့က သူတို့ လုပ်သမျှကို ဖုံးကွယ်ရန် အတွက် သူ့နောက်ကို လိုက်ခဲ့ကြသည်။ သူတို့က ထိုလုပ်ငန်းမှ ငွေအမြောက်အမြား ရနေသဖြင့် ရဲမှူး ရာထူး အရွေးခံရဖို့ အတွက်လည်း ထိုငွေများကို သုံးခဲ့သည် ထင်၏။ မီးလောင်နေသော ကားပေါ်က ရဲကတော့ ကျည်ဆံ တစ်ဆံ ခေါင်းထဲဝင်လျက် ကျန်ခဲ့ပြီ။

ဟိုင်းဝေးလမ်းပေါ်ကလူမှာ အညိုရောင် ကျောပိုးအိတ်တစ်လုံးပါသည်။ အိတ်ထဲမှာ အဝတ်အနည်းငယ်နှင့် ရဲသားကိုင် ပစ္စတိုတစ်လက် ပါသည်။ သွေးစွန်းနေသော ရဲယူနီဖောင်းကို ဝတ်ထားသည်။။ ထိုရဲရဲ့ ကိုယ်ပေါ်က ဒေါ်လာ သုံးထောင် တွေ့ခဲ့သည်။

ယာဉ်ရပ်နားရာ ဆိုင်ကလေးက ဖွင့်နေသဖြင့် သူ ဝင်သွားပြီး ကော်ဖီမှာလိုက်သည်။ သူသတ်ခဲ့သေိာုရဲမှူးနှင့် ပတ်သက်ပြီး သတင်းမှာ မပါသေးသဖြင့် ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပါ။ ကော်ဖီဖိုးရှင်းပြီးနောက် လမ်းကြုံလိုက်လို့ရမည့် ထရပ်ကား တစ်စင်းကို တွေ့ခဲ့သည်။ သူ ထရပ်ကားပေါ် တက်ပြီးနောက် ထွက်လာခဲ့ကြသည်။

နောက် ငါးနာရီလောက်ကြာပြီးတော့ သူ့အောက်ဘက်မှ ကားဘီး ပွတ်တိုက်သံ ကြားလိုက်ရသည်။ ကားရပ်နားရာဆိုင်တစ်ခုမှာ ဒီညအတွက် ရပ်ထားတော့မည် ဖြစ်သည်။ သူ ဘယ်နေရာ သွားရမည်ကို သူ့ဟာသူ ရှာရတော့မည်။

မိုင်တစ်ရာကျော် အဝေးကို သူရောက်နေခဲ့ပြီ။ ထိုအချက်က သူ့ကို ဝမ်းမြောက်စေသည်။ သူမြို့ထဲသို့ လျှောက်လာခဲ့သည်။ မြို့ထဲမှာ အိပ်စရာ နေရာ တစ်ခုလောက် ရှာရမည်။ ဒီယူနီဖောင်းကိုလည်း ချွတ်ပြီး ဖျောက်ဖျက်ပစ်ရမည်။

ထိုအချိန်မှာပင် အမျိုးသမီးတစ်ယောက် အော်လိုက်သော အသံကို ကြားလိုက်ရသည်။ အသံလာရာကို ကြည့်လိုက်တော့ လူတစ်ယောက်က အမျိုးသမီး တစ်ယောက် ကို ချုပ်ကိုင်ရင်း သစ်ပင် ပင်စည်မှာ ကပ်ထားသည်ကို တွေ့လိုက်ရသည်။ သူမ ပါးစပ်ကို အတင်းပိတ်ထားပြီး ပိုက်ဆံအိတ်ကို လုယူဖို့ ကြိုးစားနေသည်။ ထိုလူ လုပ်နေသည် ကောင်းတာတော့ ဟုတ်ပုံမရပါ။ သူ့ကျောပိုးအိတ်ထဲမှ သေနတ်နှင့် သူ့ယူနီဖောင်းမှ ခွာထားသော ရဲတံဆိပ်ကို ထုတ်ယူပြီး ထိုနေရာသို့ ချဉ်းကပ်သွားလိုက်သည်။
“မလှုပ်နဲ့ ”
ထိုလူက သေနတ်ကို လှည့်ကြည့်ပြီး ပြေးဖို့ပြင်သည်။ သို့သော် ကြောက်ပြီး သူ့ခြေထောက်များက မပြေးနိုင်သလို ဖြစ်နေသည်။ နောက်ဆုံးတော့ ပိုက်ဆံအိတ်ကို ချခဲ့ပြီး ပြေးသွားသည်။
“ကျေးဇူးတင်ပါတယ်..၊ ကျွန်မ လိုအပ်တဲ့ အချိန်မှာ ရဲိုရဲမှူးတစ်ယောက် ရောက်လာတာကို တွေ့ရတာ ဒါ ပထမဆုံးပဲ”
“ငါတော့ မင်းကို စိတ်ပျက်အောင် လုပ်မိပြီ ထင်တယ်၊ ငါက ရဲိုရဲမှူး တစ်ယောက် မဟုတ်ပါဘူး” ကားကြုံစီးသူက သူ့မူပိုင်အပြုံးကို ပြုံးရင်း ပြောသည်။
“ဒါဆို ရဲတံဆိပ်က ဘယ်က ရလာတာလဲ”
“ငါက ရဲ ဖြစ်ခဲ့ဖူးတယ်ပဲ ထားပါတော့၊ ငါနာမည် ဒန် ပါ”
“ဘာပဲဖြစ်ဖြစ်၊ ကျေးဇူးတင်ပါတယ်”
သူမက ကျောပိုးအိတ်ကို သတိထားမိသွားပြီး သူ့ကို အိမ်ခြေရာမဲ့ တစ်ယောက် ဖြစ်မှန်း တွေးမိသွားသည်။ သူမက နောက်ဆုတ်သွားပြီးမှ ဒန်ရဲ့ ဘယ်လက်မှာ ကိုင်ထားဆဲ ဖြစ်သော သေနတ်ကို ကြည့်နေသည်။ ဒန်ကလည်း သူမကြည့်နေမှန်း သိသွားပြီး သေနတ်ကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူပြန်ကြည့်လိုက်တော့ သူမက သူ့ကို ကြောက်နေဆဲ ပုံစံနှင့်။ သူက မိန်းကလေးကို ပြုံးပြပြီး “ဂွတ်နိုက်” ဟု နှုတ်ဆက်ကာ လမ်းဆက်လျှောက်လာခဲ့သည်။ လမ်းတစ်ဘက် ရောက်တော့ လမ်းသရဲ တစ်သိုက်က သူ့ကို ကြည့်နေသည်ကို တွေ့ရသည်။
“ဟေ့ ကောင်ကလေး၊ ငါတို့ မင်းကို ဒီနားမှာ တွေ့ရတာ သဘောမကျဘူးကွာ”
ခရမ်းရောင် ဆံပင်နှင့် လူက သူသုံးနေကျ ဖြစ်ဟန်တူသော ငါးပေ လောက်ရှိသော ချိန်းကြိုး တစ်ခုကို ကိုင်ကာ ပြောသည်။ တစ်ခြား သုံးယောက်က တုတ်လို အရာများ ကိုင်ထားကြသည်။ သူတို့အတွက် လုပ်နေကျ ဖြစ်ပုံရသည်။ မတိုက်ခိုက်ပဲနှင့် ထိုနေရာမှ ထွက်သွားလို့ ရနိုင်မည် မဟုတ်မှန်း သူသိလိုက်သည်။ သူတို့ဘယ်လောက်များများ၊ ဘယ်လောက် အတိုက်အခိုက် ကောင်းကောင်း သေနတ်ကိုတော့ ယှဉ်နိုင်မည် မဟုတ်ပါ။ ထိုအချိန်မှာပင် သူ့နောက်မှ မိန်းကလေး တစ်ယောက် ရောက်လာသည်။ ခုဏက သူကယ်ခဲ့သော မိန်းကလေးပင် ဖြစ်သည်။ “ရမ်ဒီ၊ သူက လူကောင်းပါ၊ ကျွန်မကို ကယ်ခဲ့တာပါ”

