24 January, 2013

ချယ်ရီ ကို ချစ်တဲ့ ညီမလေး


ဝေတစ်ချို့ ကြွေတစ်ချို့ ပန်းနုရောင် ချယ်ရီပွင့်ကြီးကြီးများကို မြင်လိုက်ရတော့ ချယ်ရီကို ချစ်သော ညီမလေးကို သတိရသွားသည်။ ကျွန်တော်က ယောက်ျားလေးမို့ ပန်းတွေ ဘာတွေ သိပ်ခံစားတတ်သူ မဟုတ်သော်လည်း ရှုခင်းလှလှတွေကို ဓာတ်ပုံရိုက်ဖို့တော့ ဝါသနာပါသူဖြစ်ရာ ချယ်ရီတွေကို အဝေး အနီး ရိုက်ရင်း ညီမလေးကို ပြင်းပြင်းပျပျ သတိရလာခြင်း ဖြစ်သည်။ ချယ်ရီတွေ မြင်မှ သတိရသည် ဆိုတော့ အရင်အချိန်တွေမှာ လုံးဝ သတိမရပဲ မေ့နေသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်တော့် သတိရခြင်းတွေထဲမှာ ညီမလေး ရှိနေခဲ့တာ ညီမလေးနဲ့ ပထမဆုံး တွေ့ပြီးကတည်းကပါ။ ရူးသွပ်ခြင်းလို့ ယူဆပြီး မေ့ချင်ယောင်ဆောင်ဖူးသည်။ အလုပ်တွေ ရှုပ်ပြီး သတိမရ ဖြစ်သည့်အခါ ကျွန်တော့်ကိုယ် ကျွန်တော် ပုံမှန် ဖြစ်သွားပြီ ထင်လိုက်သော်လည်း အကြောင်းတွေ မကြုံကြုံအောင် တိုက်ဆိုင်ပစ်ပြီး သတိရသွားသည့်အခါ ညီမလေးနဲ့ ပတ်သက်သော ကျွန်တော့် ခံစားချက်ကို ကျွန်တော် ဆန်းစစ်ကြည့်ဖို့ လိုမှန်း သိလာသည်။ သို့ပေမယ့်လည်း အခြေအနေက မပေးသေး သောကြောင့် ကျွန်တော့် ခံစားချက်ကို ကျွန်တော် မသိချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။
*****

လွန်ခဲ့သော နှစ်က ချယ်ရီတွေ ပွင့်သည့်အချိန်မှာ သူငယ်ချင်းတွေနှင့် ပြင်ဦးလွင် တစ်ခေါက် ရောက်ဖြစ်ခဲ့သည်။ ကျွန်တော်က ကျွန်တော့် အားလပ်ချိန် ဝါသနာအရ ချယ်ရီတွေကို ဓာတ်ပုံရိုက်လိုသောကြောင့် ဖြစ်သည်။ ရန်ကုန်က လာလည်သော သူငယ်ချင်း လင်မယားကို လိုက်ပို့ရင်းနှင့် လောလောလတ်လတ် အတွဲဖြစ်သွားသော သူငယ်ချင်း နှစ်ယောက်လည်း ပါလာခဲ့သည်။ လာတာတော့ ကျွန်တော့်ကားနဲ့ အတူတူလာတာ ဖြစ်သော်လည်း သူတို့က သူတို့အတွဲနှင့် သူတို့ ဖြစ်သွားသောအခါ ကန်တော်ကြီးထဲမှာ ကျွန်တော်ကလည်း ကိုယ့်ကင်မရာနဲ့ကိုယ်သာ အဖော် လုပ်ခဲ့ရသည်။ ဇန်နဝါရီ လလယ် လောက်မို့ ချယ်ရီတွေက ပင်လုံးကျွတ် ပွင့်နေကြရာ ကျွန်တော်လည်း ကျွန်တော့် canon DSLR ကင်မရာနှင့် ချယ်ရီတွေ လိုက်ရိုက်နေခဲ့သည်။ ကျွန်တော်က မန္တလေးသားမို့ ပြင်ဦးလွင်ကို မကြာခဏ ရောက်ဖြစ်သော်လည်း ချယ်ရီပွင့်ချိန်ရယ်လို့တော့ တကူးတက မလာဖြစ်တာ များသည်။
 
 
အဲဒီမှာပဲ “သမီးတို့ကို group ပုံလေး ရိုက်ပေးပါလား အစ်ကိုကြီး” ဟု ဆိုကာ samsung ဖုန်းလေးကို ထိုးပေးလာသော ကောင်မလေးနှင့် ဆုံခဲ့ရခြင်း ဖြစ်သည်။ ဖြူဖွေးဝင်းမွတ်သော အသားအရေနှင့် အရပ်ရှည်ရှည် ကောင်မလေးက သူတို့ ကောင်မလေး လေးယောက် အုပ်စုထဲမှာ ထင်းနေသည်။ ဖျတ်ခနဲ အကြည့်ဆုံခဲ့သော အခိုက်အတန့်လေးမှာပင် ကောင်မလေး၏ ရွှန်းလဲ့သော မျက်နက်ဝန်းများကို သတိထားလိုက်မိသည်။ နှုတ်ခမ်းနီ ဆိုးထားပုံမရသော်လည်း ပန်းနုရောင် သမ်းနေသော နှုတ်ခမ်းလေးက အနည်းငယ် ထူသယောင် ထင်ရသော်လည်း ပုံကျလှပသည်။ မည်းနက် ထူအိသော ဆံပင်လေးများက ဂုတ်ဝဲ အတိလေး ညှပ်ထားသဖြင့် ကလေးလေး တစ်ယောက်နှင့် တူနေသည်။

