07 January, 2013

လေယူရာ ယိမ်းတတ်သော်လည်း ပန်းချင်းတော့ မတူပါ



မို့တစ်ယောက် အရင်လို facebook မှာ active မဖြစ်နိုင်တာ နည်းနည်းတောင် ကြာခဲ့ပြီ။ ကျောင်းမှာ အလုပ်တွေ ရှုပ်နေတာလည်း ပါသည်။ အရင်လိုလည်း chat စရာ သံယောဇဉ်တွေ မရှိတော့တာလည်း ပါသည်။ နှစ်ရက် သုံးရက် တစ်ခါလောက် ကျောင်းမှာ စက်သုံးခိုက် ခဏတဖြုတ်ဝင်ပြီး ပေါ်လာတာလေးတွေ Like တာလောက်တော့ လုပ်နေသေးသည်။ အချိန်မရှိတာကတော့ တကယ်ကို online ပေါ်တက်ဖို့ အရင်လို အချိန်မရှိတော့။ အိမ်မှာ အတူလာနေသည့် တူမ တစ်ယောက်ကိုလည်း ချက်ပြုတ် ကျွေးမွေးပြီး Guide လုပ်နေရသေးသည်။
*****

Facebook ကို စသုံးကာစကတော့ ရှုခင်း ဓါတ်ပုံတွေသာ တင်ခြင်း Farmville ဆော့ခြင်းလောက်သာ လုပ်ရာက နောက်တော့ သူငယ်ချင်းတွေ ဓါတ်ပုံတင်တာ အားကျပြီး ကိုယ့်ပုံကို friend only လုပ်ပြီး တင်ဖြစ်သည်။ ဒါပေမယ့် သူငယ်ချင်းတွေကတော့ Bachelor တုန်းက same batch တွေ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လောက်သာ ရှိသည်။

အရင် နှစ် ကတော့ တစ်နှစ်လုံးလိုလို နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း သင်တန်း တက်နေခဲ့တာမို့ အပြင်မှာ သူငယ်ချင်းလည်း မရှိ၊ စကားလည်း သိပ်မပြောဖြစ်တာမို့ online တော့ အမြဲဝင်ဖြစ်ခဲ့သည်။ Gtalk မှာ ဝင်လာသမျှလူ လက်ခံပြီး နောက်မှ အသက်ကွာလွန်း ပြောမကောင်းလွန်းသည့် လူတွေကိုသာ block ပြန်လုပ်ဖြစ်သည်။ အရင်ကတည်းက account ထဲမှာ ရှိနေပြီး မတွေ့တာကြာသည့် သူငယ်ချင်း တစ်ချို့တလေ နှင့်ပါ ပြန်တွေ့ ဖြစ်သည်။ 

တစ်ယောက်တည်း မြန်မာစကား မပြောဖြစ်တာ ကြာလာသည့်အခါ အထီးကျန်သယောင်ယောင် ရှိလာသည်နှင့် Facebook မှာလည်း တစ်ချို့တလေ မသိတဲ့ လူတွေကိုပါ သူငယ်ချင်း အနေနှင့် လက်ခံထားဖြစ်သည်။  မို့ ရောက်နေသည့် နိုင်ငံက မြန်မာနိုင်ငံနှင့် ငါးနာရီလောက် အချိန် ကွာသည့်နိုင်ငံ ဖြစ်ရာ မို့ ညနေဘက် သုံးသည့် အချိန်မှာ တွေ့ရတတ်သည့် ညဘက် အိမ်ကနေ သုံးသည့်သူများ၊ ညပိုင်းမှ အလုပ်ပြီး၍ online တက်တတ်သူများနှင့် စကားပြောဖြစ်ခဲ့သည်။

ဟိုးအရင် ကျောင်းတက်စဉ် တစ်နေကုန် စက်ခန်းထဲ မထိုင်မနေရ နေကို နေခဲ့ရသည့် အချိန်များကလည်း online သူငယ်ချင်းများ ထားခဲ့ဖူးပါသည်။ အရင်ကတော့ Facebook က ခေတ်မစားသေးတော့ Zorpia မှာ သူငယ်ချင်း ဖြစ်ကြသည်။ Gtalk မှာ စကားပြောဖြစ်ကြသည်။ ဘယ်သူပဲ ဖြစ်ဖြစ် မို့က သူငယ်ချင်း ဖြစ်လိုရုံ သက်သက်သာ ဖြစ်ပါသည်။ မို့က အပြင်မှာ မသိသူတွေနဲ့ ချက်ချင်း သူငယ်ချင်းဖြစ်ဖို့ ခဲယဉ်းသည်။ မို့နဲ့ သိပ်မခင် သူတွေက မို့ကို အရမ်းစကားနည်းကြောင်း သိကြသည်။ တကယ်လည်း မို့က သူများ စိတ်ဝင်စားအောင် စကားပြောဖို့ထက် နားထောင်သမား သက်သက်သာ ဖြစ်ပါသည်။ အကြောင်းသိ သူငယ်ချင်း အရင်းအချာတွေ နဲ့လောက်ပဲ စကားများများ ပြောတတ်သူ ဖြစ်သည်။

မို့က online မှာလည်း သူများတွေလောက် စကားပြောကောင်းသူတော့ မဟုတ်ပါ။ တွေ့ကြ၊ နှုတ်ဆက်ကြပြီး တစ်ဖက်က စကားစ အရှည်သဖြင့် မဆက်ချင်သူ ဖြစ်ခဲ့လျှင် နောက်ပိုင်း နှုတ်မဆက်ဖြစ်ကြတော့။ တစ်ချို့တလေ နှင့်တော့ နောက်ပိုင်း စကားသိပ် မပြောဖြစ်သော်လည်း ယခုထိ သူငယ်ချင်းတွေ အဖြစ် ရှိနေကြသည်။ မို့ရဲ့ online သူငယ်ချင်းတွေထဲမှာ မိန်းကလေးတွေလည်း ပါသည်။ ယောက်ျားလေးတွေလည်း ပါသည်။ စကားသာ ပြောပေမယ့် online က ဘယ် ယောက်ျားလေး တစ်စိမ်း တစ်ယောက်ကိုမှ မို့ ဓါတ်ပုံကို မပြစဖူးပါ။ မို့ဟာ ယောက်ျားတစ်ယောက် ကြိုက်လောက်သည့် ရုပ်ရည် လှတပတမျိုး မဟုတ်တာကိုလည်း ကိုယ့်ကိုယ်ကို သိသည်။ ဓါတ်ပုံပြလိုက်ပြီး မိတ်မပျက်ချင်တာလည်း ပါသည် ဆိုပါတော့။


နောက်ပိုင်း ကျောင်းပြီးတော့ internet တနေကုန် မသုံးဖြစ်တော့သည့် အချိန်တွေမှာ သူငယ်ချင်း အရင်းတွေကလွဲပြီး ဘယ်သူနဲ့မှ စကားမပြောဖြစ်ခဲ့တော့။ အရင်နှစ်ကတော့ တစ်နေကုန် ကျောင်းမှာကော၊ အဆောင်မှာပါ internet ပြန်သုံးဖြစ်ပြီး သူငယ်ချင်း အသစ်တွေ ပြန်ထားဖြစ်ခဲ့သည်။ ရောက်စ လကပင် ညနေပိုင်း talk ဝင်ဖြစ်တော့ အရင် သူငယ်ချင်းဟောင်း တစ်ယောက်နှင့် ပြန်ဆုံဖြစ်သည်။ သူကလည်း အဲဒီ အချိန်များမှာ ညပိုင်း အိမ်မှာ သုံးဖြစ်နေသူ ဖြစ်သည်။ မို့နှင့် ဝါသနာတူ၊ အကြိုက်တူသူမို့ စကားပြော ဖြစ်ကြသည်။ အဲဒီတုန်းက မို့ကိုယ်တိုင်ကလည်း မူမှန်စိတ် မဟုတ်ဘူး ထင်သည်။ သူက မို့ဓါတ်ပုံကို မြင်ချင်သည် ဆိုတော့ ဘာမှ တွက်မနေတော့ပဲ မို့ ဓါတ်ပုံတွေ အမြဲလို တင်တတ်သည့် facebook မှာပါ သူ့ကို လက်ခံလိုက်သည်။ သူက mail ထဲက ဓါတ်ပုံတောင်းတော့ မို့ကလည်း mail ထဲကနေ ပုံတွေ ပို့မိသည်။ နောက်တော့ ထုံးစံအတိုင်း သူက ဇာတ်လမ်းတွေ ရှာလာသည်။

Online မှာ လက်ရှိ နံပါတ် မရှိသူချင်း တွေ့ကြလျှင် ဒါမျိုး ပြောနေကျပဲလားလို့ မို့ဦးနှောက်က မှန်မှန် တွေးတတ်ပါသော်လည်း နည်းနည်းတော့ သာယာမိသေးသည်။ သူ့ကို သူငယ်ချင်းလိုပဲ ဆက်ခင်ဖို့ ပြောရင်း စကားတွေတော့ ဆက်ပြောဖြစ်ခဲ့သည်။ ယုံနိုင်စရာ မရှိပေမယ့် မို့ကို ချစ်သည် လို့ ပြောခံရတာ ဒါပထမဆုံး ဖြစ်သည်။ မို့ဟာ ချစ်ခင်စရာ ကောင်းသည့် မိန်းကလေးလို့ သူ့စိတ်ထဲ ထင်သည့်အတွက် ကျေးဇူးတင်သည်။ သို့သော် မို့ဘက်က သူ့ကို အဖြေတော့ ပြန်မပေးနိုင်ခဲ့ပါ။ မို့ ပြန်ကာနီး လပိုင်းတွေမှာ သူကလည်း အလုပ်နေရာ ပြောင်းသွားသည် ဆိုပြီး online မဝင်နိုင်ကြောင်း စာတစ်စောင်ပို့ကာ အကြာကြီး ပျောက်သွား ခဲ့သည်။