ရမ်ဒီ ဟုခေါ်သော ခရမ်းရောင်ဆံပင်နှင့်လူ အမူအယာပြောင်းသွားသည်။ “မင်းက ငါ့ညီမကို ကယ်ခဲ့တယ်ပေါ့၊ ကောင်းပြီလေ အဲတော့လည်း မင်းကို သွားခွင့်ပြုရမှာပေါ့”
အဲဒီနောက် ဒန်က သူ့ကျောပိုးအိတ်ထဲမှ သေနတ်ကို ဆွဲထုတ်ပြီး ရမ်ဒီကို ချိန်ထားလိုက်သည်။ ရမ်ဒီက ရုတ်တရက်မို့ ငုံရှောင်လိုက်မိသည်။ သို့သော် ဒန်က ထိုသေနတ်နှင့် ရမ်ဒီ နောက်က လာနေသော ရဲ ကို ပစ်လိုက်ခြင်းဖြစ်သည်။ ဒန်သည် အခြား ရဲတစ်ယောက်၏ အလောင်းရှေ့တွင် ရပ်နေမိပြန်ပြီ။ ပစ်ချက်က အရင်လိုပင် ရဲ၏ ဦးခေါင်းထဲ ဝင်သွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ကြီးကလည်း အရင်လိုပင် လဲကျလာသည်။

ရမ်ဒီက သေနေသော ရဲကို ကြည့်ပြီး တစ်ခွန်းသာ ပြောသည်။ “Shit”
“လာ ကိုယ့်လူ၊ မင်း ငါတို့နောက် လိုက်ခဲ့တာ ကောင်းလိမ့်မယ်.. သူတို့ မင်းကို မရှာနိုင်မယ့် နေရာ ဆို့လို့ တစ်ခုပဲ ရှိတယ်၊ မြေအောက်ကမ္ဘာပဲ” ရမ်ဒီက သူ့ကို ပြောသည်။
“ဘာလို့လဲ” ဒန်က ရမ်ဒီကို တည့်တည့်ကြည့်ပြီး မေးသည်။ သူ့လက်ထဲမှာလည်း လူသတ်လက်နက်ကို ကိုင်ထားလျက်….။
“အဲလို မလုပ်ရင် မင်းကို ရဲတွေ မိသွားမှာပေါ့ကွ၊ အဲဒါကြောင့်ပဲ”
ရမ်ဒီ ၏ သူငယ်ချင်း တစ်ယောက်က ကြောက်ရွံ တုန်လှုပ်နေပြီး နောက်တစ်ယောက်ကတော့
“သူ့ကို မြေအောက် ခေါ်သွားဖို့ ဘယ်လိုလုပ်ဖြစ်မှာလဲ၊ သူက အဖွဲ့ဝင်လည်း မဟုတ်ဘူး နောက်ပြီး ငါတို့ သူ့အကြောင်းလည်း ဘာမှ မသိဘူး” ဟုပြောသည်။
“သူက ရဲတစ်ယောက်ကို သတ်လိုက်တယ်၊ ပြီးတော့ ငါ့ညီမ လိုရီ ကိုလည်း ကူညီခဲ့တယ်၊ အဲတော့ ဖြစ်နိုင်တယ်လို့ ပြောရမှာပဲ”
ရမ်ဒီက သူတို့ မျက်လုံးထဲ စိုက်ကြည့်ပြီး ပြောလိုက်သည်။

သူတို့ မြေအောက်ကို ရောက်သောအခါ အစောင့်တွေက ဒန်ကို တားသော်လည်း ရမ်ဒီကြောင့် ဝင်ခွင့်ရခဲ့သည်။ ထိုနေရာမှာ ဟဲဗီး မက်တယ် နှင့် ရက်ပ် အဆိုတော် အဖွဲ့ များ၏ ပိုစတာများ ကပ်ထားသည်။ သီချင်း တစ်ပုဒ်ကိုလည်း ဖွင့်ထားသေးသည်။ သီချင်းက ကလို့ကောင်းမည့် သီချင်း။ လိုရီက ဒန်၏ လက်မောင်းကို ဆွဲခေါ်သွားပြီး ဘယ်သူမှ မမြင်နိုင်မည့် အခြမ်းက အခန်းတစ်ခန်းသို့ ဦးဆောင်ပြီး ခေါ်သွားသည်။ လိုရီ ၏ ဆံပင် ပျော့ပျော့များက ပုခုံးပေါ် ဖြာကျနေသည်။ သူမ နှုတ်ခမ်းများမှာ အပြုံးလေး တစ်ခု…။ ဒန် ရဲ့ မျက်နှာကတော့ သူ့ပုံစံ အတိုင်း အေးစက်စက် မာကြောကြော…။ သူမက မော့၍ ဒန့် မျက်နှာ ရှေ့သို့ တိုးလာပြီး ငြင်ငြင်သာသာ ပြောသည်။  “ပန်းခြံထဲက ကိစ္စ အတွက် ရှင့်ကို ကျေးဇူးတင်ချင်တာပါ”
သူမက ရှေ့တိုးလာပြီး ဒန့်ကို နမ်းလိုက်သည်။ ရမ်ဒီ လျှောက်လာတော့ သူမြင်လိုက်ရသော မြင်ကွင်းအတွက် အံအားသင့်တုန်လှုပ်သွားသည်။
“လိုရီ နင်ဘာလုပ်နေတာလဲ”
“အိုး ရမ်ဒီ၊ ကျွန်မ သူ့ကို ကျွန်မတို့ထဲက တစ်ယောက် ဖြစ်အောင် လုပ်ပေးမလို့ပါ”
“နင် သိပါတယ် လိုရီ၊ သူတို့ ဆန္ဒရှိမှပဲ ငါတို့ထဲက တစ်ယောက် ဖြစ်လာမှာလေ”
“နေကြစမ်းပါဦး၊ ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ”
“ညီမလေး၊ ဒန် နားပါစေ၊ သူ ခရီးရှည် သွားခဲ့ရတာ အိပ်ချင်ရောပေါ့”

