16 May, 2012

ကမ်းခြေအပန်းဖြေစခန်းက ခြောက်လှန့်မှု



အေနန်ဟာ ကျွန်တော်ရဲ့ အခင်ဆုံး သူငယ်ချင်း တစ်ယောက်ပါ။ ကျောင်းကတည်းက ခင်မင်လာကြတဲ့ သူငယ်ချင်းတွေထဲကမှ ခုချိန်ထိ အဆက်အသွယ် မပြတ်သေးတဲ့ သူငယ်ချင်း အနည်းငယ်ထဲ တစ်ယောက် အပါအဝင်ပေါ့။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ သဘာဝအတိုင်းမဟုတ်တဲ့ ထူးခြားတဲ့ ကိစ္စတွေကိုလည်း စိတ်ဝင်စားတတ်ကြပါတယ်။ နှစ်ယောက်လုံးက အင်ဂျင်နီယာတွေ ဖြစ်နေပြီး အလုပ်လည်း များလှတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်ကြဖို့  အခွင့်အလမ်း နည်းပြီးတော့ ဖုန်းထဲက မေးလ်ထဲကလောက်ပဲ တွေ့ဖြစ်ကြပါတယ်။

အခု ပြောမယ့် အဖြစ်အပျက်ကတော့ လွန်ခဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့  မွမ်ဘိုင်းမှာ ရှိခဲ့စဉ် ဖြစ်ခဲ့တာပါ။ public holiday နဲ့ weekends ပေါင်းပြီး ငါးရက်ကျော်လောက် ပိတ်ရက် ရခဲ့ပါတယ်။ အလုပ်တွေများပြီး ခရီးမထွက် ဖြစ်တာလည်း ကြာခဲ့ပြီမို့  ဇနီးက ကမ်းခြေကို ခရီးထွက်ကြဖို့  အကြံပြုလာပါတယ်။ ကျွန်တော်လည်း အေနန်ကို ဖုန်းဆက်ပြီး အားမအား မေးတော့ သူနဲ့ သူ့ဇနီးကလည်း ချက်ချင်းပဲ သဘောတူတာနဲ့  သွားကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မွမ်ဘိုင်းနဲ့ ၁၈၀ ကီလိုမီတာ လောက်ဝေးပြီး ကားမောင်းသွားရင် ၃ နာရီအလောက် အကြာမှာ ရောက်နိုင်တဲ့ မူရတ်ဒ်က ကမ်းခြေ အပန်းဖြေစခန်းကို သွားကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အေနန်ရဲ့ ကားနဲ့  မနက် ၇နာရီလောက်မှာ စထွက်ခဲ့တော့ ၁၀နာရီလောက်မှာ အပန်းဖြေစခန်းကို ရောက်ပါတယ်။ အပန်းဖြေစခန်းက တကယ့်ကို လှပါတယ်။ မူရတ်ဒ် ကမ်းခြေနဲ့  အနီးဆုံး တောင်ခြေမှာ ဆောက်ထားတာပါ။ ရှေ့ဘက်မှာ ပင်လယ်ကို မြင်နေရပြီး နောက်ဘက်မှာကတော့ တောအုပ်တစ်ခု ရှိနေတာဟာ တကယ်ပဲ ကျွန်တော်တို့ကို သဘာဝကို ခံစားမိစေပါတယ်။ ကျွန်တော်တို့ ချက်ချင်းပဲ ကမ်းခြေကို ဆင်းခဲ့ကြပါတယ်။ ရေကူးလိုက်၊ ဆော့လိုက်နဲ့  တကယ် သဘောကျစရာ အချိန်ပါပဲ။ တည်းခိုဆောင်ကို နေ့ခင်းလောက်မှ ပြန်လာခဲ့ကြပါတယ်။ နေ့လည်စာ မြန်မြန်စား ခဏလောက်နား ပြီးတော့ ကျွန်တော်တို့အားလုံး အရမ်း မြင်ချင်နေတဲ့ Janjira fort ဘက်ကို ထွက်ခဲ့ကြပါတယ်။ အဲဒီကနေ ည ၈ နာရီလောက်မှ ပြန်လာခဲ့ကြပါတယ်။ ညစာစားပြီးတော့ အခန်းထဲမှာပဲ အနားယူကြဖို့ ဆုံးဖြတ်ကြပါတယ်။ ကျွန်တော်က ပင်ပန်းနေပေမယ့် အေနန်က ခေါ်တာနဲ့ ကျွန်တော်တို့ သူတို့အခန်းဘက်ကူးပြီ ကတ် ဆော့ဖြစ်ကြပါတယ်။ ကျွန်တော့် ဇနီးနဲ့  သူ့ဇနီးကလည်း ခင်နေတော့ ကိစ္စ မရှိပါဘူး။