ကျွန်တော်က သူတို့ကို တစ်ခြားနေရာတွေမှာပါ အုပ်စုလိုက်ပုံ ရိုက်ပေးဖို့ တာဝန်ယူလိုက်ပြီး သူတို့ ဖုန်းနဲ့အပြင် ကျွန်တော့် ကင်မရာနဲ့လည်း ရိုက်ပေးလိုက်သည်။ ကျွန်တော် စပ်စုလိုက်သဖြင့် သူမလေးတွေက ရတနာပုံမြို့သစ်မှာ အသစ်ဖွင့်လှစ်ထားသော နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေကြသော Second Year ကျောင်းသူလေးများ ဖြစ်ကြောင်း သိရသည်။ သူတို့ကလည်း internet သုံးသည် ဆိုသောကြောင့် ကျွန်တော့် ကင်မရာနှင့် ရိုက်ထားသော သူတို့ပုံများကို gmail နှင့် ပို့ပေးမည်ဟု ကတိပေးပြီး ရိုက်ပေးခဲ့ရခြင်း ဖြစ်သည်။ ဓာတ်ပုံရိုက်တာ ဝါသနာပါကြသော်လည်း သူများ ကောင်မလေးတွေလို ပဲများပြီး ပို့စ် ပေးတတ်သူများတော့ မဟုတ်ပါ။ ပီဘိ ကလေးမလေးတွေလို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနှင့် ချစ်စရာကောင်းကြသူများ ဖြစ်သည်။ သူမလေး တစ်ယောက်ကိုပဲ အနီးကပ်ပုံတွေပါ zoom ဆွဲပြီး ရိုက်ဖြစ်ခဲ့တာ နည်းနည်းတော့ အားနာသယောင် ဖြစ်ရသည်။ သူမလေးကတော့ ကျွန်တော် ငမ်းတာကို မသိသလို ပုံတိုင်းမှာ ဖြူစင်သော အပြုံးကလေးနှင့် ချစ်စရာ ကောင်းနေသည်။ 

 
နေလည်း နည်းနည်း မြင့်လာပြီး ကန်တော်ကြီး လမ်းလျှောက်ရင်း နည်းနည်းအိုက်လာကြတော့ အပေါ်ထပ် အနွေးထည်တွေ ချွတ်ပြီး ဓာတ်ပုံရိုက်ကြမည် ဖြစ်လာသည်။ သူမလေးက သူများထက် အရပ်တော်တော် ပိုရှည်နေသည် ထင်ရသည်မှာ အရပ်အပြင် ကြိုးသိမ်း ဒေါက်ဖိနပ် တစ်ညီတည်း အမြင့်ကပင် နှစ်လက်မလောက် ရှိနေသောကြောင့် ဖြစ်သည်။ အပေါ်က ကုတ်အရှည်ကြီးကို ချွတ်လိုက်တော့မှ သူမလေးဟာ ကလေးမလေး မဟုတ်ပဲ မိန်းကလေး တစ်ယောက်လို ရှိသင့်သော ကိုယ်လုံးကိုယ်ပေါက်မျိုးလည်း ရှိကြောင်းကို သတိထားမိလိုက်သည်။ ကျွန်တော်က ယောက်ျားတစ်ယောက် မဟုတ်လား။ ကိုယ်ကျပ် စပို့ရှပ် လက်ရှည်လေးနှင့် ဂျင်းဘောင်းဘီ အကျပ်လေးက ညီမလေးရဲ့ မော်ဒယလ် ကိုယ်လုံးလေးကို ပေါ်လွင်နေစေသည်။ “ညီမလေးက မော်ဒယ်လ် လုပ်သင့်တာ” လို့ ကျွန်တော်က စတော့ “မလုပ်ချင်ပါဘူး၊ သမီးက အင်ဂျင်နီယာပဲ လုပ်မှာ” လို့ သူကပြောသည်။

ညီမလေးတို့ ဓာတ်ပုံတွေ ပို့ပေးဖို့ဆိုပြီး gmail တောင်းပြီးနောက် လမ်းခွဲခဲ့ကြသည်။ သူတို့ နာမည်တွေ မမေးဖြစ်ခဲ့သလို ကျွန်တော့် နာမည်ကိုလည်း ပြောမပြဖြစ်ခဲ့ပါ။ ကျွန်တော်က မန္တလေးမှာ နေကြောင်းလောက်သာ ပြောဖြစ်ခဲ့သည်။ မန္တလေး ပြန်သော လမ်းတစ်လျှောက် ကျွန်တော့် စိတ်ထဲက တစ်စုံတစ်ရာ လွတ်ကျ ကျန်ခဲ့သလိုလို ခံစားနေခဲ့သည်။

အိမ်ပြန်ရောက်ရောက်ချင်း ဓာတ်ပုံတွေ memory card ထဲက ထုတ် laptop ထဲထည့်ကြည့်ပြီး ကျွန်တော့်လက်ရာ ကျွန်တော် သဘောကျနေသည်။ ချယ်ရီတွေကို မဟုတ်ပါ။ ညီမလေး ပုံတွေကိုသာ ဖြစ်သည်။ ညဘက် ချက်ချင်း memory stick ထဲထည့် internet ဆိုင်သွားပြီး ညီမလေးဆီ ပို့လိုက်သည်။ အဲဒီတုန်းက ဖုန်းပေါ်ကလည်း internet သုံးလို့ မရသေးချိန် ဖြစ်သည်။ Gtalk မှာ ညီမလေးကို invite လိုက်သော်လည်း တက်မလာပါ။ ညီမလေးက online မှာ မရှိဘူးထင်သည်။ နောက် လေးရက်လောက် နေမှ ညီမလေးဆီက ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်ရောက်လာပြီး chat friend list ထဲမှာ ညီမလေး နာမည် ပေါ်လာသည်။ နောက်ထပ် ရက်တွေ တော်တော်များများ ကြာသည့်အထိ ညီမလေးနှင့် online မှာ မတွေ့ဖြစ်ခဲ့ကြပါ။ ကျွန်တော်ကလည်း ဆောက်လုပ်ရေး site ထဲမှာ လုပ်နေရသူမို့ ရုံးထိုင်ပြီး internet အမြဲ သုံးနေနိုင်သူ မဟုတ်ပဲ နားရက် ညနေပိုင်း တစ်ပတ် နှစ်ရက်လောက်သာ online တက်ဖြစ်သူ ဖြစ်သည်။ ညီမလေးကလည်း ကျောင်းတက်နေရသူမို့ တစ်ခါတလေလောက်သာ ဆိုင်မှာ internet သုံးဖြစ်လိမ့်မည်။