သူမရှိတော့ အရင်လို သူနဲ့ စကားပုံမှန် မပြောရတော့သည့် မို့ရဲ့ ညပိုင်းတွေက အထီးကျန်ဆန် လာပြန်သည်။ မို့ သူ့ကို မချစ်ပါ။ သို့သော် လွမ်းမိသည်။ သူ့ကို လွမ်းသည့် အလွမ်းကို ပျောက်အောင် တစ်ခြားလူတွေနှင့် စကားပြောကြည့်မိသည်။ သို့သော် ခင်လောက်စရာ လူက သိပ်မတွေ့ရ။ အများစုက တစ်ကြိမ် နှစ်ကြိမ် ပြောအပြီးမှာ သာမန် လောက်သာ ဖြစ်သွားသည်။ ခင်မင်မိသူ နှစ်ယောက် သုံးယောက်လောက်တော့ ရှိပါသည်။ သူတို့ ဟာ သူတို့ တစ်ရေးနိုး ထသုံးသလား မသိပေမယ့် မမ နဲ့တွေ့ဖို့ တမင် ညဘက် အိပ်ရေးပျက် ခံပြီး ဝင်တာပါ ဆိုတာမျိုးကို မဟုတ်မှန်း သိသော်လည်း သဘောကျမိသေးသည်။ မို့ Facebook ထဲမှာ စိမ်းတာတွေ့သည့် အချိန်တိုင်း နှုတ်ဆက်တတ်သည့် ကောင်လေး တစ်ယောက် ကတော့ ယခုထိ ရိုးရိုးသားသား တွေ့လျှင် နှုတ်ဆက်တတ်ဆဲ ပါ။

ပြန်ကာနီး တစ်လ အလိုလောက်မှာ ကောင်လေး တစ်ယောက် နှင့် သူငယ်ချင်း ဖြစ်ခဲ့ပြန်သည်။ သူကလည်း အိမ်ကနေ ညပိုင်း သုံးနေသူမို့ သူ့ဘက်က ည အချိန်မတော်မှာ မို့နှင့် တွေ့ပြီး စကားပြော ဖြစ်ကြခြင်း ဖြစ်သည်။ လက်ခံ စကားပြောပြီးမှ သူ့ profile ကို ကြည့်မိတော့ မို့ ထက် တော်တော်ကြီး ငယ်နေတာကို တွေ့ရတော့ အမှန် ဟုတ်မဟုတ် မသိပေမယ့် စိတ်ထဲ တစ်မျိုးဖြစ်ရသည်။ မို့က ကိုယ့်ထက် အရမ်းငယ်သူတွေနှင့်တော့ စကားပြောလေ့ မရှိပါ။ အရွယ် အရမ်းကွာသော ကိုယ့်တပည့် အရွယ်တွေနှင့် စကားပြောရတာ သိပ်မကောင်းဟု ထင်သောကြောင့် ဖြစ်သည်။ သူ့ကို restricted friend လုပ်ထားသောကြောင့် မို့ ဓါတ်ပုံတွေ သူ မမြင်ဘူးသေးပဲ စကားပြောဖြစ်ကြခြင်း ဖြစ်သည်။ နောက်တော့ ထုံးစံအတိုင်း သူက ဓါတ်ပုံ မြင်ချင်သည် ဆိုသောကြောင့် မို့က restricted ဖြုတ်ပြီး မို့ပုံတွေ သူ့ကို ပြမိသည်။ မို့ ဘာကြောင့် အဲဒီအချိန်က စိတ်ရူးပေါက်ခဲ့မိမှန်း မသိပါ။ တစ်ယောက်တည်း အထီးကျန်လွန်းလို့လည်း ဖြစ်နိုင်သည်။

ထုံးစံအတိုင်း ကောင်လေးက မို့ကို ချစ်စကား ဆိုလာတော့ ထုံးစံအတိုင်း မို့က ငြင်းခဲ့ပါသည်။ မို့ဟာ ခေတ္တယာယီ online ခင်မင်မှုကို သာယာမိချင် သာယာမိမှာ ဖြစ်ပေမယ့် မို့ဟာ မဆင်ခြင်နိုင်သော အရွယ်မှ မဟုတ်တာလေ။ သူ profile မှာ ပါသော မွေးနေ့ အရဆိုလျှင် မို့ဟာ သူ့အဒေါ် အရွယ်လောက်ပင် ရှိနေလေတာ။ နောက်တော့ အဲဒါက သူ့မွေးနေ့ အမှန် မဟုတ်တာကို သိရသည်။ သို့ပေမယ့် သူက မို့ထက် ၁၀ နှစ်ကျော်တော့ ငယ်နေသေးတာပင်။ မို့ရဲ့ အနီးကပ်မဟုတ်သော ဓါတ်ပုံတွေကို မြင်ပြီး အထင်အမြင် မှားနေမှာ စိုးသောကြောင့် မို့ အသက်ကို ဖွင့်ကို ပြောပြီး သူ့ကို တားမြစ်ရသေးသည်။ သူကတော့ အသက်ကွာတာကို ထည့်တွက်စရာ မလိုပါတဲ့။ ယုံဖို့ မသင့်သည်ကို မို့ သိသော်လည်း သူ့ကို နည်းနည်းတော့ သဘောကျလာမိသည်။

မို့ အသက်အရွယ်နှင့် ဒီအချိန်ထိ single ဖြစ်နေမှု အပေါ် လွယ်လွယ် ရမလား ရယ်လို့ ချစ်စကား ပြောကြ ဆိုကြ နိုင်သည်ကို မို့ နားမလည်တာ မဟုတ် နားလည်ပါသည်။ မို့ဟာ အချစ်မှာ အလွယ်တကူ ကျရှုံးတတ်သူ မှ မဟုတ်လေတာ။ သူငယ်ချင်းများက နှလုံးသား မရှိသူဟု သမုတ်တာကိုတောင် ခံခဲ့ရသူ ပေပဲ။ မို့ ရဲ့ online ဇာတ်လမ်းတွေကို အပြီးသတ်မှ ဖြစ်မည်ကို မို့သိပါသည်။ မို့ ပြန်ကာနီး ပစ္စည်းတွေ သိမ်းနေသည့် ညမှာ ကောင်လေးနှင့် တွေ့တော့ မို့ ပြန်တော့မည့် အကြောင်း ပြောလိုက်သည်။ ဟိုကို ပြန်ရောက်လျှင် မို့ online အမြဲတမ်း သုံးဖြစ်တော့မှာ မဟုတ်တော့သည့် အကြောင်း၊ သူနှင့် နောက်ထပ် online မှာ တွေ့ဖြစ်တော့မှာ မဟုတ်ကြောင်း ပြောလိုက်တော့ သူ ရစ်တာကို မို့ တစ်ညလုံးလို ခံလိုက်ရသည်။ ပြန်ရောက်လျှင် အိမ်မှာ ခဏနေဦးမှာမို့ online တက်ဖြစ်မှာ မသေချာတာလည်း တကယ်မို့လို့ အမှန်အတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။

မို့မှာ ပစ္စည်းသိမ်းရင်း သူနှင့် chat ရင်း ညတောင် တော်တော် နက်သွားသည်။ မို့ဘက်က ညနက်ချိန် ဆိုလျှင် သူ့ဘက်မှာတော့ မနက်ပင် အရုဏ်တက်တော့မည်။ နောက်ဆုံးတော့ သူ ရစ်တာ မခံနိုင်သည်နှင့် မို့ရဲ့ မြန်မာနိုင်ငံက ဖုန်းနံပါတ်ကို ပေးလိုက်ရတော့သည်။ သူနှင့် စကားပြောနေရတော့ မို့က online ဖြစ်နေသည်မို့ ညဘက်ကျမှ အားတတ်သည့် တစ်ခြား သူငယ်ချင်း တစ်ယောက်ကလည်း စကားလာပြောနေသဖြင့် မို့က မိတ်မပျက် ပြောနေရသေးသည်။ အဲဒီ တစ်ယောက်ကလည်း မို့ ဖုန်းနံပါတ်တောင်းတော့ မို့လည်း မထူးပါဘူး ဆိုပြီး ပေးဖြစ်လိုက်သည်။ အဲဒီတစ်ယောက် ကလည်း မို့အပေါ်မှာ မရိုးတာ သိသိနှင့်ပင် နိုင်ငံချင်း မတူတာမို့ ဆက်မှာ မဟုတ်လောက်ပါဘူး ဆိုပြီး ပေးလိုက်တာလည်း ပါသည်။
*****

မို့ မိဘတွေနှင့် အစ်ကို မိသားစုက ပဲခူးမှာ နေသည်။ မို့ အိမ်မှာ ခဏ နေခိုက် မို့ ဖုန်းနံပါတ် ပေးမိခဲ့သော ဟိုနှစ်ယောက်က ဖုန်းဆက်သေးသည်။ အမေ့ရှေ့မှာ ဖုန်းလာတော့ အမေက ဘာရယ် မဟုတ် ဘယ်သူ့ဆီကလဲ မေးသည်။ မို့ဆီကို အရင်က ဘယ် သူငယ်ချင်း ယောက်ျားလေးကမှ ဖုန်းမဆက်ဖူး သဖြင့် မပြောရဲပဲ အမေ သိသော သူငယ်ချင်းတွေ နာမည်ကို လွှဲပြောလိုက်ရသေးသည်။ ဆတ်ဆတ်ဆော့ဆော့ ဖုန်းနံပါတ် ပေးထားမိပြီး အမေ့ရှေ့ သူတို့ ဖုန်းလာမှာ စိုးရိမ်နေရသည်။ အိမ်မှာ နှစ်ပတ်လောက် နေပြီး ရန်ကုန် ပြန်လာခဲ့ရသည်။

မို့က မို့အလုပ်ရှိရာ ရန်ကုန်မှာသာ အနေများတာမို့ အရင်ကတော့ အဆောင်မှာ နေသော်လည်း မို့ မသွားခင်လေးကမှ တိုက်ခန်းတစ်ခန်း ဝယ်ထားဖြစ်ခဲ့သည်။ အစ်ကို့ အမျိုးသမီး အစ်မက ပြင်ပေးထားသည်မို့ အခု ပြန်လျှင် အသင့် တက်နေရုံပါပင်။ သူ ပြင်ပေးထားကလည်း အကြံအစည် ရှိသည်လေ။ သူ့သမီးကို ဒီနှစ်တော့ မို့ ဆီမှာ အတူထားမည် တဲ့လေ။ မို့ကလည်း တစ်ယောက်တည်း တိုက်ခန်းမှာ နေဖို့ မသင့်တော်သည်နှင့် တူမ လာနေမည်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