ထိုညက ဒန် အိပ်မက်မက်သည်။ ဝံပုလွေ မျိုးနွယ်စု တစ်စုက ဤမြို့ရဲ့ လမ်းတွေ၊ အမှိုက်ပုံတွေကို သန့်ရှင်းဖို့ ကြိုးစားနေကြတယ် တဲ့။ သို့သော် ထူးခြားတာကတော့ ဝံပုလွေတွေမှာ ခရမ်းရောင် အမွေးတွေ ရှိကြတာပါပဲ။ ဒန်ရဲ့ အမေကတော့ အိပ်မက်တွေဟာ တစ်စုံတစ်ယောက်ရဲ့ ဖုံးကွယ်ထားတဲ့ အရာတွေကို ပြချင်လို့လည်း မက်တတ်တယ် လို့ ပြောဖူးသည်။ သူ အိပ်ရာကနိုးပြီးနောက် အပြင်ထွက်လာခဲ့သည်။ ကော်ဖီဆိုင် ထိုင်ရင်း သတင်းစာ တစ်စောင်တွေ့သဖြင့် ဖတ်လိုက်တော့ မျက်နှာဖုံးသတင်းက ဆက်တိုက်ဖြစ်နေသော လူသတ်မှုများ အကြောင်း။ ဆေးရောင်းသူများနှင့် သုံးစွဲသူများကိုသာ ရွေးပြီး သတ်သည် ဆိုသည့် အကြောင်း..။ ရဲများက အခင်းဖြစ်ပွားရာနေရာတွင် ရှာရာ ခွေးကြီး တစ်ကောင် ရောက်ခဲ့သည့် သဲလွန်စမျိုး တွေ့ရသည့် အကြောင်း… ဆက်လက်ဖော်ပြထားသည်။ ထိုသတင်းကို နားမလည်နိုင်သဖြင့် မနေ့ညက ဘာတွေဖြစ်သလဲ ဆိုတာ ရမ်ဒီကို သွားမေးမည်ဟု ဆုံးဖြတ်လိုက်သည်။ သူ ပြန်လာတော့ သူတို့အားလုံး အိပ်နေကြဆဲ။ လိုရီကတော့ ဒန့်အခန်းထဲ ရောက်နေသည်။ သူမ မျက်လုံးတစ်ဝိုက်မှာ အညိုအမည်းစွဲနေသလို ဖြစ်နေသဖြင့် မနေ့ညက တိုက်ခိုက်ထားသလိုပင်။
“မင်း ဘာဖြစ်လာတာလဲ”
“ဘာမှ မဖြစ်ပါဘူး၊ မနေ့ညက ကောင်းကောင်း အိပ်မပျော်လို့နေမှာပါ”
ဒန်သည် သတင်းစာထဲမှ ဆောင်းပါးကို သတိရသွားပြီး သူမကို မေးဖို့ ဆုံးဖြတ်လိုက်သည်။
“အဲဒါ ကျွန်မ ရှင့်ကို ပြောချင်နေတဲ့ အကြောင်းပဲ ဒန်၊ ကျွန်မတို့ အားလုံးဟာ လိုင်ကန်သရိုပီ တွေပဲ”
“ဘာ.. အဲဒါဘာလဲ”
“အဲဒါ ရောဂါ တစ်ခုပဲ၊ အဲဒီ ရောဂါရှင်တွေဟာ ညဆိုရင် ဝံပုလွေ အဖြစ်ပြောင်းပြီး အစာရှာတတ်ကြတယ်လေ”
“မင်းတို့ အဲဒီ ဘဝကို ဘယ်လို ရခဲ့တာလဲ”
“လွန်ခဲ့တဲ့ သုံးလေးနှစ်က အစ်ကို ရမ်ဒီ က မိန်းကလေး တစ်ယောက်နဲ့ တွဲခဲ့တယ်လေ၊ အဲဒီမိန်းကလေးကလည်း သူ့ကို ချစ်ပါတယ်၊ ပြီးတော့ အဲဒီရောဂါကို ပေးခဲ့တာပဲ၊ သူကလည်း လိုလိုချင်ချင် လက်ခံခဲ့တယ်လေ၊ တိုတို ပြောရရင် သူမကို ဆေးသမားတွေ သတ်တာခံခဲ့ရတယ်။ အဲဒါကြောင့် ရမ်ဒီက သူမကို သတ်ခဲ့တဲ့ လမ်းပေါ်က ဆေးသမားတွေကို ရှင်းပစ်ဖို့ တာဝန်ကို သူ့ဟာသူ ယူခဲ့တာပဲ”
“ဒါပေမယ့် ကျွန်မ စဉ်းစားလို့ မရတာ တစ်ခုတော့ ရှိတယ်၊ သူမကို ပစ်ခဲ့တဲ့ ကျည်ဆံဟာ ရိုးရိုးကျည်ဆံပဲ ရှင့်၊ တကယ်လို့ ဝံပုလွေလူသားအစစ်ဆိုရင် ငွေကျည်ဆံနဲ့မှပဲ သတ်လို့ရတယ်လေ”

လိုရီက ဝမ်းနည်း၊ နာကျင်နေဟန် ပေါက်နေသဖြင့် ဒန်က သူ့အခန်းမှာပဲ တစ်နေ့လုံး အိပ်နေစေလိုက်သည်။ ထိုနေ့ တစ်နေ့လုံး ကျန်သူများကလည်း အိပ်ပျော်နေကြသဖြင့် သူ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်သည်။ စာတစ်စောင် ရေးထားခဲ့ပြီး သူထွက်လာခဲ့သည်။
***

သူ တစ်နေ့လုံး လမ်းလျှောက်နေခဲ့သည်။ ညရောက်တော့ လုံခြုံမည် ထင်ရသည့် တစ်နေရာမှာ အိပ်ဖို့ပြင်သည်။ ထိုနေရာမှာ ကျောက်တုံးများဖြင့် ပြည့်နေပြီး ကြောက်လန့်စရာ တစ်စုံတစ်ရာ မရှိပဲ ငြိမ်းချမ်းသောနေရာ ဖြစ်သောကြောင့် သူအိပ်ပျော်သွားသည်။ မနက်နိုးလာတော့မှ ထိုနေရာမှာ သင်္ချီုင်းတစ်ခု ဖြစ်မှန်းသိရသည်။

သူ လမ်းစလျှောက်ခဲ့သည်။ တစ်နေ့လုံး… မြန်မြန် လျှောက်တဲ့အခါလျှောက်၊ နှေးနှေး လျှောက်တဲ့အခါလျှောက်။ အဲလိုနှင့် ညရောက်လာတော့ သူ့ကို ရဲိုရဲမှူးတစ်ယောက်က တားသည်။ သူ့ကို လက်မြှောက်ခိုင်းပြီး သူ့ကိုယ်ပေါ်မှာ ရှာဖို့ပြင်သည်။ သူ့ခါးပတ်ထဲမှာ ထိုးထားသော သေနတ်ကို ဒန် သတိရလိုက်သည်။ ရဲိုရဲမှူးက သူ့သေနတ်ကို ထုတ်ပြီး ချိန်ထားပြီးနေပြီ။ အဲဒီနောက် အမှောင်ထဲမှ ဝံပုလွေများ ထွက်လာပြီး ရဲိုရဲမှူးကို တိုက်ခိုက်၍ လည်မျိုကို ကိုက်ခဲသွားသည်။ “အခုတော့ ငါတို့ ကယ်တဲ့ အလှည့်ပေါ့” ဝံပုလွေခေါင်းဆောင်က ဒန့်ကိုပြောသည်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု။ “မင်း ငါတို့ကို လိုတဲ့အခါ ပြောနော်..၊ ငါတို့ကို ဘယ်နေရာမှာ ရှာရမယ် ဆိုတာ မင်းသိပြီးသားပဲ” သူက ပြောပြီး ညအမှောင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ဒန် ထိုညက ကောင်းကောင်း မအိပ်တော့ပဲ ဆက်လျှောက်နေခဲ့သည်။ နောက်တစ်နေ့မှာ ဘုရားကျောင်း တစ်ခု ရှေ့က ဖြတ်လျှောက်ရင်း သတိလစ်သလို ဖြစ်သွားသည်။ သူနိုးလာတော့ လဲလျောင်းလျက်နှင့် မျက်နှာကျက်တစ်ခုကို မြင်လိုက်သည်။ အသက်ကြီးကြီး နီဂရိုးအမျိုးသမီးကြီးက သူ့ကို ကြည့်နေတာကိုလည်း တွေ့ရသည်။ သူမ၏ ဆံပင်များမှာ ဖြူစပြုနေပြီ။ “မင်း အသက်ရှင်နေသေးတာ ဝမ်းသာစရာပဲကွယ်၊ ငါက မင်းနိုးမလာတော့ဘူးလို့တောင် ထင်နေတာ”
“ကျွန်တော် ဘယ်ရောက်နေတာလဲ”
“ဒါက အရေးမကြီးပါဘူးကွယ်.. မင်းနေကောင်းရင် ပြီးတာပဲ”
အခန်းက သိပ်မကြီးမားပါ။ အခန်းတစ်ခုလုံး အကျယ်ကပင် ပေ ၂၀ ပေ ၃၀ လောက်ပဲ ရှိသည်။ တီဗွီ တစ်လုံးကို အခန်းထောင့်တွင် တွေ့ရပြီး နံရံတွင် ခရစ်တော်ပုံကို ချိတ်ဆွဲထားသည်။ ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်ဟန်တူသည်။ အမျိုးသမီးကြီးက ဘုရားကျောင်း တက်မည့် အဝတ်အစားမျိုး ဝတ်ထားသည်။
“မင် နိုးနေနဲ့မှတော့ အန်တီနဲ့ အတူ ဘုရားကျောင်းကို လိုက်ခဲ့ပါလား”
“မဖြစ်ဘူးထင်တယ် အန်တီ၊ ကျွန်တော့် အဝတ်အစားတွေကလည်း…”
“ဘာအဝတ်အစားပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူးကွယ်၊ ဘုရားသခင်ကို ယုံကြည်ဖို့သာ အဓိကပါ”