တိုက်တိုက်ဆိုင်ဆိုင် တစ်လအတွင်း နှစ်ခါလောက်တော့ ညီမလေးနှင့် online မှာ တွေ့လိုက်သည်။ ညီမလေး နာမည်က မေသံစဉ် ဖြစ်ပြီး ရန်ကုန် ဇာတိဖြစ်ကြောင်း သိလာရသည်။ အရင်က ကျွန်တော် online တက်ဖြစ်လျှင် နိုင်ငံခြားမှာ အလုပ်လုပ်နေကြသော ကျောင်းနေဘက် သူငယ်ချင်းတွေနှင့် ပြောဖြစ်သည်၊ online မှာ မတော်တဆ တွေ့ဖြစ်သော ကောင်မလေးတွေနဲ့ ဘာဘာညာညာ ပြောဖြစ်သည်။ ခုတော့ online တက်ဖြစ်လျှင် ညီမလေး ရှိလေသလားလို့ အရင် ရှာဖြစ်သည်။ သို့ပေမယ့်လည်း မတွေ့ဖြစ်တာတော့ များပါသည်။ ကျွန်တော် အားသည့်အချိန်က ညဘက်မှ ဖြစ်ပြီး ညီမလေးကတော့ မိန်းကလေးမို့ ညဘက် ဆိုင်ကို ထွက်သုံးမှာ မဟုတ်ပါ။

တကယ်တော့ ကျွန်တော့်မှာ လောလောဆယ် ချစ်သူ မရှိဘူး ဆိုသော်လည်း ကျောင်းတုန်းကတော့ သုံးယောက်၊ လေးယောက်လောက် ရှိဖူးပါသည်။ ကျွန်တော်ကိုယ် ကျွန်တော်မို့ ပြောတာ မဟုတ်ပါ။ မိန်းကလေး တစ်ယောက်ကို ကျွန်တော် လိုက်ချင်ပြီ ဆိုလျှင် မရရအောင် လိုက်လေ့ ရှိခဲ့ပြီး လိုက်လို့ မရတာလည်း မရှိခဲ့ဖူးပါ။  သို့ပေမယ့် တွဲခဲ့ဖူးသော မိန်းကလေး တစ်ယောက်ယောက်ကို လေးလေးနက်နက် အမြဲတမ်း တွဲဖို့ စဉ်းစားလိုက်တိုင်း ငြီးငွေ့ပြီး နောက်ဆုတ်ခဲ့မိသည်သာ ဖြစ်သည်။ ခုနောက်ပိုင်း အသက်လည်း နည်းနည်းကြီးလာပြီ ဖြစ်သောကြောင့် တကယ် မချစ်သော မိန်းကလေးတွေနဲ့ မတွဲတော့ပဲ အလုပ်ကိစ္စပဲ အာရုံစိုက် လုပ်နေခဲ့တာ တော်တော်ကြာလေပြီ။ ခု နှစ်ပိုင်းများမှာ ကျွန်တော့် စိတ်ထဲ ဘယ်မိန်းကလေးမှ ရှိမနေခဲ့ပါ။ အနီးအနားမှာ ကျွန်တော်သာ စလိုက်လျှင် ပါလာနိုင်သည့် တစ်ယောက်စ နှစ်ယောက်စ ရှိတာ ယောက်ျားလေးပီပီ သိသော်လည်း ဇာတ်လမ်း မစချင်တော့သဖြင့် မသိချင်ယောင် ဆောင်နေခဲ့သည်။

အခုတော့ ကျွန်တော့် အားလပ်ချိန်များမှာ ညီမလေး အကြောင်း မကြာခဏ တွေးဖြစ်နေသည်။ ကျွန်တော့် ကွန်ပျူတာထဲမှာ ရှိနေဆဲ ညီမလေး ဓာတ်ပုံတွေကို ပြန်ကြည့်ဖြစ်နေသည်။ ကျွန်တော့်မှာ ညီမ မရှိပဲ အစ်မတစ်ယောက်၊ အစ်ကို တစ်ယောက်သာ ရှိပြီး အငယ်ဆုံးသား ဖြစ်နေသောကြောင့် ညီမလေးလို ခင်မင်ချင်တာပါလို့ ကိုယ့်ကိုယ်ကို အကြောင်းပြပြီး ညီမလေးနှင့် online မှာတွေ့ဖို့ ညီမလေး တက်လေ့ရှိသော စနေလို နေ့မျိုးမှာ online ပေါ် တက်ဖြစ်အောင် ကြိုးစားခဲ့သည်။ ညီမလေး ဖုန်းနံပါတ်ကို တောင်းတော့ ရခဲ့သော်လည်း ညီမလေး စိတ်အနှောက်အယှက် ဖြစ်မှာ စိုးသဖြင့် သိပ်မဆက်ဖြစ်ခဲ့ပါ။ ညီမလေး အဆောင် နေရာကို သိသော်လည်း သွားလည်ဖို့ မကြိုးစားခဲ့ပါ။ ညီမလေးကလည်း ကျွန်တော့်ကို လာလည်ဖို့ မဖိတ်ခေါ်ပါ။ ညီမလေးက ခုမှ ၁ရ နှစ် ကျော်ကျော်သာ ရှိသေးရာ ကျွန်တော့်ထက် ၁၀ နှစ် ငယ်သည်။ တကယ်ပဲ ကျွန်တော့် ညီမ အငယ်ဆုံးလေးလို သဘောထားနိုင်ဖို့ ကြိုးစားခဲ့ပါသည်။
*****

ကျွန်တော် ဂျပန်နိုင်ငံကို သင်တန်း ခြောက်လ သွားတက်ရသည်။ ညီမလေးကလည်း စာမေးပွဲ နီးနေပြီ ဆိုပြီး online မတက်သဖြင့် ညီမလေးနှင့် online မှာ မတွေ့ဖြစ်သောကြောင့် message ပို့ထားခဲ့သည်။ ရောက်ကာစ ရက်များမှာ အထိုင်မကျသေးသဖြင့် ကျွန်တော် internet လည်း သိပ်မသုံးဖြစ်သလို ညီမလေးလည်း သိပ်မသုံးဖြစ်။