တူမက ကွန်ပျူတာတက္ကသိုလ် တက်နေသူ ဖြစ်ပြီး ပထမနှစ် စတက်စကတော့ မို့ကလည်း အဆောင်မှာ နေသူမို့ လိုက်နေလို့ မရသည်နှင့် သူလည်း သူ့သူငယ်ချင်းတွေနှင့် အဆောင်မှာနေသည်။ အဲဒီနှစ်ကတော့ ကျောင်းချင်းလည်း မတူတော့ သူ့ကိုလည်း သိပ်ကြည့်မပေးဖြစ်လိုက်။ မို့ စိတ်ထဲတော့ တက္ကသိုလ်မှာ တစ်နှစ်တစ်တန်း အောင်ဖို့ဆိုတာ အဲလောက်ကြီး ခက်ခဲသော ကိစ္စ မဟုတ်လို့ ထင်ထားတာပင်။ မို့ ဘဝမှာ တစ်ခါမှ စာမေးပွဲ ကျဖူးတာ မရှိသောကြောင့် စာမေးပွဲ ဆိုတာ ဖြေလျှင် မထူးချွန်လျှင်သာ ရှိမည်၊ အောင်တော့ အောင်ရမည်လို့ စိတ်ထဲ မှတ်ထားတာပင်။ သို့သော်လည်း တူမတော်ကတော့ ပထမနှစ်ကို စာမေးပွဲ ကျလေသည်။ နောက်နှစ်ကျတော့လည်း မို့က နိုင်ငံခြားမှာ ကျောင်းသွားတက်နေသဖြင့် သူ့ကိစ္စကို မသိပြန်ပါ။ အဲဒီနှစ်တော့ သူ့အမေက သူ့အဆောင် နှစ်ပတ်တစ်ခါလို လိုက်သွားပြီး ကြပ်မတ်ခဲ့သဖြင့် ပထမနှစ် အောင်သွားသည်။ ဒီနှစ် ဒုတိယနှစ် ရောက်ပြီ။ သူ့အောက် အငယ်ကောင်ကလည်း ဒီနှစ် ၈ တန်း ရောက်ပြီ ဆိုတော့ အပေါင်းအသင်း မမှားအောင် စောင့်ကြည့်နေရတော့မှာမို့ သူ့အမေက ဒီနှစ်တော့ တူမတော်ကို မို့အခန်းမှာ အတူထားမည်ဟု ဆိုလာသည်။

အဒေါ် ဆရာမ တစ်ယောက်လုံး ရန်ကုန်မှာ ရှိနေပြီး တူမကိုမှ စာမေးပွဲ အောင်အောင် မကြပ်မတ် နိုင်လျှင် တော်တော်ကို အဒေါ်ကောင်း မပီသရာ ရောက်တော့မည်။ သို့ပေမယ့် မို့က တက္ကသိုလ် စတက်ကတည်းကလည်း ရန်ကုန်မှာပဲ တက်ခဲ့ပြီး အလုပ်နဲ့ နယ်ဘက်လည်း တစ်နှစ်၊ နှစ်နှစ်လောက် သွားလိုက် သေးသည်။ နောက်ပိုင်း ကျောင်းဆက်တက်တော့လည်း ရန်ကုန်မှာပဲ ပြန်တက်ရတော့ ပဲခူးအိမ်ကို ဧည့်သွား ဧည့်လာလောက်သာ ရောက်သူ ဖြစ်ရာ တူ၊ တူမ တွေနဲ့လည်း သိပ်အခင်ကြီး မဟုတ်လှပါ။ တူမ နှင့် gtalk မှာတော့ သူငယ်ချင်း လုပ်ထားသည်။ သူ စာမေးပွဲ ကျသည့် နှစ်က သူ့ကို gtalk မှာ တော်တော် တွေ့ခဲ့ရသည်။ မို့က ကိုယ်တိုင်လည်း လွတ်လပ်တာ ကြိုက်သူမို့ သူများကိုလည်း ဟိုလိုလုပ် ဒီလိုလုပ် သိပ်မပြောချင်သူ ဖြစ်ရာ သူ့ကို ဆူဆူပူပူလည်း မလုပ်ဖြစ်ခဲ့ပါ။ သူ့အမေကိုလည်း မတိုင်မိခဲ့။ နောက်တော့ သူ စာမေးပွဲကျသည် ဆိုမှ မို့ ဂရုမစိုက်မိလေခြင်းလို့ စိတ်မကောင်းတောင် ဖြစ်ရသေးသည်။ ဒီနှစ်တော့ နှစ်ချင်းပေါက် အောင်ဖို့ရာ မို့မှာပင် တာဝန်ရှိနေလေပြီ။
*****

မို့ ရန်ကုန်ပြန်ရောက်ပြီးနောက် ကျောင်းတွေ မဖွင့်သေးတာမို့ ခဏ အားနေခိုက် gsm ဖုန်းထဲကနေ internet သုံးဖြစ်သည်။ တော်တော် စွဲလမ်းနေပြီ ဖြစ်သော facebook ကလေး တစ်နေ့ တစ်ခါမှ အနည်းဆုံး ဖွင့်မကြည့်ရရင် မနေနိုင် ဖြစ်နေတုန်းပင်။ မို့ရဲ့ online သံယောဇဉ်လေးတွေနှင့် ခဏ တဖြုတ်လောက်ပဲ ဖြစ်ဖြစ် စကားပြောဖြစ်ဆဲ။ စကားတတ်သော ကောင်ကလေးရဲ့ ပလီပလာ စကားတွေထဲမှာ နစ်မျောရမလို ဖြစ်ဆဲ။ တစ်ခါနှစ်ခါလောက် ညဘက် တစ်နာရီလောက် ကြာအောင်လည်း ဖုန်းပြောဖူးသည်။ သူ တောင်းသော အဖြေကို မပေးရအောင် မို့ကလည်း လှည့်ပတ် ရှောင်သည်။ သို့သော် အပြီးမဖြတ်ပဲ သူငယ်ချင်းပဲ ဘာပဲ လုပ်ထားတာ တကယ်တော့ မို့ မကောင်းမှန်း ကိုယ့်ဟာကိုယ်လည်း သိပါသည်။

နဂိုက ရိုးရိုးသားသားပါပဲလို့ ယုံကြည်ပြီး ခင်မင်မိသူ တစ်ယောက်ကလည်း ဆန်းဆန်းပြားပြား ဖြစ်ချင်လာတော့ စိတ်နည်းနည်း ပျက်မိပေမယ့် စိတ်တော့ မဆိုးခဲ့မိ။ သူ့ကို ချက်ချင်း အပြတ်ငြင်းပြီး သူငယ်ချင်းလိုပဲ ဆက်ခင်နေခဲ့တာပင်။ အရင်ကလည်း online မှာ သူငယ်ချင်းတွေ ရှိပေမယ့် ရိုးရိုးသားသား ပဲ စကားပြောသည်။ online မှာ ကြူတတ်သူထဲ မို့ မပါ ဟု ခုထက်ထိ ကြွေးကြော်ထားသူ ဖြစ်သည်။ ခုတော့ ကိုယ့်ကိုယ်ကို နည်းနည်း ဆင်ခြင်သင့်သည် ထင်လာသည်။

မို့က online က အချစ်ကို မယုံကြည်။ လောလောလတ်လတ်ပဲ နမူနာ တစ်ခုကို တွေ့ခဲ့ရပြီးပြီ။ မို့ဘက်က တရားဝင် အဖြေပေး မထားသဖြင့် မို့ ချစ်သူ ဟု ပြော၍ မရသော်လည်း သူ့ဘက်က မို့ကို သူ့ချစ်သူပါလို့ သဘောထားပြီး တစ်သက်စာ အတွက်ပါ ဘာဘာညာညာ ကတိတွေ ပေးထားသူက မပြောမဆို အဆက်အသွယ် ဖြတ်သွားခဲ့ပြီ မဟုတ်လား။ ဖုန်းနံပါတ် တောင်း၍ ပေးထားဖူးသော်လည်း တစ်ခါမှ ဆက်မလာခဲ့။ မို့က သူ့ကို မချစ်နိုင်ခဲ့သော်လည်း သံယောဇဉ်တော့ နည်းနည်း ရှိခဲ့လေရာ စိတ်ထဲတော့ အကြောင်းသင့်တိုင်း သတိရမိနေသေးသည်။ နယ်စပ်မှာလို့ နောက်ဆုံးပြောဖူးသော သူ့ကို သူ မိန်းမပဲ ရနေပြီလား၊ ဘုန်းကြီးပဲ ဝတ်သွားသလား၊ သူပုန်လက်ချက်နဲ့ပဲ သေပြီလား၊ အဆင်ပြေရဲ့လားလို့ မေးချင်သေးသော်လည်း ဘယ်သူ့ကို မေးရမည် မသိတော့ပါ။

မို့က အချစ်ကို မယုံကြည်သော်လည်း ကိုယ့်ကို ချစ်သည် ဟု ပြောလာသူများကို မချစ်ဘူးဟု ပြန်ပြောရတာ အားနာသည်။ သို့သော် ချစ်လိုက်ပါ ဆိုတော့လည်း မချစ်နိုင်ပါ။ အဲဒီတော့ အားနာပါးနာနှင့် လိုက်လိုက်လျောလျော စကားတွေ ပြောနေရင်းက ကြာတော့ သူတို့စိတ်ထဲ တစ်မျိုးထင်မှာလား စိုးရိမ်လာပြန်သည်။ လူကြီးဆန်သူက မချစ်၍ မချစ်တာကို လက်ခံနိုင်သော်လည်း ကလေးဆန်သူကတော့ ဘာလို့လည်း အတင်းမေးပြီး အဖြေတောင်းဆဲ။ အဲဒီ ကောင်ကလေး ပဲပေါ့။ မို့မှ အဖြေမပေးရင် အတင်းပဲ ကားတင် ပြေးတော့မှာ ဆိုတာမျိုး၊ မို့က မချစ်ဘူး ပြောရင်ပဲ တိုက်ပေါ်က ခုန်ချလိုက်တော့မယ် ဆိုတာမျိုးလည်း ပြောတတ်သေးသည်။ သူ တော်တော် ကလေးဆန်တာ သိသည်။ ရယ်လည်း ရယ်ချင်သည်။ သို့သော် ကိုယ့် ပယောဂကြောင့်တော့ သူ့ကို စိတ်မဆင်းရဲ စေချင် (သူ စိတ်ဆင်းရဲတာ ဟုတ်ချင်မှ ဟုတ်မှာလည်း သိသည်) တာနှင့် သူ့ကို ချော့မော့ထားရသည်။
*****