သူ့အခန်းကို ဝင်လိုက်တယ် ဆိုရင်ပဲ ရုတ်တရက်ဆိုသလို ကျွန်တော့်ကို သက်တောင့်သက်သာ မရှိစေတဲ့ အေးစိမ့်တဲ့ ခံစားမှုကို ခံစားလိုက်ရပါတယ်။ ကျွန်တော် အေနန်ကို ပြောတော့ သူက ပင်လယ်ဘက်က လာတဲ့ အအေးဓါတ်ကြောင့် ဖြစ်ပါလိမ့်မယ်လို့ ဆိုပါတယ်။ ကျွန်တော်လည်း အဲလိုပဲ ဖြစ်ပါလိမ့်မယ်လို့ ထားလိုက်ပါတယ်။ ကျွန်တော်တို့ ၂ နာရီလောက် ကတ်ကစားကြပါတယ်။ ည ၁၂ နာရီ ဝန်းကျင်လောက်မှာ အဆုံးသတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်လာကြပါတယ်။

တစ်နေ့လုံး ပင်ပန်းထားတာနဲ့  ကျွန်တော်ရော ဇနီးပါ ချက်ချင်းပဲ အိပ်မောကျသွားခဲ့ပါတယ်။ ၁ နာရီ ခွဲ လောက်ကျတော့ အခန်းတံခါးကို ခေါက်သံကြားရပါတယ်။ ဘယ်သူပါလိမ့် ဆိုပြီး ဖွင့်လိုက်တော့ အံသြစရာ အေနန်ကို အခန်းရှေ့မှာ တွေ့လိုက်ရပါတယ်။ သူ့ကို ကြည့်ရတာ နည်းနည်းလည်း စိုးရိမ်ပူပန် နေပုံ ရပါတယ်။ ကျွန်တော်တို့ ထွက်လာပြီးတော့ သူ့ဇနီး ဂျယို ရုတ်တရက် အရမ်းအေးပြီး အဖျားတက်သလို တုန်တုန်ရီရီ ဖြစ်လာတယ် လို့ ကျွန်တော့်ကို ပြောပြပါတော့တယ်။ အေနန်ကတော့ အဲလို အေးတာမျိုး မခံစားရတဲ့ အတွက် အံသြမိတယ်လို့ ဆိုပါတယ်။ ကျွန်တော်လည်း ဆရာဝန်ဖြစ်တဲ့ ကျွန်တော့်ဇနီးကိုပါ သူ့ဆေးအိတ်ကို ယူပြီး အေနန်တို့ အခန်းကို လိုက်ခဲ့ဖို့ ပြောရပါတယ်။ အဲဒီ အခန်းထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်လည်း မသက်မသာ ခံစားမှု တစ်စုံတရာကို ခံစားလိုက်ရပါတယ်။  ဂွမ်းစောင် နှစ်ထည်နဲ့ ထွေးပတ်ထားတဲ့ တိုင်အောင် ဂျယိုဟာ တုန်ယင်ပြီး သွားချင်းရိုက်နေတာကို တွေ့ရပါတယ်။ ကျွန်တော့်ဇနီးက ဂျယိုကို စမ်းသပ်တဲ့ အခါမှာတော့ သူမဟာ ဖျားသလို ခံစားနေရပြီးတော့ ခန္ဓာကိုယ်ကလည်း ရေခဲတုံးလို အေးစက်နေပါတယ်။ ကျွန်တော့်ဇနီးလည်း သူမကို အဖျားကျဖို့နဲ့ အိပ်ပျော်အောင် ဆေးတိုက်ပြီး အနားယူခိုင်းထားလိုက်ပါတယ်။ ကျွန်တော်တို့လည်း သူတို့ကို ဒီတိုင်း ထားမသွားရက်တာနဲ့ သူတို့ အခန်းထဲမှာပဲ နေလိုက်ပါတော့တယ်။