ကျွန်တော် ဂျပန်ရောက်ပြီး ဒုတိယလ လောက်ကျမှ ညီမလေးနှင့် online မှာ ပြန်တွေ့သည်။ ခဏပါပဲ...။ ညီမလေးက စာမေးပွဲကြီးပြီးလို့ ကျောင်းပိတ်ကာ အိမ်ပြန်နေသည်ဆို၏။ နောက်တော့ ညီမလေးကလည်း ဖုန်းပေါ်မှာ internet သုံးသည်။ ကျွန်တော်လည်း ဖုန်းပေါ်မှာ internet သုံးသည်။ သို့သော် ကျွန်တော်လည်း သင်တန်းတက်၊ သူလည်း ကျောင်းတက်နေရသောကြောင့် တစ်နေ့ တစ်ခါလောက် နှုတ်ဆက် ဖြစ်တာက လွဲလို့ ဘာမှတော့ သိပ်မပြောဖြစ်ပါ။ ဘာမှ မဟုတ်ပေမယ့်လည်း ညီမလေးကို မနက်တိုင်း Morning လို့ နှုတ်ဆက်ပြီးမှ ကျွန်တော့် မနက်ခင်းတွေကို စတင်ဖြစ်လာသည်။ ကျွန်တော့်နိုင်ငံက မနက်အိပ်ရာထ နှုတ်ဆက်သည့်အချိန်မှာ နှစ်နာရီ နောက်ကျသော မြန်မာနိုင်ငံမှာ ညီမလေး အိပ်နေဆဲလည်း ဖြစ်နိုင်သည်။ ညီမလေးကတော့ တစ်ခါတလေလည်း ပြန်နှုတ်ဆက်သည်။ တစ်ခါတလေ တစ်နေကုန် ဘာမှ ပြန်မပြောတာလည်း ရှိသည်။

အနီရောင် မေပယ်လ်ရွက်တွေကို မြင်ခဲ့ချိန်တုန်းကလည်း ညီမလေးကို သတိရမိသည်။ ဓာတ်ပုံရိုက် ဝါသနာပါသော ညီမလေးကို ဆောင်းဦးသစ်ရွက်တွေနဲ့အတူ ဓာတ်ပုံ ရိုက်ပေးချင်လှသည်။

ဆောင်းရင့်လာတော့ နှင်းတွေ အရိပ်အယောင်ပေးလာသည်။ ကျွန်တော် ရောက်နေသော မြို့မှာ နှင်းတွေ များများ မကျပဲ နည်းနည်း ဖွဲဖွဲ အစအနလောက်သော မြင်ရသော်လည်း မန္တလေးလို နေရာက ကျွန်တော့် အဖို့တော့ ဆောင်းသရုပ်က တော်တော်ကြီးကို ပီပြင်နေလေပြီ။

ပြန်ကာနီးလမှာ ကံကောင်း ထောက်မပြီး ချယ်ရီပွင့်ချိန်နှင့် ကြုံကြိုက်သဖြင့် ချယ်ရီပန်း ပွဲတော် လုပ်သော နေရာကို သွားဖြစ်သည်။ ချယ်ရီတွေပွင့်တာ မြင်ရင် အရမ်းသဘောကျတယ် လို့ ပြောခဲ့ဖူးသော ညီမလေးကို အတူ ရှိစေချင်လာသည်။ ပြင်ဦးလွင်က သေးသေးကွေးကွေး ချယ်ရီပွင့်တွေကို မက်မက်မောမော ရှိခဲ့ဖူးသော၊ ချယ်ရီပင်အောက်မှာ အလှကြီး လှခဲ့ဖူးသော ညီမလေးကို ဒီက ချယ်ရီပင်တွေ အောက်မှာ ဓာတ်ပုံ ရိုက်ပေးချင်လှသည်။ ပြီးတော့ ညီမလေးက ဆောင်းတွင်းမှာ မွေးသောကြောင့် နှင်းကျတာကို သဘောကျသတဲ့။ နှင်းကျသော တိုင်းပြည်ကို ခဏလောက် သွားဖူးချင်လှသည် ဟု ဆိုခဲ့ဖူးသည်။ ညီမလေးနဲ့သာ အတူတူ ခရီးထွက်ရရင် ဘယ်လောက် ပျော်စရာ ကောင်းလိုက်လေမလဲ။ ဒီမှာ နှင်းဖွဲဖွဲတွေ မကြာခဏ ကျလေ့ရှိသည်။ ညီမလေးသာ ရှိလျှင် ပျော်မှာပဲ လို့ တွေးမိသည်။ ကျွန်တော့် ဘဝမှာ ဘယ်မိန်းကလေးကိုမှ ဒီလောက် အချိန်ကြာကြာအထိ စိတ်ထဲ ထည့်ထားမိတာမျိုး  ညီမလေး ကလွဲလျှင် မရှိခဲ့ဖူးပါ။ ငယ်ငယ်က ထားခဲ့ဖူးသော ရည်းစားတွေတောင်မှ တစ်ယောက်ကို တစ်နှစ်လောက်သာ ကြာခဲ့တာပါ။

ညီမလေးကို ချယ်ရီတွေချည်း ရိုက်ထားသော ပုံတွေ ပို့ပေးလိုက်သည်။ ညီမလေးက ကျွန်တော်ပုံရော မကြည့်ရဘူးလား ဆိုသဖြင့် ချယ်ရီပင်အောက်မှာ ရိုက်ထားသော ပုံတစ်ချို့ ပို့ပေးဖြစ်သည်။ ခုနောက်ပိုင်း ညီမလေးနှင့် ကျွန်တော် facebook မှာလည်း အဆက်အသွယ် ရှိသည်။ ညီမလေးက အချစ် ဒဿန စာစုတွေ share လုပ်လျှင် ကျွန်တော့်မှာ ညီမလေးများ အချစ်ကို စိတ်ဝင်စားချင်နေပြီလား လို့ စိုးရိမ်မကင်း ဖြစ်ရသည်။ ညီမလေးကို မေးလျှင်တော့ ဘာမှ မပြောင်းလဲ သေးပါဘူး ပဲ အမြဲ ဖြေသည်။ ကျွန်တော်က အချိန်တို သင်တန်းမှာ ကြိုးစားပမ်းစား လုပ်ဆောင်နေရသဖြင့် နေ့ဘက် online သိပ်မတက် ဖြစ်ချိန်မှာ ညီမလေးကတော့ သူ့ကျောင်းမှာ wireless နဲ့ ဖုန်းပေါ်မှာ သုံးနေသည် ဆိုပြီး online ပေါ် မကြာခဏ ရောက်နေတတ်သည်။ ကျွန်တော့်ကို တွေ့လျှင် စနှုတ်ဆက် တတ်လာသည်။ ညီမလေးဆီက message တစ်ကြောင်း ရောက်နေလျှင် ကျွန်တော့် နေ့ရက်တွေ သာသာယာယာ ရှိနေခဲ့သည်။ ညီမလေးနှင့် မတွေ့ဖြစ်သော ကျွန်တော့် နေ့ရက်တွေကိုတော့ ခြောက်ခြောက်သွေ့သွေ့ ဖြတ်သန်းရသည်။
*****