ဒန်သည် အမျိုးသမီးကြီးနှင့်အတူ ဘုရားကျောင်းကို သွားဖို့ရာ သံသယဖြစ်နေသည်။ သူ အဲဒီကို မရောက်ဖြစ်တာ ကြာခဲ့ပြီ။ နောက်ဆုံးတော့ လမ်းကို ဖြတ်ကူးပြီး ဘုရားကျောင်းကို သွားဖြစ်ခဲ့သည်။ ဘုရားကျောင်းကို ရောက်ပြီးနောက် အမျိုးသမီးကြီးကို ကျေးဇူးတင်လာသည်။
***

နောက်နှစ်မှာလည်း သူသည် တစ်မြို့ပြီး တစ်မြို့ ပြောင်းကာ အလုပ်အမျိုးမျိုးလုပ်ရင်း နေထိုင်ခဲ့သည်။ သူသည် လိုအပ်သလောက်လေးသာ သုံးပြီး ပိုက်ဆံစုခဲ့သည်။ သူ့အတွက် လမ်းပေါ်မှာ နေရသည့် အချိန်ကများနေပြီး သူ ပထမဆုံး ထွက်ခွာခဲ့ရသည့် အိမ်ကိုမူ မမှတ်မိနိုင်လောက်အောင်ပင် ဖြစ်နေပြီ။ နေ့တိုင်းပင် သူနေထိုင် ကြီးပြင်းခဲ့ရာ အိမ်ကို သတိရနေသည်။ နောက်ဆုံးတော့ သူ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒန် အိမ်ပြန်လာရာ လမ်းမှာ နိဗ္ဗာန်ဘုံ ဟုခေါ်သော မြို့လေးတစ်မြို့ကို ရောက်လာသည်။ မြို့လည်မှာ အသုဘ အခမ်းအနား တစ်ခုကို သူတွေ့ရသည်။ သေသူမှာ ကျော်ကြားသူ တစ်ယောက်ဖြစ်ရမည်။ မြို့ထဲက လူတိုင်း သွားနေကြပြီး ဆိုင်များကိုပင် ပိတ်ထားကြသည်။ ဒန်က သူ့ကို လူခပ်များများ မြင်မှာ မလိုလားသဖြင့် ထိုနေရာသို့ မသွားပဲ ဆက်လျှောက်လာခဲ့ရာ ရေကန်လေး တစ်ခုနားသို့ ရောက်လာသည်။ ရေကန်၏ တစ်ဘက်မှာ အညိုရောင် ဆံပင်နှင့် မိန်းကလေးငယ် တစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။ သူမသည် ၁၃ နှစ်လောက်သာ ရှိဦးမည်ဖြစ်ပြီး ဝမ်းနည်းပက်လက် ဖြစ်နေပုံရသည်။ ဒန်က သူမကို သွားပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။ သူရောက်သွားတော့ သူမက ကျောက်တုံးတစ်ခု ပေါ်မှာ ထိုင်နေပြီး ရေထဲကို ကြည့်နေသည်။ သူမနားသို့ တစ်ယောက်ယောက် ရောက်လာတာကိုလည်း ဂရုမစိုက်။ ဒန်က သူမနား ခပ်လှမ်းလှမ်းမှာ ထိုင်ပြီး စကား စပြောလိုက်သည်။ ထိုအခါကျမှ မိန်းကလေးက သူ့ကို သတိထားမိသွားသည်။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ၊ အသုဘကို မသွားဘူးလာဲး” ဒန်ကပြုံးပြီး မေးလိုက်သည်။
“လူတိုင်း သွားနေကြတာတွေ့လို့ပါ၊ တကယ်တော့ ဘယ်သူသေမှန်းတောင် ငါမသိဘူး”
“ရှင်က ဒီနားတဝိုက်က မဟုတ်ဘူးထင်တယ်”
သူမ အသံလေးက မယုံနိုင်စရာ ကောင်းလောက်အောင် ချိုသာသည်။
“မြို့ဝန်လား..၊ အမတ်လား.. တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်”
“မဟုတ်ပါဘူး၊ ကျွန်မ အဖေပါ”
“အိုး.. ဒါဆို မင်းက ဘာလို့ အသုဘအခမ်းအနားမှာ မရှိပဲနဲ့ ဒီနားကို ရောက်နေရတာလဲ၊ တစ်မြို့လုံးကတော့ မင်းအဖေကို ချစ်ကြပုံ ပေါ်တယ်နော်”
ဒန်က သူ့ အသံကို ဒေါသသံမပါအောင် မနည်းနှိမ့်၍ ပြောရသည်။
“ကျွန်မလည်း သူ့ကို ချစ်ပါတယ်၊ အဖေ ဆုံးသွားလို့ ဝမ်းနည်းတာပေါ့”
ဒန် သူမကို နားမလည်နိုင်အောင် ဖြစ်ရသည်။
သူ့အဖေကတော့ သူ့အလုပ်ကို အကြောင်းပြပြီး သူ့အမေကို ထားသွားခဲ့သည်။ သူက သူ့အဖေကို အမြဲတမ်း မုန်းနေခဲ့သည်။ တစ်နေ့နေ့ သူ့အဖေကို ပြန်တွေ့ခဲ့လျှင် သေချာ ရှင်းရှင်းလင်းလင်း မေးဖို့ တွေးထားခဲ့သည်။
ဒန်က မိန်းကလေး ကို ပခုံးကို ဖက်၍ နှစ်သိမ့်လိုက်သည်။ သူတို့ မိနစ် အနည်းငယ်လောက် ဆက်နေကြပြီးနောက် သူမက သူမအဖေ၏ အုတ်ဂူကို သွားကြည့်ချင်လာသည်။
“ငါလည်း မင်းနဲ့ အတူ လိုက်ခဲ့မယ်လေ”
ဒန်နှင့် သူမ ဘေးချင်းယှဉ်လျက် လျှောက်လာခဲ့ကြသည်။
“ငါက လက်ဇင်တန် က အိမ်ကို ပြန်မလို့လေ”
သူမက သူလိမ်နေသည် ဟု မထင်ဖို့ မျှော်လင့်သည်။
“ဒီမှာ ဘတ်စ်ကား မှတ်တိုင်တစ်ခု ရှိတယ်လေ၊ ရှင် လမ်းလျှောက်သွားမယ့် အစား ဘတ်စ်ကား မှီအောင် စောင့်စီးသွားပေါ့”
“ငါ လမ်းလျှောက်လာမှန်း မင်းဘယ်လိုလုပ် သိတာလဲ”
“ရှင့် ကျောပိုးအိတ်က ညစ်ပတ်နေတယ်လေ၊ အဲဒီ ဘတ်စ်ကားက ငါးနာရီလောက် လာမယ်ထင်တယ်”