အေနန်က အိပ်ရာပေါ်မှာ ထိုင်ပြီး ဂျယိုရဲ့ လက်ကို ကိုင်ထားပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံလည်း အခန်းထဲက ခုံတွေမှာ ကိုယ့်ဟာကိုယ် သက်သာသလို ထိုင်ပြီး စောင့်ကြည့်နေကြပါတယ်။ မနက် ၃ နာရီ လောက်မှာတော့ ကျွန်တော့်ဇနီးလည်း အိပ်ပျော်သွားပါတယ်။ ကျွန်တော်ကတော့ အဲဒီအဖြစ် ဖြစ်သွားတဲ့ အချိန်မှာ တစ်ယောက်တည်း ကတ်ချိုးနေခဲ့ပါတယ်။ ဂျယိုဟာ ရုတ်တရက် အိပ်ရာပေါ်ကနေ ထထိုင်လိုက်ပြီးတော့ သူမ မျက်လုံးတွေကလည်း ကျွန်တော်တို့ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုးနဲ့ ကြည့်နေပါတယ်။ သူမ ဘေးမှာ ထိုင်နေတဲ့ အေနန်က သူမကို ပွေ့ဖက်ပြီး သက်တောင့်သက်သာ ဖြစ်အောင် ကြိုးစားနေခဲ့ပါတယ်။ သူမဟာ ရုတ်တရက် အေနန် လက်ထဲက ရုံးထွက်ပြီး သူ့လည်ပင်းကို ဖမ်းကိုင် တွန်းပစ်လိုက်ပါတော့တယ်။ အင်အားက ဘယ်လောက်ကြီးသလဲ ဆိုရင် အေနန်ဟာ အိပ်ရာကနေ ခြောက်ပေလောက် ဝေးတဲ့ ကော်ဇောပေါ်ကို ရောက်သွားပါတယ်။ အေနန်လို အရပ် ၆ပေ ၃ လက်မ၊ ၉၀ ကီလို လောက် ရှိတဲ့ လူတစ်ယောက်ကို အဲလို တွန်းပစ်လိုက်နိုင်တာဟာ ပုံမှန်မဟုတ်တဲ့ အင်အားတစ်ခု ရှိမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဂျယိုဟာ ရုတ်တရက် စကားလုံးတစ်ချို့ကို ရေရွတ်လိုက်ပါတယ်။ “ငါသွားပါရစေ၊ ငါသွားရမယ်” ။ ထူးဆန်းတာက အဲဒီ အသံဟာ ဂျယိုရဲ့ အသံ မဟုတ်ပါဘူး။ ဂျယိုဟာ ထရပ်ပြီး ကော်ရစ်တာ ဆီကို သွားဖို့ ကြိုးစားနေပါတယ်။

ကျွန်တော်နဲ့ အေနန်လည်း အားရှိသလောက် ကြိုးစားပြီး ဂျယိုကို သူမ အိပ်ရာပေါ် ပြန်ခေါ်လာရပါတယ်။ ကျွန်တော့်ဇနီးကတော့ အပြင်ထွက်ပြီး အကူအညီရှာပါတယ်။ မိနစ်အနည်းငယ် အတွင်း ဟိုတယ် ဝန်ထမ်းတစ်ချို့ ရောက်လာပြီး ကူညီကြပါတယ်။ ကျွန်တော်လည်း ဂျယိုကို ကျွန်တော်တို့ အခန်းထဲကို ရွှေ့ဖို့ ချက်ချင်း ပြောလိုက်ပါတယ်။ ကျွန်တော်တို့ ငါးယောက်ဟာ ဂျယိုကို မချီပြီး ကျွန်တော်တို့ အခန်းထဲကို ပို့ရပါတယ်။ ဂျယိုကတော့ တစ်ချိန်လုံးပဲ “ငါသွားပါရစေ၊ ငါသွားရမယ်” လို့ ညည်းတွားနေပါတယ်။ ဂျယိုဟာ ကျွန်တော်တို့ အိပ်ရာပေါ်ကို ရောက်သွားတယ် ဆိုရင်ပဲ ပုံမှန် စဖြစ်သွားပါတယ်။ ဂျယိုဟာ ရုန်းကန် နေတာကို ရပ်ပြီး အိပ်မောကျ သွားပါတော့တယ်။ အချိန်ကတော့ မနက် ၅နာရီ လောက်ရှိပြီဆိုတာ ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဂျယိုကို ဝင်ပူးတဲ့ ဝိညာဉ်ဟာ မနက်လင်းကာနီးမို့ပဲ အားလျှော့သွားလေသလား အခန်းပြောင်းလိုက်လို့ပဲ ထွက်သွားသလားတော့ မပြောတတ်ပါဘူး။