ကျောင်းတွေ ပြန်ဖွင့်တော့ တူမချော ရောက်လာသည်။ တူမတော်က ခေတ်လူငယ် ခပ်သွက်သွက်၊ အချိုးမပြေ ကလေး ဖြစ်သော်လည်း မို့က ရှေးအဘွားကြီး မဟုတ်သေး သောကြောင့် အဆင်မပြေစရာတော့ ဘာမှ မရှိပါ။ နှစ်ယောက်သားက မိုးလင်းတာနှင့် သူလည်း သူ့ကျောင်း ဖယ်ရီ အမှီသွား၊ မို့လည်း ကိုယ့်ကျောင်း ဖယ်ရီ အမှီသွား နှင့် ညနေကျမှသာ ပြန်ဆုံကြသည်။ ကိုယ်တစ်ယောက်တည်းဆို ဖြစ်သလို အခြောက်အခြမ်းနှင့် စားသောက်တာ များသော်လည်း တူမလေး ရှိနေတော့ ညနေဘက်မှာ ဟင်းလေး ဘာလေး ချက်ရသည်။ မနက် ထမင်းဘူး ထည့်ဖို့ချက်ရသည်။ ညနေဘက် အရည်သောက်လေး ဘာလေး ချက်ရသည်။ ချက်ပြုတ် စားသောက်ပြီးတော့ တီဗွီက ကိုရီးယားကားလေးကလည်း ကြည့်ချင်သေးသည်။ အဲဒီတော့ Facebook ထဲဝင်ပြီး like ကလေး ဘာလေး လုပ်ဖို့တောင် တစ်ချို့နေ့တွေ မဝင်ဖြစ်တော့။ ကျောင်းမှာလည်း စာသင်ချိန်တွေ ဆက်နေသဖြင့် အားသည့်အချိန် ခဏလောက်သာ mail လေး ဘာလေး စစ်ဖြစ်သည်။

အရင်က ကျွန်တော် Facebook သိပ်မသုံးပါဘူး၊ မမနဲ့ပဲ စကားပြောတာပါ ဆိုသည့် ကောင်လေး ရဲ့ friend list ထဲမှာ ကောင်မလေးတွေ အများကြီး ရောက်နေတာကိုတော့ သိလိုက်သေးသည်။ အဲဒါတင်မကပဲ သူ့ wall ပေါ်မှာပါ ကောင်မလေးတွေနှင့် ဇာတ်လမ်း လုပ်နေတာကို တွေ့သည်။ Public မှာတောင် အဲဒီလောက် တင်နေရင် chat ထဲမှာ ဘယ်လောက် ပြောနေမလဲ ဆိုတာ တွေးကြည့်ရုံနှင့် သိသာသည်။ မို့က အဲဒါကို သဝန်တိုရမှာလား။ ဘာမှ မဆိုင်ဘူး ထင်သည်။ သူ့ကို နောက်တစ်ယောက် ရှာ ကြိုက်စမ်းပါ လို့ မို့ပဲ ပြောထားဖူးတာ မဟုတ်လား။ သူက စနှုတ်မဆက်တော့ သူ စိမ်းနေတာ တွေ့သည့် တစ်ခါတရံမှာ မို့က စနှုတ်ဆက်မိတာ ကိုလည်း ကိုယ့်ကိုယ်ကို မကျေနပ်မိပြန်ပါ။ မို့ဘက်က စနှုတ်ဆက်ရင် သူက ကောင်းကောင်းမွန်မွန် ပြန်ပြောပေမယ့် အရင်လို ချစ်တယ် မပြောတော့။ အဖြေလည်း မတောင်းတော့။ ဖုန်းလည်း လုံးဝ မဆက်တော့။ သူစိမ်းဆန်လာသည်ကို မို့ ခံစားသိရှိလာရတော့ စိတ်ထဲ တစ်မျိုးတော့ ဖြစ်မိသည်။ သူ့ကို သံယောဇဉ် တွယ်မိတာလား၊ မို့မာန ကိုပဲ ထိခိုက်လို့လား ခွဲခြား မသိနိုင်ပါ။ မို့ကို ဂရုစိုက်သော တစ်ယောက်သောသူ နှင့် စကားတွေ ပြောဖြစ်နေစဉ် မှာပင် မို့ကို ဂရုမစိုက်တော့သော ကောင်လေးကို သတိတရ ရှိနေမိသေးသည်။ သူ online တက် မတက် စောင့်ကြည့်နေမိသော ကိုယ့်ကိုယ်ကို စိတ်ကုန်မိသောကြောင့် သူနှင့် ပတ်သက်သမျှ ဘာမှ မသိရ မကြားရအောင် သူ့ကို unfriend လုပ်ပစ်လိုက်မိသည်။ လုပ်လိုက်ပြီးတော့လည်း စိတ်က မပြတ်နိုင်ပဲ message အဟောင်းများက တစ်ဆင့် သူ့ profile ကို သွားကြည့်မိနေသေးသည်။

မို့က တစ်စုံတစ်ယောက်ကို ချစ်မိပြီလို့ ဘယ်တော့မှ ဝန်မခံနိုင်ပါ။ အမှန်တကယ် မဟုတ်တာလည်း ကိုယ့်ကိုယ်ကို သိနေသည်လေ။ မို့က အဲဒီ တစ်စုံတစ်ယောက်တင်မှ မကပဲ အားလုံးကို သံယောဇဉ် ထားတတ်သူ ဖြစ်နေလေသလား။ သံယောဇဉ် အတိမ်အနက်တော့ တူချင်မှ တူမည် ဖြစ်ပေမယ့် မို့က ကိုယ့်အပေါ် ရိုးသားသော သူငယ်ချင်း ကောင်လေး များကိုပါ မတွေ့တာကြာရင် သတိတရ ရှိတတ်သည့်သူလေ။ အများက မို့ဟာ အသည်းနှလုံး မရှိသူရယ်လို့ သတ်မှတ် ကြပေမယ့် တကယ်တမ်းတော့ မို့ အသည်းနှလုံးက ခံစားလွယ်တတ်သည့် အသည်းနှလုံး ထင်သည်။ အတည်တကျ ချစ်ရမည် ဆိုလျှင်လည်း ချစ်နိုင်မည့်သူ မဟုတ်ပါပဲ ထားရစ်ခံရသော အခါများ၌လည်း စိတ်ထဲမှာတော့ တစ်မျိုးတမည် ခံစားလိုက်ချင်သေးသည်။

ကိုယ့်စိတ်ကိုယ် မပြတ်သားနိုင်ပဲ ခဏတာ စိတ်အလိုလိုက်မိပေမယ့် မို့က ကိုယ့်မာနကိုယ် အမြဲတမ်း တောက်ပအောင် ထိန်းထားချင်သည့်သူလေ။ တွယ်မိတွယ်ရာ သံယောဇဉ် နွယ်ကို ဖြတ်ရမယ် ဆိုတာ ကောင်းကောင်းနားလည် သူပါ။ မို့ အသက်အရွယ်၊ မို့ ဂုဏ်သိက္ခာနဲ့ online ဇာတ်လမ်းတွေ မရှာသင့်တော့တာလည်း ကောင်းကောင်း နားလည်ပါသည်။ ကောင်ကလေးကိုတော့ လုံးဝ message လည်း မပို့ သူ့ wall ကိုသွားမကြည့်တော့ပဲ ဖြတ်လိုက်သည်။ ကောင်ကလေးကလည်း မို့ကို ဂရုမစိုက်တော့ပဲ သူ့ ကောင်မလေးတွေနှင့် ကြူလို့ ကောင်းနေလိမ့်မည်။

ကောင်ကလေးကို ဖြတ်ချင်တာနှင့်ပင် တဖြည်းဖြည်းနှင့် အားနာပါးနာ ခင်မင်မှုနှင့် မျှော်လင့်ချက် ပေးမိသလို ဖြစ်နေသော သူတစ်ယောက်ကိုရော၊ ဘာမှ မဟုတ်တဲ့ သူငယ်ချင်း မက သံယောဇဉ် တစ်ပင် နှစ်ပင် ကိုရော ဖြတ်ဖို့ ကြိုးစားမိသည်။ ကိုယ်က ငြင်းခဲ့ပြီးတာတောင် ကိုယ့်ကို အမြဲတစေ ဂရုတစိုက် ချစ်နေသေးသော တစ်စုံတစ်ယောက်ကိုလည်း မို့က သံယောဇဉ်တွေ နှောင်ငင်ပြီး သူနှုတ်ဆက်တိုင်း ပြန်နှုတ်မဆက်ဖြစ်တာကို အားနာကာ ကိုယ်ဝင်သည့်အချိန်မှာ စတင်နှုတ်ဆက်တာမျိုး လုပ်လာခဲ့ပြီး မပြတ်နိုင်သည့် ဇာတ်လမ်း ဖြစ်နေခဲ့သေးတာ။ တကယ်တော့လည်း သူ့အပေါ်တော့ ဘာဆိုဘာစိတ်မှ မရှိခဲ့သည့်တာ ကိုယ့်ကိုယ်ကို သိနေတော့ မဖြစ်နိုင်သည့် ဇာတ်လမ်းကို ဖြတ်တာ ကောင်းသည် လို့ မှန်မှန်ကန်ကန် တွေးမိသွားတာလည်း ပါသည်။

ခုတော့ မို့တစ်ယောက် facebook မှာ မ chat ဖြစ်တာပင် အတော်ကြာခဲ့လေပြီ။ ကိုယ့်ပုံကိုယ် တင်ဖို့လည်း သိပ် စိတ်မဝင်စားတော့သလို သူငယ်ချင်းး အရင်းခေါက်ခေါက်များ သိစေရန် အတွက် Group ပုံလေးတွေ လောက်ပဲ တစ်ရံတစ်ခါ ဆိုသလို တင်ဖြစ်တော့သည်။
*****

တူမချော မီးငယ်က ကျောင်းဖွင့်ကာစ ကတော့ ကျောင်းမှန်မှန်သွား၊ စာမှန်မှန်ကြည့် လုပ်နေသားပင်။ အဲဒီအပြင် သူ့ဖုန်းလေး ဖွင့်ဖွင့်ပြီး သူ့ laptop နှင့် ချိတ်ကာ internet သုံးသုံးနေတာတော့ တွေ့သည်။ စက်ကတော့ သူ့အမေက သူ ပူဆာသဖြင့် မနှစ်ကတည်းက ဝယ်ပေးထားခြင်း ဖြစ်ပြီး ဖုန်းကတော့ ဒီနှစ်မှ ဝယ်ပေးပြီး internet သွင်းပေးထားခြင်း ဖြစ်သည်။ အရင်ကတော့ internet သုံးလျှင် ဆိုင်မှာ သွားသုံးနေကျ ဖြစ်သည်။ ကျောင်းဖွင့်ကာစ စာလည်း သိပ်မများသေးချိန်မို့ အားသည့်အချိန် internet တာကို ဘာမှ မပြောတော့ပါ။ မို့ကိုယ်တိုင်လည်း သုံးချင်နေတာပဲလေ။ ခုနောက်ပိုင်းမှ ကိုယ့်ဟာကိုယ် ဆင်ခြင်ပြီး ဖြတ်ထားလို့ အမြဲ သုံးမနေတော့တာ။ ကလေးဆိုတော့ သုံးချင်မှာပဲ ဆိုပြီး နားလည်ပေးထားသည်။ အရင် မို့တို့ Ph.D တက်တုန်းက စာမှ စာပဲ တစ်နေကုန် လုပ်ရမည် ဆိုပြီး internet ပေါ်မှာ pdf file ကလွဲလို့ တစ်ခြား တစ်ခုခု ဖွင့်ကြည့်တာ မိလျှင် ဆူခံခဲ့ရသည့် ဘဝတွေကို သတိတရ ရှိနေသောကြောင့် ကလေးတွေကို မချုပ်ချယ် ချင်တာ ဖြစ်သည်။