သူတို့ သချိုံင်းကို ရောက်သည်အထိ တိတ်တိတ်ဆိတ်ဆိတ်နှင့် မြို့ကို ဖြတ်လျှောက်လာခဲ့သည်။ ရှင်းလင်း သပ်ရပ်သော အုတ်ဂူများနှင့် အေးချမ်းသော နေရာ တစ်ခု ဖြစ်သည်။ အဝင်ပေါက်ဝက ကျောက်တိုင်ကြီးကတော့ အိုမင်းနေမှန်း သိသာသည်။ မြက်ရိုင်းများက နွေဦးအစောပိုင်းမို့ အစိမ်းရောင်သမ်းကာ လှပနေဆဲ။ အစွန်နားမှာတော့ မိုးမခပင် တစ်ပင်ရှိသည်။

ဒန်က မိန်းကလေးနောက်က လိုက်လာရင်း ဂူသချိုံင်းများကို ကြည့်လာသည်။ သူမက အုတ်ဂူ တစ်ခု ရှေ့မှာ ထိုင်လိုက်ပြီးနောက် မျက်ရည်များ ကျလာသည်။ သူမ ငိုနေတာကို ဒန်မကြည့်ရက်ပါ။ သူက မိုးမခပင် အကျော်လောက်အထိ လမ်းလျှောက်သွားပြီး ထိုနေရာရှိ အုတ်ဂူပေါ်မှ နာမည်ကို ဖတ်ကြည့်မိသည်။ ဒန်နီ ဝေါ့ကာ စီနီယာ၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်း တစ်ယောက်.. ဤနေရာတွင် လဲလျောင်းနေသည် ဟု ရေးထိုးထားသည်။

ဒန် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ သူ့ဖခင် ဘယ်တော့မှ ပြန်မလာနိုင်တာ ဒါကြောင့်ပဲလား။ သူ ရူးမတတ် ခံစားလိုက်ရသည်။ သူက အထင်အမြင်မှားပြီး သူ့အဖေကို အမြဲတမ်း အပြစ်တင်နေခဲ့သည်။ သူ ထိုအရှေ့မှာ မိနစ် အနည်းငယ်လောက် ရပ်နေမိသည်။
မိန်းကလေးက ဒန့်ဆီသို့ လျှောက်လာသည်။
“ရှင် သူ့ကို သိလို့လား”
“ငါ သိတယ်လို့ ထင်တာပဲ၊ သူ ဘယ်သူလဲ မင်းသိလား”
“သူက ကျွန်မ အဖေနဲ့ အတူတူ လုပ်ခဲ့တဲ့ ရဲိုရဲမှူး တစ်ယောက်ပါ၊ သူက တာဝန်ထမ်းဆောင်ရင်း ကျွန်မအဖေ အတွက်နဲ့ သေနတ် ပစ်ခံခဲ့ရတယ်လေ”
“ငါ စိတ်မကောင်းပါဘူး၊ ငါမသိခဲ့ဘူး”
သူက မိန်းကလေးကိုသာမက အုတ်ဂူထဲက သူ့ကိုပါ ပြောလိုက်ခြင်းဖြစ်သည်။
“ကံမကောင်းချင်တော့ သူ နည်းနည်းလောက်လေး နောက်ကျသွားတယ်လေ၊ ကျွန်မ အဖေလည်း ခေါင်းကို မှန်ပြီး ချက်ချင်း သေသွားခဲ့တာ”
သူမက ထပ်ငိုပြန်သည်။ နောက်မှ မျက်ရည်များကို လက်နှင့် သုတ်လိုက်သည်။

ဒန်က သူမကို ကောင်းကောင်းမွန်မွန် နေသွားစေချင်သည်။ သူမနှင့် လမ်းခွဲပြီးနောက် သူ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်ခဲ့လာသည်။ ကားလက်မှတ်ဝယ်ပြီး သူ စောင့်နေခဲ့သည်။ နောက်ဆုံးတော့ ဘတ်စ်ကား ဆိုက်လာပြီး သူ တက်လိုက်ခဲ့သည်။ နောက်ဘက်နားမှာ နေရာရသည်။ ထိုင်ခုံက သက်တောင့်သက်သာ ရှိသောကြောင့် သူ ချက်ချင်းလိုပင် အိပ်ပျော်သွားသည်။ လွန်ခဲ့သော တစ်နှစ်တာ အတွင်း အိပ်အကောင်းဆုံး ညလို့တောင် ထင်ရသည်။

ဘတ်စ်ကား ဒရိုင်ဘာက နောက်ဆုံးမှတ်တိုင် ရောက်ပြီ ဆိုပြီး သူ့ကို နှိုးမှ သူနိုးလာသည်။ ဒန် ကားပေါ်မှ ဆင်းပြီး လမ်းလျှောက်လာခဲ့သည်။ သူ ထွက်သွားခဲ့သော နှစ်နှစ် အတွင်း မြို့က ဘာမှာ သိပ်မပြောင်းလဲသေးပါ။ လမ်းပေါ်မှာ လူတွေ သွားလာနေကြသည်။ သူ့ကို ဘယ်သူမှ ဂရုမစိုက်၊ သူ့ကို မှတ်မိသူလည်း ဘယ်သူမှ မရှိ။ အနောက်ဘက်က မြင်းစီးကျောက်ရုပ်ကလည်း အရင်အတိုင်း..။ အရုပ် ပတ်ဝန်းကျင်မှ မြက်များကို လောလောလတ်လတ် ညှိဖြတ်ထားသဖြင့် မြက်စိမ်းနံများပင် ရနေသည်။ အုပ်ချုပ်ရေးမှုး အိမ်တော်ကို လှမ်းကြည့်လိုက်တော့ နာရီကြီးက ၁၀ နာရီ ထိုးနေသည်ကို မြင်လိုက်ရသည်။ “ငါတော့ အိမ်ကို နေ့လည်စာ အမီ ပြန်ရောက်မှာပဲ၊ အမေတော့ စိတ်ဆိုးနေမလား မသိဘူး” သူက တွေးနေသည်။

သူ့အိမ်သို့ သွားရာလမ်းကို သူ ကောင်းကောင်းသိပါသည်။ နောက်ထပ် နှစ်နာရီလောက် လျှောက်လျှင်တော့ ရောက်တော့မည်။ သူက ပိုပြီး မြန်မြန် လျှောက်ချင်စိတ် ဖြစ်မိသည်။ မြို့လည်ကိုလွန်လာတော့ ၁၉၉၀ မော်ဒယ်လ် ကားလေးတစ်စီးက သူ့နံဘေးသို့ ရောက်လာသည်။ ကားထဲမှ မိန်းကလေးက သူ့ကို ရင်းနှီးသည့်ပုံနှင့် ကားထဲသို့ ဝင်ခိုင်းသည်။ ဒန် ထိုမိန်းကလေးကို ကောင်းကောင်း မှတ်မိသွားသည်။ သူ့အမေ အပြင် နောက်ထပ် သူအယုံကြည်ဆုံးသူပင်။ သူ ကားထဲဝင်ထိုင်ပြီးနောက် ရင်းနှီးနေသော အနံအသက်ကို ရသည်။ လေထဲမှာ ပျံနေသော စီးကရက်နံ။ ဒန် စီးကရက် မသောက်ဖြစ်တာ ကြာခဲ့ပြီ။ မိန်းကလေးက သူ့ကို တစ်လိပ်ပေးသည်။ သူမမှာ ရွှေညိုရောင် ဆံပင်တွေ ရှိပြီး သူ့အနားမှာ နေတိုင်း အမြဲတမ်း ပြုံးနေတတ်သည်။ သူကလည်း သူမအနားမှာ နေရတာကို အမြဲတမ်း သဘောကျခဲ့သည်။ ဂျင်းန် သည် ဒန် ဒုက္ခရောက်တဲ့ အခါတိုင်း အမြဲကူညီတတ်ခဲ့သည်။

