04 November, 2010

Two Days in Amritsar


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က Chandigarh နဲ့ ၂၁၇ ကီလိုမီတာ ဝေးတဲ့ Amritsar ကို ကျောင်းက စီစဉ်ပေးတဲ့ ကားနှစ်စီးနဲ့ သွားခဲ့ပါတယ်။ Amritsar အကြောင်း သိချင်ရင်တော့ wiki မှာပဲ ဖတ်ပါတော့နော်..။ စာရေးရမှာ ပျင်းနေလို့ပါ။ အောက်က ပုံကတော့ Macdonald မှာ ရပ်တုန်း ရှေ့မှာ တွေ့တဲ့ အဆောက်အအုံကို ရိုက်ခဲ့တာပါ။

Amritsar ကို ရောက်တော့ ပထမဆုံး Memorial Park တစ်ခုကို ဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမှတ်တရ အနေနဲ့ တည်ထားတဲ့ နေရာလို့ ပြောပါတယ်။


အဲဒီနောက်တော့ Amritsar ရဲ့ ထင်ရှားတဲ့ Golden Temple ကို သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့လည်း ဖြစ်နေတော့ လူတွေကတော့ တော်တော်ကို စည်ကားနေပါတယ်။


အတွင်းထဲကို ဝင်ဖို့ တန်းစီနေတဲ့ လူတွေ အရမ်းများနေလို့ ကိုယ်တို့လည်း မဝင်တော့ပဲ အပြင်ဘက်မှာပဲ ဓါတ်ပုံ ပတ်ရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။


ဒါက လမ်းမှာ ကားပေါ်ကနေ လှမ်းရိုက်ထားတဲ့ ပုံပါ။

အဲဒီနောက်တော့ ပါကစ္စတန် နယ်စပ်မှာ နေ့စဉ် လုပ်နေကျ အလံ အတင် အချ အခမ်းအနားကို သွားခဲ့ပါတယ်။ အဲဒီကို လာတဲ့ လူတွေ အရမ်းများလို့ ရှားရှားပါးပါး ပွဲတော်များလား မှတ်တယ်။ နေ့တိုင်း လုပ်နေကျ ဆိုပဲ။ မနက်တိုင်း အလံတင်ပြီး ညနေ နေဝင်ကာနီးတိုင်း အလံချတဲ့ အခမ်းအနားကို ကြီးကြီးကျယ်ကျယ် လုပ်ကြပါတယ် တဲ့။ ပရိတ်သတ်ထဲက အမျိုးသမီးတွေ နှစ်ယောက်တွဲ နှစ်ယောက်တွဲ အလံတိုင်ကို ကိုင်ပြီး အပြေးပြိုင်ကြပါတယ်။ အဲဒီနောက် မြူးကြွတဲ့ Punjub Music နဲ့ ကချင်တဲ့ လူတွေ အားလုံး အပြင်ထွက်ပြီး ကကြ ပါတယ်။ နောက်တော့ ထူးခြားတဲ့ ရဲဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး နဲ့ အမျိုးသားတွေက သရုပ်ပြကြပါတယ်။ နောက်ဆုံးမှာ အိန္ဒိယ အလံနဲ့ ပါကစ္စတန် အလံကို အလံတိုင်ကနေ ချပြီး အခမ်းအနား ပြီးဆုံးသွားပါတယ်။






အဲဒီညက Volga Hotel မှာ တည်းပါတယ်။


နောက်တစ်နေ့ မနက်ကျတော့ Amritsar ကနေ ၁ နာရီခွဲလောက် သွားရတဲ့ Science City ကို သွားကြပါတယ်။






အဲဒီမှာ Dinosour Park လည်း ရှိပါတယ်။ တကယ့်ကို အသက်ဝင်တဲ့ အရုပ်တွေပါပဲ။












ဘလော့ကို ပစ်ထားတာလည်း ကြာသွားပါပြီ။ ပြန်ကာနီးပြီ ဆိုတော့ ညညဆို သူငယ်ချင်းတွေကလည်း လာလာ စကားပြောကြတာနဲ့ တကယ်ကို စာလည်း မရေးဖြစ်ပါဘူး။ Final Project အတွက်လည်း နည်းနည်း ပါးပါး လုပ်နေရသေးတာမို့ပါ။ နောက် တစ်ပတ်၊ နှစ်ပတ် လောက်တော့ စာရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ လာလည်တဲ့ သူတွေကို ကျေးဇူးပါနော်...။