မီးငယ်က တစ်ဘာသာတော့ ကျူရှင် တက်ရမှ ဖြစ်မည် ဆိုသဖြင့် ထားပေးရသည်။ ကျန်တာတော့ သူ လိုက်နိုင်မည် ထင်သည်ဟု ဆိုသည်။ တစ်ချို့ စာတွေတော့ မို့လည်း နားမလည်လျှင် ကြည့်တော့ ပေးနိုင်သည်မို့ မီးငယ်ကို နားမလည်သည့် ဘာသာ မေးဖို့ ပြောထားပါသည်။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ လောက် guide သဘောမျိုး သူ့စာတွေကို ကြည့်ရှုပေးရသည်။ ကျောင်းတက်စ လတွေမှာတော့ မီးငယ် ကြည့်ရတာ စာလည်းမှန်မှန် ကြည့်ပြီး အဆင်ပြေနေပုံ ပေါ်သဖြင့် မို့က သဘောတကျ ဖြစ်နေခဲ့သည်။ သူ့ကျောင်းမှာလည်း မို့ သူငယ်ချင်း တစ်ချို့ ရှိတာမို့ စာ နားမလည်တာ ရှိလျှင်လည်း မေးလို့ ပြုလို့ ရအောင် သူ့ဆရာမတွေကို အပ်ပေးထားရသေးသည်။ အဲသလို လုပ်ပေးနေတာမို့ မီးငယ် internet သုံးတာလောက်ကို မို့က ဘာမှ ဝင်စွက်ဖက် မနေခဲ့တော့။  အဲဒီတစ်ခုက နောက်တော့မှ ပြဿနာကြီးကြီး တက်မည်မှန်း မို့ ကြိုသိခဲ့လျှင်တော့ အစကတည်းက အမုန်းခံပြီး တားမြစ်ခဲ့ပါသည်။

*****
မီးငယ်က အရင် မို့နှင့် အဆက်အသွယ် ရှိသော gmail ကို မသုံးတော့ပဲ အသစ်တစ်ခု သုံးနေဟန်တူသည်။ မီးငယ် လည်း Facebook သုံးမှန်း သိသော်လည်း အဒေါ်နှင့် တူမက သူ့အကြောင်း၊ ကိုယ့်အကြောင်း မသိစေချင်သောကြောင့် ဘယ်သူကမှ မေးမြန်းပြီး friend လုပ်မထားကြပါ။ မို့ကတော့ နောက်ပိုင်း friend request မှန်သမျှကိုလည်း လက်မခံတော့ပဲ အပြင်က ကိုယ့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အရင်းတွေမှန်း သေချာသူ လောက်သာ လက်ခံတော့သည်။ chat ကိုလည်း online ဘယ်တော့မှ လုပ်မထားတော့ပါ။ မို့ဟာ ခဏတဖြုတ် လေလွင့်သူ ဖြစ်မိတာသာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ကျေနပ်နေသော တစ်ဦးတည်းဘဝကို ပြောင်းလဲဖို့ရန် စိတ်ကူးရှိသူ မဟုတ်လေပါ။ မို့ ကိုယ်တိုင်က ချောချောလှလှ၊ ချမ်းချမ်းသာသာ perfect princess လေး မဟုတ်သည့် ဘဝမှာ perfect သတို့သားကို စိတ်ကူးမျှပင် ယဉ်မကြည့်ဘူးပါ။ သို့သော် ဒီအတိုင်း ကိုယ်နဲ့ မလိုက်ဖက်သော အခြေအနေ၊ ပတ်ဝန်းကျင်၊ အသက်အရွယ် တွေကို လျစ်လျှူရှု လက်ခံလိုက်ဖို့ရာလည်း မို့ နှလုံးသားက အဲလောက်ကြီး strong ဖြစ်လောက်အောင် အချစ်မကြီးတတ်ဘူး ဖြစ်နေပြန်သည်။

မီးငယ် တစ်ယောက် midterm မှာ အဆင်ပြေပြေ စာမေးပွဲ ဖြေနိုင်ခဲ့ကြောင့် မို့လည်း နိုင်ငံရပ်ခြား တစ်လ သင်တန်းကို စိတ်ဖြောင့်ဖြောင့် သွားတက်နိုင်ခဲ့သည်။ မို့ သွားနေတုန်း ရန်ကုန် တိုက်ခန်းမှာတော့ မီးငယ် အမေက လာနေ မပေးနိုင်ပဲ ဆွေမျိုးနီးစပ်ထဲက စိတ်ချရသော အဒေါ်တစ်ယောက်ကို မီးငယ်နှင့်အတူ နေခိုင်းထားခဲ့သည်။

တာဝန်ဝတ္တရားများက ခေတ္တ ကင်းလွတ်ပြီး ကျောင်းသား ပြန်ဖြစ်သွားခိုက် မို့လည်း facebook ပေါ် ပြန်ရောက်မိ ပြန်သည်။ အရင်ကလိုတော့ chat ထဲ သိပ် မဝင်ဖြစ်တော့ပါ။ ကိုယ့်သူငယ်ချင်း အရင်းတွေက လွဲလျှင် အသစ်တွေလည်း သိပ် လက်မခံဖြစ်တော့။ အရင်က ရိုးရိုးသားသား ခင်မင်ဖူးသူတွေ နှုတ်ဆက်တာလောက်ပဲ ပြန်နှုတ်ဆက်ပြီး ကြာကြာတော့ မပြောဖြစ်တော့ပါ။ မို့ ဝါသနာအရ ခရီးသွားရင်း ရိုက်ထားသော ဓါတ်ပုံလေးတွေတော့ သူငယ်ချင်း တစ်ချို့ပဲ မြင်သာအောင်လုပ်ပြီး တင်ဖြစ်သည်။ အနည်းငယ် အားနေသည်မို့ သံယောဇဉ် ဟောင်းလေးတွေကို မသိမသာ သွားကြည့်မိသေးသည်။ နောက်ပိုင်းမှာ တစ်ပတ်တစ်ခါလောက် နာမည်ပြောင်းတတ်သော ကောင်ကလေးရဲ့ နာမည်က မီးငယ်ကိုချစ်တဲ့ ကိုကို ဖြစ်နေကာ wall ပေါ်မှာတင် လက်ရှိ ကြူနေသော ကောင်မလေး နာမည်က မီးငယ် ဖြစ်နေတာကို တွေ့ရသဖြင့် အိမ်က မီးငယ်ကို သတိရသွားကာ ဖုန်းခေါ်ပြီး စကားပြောဖြစ်လိုက်သေးသည်။ အိမ်က မီးငယ်ကတော့ အားလုံး အဆင်ပြေသည် ဆို၏။

အရင်က မို့ကို အမြဲတမ်း သတိရနှုတ်ဆက်ပြီး ခင်မင်ခဲ့သူ တစ်ယောက်နှင့် မို့ကို ချစ်စကား တစ်ခါ ပြောဖူးသူ တစ်ယောက်ကတော့ သူတို့ အားလပ်ရက် မြန်မာနိုင်ငံ ခဏ ပြန်လာမည်ဟု ပို့ထားသော message များကို မို့က မပြန်ပဲ မသိချင်ယောင် ဆောင်နေခဲ့သည်မို့ ခုတော့ စိတ်ဆိုးနေသည်ထင့်။ မို့ကို အဆက်အသွယ် မလုပ်ကြတော့။ အဲဒါကိုပဲ မို့က စိတ်သက်သာရာ ရနေပါသည်။ မို့က မဖြစ်နိုင်သော မျှော်လင့်ချက်ကို မပေးလိုပါ။ မို့မို့ လို့ပဲ သူတို့ သိထားသည့် ဒေါက်တာသွင်မို့မို့ထက်ဟာ အခုချိန်မှာတော့ လေယူရာ ယိမ်းတတ်သည့် ပန်းတစ်ပွင့် အဖြစ်က အမြင်မှန်ရကာ နှုတ်ထွက်ခဲ့ပြီ ဖြစ်ပါသည်။

မို့ နိုင်ငံခြားသင်တန်း လတစ်ဝက်လောက် နေတော့ anime ကောင်မလေး ပုံလေးနှင့် မီးငယ် ဆိုသည့် နာမည်တစ်ခု ကို friend request မှာ တွေ့လိုက်ရသည်။ မိန်းကလေး ပေမယ့် မို့ မသိသည့်သူပဲ ဆိုပြီး လက်မခံဖြစ်သေး။ ရန်ကုန် အိမ်ကို ဖုန်းဆက်တော့ မီးငယ်က သူ friend request ပို့ထားကြောင်း၊ တီလေး ပိုက်ဆံကုန်သည် ဖုန်းဆက်မနေပါနဲ့၊ facebook ကပဲ video chat ကြရအောင်ပါ ဟု ဆိုလာသဖြင့် မီးငယ် ဆိုတာ ကိုယ့်တူမမှန်း သိပြီး လက်ခံလိုက်ရသည်။ မီးငယ်နဲ့ ညနေပိုင်း facebook video chat နဲ့ ပြောဖြစ်သည်။ ရန်ကုန် connection ကလည်း တော်တော်တော့ ကောင်းသားပါ။ မို့စိတ်ထဲတော့ ကိုယ့်တူမက ဒီအဒေါ်မို့လို့ပဲ video chat တာ ထင်နေသည်။ တစ်ခြား တစ်ခြား ကောင်လေး များနှင့် အဲလို chat နေလိမ့်မည်တော့ စိတ်ထဲထင်မထား။ မို့ မရှိတဲ့ တစ်လ အတွင်း သူက တော်တော်လေး အခြေအနေ တိုးတက် နေမှန်းလည်း လုံးဝမှ မရိပ်မိ။ မို့ ရှိလျှင်မှ ဖုန်းကြာကြာပြောတာ၊ internet ကြာကြာ သုံးတာ မြင်လျှင် သူ့ကို အနည်းအပါး ပြောတတ်သေးသည်။ အခု ပြောမည့်သူ မရှိတော့ စိတ်ကြိုက် ဖြစ်နေလေတာ။ မို့ခမျာ နည်းနည်းမှ မရိပ်မိခဲ့ပါ။