ဂျင်မီ အသတ်ခံရပြီးနောက် သူရူးမသွားခဲ့၊ ကိုယ့်ကိုယ်ကို သတ်မသေဖြစ်ခဲ့သည်မှာ သူမကြောင့်သာလျှင် ဖြစ်သည်။ ဂျင်မီ သည် ဂျင်းန်၏ အမြွှာအစ်ကို ဖြစ်ပြီး သူတို့နှစ်ယောက် တော်တော် ချစ်ခင်ခဲ့ကြသည်။ ဂျင်းန်က ဒန် မျှော်လင့်ထားသည်ထက် ပို၍ တည်ငြိမ်သည်။ ဒန် ဘာကြောင့် တစ်နှစ်ကျော်ကျော် ပျောက်နေခဲ့သည်ကို သူမ သိသည်။ သို့သော် ဒီနေ့သူပြန်လာမယ် ဆိုတာ သူမ ဘယ်လိုလုပ်သိသလဲ ဆိုတာ ဒန်သိချင်သည်။
“ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ ဒန်နီ၊ ငါ နင့်ကို လွမ်းနေတာ”
“ငါလည်း နင့်ကို သတိရပါတယ်”
“နင် သေသွားပြီလို့ ထင်ကြပြီးတဲ့ နောက်ပိုင်း ရဲတွေက ကျောင်းကိုလည်း ခဏခဏ လာမေးကြသေးတယ်”
“သူတို့က ငါမသေဘူးလို့ ထင်ကြတာလား”
“သူတို့က အဲလိုတော့ မပြောဘူး၊ ဒါပေမယ့် နင့်ကို ရှာနေတာပဲ၊ နင် မြင်ခဲ့ဖူးတယ်ဆိုတဲ့ တစ်ယောက်ယောက်အကြောင်းကို သိဖို့ ကြိုးစားနေကြတာ”
“နင့်ကိုရော မေးကြသေးလား”
“ငါ့ကို အရင်အမေးခံရတာပဲ.. ငါကတော့ နင် မသေသေးမှန်းသိပါတယ်၊ သေနေတဲ့ အလောင်းက နင်နဲ့မှ မတူပဲ”
“နင် သူတို့ကို ငါ့အကြောင်း ပြောလိုက်သေးလား”
“သိပ်များများတော့ မပြောပါဘူး၊ ငါ့အစ်ကို နင့်ကြောင့် သေခဲ့ရလို့ နင့်ကို မုန်းနေတယ်” လို့ပြောလိုက်တယ်။
ထိုစကားက လိမ်ပြောခြင်း ဖြစ်သည်။ သို့သော် ဒန်ကိုတော့ နာကျင်စေသည်။ ဂျင်းန်၏လက်မောင်း ပေါ်တွင် ဂျင်မီ သေသွားသည့် မြင်ကွင်းက သူတို့နှစ်ယောက်လုံး၏ မှတ်ဥာဏ်မှာ လတ်လတ်ဆတ်ဆတ်လိုပင် မှတ်မိနေဆဲ။ ထိုကိစ္စက လွန်ခဲ့သော ငါးနှစ်က ဖြစ်ခဲ့ခြင်း ဖြစ်သည်။

“နင့်အမေကိုလည်း လာမေးကြသေးတယ်၊ နင့်အမေ ဆုံးသွားတော့ သူတို့ စိတ်ပျက်သွားတယ်၊ ဒါတောင်မှ နင့်အမေရဲ့ အုတ်ဂူကို သွားသွားချောင်းကြသေးတယ်၊ နင်များ ပြန်လာမလားလို့လေ”
“အဲဒီတော့ ငါမသေသေးတာ လူတိုင်း သိတယ်ပေါ့”
“အဲလိုတော့ မဟုတ်ဘူး၊ တစ်ခြားလူတွေကိုတော့ နင်မသေဘူးဆိုတာ ရဲတွေက မပြောဘူးလေ”
“ရဲမှူးကို ဆန့်ကျင်တဲ့လူတွေကို ခေါင်းဆောင်ဖို့ နင်အဆင်သင့် ဖြစ်ပြီလား”
“ငါ အခုတော့ လုပ်နိုင်မယ်လို့ သိပ်မထင်ဘူး”
“ဒီမှာ လွန်ခဲ့တဲ့ လအနည်းငယ်က လူသစ်တွေ ရောက်လာတယ်၊ အာလုံးပေါင်း ခုနစ်ယောက်၊ သူတို့ကိုယ်သူတို့ ဝံပုလွေအဖွဲ့ လို့ခေါ်ကြတယ်၊ သူတို့ခေါင်းဆောင်က ခရမ်းရောင် ဆံပင်နဲ့လူပဲ”
ထိုအချက်များက ဒန်တွေ့ခဲ့သော အဖွဲ့ကို သတိရစေသည်။ သူတို့ဆီ သူ့ကို ခေါ်သွားဖို့ ပြောတော့ သူမကလည်း သူတို့ကို ဘယ်မှာ ရှာရမှန်းမသိပါ။ သူတို့ကို တွေ့ချင်လျှင် စောင့်နေဖို့ပဲ ရှိတော့သည်။
***

ထိုညမှာ ဝံပုလွေ အဖွဲ့က ဂျင်းန် ၏ အိမ်ကို လာသည်။ သူတို့သည် ပိတ်မထားသော နောက်ဖေးပေါက်မှ ဝင်လာခြင်းဖြစ်သည်။ မီးဖိုချောင်ထဲမှာတော့ ဂျင်းန်က သူမဧည့်သည် အတွက် ညနေစာ ချက်နေသည်။
“ဒန်၊ မင်းပဲလား”
ဒန်ကို မြင်တော့ ရမ်ဒီက သူ့မျက်စိကိုတောင် မယုံနိုင်အောင် ဖြစ်သွားသည်။
“ဟုတ်ပါတယ်၊ ကျွန်တော်ပဲ၊ ခင်ဗျား ညီမရော မပါဘူးလား”
“သူ ဆုံးသွားပြီ”
“ဘာ၊ သူသေသွားပြီ ဟုတ်လား၊ ဘယ်လို ဖြစ်တာလဲ”
ဒန်က သူကြားလိုက်ရသော စကားကို မယုံချင်။
“မင်း ထွက်သွားပြီးတော့ ရဲတွေ မင်းကို ရှာကြတယ်လေ၊ သူတို့က ငါတို့ မြေအောက်ကမ္ဘာကိုတောင် ရောက်တော့မတတ်ပဲ၊ ငါတို့ အားလုံးလည်း သူတို့ကို ပြန်တိုက်ကြတာပဲ၊ ဒါပေမယ့် သူတို့က အရမ်းများတော့ မတတ်နိုင်တော့ဘူး၊ လိုရီကို ဆုံးရှုံးလိုက်ရတယ်”

