ဒီအဖြစ်အပျက်က လွန်ခဲ့သော နှစ်များစွာက နွေရာသီ တစ်ခုမှာ ဖြစ်ခဲ့တာပါ။
တစ်ခါက နေရာအနှံ ခြောက်သွေ့ပြီး ဝမ်းနည်းစရာ ကောင်းနေတဲ့ သဲကန္တာရ ထဲမှာ ငယ်ငယ်ရွယ်ရွယ် ပန်းကလေး တစ်ပွင့် ရှိခဲ့ပါတယ်။ သူ့ဘာသာသူ ကြီးထွားလာခဲ့ပြီး နေ့တိုင်းလည်း ပျော်ပျော်ရွှင်ရွှင် နေခဲ့တယ်။ ပြီးတော့ နေမင်းကို မေးတယ်။ “ကျွန်မ ဘယ်အချိန် ကြီးလာမှာလဲ” တဲ့။ နေမင်း ကလည်း ပြန်ပြောတယ်။ “သည်းခံပါဦး ကလေးရယ်၊ ငါမင်းကို ထိတွေ့တိုင်း မင်း နည်းနည်း နည်းနည်း ကြီးထွားလာတာပဲ” တဲ့။ သူမကလည်း သဘောကျသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမမှာ ဒီသဲကန္တာရကြီးကို လှပစေနိုင်မယ့် အခွင့်အလမ်း တစ်ခု ရှိလိမ့်မယ် ဆိုတာ သိလိုက်ရလို့ပဲ။ အဲဒါ သူမ လုပ်ချင်တဲ့ ကိစ္စပဲ ... ဒီကမ္ဘာကြီးကို နည်းနည်းလေးပဲ ဖြစ်ဖြစ် လှပမှုတွေ ယူဆောင်ပေးချင်တယ်လေ။
တစ်နေ့မှာ မုဆိုးတစ်ယောက် ရောက်လာခဲ့ပြီး သူမကို နင်းမိခဲ့တယ်။ သူမ သေကာနီး ဆဲဆဲ ဖြစ်သွားပြီး ဝမ်းနည်းနေရတယ်။ သူမ သေတော့မှာ မို့လို့ ဝမ်းနည်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမမှာ ဒီ သဲကန္တာရကြီးကို အလှဆင်နိုင်မယ့် အခွင့်အလမ်း မရှိတော့လို့ ဝမ်းနည်းတာပါ။
တန်ခိုးကြီး နတ်ကောင်း တစ်ပါး က သူမကို တွေ့ခဲ့ပြီး သူမ ပြောတာကို နားထောင်မိခဲ့တယ်။ “သူမ အသက်ရှင်သင့်တယ်” လို့ သူက ပြောခဲ့တယ်။ ပြီးတော့ အောက်ကို ငုံပြီး သူမကို ထိတွေ့ကာ သူမရဲ့ ဘဝကို ပြန်ပေးလိုက်တယ်။
အဲဒီနောက် သူမဟာ လှပတဲ့ ပန်းကလေး တစ်ပွင့် အဖြစ် ပွင့်လန်း လာခဲ့ပါတယ်။ သဲကန္တာရကြီးရဲ့ ဒီအစွန်းတစ်ဖက်ဟာလည်း သူမကြောင့် မို့လို့ လှပလာခဲ့ပါတော့တယ်။
(မြန်မာ စကားမှာ သူမ ဆိုတဲ့ စကားလုံး မရှိဘူးလို့ တလောကပဲ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အဲဒီလို သုံးတာကို ပိုနှစ်သက်လို့ သုံးလိုက်ပြန်ပါပြီ :D)
Loki ရဲ့ Flower in the Desert ကိုပြန်ဆိုပါသည်။