မီးငယ်ရဲ့ facebook timeline ကို သွားကြည့်မိတော့ ကိုယ့်တူမရဲ့ friend list ထဲမှာ ယောက်ျားလေးတွေသာ အများစု ဖြစ်နေလေတာကို တွေ့ရတော့သည်။ သူ့ပုံသူတော့ဖြင့် public လုပ် မတင်တာ တော်သေးသည်။ ဒါပေမယ့်လည်း ခင်မင်သွားလျှင်တော့ မို့လိုပဲ သူ့ဓါတ်ပုံကို ကောင်ကလေးတွေကို ပေးချင် ပေးနေနိုင်သည်။ မို့သည် ကိုယ့်တုန်းက လုပ်ခဲ့သော်လည်း ကိုယ့်တူမကိုတော့ အဲဒီလို မလုပ်စေချင်ပဲ စိုးရိမ်စိတ်တွေတောင် ဖြစ်လာမိသည်။ ဒါပေမယ့် ခေတ်လူငယ်တွေကလည်း ကိုယ့်ကိုယ်ကိုတော့ သိတတ်ကြပါသည်။ အလည်လေးတွေပါ။ Online ပေါ်မှာ အပျော် ပြောကြ ဆိုကြ ကြူကြတာ ဖြစ်မှာပါ၊ ကိုယ့်ဘဝကိုယ် နစ်မွန်းအောင်တော့ လုပ်မယ် မထင်ပါဘူး လို့ ကိုယ့် တူမကို အထင်ကြီး ထားလိုက်ပါသည်။ နောက်တစ်ခါ မီးငယ် နှင့် တွေ့တော့ online မှာ အချိန်သိပ် မဖြုန်းဖို့၊ ကိုယ့်စာကိုယ် လုပ်ဖို့ ဆုံးမလိုက်ရသေးသည်။

သူကတော့ တီလေး စိတ်မပူပါနဲ့ သူ စာတွေ ရပါတယ် တဲ့။ ပြီးတော့ ပြောလိုက်သေးသည်။ “တီလေး ကလည်း facebook တော်တော် သုံးတာပဲ၊ သမီးက အရင်က မသိဘူး၊ သူငယ်ချင်းတွေလည်း အများကြီး၊ ပုံတွေလည်း အများကြီး တင်ထားတာ” တဲ့။ တူဝရီး ဆိုပေမယ့် နှစ်ယောက်သားက သူငယ်ချင်းလိုလည်း ပြောနေ ဆိုနေကြမို့ သူကလည်း မို့ကိုဆို နည်းနည်းလေးမှကို မကြောက်ပါ။ မို့ကလည်း ပြောလိုက်ပါသည်။ “ငါ့ သူငယ်ချင်းတွေ အများစု အပြင်မှာ သိတဲ့လူတွေ၊ မိန်းကလေးတွေ များတယ်၊ နင့်လို မဟုတ်ဘူး” လို့။ သူကလည်း ပြန်ပြောသည်။ “အဲဒါတွေက အပျင်းပြေ chat တာပါ၊ သူငယ်ချင်းတွေပါ၊ ဘာမှ မဟုတ်ပါဘူး” တဲ့။ မို့ကတော့ ပြောလိုက်ပါသည်။ “ငါက ဘွဲ့ သုံးဘွဲ့ တောင် ရပြီးပြီ၊ နင်က ခုမှ တစ်ဘွဲ့တောင် ရသေးတာ မဟုတ်ဘူး၊ ငါသုံးလို့ ငါ့ကို ဘာမှ မထိခိုက်စေဘူး၊ နင်သာ အဲဒါတွေထဲ စိတ်ပါသွားပြီး စာမေးပွဲ ကျနေမယ်၊ ငါပြန်လာရင် နင့်ကို internet သုံးချိန် ကန့်သတ်ရမယ်” ဆိုတော့ ထိတ်ထိတ် ပြာပြာနှင့် “သမီးက အားတဲ့ အချိန်ပဲ သုံးတာပါ၊ စာမေးပွဲ အောင်အောင် ဖြေမှာပါ တီလေးရယ်” လို့ ဆိုတော့လည်း ယုံပေးလိုက်ရသည်။

မီးငယ်ရဲ့ wall ပေါ်မှာ ပေါ်ပေါ်လာနေသော အချစ်ဒဿန ဓါတ်ပုံများကို တင်သူက မီးငယ်ကိုချစ်တဲ့ ကိုကို ဆိုသူ ဖြစ်နေတာကို မို့ တွေ့ရလေသောအခါ မို့ရဲ့ သံယောဇဉ်ဟောင်း ကောင်ကလေး နာမည်ပဲ ဆိုတာ ပြန်သတိရသွားသည်။ သူ့ profile ကို သွားကြည့်လိုက်တော့လည်း တကယ် ဟုတ်နေခဲ့သည်။ သူတို့ နှစ်ယောက်က wall ပေါ်မှာ public တင်ပြီးတော့ကို အပြန်အလှန် ကြူနေကြတာ ဖြစ်သည်။ မီးငယ်က ဒါကို သူ့ဒေါ်လေး မြင်ချင်လည်း မြင်ပါစေ ဆိုပြီး ဂရုမစိုက်လေသလား၊ သူ့ဒေါ်လေးက ဒါမျိုး ဆူမှာ မဟုတ်ဘူး ဆိုပြီး မို့ကို အရေးပဲ မလုပ်လေသလား မသိပါ။ မို့ကတော့ အဒေါ် တစ်ယောက်မို့ ဒီလို ပလီစိချောက်ချက် ပြောပြောပြီး ကောင်မလေးတွေ ဆီက အဖြေတောင်းတတ်သော ကောင်လေးနဲ့ အပျော်သဘောပဲဖြစ်စေ အဲသည်လောက် အထိ မပတ်သက်စေချင်ပါ။

မီးငယ်နှင့် online မှာတွေ့တော့ အဲသည် ကောင်လေးနှင့် ဘယ်လိုလဲ မေးမိသည်။ သူက အဖြေတောင်းနေတာ ဖြစ်ပြီး မီးက စိတ်မဝင်စားပါ လို့ ဆိုသည်ကို စိတ်ချရလေမလား တော့ မသိပါ။ မို့က wall ပေါ်က စာလောက်သာ မြင်ရတာ ဖြစ်ပြီး သူတို့ chat ထဲမှာ ဘယ်လောက် ပြောဆိုနေမည်ကို မို့ သိနိုင်တာမှ မဟုတ်တာလေ။ မို့လို အသက်အရွယ်၊ မို့လို နှလုံးသား ခပ်ရင့်ရင့် ကိုတောင် ကြွေလုနီးအောင် ပြောတတ် ဆိုတတ် ရှိသော အဲဒီ ကောင်နောက်ကို တူမလေး ပါသွားမှာ အတော်လေး စိုးရိမ်လာသည်။ မှန် မမှန် သိပ်မသိသော်လည်း ထိုကောင်ကလေးဟာ တက္ကသိုလ်ပြီးအောင် မတက်ခဲ့ပဲ external နဲ့ ထွက်ခဲ့သောကြောင့် ဘွဲ့တစ်ခုတောင်မှ မရဟု သူပြောဖူးတာ သတိရသည်။ အလုပ်တစ်ခုခုတော့ လုပ်နေသလို ပြောဖူးသည်။ အဲသလို ကောင်ကလေးမျိုးနှင့် တူမကို သဘောမတူနိုင်တာတော့ အမှန်။ မို့ကိုယ်တိုင်က ပညာတတ် အသိုင်းအဝိုင်းကမို့ တူမကိုလည်း ပညာတတ်ဖြစ်စေချင်သည်။ သူ ပတ်သက်မည့်သူကိုလည်း အနည်းဆုံး ဘွဲ့ရ ပညာတတ်ကလေးတော့ ဖြစ်စေချင်သည်။

သို့ပေမယ့် မီးငယ်ကိုတော့ အဲဒီကောင်က တစ်ခါတုန်းက တီလေးကိုပါ အဖြေ တောင်းဖူးတယ် လို့ ဘယ်လို ပြောရမည်နည်း။ သွယ်ဝိုက်ပြီးတော့သာ online မှာ တွေ့သည့် အချစ်က စိတ်မချရကြောင်း၊ မယုံရကြောင်း၊ ဘယ်သူ့ကိုမှ မယုံဖို့ စသဖြင့် မီးငယ်ကို ပြောရသည်။ မီးငယ် က ဘာပြန်ပြောသလဲ ဆို… online မှာတင် တွေ့တာ မဟုတ်ဘူး၊ ဖုန်းလည်း ဆက်ဖူးပါတယ်၊ လူကိုလည်း မြင်ဖူးပါတယ် တဲ့။ မို့မှာ စိတ်တွေ ပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားသည်။ ဒီခေတ် ကလေးတွေက ဒီအရွယ်မှာ ရည်းစားကိုယ်စီ ရှိနေကြတာ၊ မို့ ကျောင်းက တပည့်တွေလည်း မြင်နေလို့ သိပေမယ့် ကိုယ့်တူမကိုတော့ ကလေးပဲလို့ ထင်နေသေးသည်။ သူကတော့ မို့ဘာပဲ ပြောပြောလည်း ပန်းနဲ့ပေါက်သလို သဘောထားကာ ဘာမှ ဆင်ခြင်မှာ မဟုတ်တာလည်း သိနေသည်။