ဒန်က အခုထိပင် မယုံနိုင်သေး။ သူ့အတွက် အကြီးအကျယ် စိတ်ထိခိုက်စရာ ဖြစ်သွားသည်။ သူ့လက်ချောင်းများ အေးစက်လာသလို သူ့မျက်နှာကလည်း စက္ကူဖြူလို ဖြစ်သွားသည်။ ဂျင်မီ သေတုန်းက ခံစားမှုမျိုး သူ ခံစားလိုက်ရသည်။ ဂျင်မီ ရန်ပွဲမှာ သေတုန်းက သူအကူအညီမဲ့ ဆောက်တည်ရာမရ ဖြစ်ရသော ခံစားချက်က မနေ့တစ်နေ့ကလို အမှတ်ရသွားသည်။ သူ ရေချိုးခန်းထဲ ဝင်ပြေးသွားလိုက်ရသည်။ သူ့သွေးတွေ ပွက်ပွက်ဆူ သွားသလိုပင်။ ရေအေးအေးနှင့် မျက်နှာသစ်ပြီးမှာ သူစိတ်ကို အနည်းငယ် ထိန်းနိုင်လာသည်။ သူ မီးဖိုချောင်ထဲ ပြန်လာခဲ့သည်။
 “ကျွန်တော်တို့ နဲ့ အတူတူ ညစာစားသွားပါလား ရမ်ဒီ”
ညစာစားပြီးနောက် မြို့နယ်ရဲမှူးကို တိုက်ခိုက်ဖို့ တိုင်ပင်ကြသည်။ ရမ်ဒီက သူ့အတွေ့အကြုံများကို ပြောပြသည်။
ရမ်ဒီ ပြန်သွားပြီးနောက် ဒန်က မေးသည်။
“ငါ ဒီည ဘယ်မှာ အိပ်ရမလဲ”
“ငါနဲ့ပဲ အတူ လာအိပ်ပါ”
သူမ ဆိုလိုတာက အိပ်ရာက တစ်ခုတည်း ရှိသောကြောင့် အတူလာအိပ်ခိုင်းခြင်းဖြစ်သည်။ ဒန် အရင်က ဘယ်လို ဆိုးဝါးသော နေရာတွေမှာ အိပ်ခဲ့ရပါစေ အခုတော့ သူ့ကို ကုလားထိုင်ပေါ်မှာတော့ မအိပ်စေချင်ပါ။

သူမက ဒန့်ကို  တစ်လျှောက်လုံး နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့သည်။ သူမ ချစ်သည့်အကြောင်းကို ဒန့်ကိုတော့ တစ်ခါမှ မပြောခဲ့ဖူး။ သူ့အသံကိုသာ ကြားနေနိုင်မည်ဆိုလျှင် ဘယ်လိုနေရာပဲ ဖြစ်ဖြစ် သူမက နောက်ကလိုက်နေချင်ပါသည်။
***

နောက်တစ်နေ့ နေ့လည်မှာ သူ ရမ်ဒီတို့နှင့် တွေ့သည်။ ရဲတွေက သူတို့ကို ရှာဖို့ ဘယ်တော့မှ စဉ်းစားမှာ မဟုတ်သည့် လျှို့ဝှက်နေရာ တစ်နေရာမှာ ဖြစ်သည်။ အခြား ဂိုဏ်းက လူများလည်း ရောက်လာကြသည်။ သူတို့ တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်တာကို ရပ်ခဲ့တာ ကြာပြီ။ အားလုံးပူးပေါင်း၍ ရဲများကို တိုက်ခိုက်လာတာ ဒန် မြို့က ထွက်သွားပြီးသည့် အချိန်လောက် ကတည်းကပင်။ အခု သူတို့အားလုံး ဝံပုလွေ အဖွဲ့နှင့် တွေ့ဆုံကြသည်။ ဒန်ကို တွေ့တော့ သူတို့က သူအသက်ရှင်နေပြီး သူတို့ ရှေ့ ရောက်နေသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
“ကျွန်တော့်မှာ ရဲမှူး ရုံးပြင်ရောက်တာနဲ့ လုပ်ဖို့ အကြံ တစ်ခု ရှိတယ်”
သူတို့ အားလုံးက စိတ်ဝင်တစား နားထောင်ကြသည်။ သူ့အကြံအတိုင်း လုပ်ဖို့ သဘောတူကြသည်။

မြို့လည်မှာ ထိုရဲမှူးကိုယ်တိုင် ကင်းလှည့်နေကျ နေရာ ဖြစ်သည်။ ထိုနေရာတဝိုက်မှာ သူတို့ အားလုံး စောင့်နေကြသည်။ ကင်းလှည့်ကား ဖြတ်လာသောအခါ ရပ်သွားအောင် ထောင်ချောက်ဆင်ထားကြသည်။ ရဲမှူးမှာ ထောင်ချောက်မိခဲ့ပြီဖြစ်သည်။

ရဲမှူးက သူ့ကားထဲမှ ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် ဒန်နှင့် သူ့လူတွေ ရှိနေသည် ဟု ခံစားရသည်။ တစ်ယောက်မှတော့ မမြင်ရသေး။ ဒန်က သူ့လူတွေကို အချက်ပြပြီး ထွက်လာခဲ့သည်။ ထိုရဲမှူးသည် ဒန့်ကို တစ်မြို့ပြီး တစ်မြို့ ပြေးလွှားနေရအောင် လုပ်ခဲ့သောသူ။

ရဲမှူးကလည်း ဒန့်ကို မှတ်မိသွားသည်။ ကောင်ကလေး နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ပြီ။ ထိုကောင်လေးကို သူ အဆုံးသတ်ပေးချင်သည်။ နောက်ဆုံးတော့ ဒီကောင်လေးကို ဖမ်းမိပြီဟု တွေးရင်းပြုံးသည်။

ဒန်က ထိုလူ အနီးသို့ ကပ်လာသည်။ တစ်ခြားလူတွေကလည်း ဝိုင်းထားသည်။ သူတို့ထဲမှ နှစ်ယောက်က ကားဆီသို့သွားပြီး ရေဒီယိုကို ဖြတ်လိုက်သည်။ ဒန်က သူ့ကို စထိုးပြီး လဲကျသွားအောင်လုပ်သည်။ သို့သော် သူကလည်း ခေသူမဟုတ်။ ဒန်လည်း တလှည့် မြေကြီးပေါ်လဲကျခဲ့ရသည်။ သူတို့ အကြိတ်အနယ် သတ်ပုတ်ကြသည်။ ရုတ်တရက် သူက ဒန့်ကို ကိုင်ပေါက်လိုက်သည်။ ဒန်လဲကျနေရာသို့ သွားပြီး အဆုံးသတ်ပေးရန်ပြင်သည်။ ထိုအခိုက်မှာပင် ဂျင်းန်က သူ့ကို ခုန်အုပ်လိုက်သည်။ သူက ဂျင်းန်ကို ဆွဲထားပြီး သေနတ်ကို ဆွဲထုတ်ကာ သူမ ခေါင်းကို ချိန်ထားလိုက်သည်။ “ဘယ်သူမှ မလှုပ်နဲ့”

ဒန် ဒူးထောက်ပြီး ထလာသည်။
“နောက်ဆုတ် ကိုယ့်လူတို့၊ သူနောက်နေတာ မဟုတ်ဘူး” ဒန်ကပြောလိုက်သည်။
ဒန့်အနေနှင့် သူမကို ဘာမှ မဖြစ်စေချင်ပါ။
“မှန်တာပေါ့ ကောင်လေး၊ မင်း နောက်လှည့်ပြီး လက်ကို ခေါင်းပေါ်တင်ထား”
ဒန်က သူပြောသည့်အတိုင်း လိုက်လုပ်သည်။ သေနတ်က သူ့နောက်ကျောကို ချိန်ထားသည်ဟု သူခံစားရသည်။
သူ ရပ်နေစဉ်မှာ အတွေးတွေ ဆက်တိုက်ပေါ်လာသည်။ လိုရီ ဘယ်လောက် ချစ်စရာကောင်းသည်ကို သတိရသည်။ သို့သော် ဂျင်းန်လောက်တော့ မလှဟု တွေးမိသည်။ သူ့ကို လမ်းမှာ အကူအညီ ပေးခဲ့သော အမျိုးသမီးကြီးကိုလည်း သတိရမိသည်။ နောက် နိဗ္ဗာန်ဘုံ ဆိုသော မြို့ကလေးမှာ တွေ့ခဲ့သော မိန်းကလေးကိုလည်း သတိရသွားသည်။ အဲဒီနောက် ဂျင်းန် အသံကို ကြားလိုက်ရပြီး ဝံပုလွေတစ်ကောင် မာန်ဖီသံနှင့် အတူ သေနတ်လွတ်ကျသွားသံ ကိုလည်း သူကြားလိုက်ရသည်။ အဲဒီနောက် သူ့ပခုံးမှာ နာကျင်မှုကို ခံစားလိုက်ရပြီး ဒန် မြေပေါ်လဲကျသွားသည်။
***