ညီမလေးတို့နှင့် စသိပြီးကတည်းက ပိတ်ရက်မှာ ညီမလေးဆီ သွားလည်ရင် ကောင်းမလား မကြာခဏ စဉ်းစားကြည့် ခဲ့မိသော်လည်း ဘာက ဘယ်လို ကိုယ့်စိတ်ကိုယ် တားဆီးမိမှန်း မသိပဲ မသွားဖြစ်ခဲ့ပါ။ ညီမလေးကို အပြင်မှာ တွေ့ဖြစ်လျှင် ကျွန်တော့် စိတ်တွေ ပို ဖောက်ပြန်လာမလား စိုးရိမ်မိခဲ့သည်။ တကယ်တော့ မဖြစ်သင့်ဘူး မဟုတ်လား။ ညီမလေးက ခုမှ ကျောင်းတက်တုန်း ရှိသေးတာလေ။


ညီမလေးတို့ ကျောင်းသစ်ထဲကို တစ်ခေါက်တော့ ဦးတည်ရာမဲ့ စိတ်မထိန်းနိုင်ပဲ ရောက်သွားခဲ့ဖူးသည်။ သို့ပေမယ့် ညီမလေး ဘယ်အခန်းမှာ တက်သလဲလည်း မသိခဲ့ပါ။ ဖုန်းဆက်ပြီးလည်း မခေါ်ချင်ခဲ့ပါ။ ကျောင်းဝင်းထဲမှာ တစ်ချို့တွေ သွားလာနေသော်လည်း ညီမလေးနဲ့တော့ မတွေ့ခဲ့ရပါ။ ကျောင်းအားချိန် ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အတွဲလေးများကို မြင်တော့ ညီမလေး မှာရော အဲသလိုများ ရှိနေပြီလားလို့ စိတ်ထဲ တစ်မျိုးဖြစ်မိခဲ့သည်။ ကျွန်တော့် စိတ်ထဲတော့ ဒီအရွယ် ဆိုတာ ကလေးပဲ ရှိသေးတယ် အောက်မေ့ပြီး ကျွန်တော့်စိတ် ကျွန်တော်တောင် အရောင်မဆိုးမိအောင် ထိန်းနေသော်လည်း သူတို့ အရွယ်နှင့် သူတို့ကလည်း အတွဲလေးတွေ ရှိနေကြသည်ကိုး။ ညီမလေး လို မိန်းမချောလေး မှာလည်း သူနှင့် ရွယ်တူတန်းတူ ကောင်လေး တစ်ယောက်လောက်တော့ ရှိနေနိုင်သည် မဟုတ်ပါလား။ ကျွန်တော် ဘာကြောင့် အဲသလို တစ်ခါမှ မတွေးမိခဲ့ရသလဲ…။ ညီမလေးမှာ ရည်းစားရှိနေရင်လို့ တွေးလိုက်မိတော့ အခုပဲ ညီမလေးကို ပြေးတွေ့ပြီး ရည်းစားစကား ပြောပစ်ချင်စိတ် ပေါက်သွားခဲ့သည်။ အဲဒါ ဆိုလျှင် ညီမလေးက စိတ်ဆိုးမှာလား.. တွေးမိတော့ ညီမလေးကို ဖုန်းဆက်မခေါ်ပဲ ကျောင်းဝင်းထဲက ပြန်လာခဲ့မိသည်။

ညဘက်ကျတော့ ညီမလေးကို ဖုန်းဆက်ရင်းနဲ့ ချစ်သူ ရှိသလား မေးခဲ့တော့ ညီမလေးက “မရှိပါဘူး၊ ညီမလေးက အဲဒါတွေ စိတ်မှ မဝင်စားတာ၊ ညီမလေးက roll no ကောင်းဖို့ပဲ စိတ်ဝင်စားတာ” ဆိုမှ ပူလောင်နေသော ကျွန်တော့် စိတ်တွေ နည်းနည်း ငြိမ်းချမ်းသွားခဲ့ရသည်။ ညီမလေးက roll no 1 မဟုတ်သော်လည်း 10 အတွင်းမှာတော့ ဝင်သည် ဆို၏။ ဟုတ်မှာပါလေ…။ ညီမလေးက ယောက်ျားတစ်ယောက် မျက်စိထဲမှာ မိန်းမချော ဖြစ်နေပေမယ့် သူ့ကိုယ်သူတော့ အဲလို သဘောထားသေးတာ မဟုတ်ပါဘူး။ ဖိနပ်မြင့်မြင့် ကြိုက်တတ်တာက လွဲရင် အလှပြင်ဖို့ စိတ်မဝင်စားပဲ ကလေးလိုပဲ နေတတ်သူပါ။ ညီမလေး စာကြိုးစားပါစေ။ ကျွန်တော့်ကြောင့် အနှောက်အယှက် မဖြစ်လို၍ တကူးတက သွားမတွေ့ဖို့ ဆုံးဖြတ်သည့် အတိုင်းပဲ တည်နိုင်အောင် ကြိုးစားနေခဲ့သည်။