နောက်တစ်နေ့ မနက်မှာတော့ ကျွန်တော်တို့ဟာ check out လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နည်းနည်း ပင်ပန်း နေသယောင် ရှိပေမယ့် ဂျယိုဟာ နောက်တစ်နေ့ မနက်မှာ လုံးဝ နေကောင်းပါပြီ။ မနေ့ညက အဖြစ်တွေကိုလည်း လုံးဝ မမှတ်မိပါဘူး။ သူမ နိုးလာတော့ ကျွန်တော်တို့ အခန်းထဲ ရောက်နေတာကို အံသြ နေခဲ့ပါတယ်။ ဟိုတယ်က ပြန်မှ အဖြစ်အပျက်တွေ အားလုံး ရှင်းပြမယ်လို့ အေနန်က သူမကို နှစ်သိမ့်ထားလိုက်ပါတယ်။ အေနန် ကောင်တာမှာ ငွေရှင်းနေတုန်း ဟိုတယ် ဝန်ထမ်း တစ်ယောက်က ကျွန်တော့်ကို ခေါ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်က အဲဒီအခန်းမှာ စုံတွဲ တစ်တွဲ မတော်တဆမှု ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
စုံတွဲ တစ်တွဲ လာတည်းခဲ့ပြီး ညဘက်မှာ ကြီးကြီးမားမား ရန်ပွဲ ဖြစ်ခဲ့ပါတယ်။ အမျိုးသားက အမျိုးသမီးကို ထားပြီး အခန်းထဲက ထွက်သွားခဲ့ပါတယ်။ ခဏကြာတော့ အမျိုးသမီးကို အခန်းရှေ့ ကော်ရစ်တာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာကို တွေ့ခဲ့ရပါတယ်။ ရဲတွေ လာရောက် စုံစမ်း စစ်ဆေးခဲ့ပေမယ့် သူမနဲ့ ရန်ဖြစ်ခဲ့တဲ့ အမျိုးသားကို ရှာမတွေ့ခဲ့ပါဘူး။ အဲဒီကေ့စ် ကိုလည်း မကြာခင်မှာ ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လာတည်းတဲ့ လူတွေမှာ ဘာ မတော်တဆမှုမှ မဖြစ်ခဲ့ပေမယ့် သန့်ရှင်းရေး ဝန်ထမ်းတွေကတော့ အဲဒီအခန်းထဲ ရောက်တိုင်း ထူးဆန်းတဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ် လို့ ဆိုပါတယ်။

ကျွန်တော်တို့ မပြန်ခင်မှာ မန်နေဂျာကို အဲဒီ ကိစ္စ အသိပေးပြီး အဲဒီ အခန်းထဲက မကျွတ်မလွတ်သေးတဲ့ ဝိညာဉ်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်း အဲဒီကို နောက်တစ်ခေါက် ပြန်မရောက်တော့တဲ့ အတွက် ကျွန်တော်တို့ အကြံပေးတဲ့ အတိုင်း မန်နေဂျာ လုပ်မလုပ်ကိုတော့ မသိရတော့ပါ။

Sanjub ၏ A Beach Resort Haunting ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

7 comments:

စံပယ်ချို said...

သရဲတွေဝိညာဉ်တွေကို
မကြောက်တတ်တဲ့ဂျက်တောင်ဖတ်နေရင်းနဲ့ နဲနဲလန့်လာတယ်-----ဟိုတယ်ပိုင်ရှင်ကလဲ မကျွတ်မလွတ်
တဲ့ ၀ိညာဉ်အတွက်ဘာမှမလုပ်ပေးလို့နေပါလိမ့်မယ်နော်

Anonymous said...

အောင်မလေးး ..
ညဘက်ကြီးမှာ ဖတ်လိုက်ရတာ
ကျောချမ်းလိုက်တာနော် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြသွေးနီ said...

အသည်းအေးစရာကြီး...။
မကျွတ်လွတ်တဲ့ ၀ိဥာဉ်ပိုင်ရှင်အဖြစ်က သနားစရာ...။
မူရင်းရေးသူ ကိုယ်တွေ့များလားမသိဘူးနော်။

ဖြိုးဇာနည် said...

သိင်္ဂါကျော်တို့လုပ်ချက်ဗျာ

ကျွန်တော်ဝင်ဖတ်တာ ည ၁၁နာရီခွဲနေပြီ

ဟီးးးနောက်ကိုလှည့်ကြည့်မိတာခနခနပဲ

ဖတ်မဲ့ဖတ်တော့ပြီးအောင်ဖတ်မဟဲ့ဆိုပြီး

သြကာသနဲ့ ရောဖတ်လိုက်ရတယ်။ :)

မဒမ်ကိုး said...

အောင်မလေး မကြီးရေ ရုံးမှာတစ်ယောက်ထဲပါဆိုမှး((((((((((((((((

san htun said...

အီး..ကြောက်တတ်ပါတယ်ဆိုမှ...:P

ဆလူး ခေါ် ဝက်ဝံလေး said...

ကြက်သီးတောင် ထ တယ် ဟီးးး