ဒန် နိုးလာသောအခါ သူအိပ်ရာပေါ်မှာ ရောက်နေပြီး ဂျင်းန်ကို ဘေးမှာ တွေ့ရသည်။ သူမ၏ ဆံပင်များမှ ချိုမွှေးသော အနံကိုပင် ရလာသလို…။ သူမက အိပ်နေတုန်းမှာပင် လှပနေသည်။ ပြတင်းပေါက်မှ ကျနေသော နေရောင်ပင် တော်တော်မြင့်နေပြီ။
“အကုန်လုံး အိပ်မက်ပဲ ဖြစ်ရမယ်” ဒန်က တီးတိုးရေရွတ်သည်။ ဂျင်းန် နိုးလာပြီး သူ့ကို ကြည့်သည်။
“နင့် ဒဏ်ရာ ဘယ်လိုနေသေးလဲ”
“အင်း ကောင်းပါတယ်..”
“ဘာဖြစ်ခဲ့တယ်ဆိုတာကော မှတ်မိရဲ့လား၊ ဟိုလူက နင့်နောက်ကျောကို သေနတ်နဲ့ ပစ်ခဲ့တယ်လေ”
“တကယ်ပဲ အဲလို ဖြစ်ခဲ့တာလား”
“ဆရာဝန်ကတော့ နင်တော်တော် ကံကောင်းတယ်လို့ ပြောတယ်”
ဒါတွေအားလုံးက အိပ်မက် မဟုတ်ခဲ့ပါလား..။ သူလုပ်ခဲ့တာတွေ၊ သူတစ်ယောက်တည်း သွားခဲ့ရသော အချိန်တွေ…။ ထို့နောက် သူ ထိုရဲမှူးကို သတိရလာသည်။ သူ ရုံးမှာ ရှိနေဆဲ ဖြစ်နိုင်သည်။
“ငါ သွားတော့မှပဲ”
“ဘာလို့လဲ၊ နင် ဘယ်မှ သွားစရာ မလိုတော့ဘူး၊ အဲဒီလူလည်း ထောင်ထဲ ရောက်သွားပြီလေ”
“ဘာ အတွက်လဲ”
“သူ နင့်ကို ပစ်ပြီးတော့ ရမ်ဒီက သူ့ကို တိုက်ခိုက်ခဲ့တယ်လေ”
တီဗွီ ရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့ ထိုနေရာမှာ ရှိနေခဲ့သည့်အကြောင်း..၊ ထိုအဖြစ်အပျက် တစ်ခုလုံးကို သူတို့ ရိုက်ယူထားလိုက်နိုင်သည့် အကြောင်း… ထိုရဲမှူးကို ရာထူးက ချထားလိုက်ပြီးနောက် သူလုပ်ခဲ့သော အမှုများ အတွက် ထောင်ကျတော့မည် ဖြစ်ကြောင်း.. ဂျင်းန်က ဆက်ပြောသည်။

ဒန်က ဂျင်းန် ပြောသော ပုံပြင်ကို ထိုင် နားထောင်နေသည်။ ထို့နောက် ဂျင်းန်က သူ့နောက်ကျောမှ ဒဏ်ရာအတွက် ဆေးရုံမှာ တစ်ပတ်လောက် နေခဲ့ရကြောင်း ပြောသည်။ “တစ်လက်မလောက် ပိုသွားရင် အဲဒါက ရှင့်အသည်းကို ဖောက်သွားမှာ တဲ့”

ဒန်က ထလိုက်ပြီး ဂျင်းန်၏ အညိုရောင် မျက်လုံးများကို စိုက်ကြည့်ရင်း “ငါ နင့်ကို ချစ်တယ်” ဟု ပြောလိုက်သည်။

သိင်္ဂါကျော်
Ref: The Hitch Hiker by Samhain

9 comments:

သိင်္ဂါကျော် said...

သူများ မပြောခင် ကိုယ့်ဟာကိုယ် အရင်ပြောလိုက်ဦးမယ်..

ဒီဝတ္တုကို သေချာမဖတ်ပဲ ဘာသာစပြန်လိုက်တာ.. အလယ်လောက်ရောက်တော့ မကြိုက်တော့ဘူး.. ဒါပေမယ့် ပြန်လက်စလေး နှမျောလို့ ပြီးတဲ့အထိ ဆက်ပြန်လိုက်ပါတယ်..။ တစ်ချို့ စာကြောင်းတွေကို လုံးစေ့ပတ်စေ့ မပြန်ချင်တော့လို့ ကိုယ့်ဟာကိုယ် အဆင်ပြေသလို အကျဉ်းချုပ်ထားပါတယ်။

သည်းခံ ဖတ်ရှုသူ အားလုံးကို ကျေးဇူးတင်ပါတယ်..။

ရွှေရတုမှတ်တမ်း said...

သည်းခံပါတယ်၊သည်းခံပါတယ်၊ ဖတ်ပြီးမှတော့ သည်းမခံလဲမရတော့ဘူးလေ.....

မောင်ဘကြိုင် said...

ဖတ်သွားပါတယ်ခင်ဗျား
ဇတ်လမ်းအရှည်ကြီးက
စိတ်ဝင်စားဖို့ကောင်းတယ်
နောက်လဲများများ ရေးနိုင်ပါစေဗျာ

လသာည said...

ဖတ်လို့ကောင်းပါတယ်ကွာ..တို့ကတော့ ဒီဘာသာပြန်ကို အရမ်း ကြိုက်တယ်။
ဒီလောက်အရှည်ကြီးကို ဘာသာပြန်ဖို့ အချိန်အများကြီးပေးရမှာပဲ...၊ မောသွားပြီ ကော်ဖီလာသောက် :D

ချော (အစိမ်းရောင်လွင်ပြင်) said...

ကောင်းပါတယ်သိင်္ဂါရဲ့
ဝတ္ထုဖတ်နေတယ်မထင်ဘဲ ရုပ်ရှင်ကြည့်နေတယ်လို့ ထင်လာတယ်..
မြက်စိထဲမှာကို မြင်လာလို့လေ..
စိတ်ဝင်စားစရာလေးပါဘဲ.. တို့ကလဲ ဘာသာပြန်တွေဆို
အသည်းအမဲကြိုက်ပါတယ်.. အထူးသဖြင့် စုံထောက်တို့ စွန့်စားခန်းတို့လိုမျိုးတွေပေါ့
ကျေးဇူးသိင်္ဂါရေ.........

မြသွေးနီ said...

သေခြာဖတ်သွားပါတယ်။
နှစ်ခါတိတိတောင်။
:)

မြတ်မွန် said...

မမရေ..အားပေးလျှက်..ဂွတ်..း)

Angel Shaper said...

ကောင်းလိုက်တာ မကြီးရာ....
အားရပါးရဖတ်သွားတယ်။။

ဆောင်းနှင်းရွက် said...

ဖတ်ရတာ ကောင်းလိုက်တာ ...
အားပေးသွားတယ် ..
ဖတ်ရင်း ဖတ်ရင်း
ိစိတ်ဝင် စားဖို့ ကောင်းလာတယ် ...