အခုတော့ ညီမလေးကို သတိရခြင်းတွေက တားမနိုင် ဆီးမရ..။ နိုင်ငံတွေ ခြားနေတဲ့ ခဏတာ အချိန်ကျမှ ညီမလေးဆီ ပြေးသွားချင်စိတ်တွေ တဖွားဖွား ဖြစ်နေသည်။ ဒီမှာ သူငယ်ချင်းတွေ၊ မိသားစုတွေ အဝေးကို ရောက်နေရ၍များ ကျွန်တော် ပိုပြီး အထီးကျန်မှုကို ခံစားမိသလား မသိပါ။ ညီမလေး အပေါ်ထားသော ကျွန်တော့်စိတ်ကို ကျွန်တော် ပြန်ဆန်းစစ် ကြည့်သင့်ပြီထင်သည်။ ကျွန်တော့်ကိုယ် ကျွန်တော် ဝန်မခံချင်ပေမယ့် ကိုယ့်စိတ်ကိုယ်တော့ သိနေပြီးသား မဟုတ်လား..။ ညီမလေးကို ကျွန်တော့်အနားမှာ ရှိစေချင်မိသည်။ မကွယ်မဝှက်စတမ်း ပြောရလျှင် တစ်သက်လုံးပေါ့…။ ဒါကတော့ ကျွန်တော့် စိတ်ကူးယဉ်မှု သက်သက် ရယ်သာပါ။ ညီမလေးကို ကျွန်တော့် အနားမှာ တစ်သက်လုံး ခေါ်ထားဖို့ ကြိုးစားကြည့်မည် ဆိုလျှင်တောင် ညီမလေး ဘွဲ့တွေ ဘာတွေ ရမယ့် အချိန်တစ်ခု အထိတော့ စောင့်ရဦးမည် မဟုတ်လား..။ ကျွန်တော်က စောင့်နိုင်ပေမယ့် ညီမလေးက အဲဒီ အတောအတွင်း တစ်ယောက်ယောက်ကို တွေ့သွားခဲ့လျှင်ရော…။ အဲသလောက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် ဇာတ်နာအောင် ဇာတ်လမ်း မဆင်သင့်ဘူး ထင်သည်။

ညီမလေး ကျွန်တော့်အပေါ် ဘယ်လို သဘောထားမလဲ တွေးမိရင် စိတ်ထဲ တစ်ခုခု ပိကျသလို လေးလံလာသည်။ ညီမလေးက ကျွန်တော့်အပေါ် အလေးအနက် မရှိဘူး ထင်သည်။ ကျွန်တော့်ကို online မှာ တွေ့လျှင်ပင် ဘယ်တော့မှ စနှုတ်ဆက်တာမျိုး သိပ်မရှိ။ ကျွန်တော်ကသာ ညီမလေးကို အမြဲတမ်း စတင် နှုတ်ဆက်ရသူ ဖြစ်သည်။ ညီမလေးဆီ လာလည်ရင် ကောင်းမလား ဆိုတော့ မလာပါနဲ့ အဆောင်မှာ ဧည့်သည်ကို စကားလက်ခံ ပြောဖို့ နေရာ မရှိဘူး စသည်ဖြင့် မရေမရာ အကြောင်းပြချက်တွေ ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် သတ္တိမွေးပြီး ခု ဂျပန်က ပြန်ရောက်လျှင်တော့ ကျွန်တော် ညီမလေးဆီ တစ်ခေါက်သွားချင်သည်။ လက်ဆောင် ပေးမည် ဆိုသော အကြောင်းပြချက်နှင့် ဆိုလျှင်တော့ ညီမလေး လက်ခံနိုင်စရာ ရှိသည်။
*****

ဂျပန်က ပြန်ရောက်ရောက်ချင်းတော့ အလုပ်ကိစ္စတွေရှုပ်နေသဖြင့် internet လည်း မသုံးအားပဲ ညီမလေးဆီ သွားဖို့ စိတ်သာ ရှိသော်လည်း မသွားဖြစ်ခဲ့ပါ။ ညီမလေးနှင့် ကျွန်တော်က အပြင်မှာ တစ်ခါတည်းသာ ဆုံခဲ့ဖူးတာ ဖြစ်သောကြောင့် အကြောင်းရှာပြီး သွားတွေ့ရမှာ ရှက်သလိုလို ဖြစ်မိတာလည်း ပါသည်။ တွေ့ချင်သည်။ သို့သော် ကျွန်တော်က ညီမလေးတို့ အရွယ် မဟုတ်သောကြောင့် သူတို့ ကျောင်းကို သွားရမှာတော့ ကြောင်တောင်တောင် နိုင်သလို ခံစားမိသည်။ ညီမလေးဆီ ဖုန်းဆက်မယ် လုပ်ပြီး contact list ထဲက ညီမလေး ဓာတ်ပုံလေးနှင့် ထည့်ထားသော ညီမလေး နာမည်ကို ရှာကြည့်ပြီးမှ call ကို မနှိပ်ဖြစ်ပဲ ပြန်ချထားလိုက်မိသည်။ ကျွန်တော့်စိတ်ကို ကျွန်တော် မလုံခြင်းများလား…။

သောကြာညမှာ ညီမလေးဆီက ဖုန်းဝင်လာသည်။ ကျွန်တော့်ရင်တွေ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်လို ခုန်သွားသည်။ ညီမလေးက ကျွန်တော့်ဆီ တစ်ခါမှ စမဆက်ဖူးခဲ့ပါ..။ “ကိုကြီး ပြန်ရောက်နေပြီ မဟုတ်လား၊ ဘာဖြစ်လို့ ညီမလေးဆီ ဖုန်းမဆက်တာလဲ၊ အလုပ်တွေ ရှုပ်နေလို့လား” တဲ့။ အလုပ်ရှုပ်နေတာတော့လည်း အမှန်ပါပဲ..။ ဒါပေမယ့် ဖုန်းမဆက်တာကတော့ ကျွန်တော့် ခံစားချက်တွေ စိတ်လွတ်လက်လွတ် ပြောမိသွားမှာ စိုးလို့ ထင်သည်။ ညီမလေးလည်း ကျွန်တော့်လိုပဲ ထပ်တူညီ သတိရခြင်း တစ်ချို့တလေ ရှိတယ်ဆို ကျွန်တော် ကျေနပ်ပါသည်။ ကျွန်တော် ဘာကြောင့် ဂေါက်တောက်တောက် အတွေးမျိုးနဲ့ ညီမလေးကို တကူးတက ရှောင်နေစရာ လိုသလဲ။ ယောက်ျား ပဉ္ဖင်း မိန်းမ ပုခက်တွင်း ဆိုတဲ့ စကားတောင် ရှိသေးတာပဲ…။ ညီမလေးနဲ့ ကျွန်တော်က ၁၀နှစ်ပဲ ကွာတာ မဟုတ်လား…။