ကောင်လေးကို message ပို့ကာ မို့ကို အပ်ထားသော ကလေးမလေးမို့ မင်း မပတ်သက်ပါနဲ့တော့ လို့ ပြောလျှင် ကောင်းမလားတောင် စဉ်းစားသေးသည်။ သို့သော် ပြတ်လက်စ အဆက်အဆံကို ပြတ်နေစေချင်သည်။ သူတို့ အချင်းချင်း တော်တော်ကြီး ရင်းနှီးလို့ ပြန်ပြောလျှင် မို့လည်း တစ်ချိန်က ဒီလို ကောင်လေး ငယ်ငယ်နှင့် အီစီကလီ မဖြစ်တဖြစ် စကားပြောဖူးတယ် ဆိုတာမျိုး တူမလေးကိုလည်း ပြန်မသိစေချင်။ ခက်သည်။ နောက်ဆုံး ဘယ်လိုမှ မနေနိုင်တာနှင့် သူ့အမေဆီ ဖုန်းဆက်ပြီး ရန်ကုန် လာကြည့်ပြီး နည်းနည်း ထိန်းဖို့ ပြောလိုက်ရသည်။ သူ့အမေက ဘာမှ မသိ။ ငါ့သမီးက အဲလို စိတ်မျိုး မရှိပါဘူး တဲ့။ အတူနေ အဒေါ်ကြီးကလည်း ပြောသည်၊ ဘယ်မှလည်း လျှောက်သွား မနေပါဘူး၊ ကျောင်းနဲ့ အိမ်ပါပဲ တဲ့။ ဘယ်မှ မသွားပဲ အိမ်ထဲကနေ ရည်စားထားလို့ ရနေသော ခေတ်ကို အစ်မက နားမလည်။ online ပေါ်က တွေ့နေကြတယ် လို့ ပြောပြီးမှ အစ်မကို internet အကြောင်း၊ facebook နဲ့ gtalk အကြောင်း နာရီဝက် လောက် ဖုန်းခ အကုန်ခံပြီး ရှင်းလိုက်ရသေးသည်။ နည်းနည်းလောက် သဘောပေါက် သွားတော့မှ “မဖြစ်ဘူး၊ ငါ့ သမီးကို ဘာမှန်း ညာမှန်း မသိတဲ့ အကောင်တွေနဲ့ အဖြစ်မခံနိုင်ဘူး” ဆိုပြီး ရန်ကုန် လိုက်သွားမည် လုပ်သည်။ ဖုန်းတောင် ပြန်သိမ်းမယ် ဆိုလို့ မို့က “သိပ်လည်း မချုပ်ချယ်ပါနဲ့ ပိုဆိုး သွားပါ့မယ် အစ်မရယ်၊ အခု သူက အားတဲ့ အချိန် သုံးတာ နေမှာပါ၊ စာမေးပွဲ အောင်အောင် ဖြေမယ်လို့ မို့ကို ကတိပေး ထားပါတယ်” လို့ ပြန် နှစ်သိမ့် လိုက်ရသေးသည်။
*****

မို့ ပြန်လာပြီး တစ်ပတ်လောက်တော့ မီးငယ်က ကျောင်းစာတွေ ပုံမှန် လုပ်ပြနေသဖြင့် မို့လည်း ထူးထူးခြားခြား အဖြစ် မရှိလောက် ပါဘူးလေ ဆိုပြီး စိတ်အေးနေလိုက်သည်။ သူ့ကို သိပ်လည်း မဆူရဲပါ။ မို့က သိပ်ဆူပြောပြီး ချုပ်ချယ် လိုက်ရင် မို့ကိုပါ ပွင့်ပွင့်လင်းလင်း မပြောတော့ပဲ လုပ်ချင်ရာ ခိုးလုပ်နေမှာ စိုးရသည်။ “ဘွဲ့တစ်ခု ရပြီးမှ ရည်းစားထားရင်လည်း နောက်မကျသေးပါဘူး၊ အခုတော့ စိတ်မကူးပါနဲ့ဦး” ဆိုတာမျိုး ချော့ချော့မော့မော့ အရိပ်အမြွက်သာ ပြောထားရသည်။

“မီးငယ်မှာ ချစ်သူရှိနေပြီလား” ဆိုတော့ “တီလေးကလည်း အဲလိုလည်း မဟုတ်ပါဘူး” ဆိုပြီး ပြုံးစိစိ လုပ်နေသဖြင့် မို့က သိပ်တော့ မသင်္ကာပါ။ မို့မကြားအောင် ခိုးခိုးပြောနေသည့် ဖုန်းပြောချိန်တွေ တော်တော်လေး များနေပြီ ဖြစ်တာ သတိထားမိသည်။ အပြင်ထွက်ပြီး လမ်းများနေတာလည်း မဟုတ်တော့ ပြောရတာလည်း ခက်လှသည်။ စာကျက်နေပါသည် ဆိုပြီး သူ့အခန်းထဲသူ chat နေတာကို မို့က အချိန်တိုင်းလည်း လိုက်ပြော မနေနိုင်ဘူး မဟုတ်လား။ အဲသလောက်က ပြောနေစရာ မဟုတ်ဘူး လို့ ထင်နိုင်ပေမယ့် အဲဒီ ကလေးမက ပထမနှစ်ကလည်း ဒီလိုတွေ လုပ်လို့ တစ်နှစ်ကျပြီးပြီ မဟုတ်လား။ ဒီနှစ်လည်း အဲသလို ဖြစ်သွားမှာကို အမေနှင့် အဒေါ်က စိုးရိမ် နေကြတာပင်။

သူ့အမေက ကျူရှင်အထိပါ လိုက်ချောင်းတော့လည်း ကျူရှင် မှန်မှန် တက်သည်။ အိမ်မှာလည်း မို့နဲ့အတူ စာလုပ်ပြသည်။ နှစ်ပတ်လောက် နေပြီးတော့ သူ့အမေလည်း ပဲခူးအိမ် စိတ်မချတာနှင့် ပြန်သွားသည်။ မို့လည်း ခါတိုင်းလိုပဲ စိတ်ချလက်ချ လွှတ်ထားသည်။ ညဘက်တွေမှာ သူဘာလုပ်နေလဲ ဆိုပြီး သူ့အခန်းထဲ ဝင်ဝင်ကြည့်တော့လည်း သူက အေးအေးဆေးဆေး စာကြည့်နေသည်ကို တွေ့သဖြင့် စိတ်ပူလောက်စရာ မရှိပါဘူး လို့ ထင်လိုက်သည်။ အမှန်တော့ သူက အဲဒီ online အဆက်အသွယ်ကို မို့ သူ့ကို လာမကြည့်နိုင်သည့် ကျောင်းပြန်လာကာစ ဟင်းချက်နေချိန်တို့၊ TV မှာ ကိုရီးယားကား ကြည့်နေချိန်တို့ မှာ လုပ်နေတာ ဖြစ်သည်။

နောက်ဆုံးတော့ ဒေါက်တာသွင်မို့မို့ထက်က ကိုယ့်စိတ်နဲ့ နှိုင်းပြီး တူမတော်ကို လျှော့တွက်ခဲ့မိခြင်းပင် ဖြစ်တော့သည်။ စနေနေ့တစ်ရက်မှာ မီးငယ်က ထုံးစံအတိုင်း ကျူရှင် သွားတက်သည်။ မို့က တစ်ယောက်တည်း ဈေးဝယ်ထွက်သည်။ ဈေးမပတ်ရတာ သုံးပတ်လောက် ရှိပြီမို့ ဟင်းချက်စရာတင်မက အင်္ကျီလေး၊ ဖိနပ်လေး၊ အိတ်ကလေး ဆိုပြီး လျှောက်ကြည့်၊ လျှောက်ဝယ်နေလိုက်တာ မနက်ကတည်းက တစ်ယောက်တည်း ထွက်ခဲ့ပြီး ညနေမှပင် ပြန်ရောက် တော့သည်။ မို့ အိမ်ပြန်ရောက်တော့ မီးငယ်က ပြန်မရောက်သေးပါ။ ခါတိုင်းဆိုလျှင် ကျူရှင်က မနက်ပိုင်းတင် ပြီးတာမို့ အိမ်ကျမှ နေ့လည်စာ ထမင်းစားတာပင်။ ဘာလို့ မရောက်သေးလဲလို့ တွေးလိုက်သော်လည်း သြော် သူလည်း ကိုယ့်လိုပဲ ဈေးပတ်သလား၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်သလား တစ်ခုခု ဖြစ်မည်ဟု ထင်လိုက်သည်။ သူ့ကို တစ်နေရာရာ သွားလျှင် မို့ကို ပြောပြီးမှ သွားဖို့ ပြောထားတာမို့ ခါတိုင်းတော့ ပြောသွားနေကြ။ မနက်ကတော့ သူလည်း ဘာမှ မပြောခဲ့ပါ။ ဒီနေ့ မို့က အရင်ထွက်ခဲ့ပြီး သူက နောက်မှ ထွက်တာ ဖြစ်သည်။

သီချင်းတွေ အကျယ်ကြီး ဖွင့်ပြီး စိတ်အေးလက်အေး ဟင်းချက်နေသော မို့သည် မီးငယ်ဆီမှ message ကို တစ်နာရီလောက် ကြာပြီးမှ တွေ့ခဲ့ခြင်း ဖြစ်သည်။
“တီလေး၊ မီးငယ် ခိုးရာလိုက်သွားပါပြီ၊ မီးငယ် အိမ်ကိုလည်း မပြောရဲလို့ပါ။ ကိုကို့ အိမ်ကလည်း မိန်းမ ပေးစားတော့မယ် ဆိုလို့ အချိန်ဆွဲလို့ မဖြစ်တော့လို့ပါ၊ မီးငယ် ကိုကို့ကို ချစ်တယ်၊ မခွဲနိုင်လို့ပါ။ တီလေးပဲ မေမေတို့ကို ပြောပေးပါတော့”
မို့သည် ကမ္ဘာကြီးပဲ ရပ်သွားသလို၊ နှလုံးသွေးပဲ ရပ်သွားသလို ခံစားလိုက်ရပြီး ဆိုဖာပေါ် အရုပ်ကြိုးပြတ်တောင် ဖြစ်သွားရသည်။ မီးငယ် ဖုန်းကို ပြန်ဆက်တော့ ထင်သည့်အတိုင်း ပိတ်ထားသည်။ မို့သည် မီးငယ် ရဲ့ ကိုကို ဆိုတာကို ဘယ်သူ ဘယ်ဝါလည်း မသိပါ။ online ပေါ်က ဟိုကောင်လေး ပဲလား လို့ ထင်ပေမယ့်လည်း မသေချာပါ။ တစ်ချိန်က သူ ဆက်ခဲ့ဖူးသည့် ဖုံးနံပါတ်ကိုလည်း မို့က contact list ထဲက အပြီးဖျက်လိုက်ပြီးပြီမို့ ဖုန်း ဆက်ကြည့်ချင်စိတ် ပေါ်လာ သော်လည်း မသိတော့ပါ။