“ညီမလေး မနက်ဖြန် ကျောင်းပိတ်တယ် မဟုတ်လား၊ ကိုယ်လာခဲ့မယ် ရမလား” ဆိုတော့ ညီမလေးက အခါတိုင်းလို အကြောင်းပြချက်တွေ ပေးပြီး ငြင်းဆန်မနေပဲ “ရပါတယ်၊ ဘယ်မှ မသွားဘူး” လို့ ပြန်ပြောသည်။ ညီမလေး အတွက် ရည်ရွယ်ပြီး ဝယ်ဖြစ်ခဲ့တဲ့ ချစ်စရာ ဂျပန်မအရုပ်ကလေးရယ်၊ ဒူးဖုံးရုံ ဂါဝန်ကလေးရယ်၊ ညီမလေးရဲ့ခြေထောက် သေးသေးလေးနဲ့ မှန်းပြီး ဝယ်လာတဲ့ ကြိုးသိုင်းဖိနပ် မြင့်မြင့်ကလေးရယ် မနက်ဖြန် တွေ့လျှင် ညီမလေးကို ပေးရမည်။ ဂါဝန်ကလေးကတော့ ပြင်ဦးလွင် ဆောင်းတွင်းမှာ ဝတ်လို့ မရသေးတော့ စိန်ပန်းပြာတွေ ပွင့်မယ့် နွေရောက်မှပဲ ဝတ်ပေါ့ ညီမလေးရယ်…။ 
*****

ညီမလေးတို့ အဆောင်က ညီမလေး ပြောသည့်အတိုင်း ဧည့်သည် တွေ့ဆုံဖို့ ဧည့်ခန်း မရှိလေရာ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ပြီး စကားပြောဖြစ်သည်။ မတွေ့ကြသည့် တစ်နှစ်အတွင်း ညီမလေးက ပိုလှလာသည်။ ကျွန်တော့် ရင်ခွင်ထဲမှာပဲ သိမ်းထားချင်လောက်အောင် စိတ်မချချင်စရာ ဖြစ်သည်။ အပြင်မှာ တွေ့တာ တစ်နှစ်လောက် ကြာပြီးမှ ဒုတိယတစ်ခါ တွေ့ဖြစ်တာ ဖြစ်သော်လည်း ညီမလေးနှင့် ကျွန်တော်က ရှိုးတို့ ရှန်းတန့် ဖြစ်မနေပဲ ခင်မင်ပြီးသားသူတွေလို စကားတွေ ရင်းရင်းနှီးနှီး ပြောဖြစ်သည်။ ကျွန်တော် ဝယ်လာသော ကြိုးသိုင်းဖိနပ်လေးကလည်း ညီမလေး ခြေထောက်နှင့် ကွက်တိပင်။

ညီမလေးက ဒီနေ့ ဈေးသွားစရာ ရှိသည်၊ သူငယ်ချင်းတွေက မန္တလေး ဆင်းသွားလို့ အဖော်မရှိကြောင်း ပြောတော့ ကျွန်တော်က လိုက်ပို့မည် ပြောလိုက်သည်။ ညီမလေး ကျွန်တော့် ဆိုင်ကယ်နောက်က ပါလာတော့ ကျွန်တော့်အပျော်တွေ အဆုံးမရှိ ဖြစ်ရသည်။ ညီမလေးကို ဒီနှစ် ချယ်ရီတွေ သွားကြည့်ပြီးပြီလား မေးတော့ ညီမလေးက မသွားရသေးဘူး ပြောသည်။ သွားမလား ပြောတော့ ချယ်ရီ ချစ်သူကလေးက မငြင်းပါ။ နှစ်ယောက်သား နောက်ကျ ချယ်ရီတွေ ပင်လုံးကျွတ် ပွင့်နေတာကို လျှောက်ကြည့်ရင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။ ကျွန်တော့် ကင်မရာ အကြီး မပါသဖြင့် နှစ်ယောက်သာ ဖုန်းနဲ့ပဲ ဓာတ်ပုံ ရိုက်ဖြစ်ခဲ့သည်။ ညီမလေးက ချယ်ရီတွေကို မြင်ရတာနဲ့ပင် အရင်နှစ်ကလို ကလေးတစ်ယောက်လို ပျော်နေမြဲ။ ညီမလေး ပြုံးနေတာကို မြင်တော့ ကျွန်တော်ကလည်း တစ်ခါမှ ခုလောက် မကြည်နူးဖူးသလို ပျော်သည်။ ညီမလေးကို ပြင်ဦးလွင် ဈေးကို လိုက်ပို့ပြီး သူ လိုအပ်တာလေးတွေ ဝယ်တာကို နောက်ကလိုက်သည်။


အပြန်ကျတော့ ညီမလေး မရောက်ဖူးဘူး ဆိုသည့် ဗိုလ်ချုပ်ရွာ ဟု ခေါ်သော အိမ်ရာတွေရှိသည့် လမ်းဘက်က ပတ်ပြန်သည်။ အဲဒီလမ်းမှာကလည်း ချယ်ရီပင် လှလှတွေ ရှိသည်လေ။ ညီမလေးက ထုံးစံအတိုင်း ချယ်ရီပင်တွေ ခြံရံသည့် လမ်းပေါ်မှာ ဓာတ်ပုံရိုက်သည်။ ညီမလေးရဲ့ ကိုကြီး ခေါ်သံအောက်မှာ ကျွန်တော် နှလုံးသားတွေ အရည်ပျော်ကျနေသည်မှာ မြင်ရက်စရာ မရှိတော့…။ ညီမလေး ချစ်သော ချယ်ရီပန်းခိုင်တစ်ခိုင်ဟာ ကျွန်တော် ဖြစ်ချင်လာသည်။

ညီမလေးကို အဆောင်ရှေ့ လိုက်ပို့ပြီး ကျွန်တော်ပြန်ခဲ့သည်။ ညီမလေး ပုံရိပ်တွေ ခေါ်သံတွေ ကျွန်တော့် သတိရခြင်းတွေထဲ နောက်တစ်ခါ ပြန်မတွေ့မချင်း လွမ်းစရာတွေ ဖြစ်နေဦးမည်။ ညီမလေးကို လက်လွတ် ဆုံးရှုံးရမှာ တွေးကြည့်ရုံနှင့်ပင် ကျွန်တော့်မှာ သွေးပျက်ရသည်။ ညီမလေးကို ချစ်တယ် ပြောဖို့ ကျွန်တော် သတ္တိမွေးမှ ဖြစ်တော့မည်။ ဘာတွေပဲဖြစ်ဖြစ်… ဘယ်လောက်ပဲ စောင့်ရပါစေ.. ညီမလေးကို ကျွန်တော့်အနားမှာ တစ်သက်လုံး ထားနိုင်ဖို့ ကျွန်တော် ကြိုးစားရတော့မည်။ ကျွန်တော့်စိတ်ရင်းမှန်ကို ညီမလေး နားလည်ပြီး တုံ့ပြန်နိုင်မယ့် အချိန်ထိ ညီမလေး အနားမှာ ကျွန်တော်ရှိနေမည်။ ကျွန်တော့်စိတ်ကို ကျွန်တော် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးသွားတော့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးနှင့် ပြုံးမိသွားသည်။ မန္တလေးမြို့ထဲ ရောက်တော့ မီးပွိုင့်စောင့်နေဆဲ လက်ဖက်ရည်ဆိုင် တစ်ဆိုင်က ဖွင့်ထားသော သီချင်း တစ်ပုဒ်က နားထဲ တိုးဝင်လာသည်။ ကျွန်တော် ခုတလော ကြိုက်နေသော စိုင်းစိုင်းသီချင်းလေး။ ညီမလေးကို ဆိုပြချင်မိသွားသည်။

“…..
 ညီမလေးလို သူငယ်ချင်းလို နားလည်ပေးမယ် မင်းကို နောက်ပြီးကျတော့ ရည်းစားလေး ဖြစ်ချင်လို့  ….
 ဒီကမ္ဘာပေါ် မိန်းမချောလေးတွေ မိန်းမလှလေးတွေ တွေ့ကြုံနေလည်း
 ဒီတစ်ခါမှာ မင်းတစ်ယောက်ထဲသာ ငါ့ဘဝတစ်လျှောက်မှာ အဆုံးသတ်ချစ်သူပဲ ..
 ချာတိတ်ကလေးရေ မင်းနဲ့ ချစ်ခွင့်ရချင်လို့
 ချာတိတ်ကလေးရေ ငါ့ရဲ့ အချစ်တို့ နားလည်ဦး
 ချာတိတ်ကလေးရေ ကောင်မလေးရေ ငါ့ကို နားလည်ဦး
 ချာတိတ်ကလေးရေ ကောင်မလေးရေ ငါ့အချစ်ကို နားလည်ဦး ..
……”
*****
သိင်္ဂါကျော်

10 comments:

စံပယ်ချို said...

အောက်ဆုံးကချယ်ရီပန်းပုံလေးအရမ်းကြိုက်တယ်တကယ်ပဲ
တောင်ကြီးကပွင့်တဲ့ချယ်ရီနဲ့တူလို့
ချယ်ရီပန်းကိုချစ်တတ်တဲ့ညီမလေးရယ် ကိုကြီးရယ်
ညီမလေးက သူ့အချစ်ကိုနားမည်ပါ့မလားနော်

မိုးငွေ့........ said...

ဟင် အဆက်ရှိသေးလား...ဖတ်လို့ကောင်းနေတာ..။

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးးးးး
အရမ်းကြိုက်တယ်ရှင်...:)))
ကိုကြီးနဲ့ ညီမလေးဇာတ်လမ်းပေါ့..
မိုက်တယ်ကွာ...တော်သေးတယ်
Sad ending မဟုတ်လို့ :)
ညီမလေးနဲ့ ကိုကြီး ချစ်သူတွေ ဖြစ်စေချင်တယ်ရှင်..
အဲဒါဆို အရမ်းပျော်ဖို့ကောင်းမှာနော်...
အမြဲအားပေးနေတယ် သိလား...
ချစ်တဲ့....မိုးနတ်

အလွမ်းမြို့ said...

ပိုစ့်လေးက ဆွဲဆောင်လိုက်တာ ဖတ်ရင်း ကိုယ့်ဘဲ
ညီမလေးဖြစ်လာမလားလို့..အဟဲ...
ခက်တာက အိမ်ကလူကြီးကို ဘယ်နားထားရမလဲ
ကွယ်။ကိုယ်သာညီမလေးဖြစ်ခဲ့ရင်ပေါ့..အဟီး
ပိုစ့်ကောင်းလေးကိုအားပေး ပုံလေးတွေ နှစ်သက်စွာ
ကြည့်ခဲ့ပါတယ်။



ခင်တဲ့
အလွမ်း

Aung Htut said...

ချယ်ရီတွေ တအားလှတယ်ဗျာ.. ညီမလေးနဲ့ ကိုကြီး အမြန်ဆုံး ဆုံစည်းနိုင်ပါစေဗျား။

san htun said...

ချယ်ရီဇာတ်လမ်းလေးက ချယ်ရီပန်းလိုပဲ ချစ်ဖို့ ကောင်းတယ်..ဘယ်လိုများဇာတ်သိမ်းလဲလို့  သိချင်လိုက်တာ...

ဟန်ကြည် said...

ရတနာပုံမြို့သစ်မှာ နည်းပညာတက္ကသိုလ်ဖွင့်ထားပြီလား...အင်း မန္တလေးမရောက်တော့တာက ဆယ်နှစ်ကျော်ကြာပြီဆိုတော့လည်း ဘာမှကို မသိတော့တာရယ်...အမှန်အတိုင်းပြောရရင် အခုနောက်ပိုင်းမှာ ၀ထ္ထုတွေ အဖတ်နည်းလာပေမယ့် သည်တစ်ပုဒ်ကိုတော့ ကျကျနနကို ဖတ်ဖြစ်လိုက်တယ်...စကားပြေ ချောမွေ့တာကို သဘောကျတာကြောင့်လည်း ပါပါရဲ့...ဇာတ်လမ်းက မပြီးတပြီးမှာ ရပ်ထားပေမယ့် အနှီလောက်ကလေးကိုက လှနေပြီးသား...

kokoseinygn said...

ဇတ်လမ်းလေး ကောင်းတယ်
နူးညံမှုကစတင်တယ်ပြောရမယ်

Angelhlaing(May everybody be happy and healthy! said...

ဘယ်လိုများ ဆက်မလဲလို့ သိချင်လိုက်တာမမရေ..:)
ချယ်ရီတွေက လှလိုက်တာ...

မြသွေးနီ said...

ချစ်ခြင်းမေတ္တာတွေ ထုံမွှမ်းနေတဲ့ ပန်းချယ်ရီ..