အံသြစရာ ကောင်းလှပါပေရဲ့။ အဲသလိုမျိုး လုပ်စရာလား ဟင်..။ ရည်းစား ထားချင်လည်း ထားပေါ့။ ခိုးပြေးသည့် အထိအောင် ဆိုတာကတော့ မလွန်လွန်းဘူးလား။ မို့ရဲ့ တူမ ဖြစ်ပြီး အဲသလောက်တောင် ဦးနှောက် မရှိသူလား။ ခုတော့ မို့က သူ့အဖေနဲ့ အမေကို ဘယ်လို ပြောရမတုန်း။ မို့ လက်ထဲကနေ ယောက်ျားနောက် လိုက်ပြေးသွားသတဲ့။  ခုမှတော့ မတတ်နိုင်တော့ပါ။ သူ့အမေကို ဖုန်းဆက်ပြီး ပြောလိုက်ရသည်။ အဘိုးအဘွားတွေ သိလျှင်လည်း သွေးတိုးလိမ့်ဦးမည်။ သူ့အမေက သူ့သမီးသာ ဒေါသ ထွက်နေပေမယ့် မို့ကိုတော့ အပြစ်မတင်ရှာပါ။
*****
မို့တို့ တစ်အိမ်လုံး မီးငယ် ခိုးရာလိုက်သည်ကို စိတ်ဆင်းရဲကာ သဘောမကျကြသော်လည်း မိန်းကလေး တစ်ယောက် ခိုးပြေးသွားပြီးမှတော့ လိုက်ရှာ၊ ပြန်သိမ်း၊ အဆက်ဖြတ်ခိုင်း ဆိုတာမျိုးတွေ လုပ်နေဖို့တော့ စိတ်ကူးမရှိလေရာ ယောက်ျားလေးဘက်က ပြန်အပ်မည် ဆိုလျှင်တော့ လက်ခံလိုက်တော့မည် ဟုသာ စိတ်ကူးထားပါသည်။ သို့သော် တကယ်တမ်းမှာတော့ ယောက်ျားလေးဘက်က မိဘများက လာရောက် တောင်းရမ်းခြင်း ပြန်အပ်ခြင်း လုံးဝ မရှိပဲ မီးငယ်က သူပြန်လာပါရစေ လို့ သူ့အမေကို ဖုန်းဆက်ပြီး နှစ်ယောက်သား ပဲခူးအိမ်ကို တက်လာကြသည်။ စုံစမ်းကြည့်တော့ ယောက်ျားလေးဘက်က သူ့ဘာသာသူ ခိုးပြေးတာကို ဘာမှ တာဝန်ယူပြီး လုပ်မပေးနိုင်ဘူး ဟု ဆိုသဖြင့် သမီးရှင်ဖြစ်သော အစ်မတို့ဘက်ကသာ မင်္ဂလာဆွမ်းကျွေးလေး လုပ်ပေးမည်လို့ စီစဉ်ရတော့သည်။ မိန်းကလေး တစ်ယောက်ရဲ့ တစ်သက် တစ်မင်္ဂလာကို ပြီးစလွယ် လုပ်လိုက်ရမှာတော့ ဝမ်းနည်းစရာ ကောင်းလှသည်။

မိန်းကလေး တစ်ယောက်ကို ခိုးပြေးသွားသော်လည်း ကောင်လေးမှာ ဘာမှ စုဆောင်းထားတာ မရှိ၊ စီစဉ်ထားတာမရှိ၊ လက်ရှိ လုပ်နေသော အလုပ်ကနေတောင် မကြာခင်ကမှ ထွက်ခဲ့ရသည် ဟုဆိုသည်။ လူကြီးတွေကသာ သူတို့ ရှေ့ရေးအတွက် စိတ်ပူရ၊ ဒေါသဖြစ်ရ၊ စီစဉ်ရနှင့် အလုပ်ရှုပ်နေရသော်လည်း သူတို့ကတော့ ပျော်ပျော်ပင်။ သူတို့နှစ်ယောက် အရင်က ကိုယ်ပုံကိုယ် တင်လေ့ မရှိသော Facebook မှာပင် နှစ်ယောက်တွဲပုံတင်ကာ နှစ်ယောက်သား tag လုပ်ထားကြသေးသည်။ မီးငယ်ရဲ့ ချစ်သူ ကောင်လေးမှာ တစ်ချိန်က မို့ သူငယ်ချင်း ကောင်ကလေး အမှန်ပါပင်။ ခုတော့ သူတို့ နှစ်ယောက် အပြန်အလှန် စိတ်ရင်းနဲ့ ချစ်သွားကြတာ ဖြစ်မည်ဟု မို့ ယုံကြည်လိုက်ပါသည်။ တကယ်တမ်း ဘဝကို နှစ်ယောက်တွဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ပြီးလျှင်လည်း ရှေ့လျှောက် ကောင်းကောင်း နေသွားကြဖို့ မျှော်လင့် ပါသည်။ အခုလောလောဆယ်တော့ မိန်းကလေး မိဘများကပဲ တင်ကျွေးတာဖို့ ရှိတာပေါ့လေ။

မီးငယ်ကတော့ သူကျောင်းဆက်တက်ပါမည် ဟုဆိုသည်။ လောလောဆယ် သူတို့ကို တိုက်ခန်းတစ်ခန်း ဝယ်မပေးနိုင် သေးလျှင်တော့ မို့က သူတို့နှင့်တော့ အတူတူ မနေလိုတာကြောင့် သူတို့ကို ဒီမှာထားပြီး မို့ပဲ အဆောင်ပြောင်း နေဖို့ စိတ်ကူးထားပါသည်။ သန်ဘက်ခါ မင်္ဂလာဆွမ်းကျွေး ရှိသောကြောင့် မို့ မနက်ဖြန် ပဲခူး ပြန်ရမည်။ စိတ်ထဲမှာ မီးငယ် ကောင်လေးက မို့ကို မှတ်မိနေမှာ နည်းနည်း စိုးရိမ်နေသည်။ မို့ တစ်ချိန်က စိတ်ရူးပေါက်ခဲ့တာကြောင့် အခုတော့ မျက်နှာ ဘယ်နား ထားရမည် မသိဖြစ်နေလေပြီ။ မို့ဘက်က ဘာမှ လွန်မထားပေမယ့် ဘာပဲဖြစ်ဖြစ် သူ မမှတ်မိအောင်တော့ နေရမည်သာ။ မို့သည် မနက်ဖြန် သွားဖို့အတွက် ဘီရိုထဲက အစ်မ ချုပ်ပေးထားသော တစ်ခါမှ မဝတ်ဖူးသည့် ပါတိတ်ဝမ်းဆက် နှစ်စုံနှင့် မင်္ဂလာပွဲအတွက်တော့ တလောကမှ ချုပ်ထားပြီး တစ်ခါမှ မဝတ်ဖြစ်သေးသည့် ခါးတိုရင်ဖုံး အင်္ကျီနှင့် ပိုးချိတ်လုံချည် တစ်စုံ ထုတ်လိုက်သည်။ အမြဲတပ်နေသော frameless မျက်မှန် နက်ပြာကိုင်းခပ်သေးသေးကို ချွတ်ပြီး အပိုအနေနှင့် သိမ်းထားသော ကျွဲကော်ကိုင်း မျက်မှန်ကို ထုတ်လိုက်သည်။ ကျောင်းမှာ တပ်သော ဆံထုံးထုံးသည့် ဘိုးနှစ်ခုလောက်ကိုလည်း အဆင်သင့် ထုတ်ထားလိုက်သည်။ အသွားကတည်းက အဲသည်ပုံစံ ပြင်သွားရမည်။ သူတို့ မင်္ဂလာပွဲ ပြီးသည့် ညနေမှာပင် ပြန်လာဖို့ စိတ်ကူးသည်။

သွင်မို့မို့ထက်ဟာ မီးငယ်လို အချစ်ကို ကိုးကွယ်တတ်သူ မဟုတ်တာ ကိုယ့်ကိုယ်ကို ကျေးဇူးတင်ရတော့မှာပါပဲ။ မို့က သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ပိုချစ်တာကြောင့် ခုထက်ထိ တစ်ကိုယ်တည်း နေနေတာပါ။ သူများလို ပိုက်ဆံ အများကြီး ရှာနိုင်သူ မဟုတ်ပေမယ့် မို့က ကိုယ့်ခြေထောက်ပေါ်ကိုယ်တော့ ရပ်တည်နိုင်ပါသေးသည်။ အဲလို နေရာက အချစ်ကို ကိုးကွယ်မိလို့ အခြေအနေပျက်ခဲ့ရရင် သူများတကာ ဝိုင်းထိုးမယ့် လက်ညှိုးတွေကို လက်မခံချင်သူလည်း ဖြစ်သေးသည်။ အဲသည့်အပြင်လည်း မို့က တစ်စုံတစ်ယောက်ကို မို့ဘဝမှာ မရှိမဖြစ် လိုအပ်လာလိမ့်မည်ဟု ခုထက်ထိကို မထင်မိသေး။ ပန်းတစ်ပွင့် ဖြစ်လို့ သဘာဝအတိုင်း လေယူရာ ယိမ်းမိချင် ယိမ်းမိမှာ ဖြစ်ပေမယ့် တစ်ချို့က ခူးဆွတ်လွယ်သည့် ပန်းများဖြစ်ပြီး တစ်ချိုကတော့ အပင်မှာသာ နေလိုသည့် ပန်းများ ဖြစ်ကြပါသည်။

သိင်္ဂါကျော်

5 comments:

စံပယ်ချို said...

လေယူရာယိမ်းတတ်သေည်လည်းပန်းချင်းမတူပါတဲ့
ခေါင်းစဉ်လေးဖတ်ပြီး အရမ်းကိုစိတ်ဝင်စားမိတယ်ပိုစ့်စဆုံးဖတ်ပြီးတော့ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်....
ဂျက်လဲ မိမိကိုယ်မိမိပဲချစ်တတ်နေသလားလို့ပါ
ဒါပေမယ့် တစုံတယောက်ကိုတော့ဘ၀မှာလိုအပ်နေတယ်
အဲတာကိုလွင်ပြင်ပဲပေါ့...

Anonymous said...

Same to u

မိုးနတ်ကြယ်စင် said...

ုခုသေချာပြန်ပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်တော့ မိုးနတ်လဲ အဲလိုဖြစ်နေတယ်......:)
ချစ်တဲ့....မိုးနတ်

မိုးငွေ့........ said...

ဒီဝတ္ထုတိုလေးကိုအရမ်းကြိုက်တယ် အရေးအသားရိုးစင်းစွာနဲ့တကယ်အပြင်မှာဖြစ်တတ်သော ဇတ်လမ်းလေးကို လှလှပပပုံဖော်ပြထားတာ..။

nyalaynyo said...

တစ်ချို့ကတော့ အပင်မှာသာ
နေလိုသည့် ပန်းများ
ဖြစ်ကြပါသည်...
.
.
.
မှန်၏