သိင်္ဂါကျော်

21 October, 2010

ပန်းရောင် မြို့တော်သို့ တစ်ခေါက်


အရင်အပတ် စနေနေ့ညက Chandigah ကနေ Jaipur ကို ညရထားနဲ့သွားခဲ့ပါတယ်။ ချန်ဒီဂါက ည ၉ နာရီမှာ ထွက်တဲ့ ရထားက ဂျိုင်ပါ ကို မနက် ၇ နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ ဘူတာရုံက နားနေခန်းမှာပဲ မျက်နှာသစ်၊ ရေချိုးချင်တဲ့ လူက ရေချိုး၊ မနက်စာ စားပြီး တော့ ဘတ်စ်ကားနဲ့ မြို့ထဲကို သွားပါတယ်။ ပထမ သွားမယ့် နေရာက အောက်က ပုံမှာ ရိုက်ထားတဲ့ Museum ပါ။ ဒါပေမယ့် အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ ပြတိုက် ပိတ်ထားတာနဲ့ မဝင်ခဲ့ရပဲ အပြင်ကပဲ ဓါတ်ပုံရိုက်ပြီး နောက်တစ်နေရာကို သွားပါတယ်။


Jaipur မြို့ကို ၁၇၂၇ မှာ မဟာရာဂျာ Jai Singh က တည်ထောင်ခဲ့ပြီး အခုအခါမှာတော့ Pink City ရယ်လို့ ထင်ရှားပါတယ်။ တစ်မြို့လုံးမှာ ရှေးဟောင်းလက်ရာ အုတ်ရောင် အဆောက်အအုံတွေနဲ့ ပြည့်နှက်နေပါတယ်။


နောက်ထပ် သွားတဲ့ နေရာကတော့ Jantar Manar ပါ။ ၁၇၂၈ မှာ Savaii Singh က စတင် တည်ထောင်ခဲ့ပြီး နက္ခတ္တဗေဒ ကို လေ့လာဖို့ ဖြစ်ပါတယ်။ အချိန်နာရီကစလို့ ကြယ်၊ ဂြိုဟ် အသွားအလာ၊ ရာသီစက်ဝန်း အပြောင်းအလဲ၊ နေကြတ်၊ လကြတ် စတာတွေကို တွက်ချက်ဖို့ ကိရိယာပေါင်း ၁၃ ခု တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။  Guide က ရှင်းပြပေမယ့် နေကလည်း အရမ်းပူနေ၊ ဓါတ်ပုံရိုက်ချင်ဇောကလည်း များနေတော့ ဘယ်ဟာက ဘာဆိုတာ သေချာတော့ နားမလည်ခဲ့ပါဘူး။




ဒီအဝိုင်းကြီးကတော့ နာရီပါ။ အရိပ်ကျနေတဲ့ နေရာလေးက လက်ရှိရောက်နေတဲ့ အချိန်ဖြစ်ပြီး သူတို့ရဲ့ Local time အရ အတိအကျ မှန်ပါတယ်။ ပုံမှန် indian စံတော်ချိန်နဲ့တော့ မိနစ် အနည်းငယ် ကွာပါတယ်။


အောက်ကလို ပုံစံမျိုးနှစ်ခု ရှိပါတယ်။ နေအသွားအလာ တွက်ချက်တာနဲ့ မိဿ၊ ပြိဿ၊ ဓနု စတဲ့ ရာသီခွင် အပြောင်းအလဲကို တွက်ချက်တာပါ။






နောက်ထပ် ဓါတ်ပုံရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကတော့ Jal Mahal ပါ။ ရေလည်က နန်းတော်လို အဆောက်အအုံကို လှမ်းမြင်နေရပါတယ်။ Man Saggar Lake ရဲ့ အလည်က နွေရာသီ နန်းတော်ပါ။



အဲဒီနောက် စားသောက်ဆိုင် တစ်ခုမှ နေ့လည်စာ အတွက် ရပ်ပေးပါတယ်။ ပြီးတော့ တောင်တက်လမ်းကို ဆက်သွားကြပါတယ်။ အောက်က ပုံတွေကတော့ နောက်က ကားအကြီးကို စောင့်ရင်းနဲ့ ဓါတ်ပုံရိုက်ချင်ရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကနေ ရိုက်ထားတာပါ။ ကိုယ်တို့က ကားအသေးနဲ့မို့ အရင်ရောက်နှင့်နေတာပါ။



တောင်ပေါ်ရောက်တော့ ရှည်လျားတဲ့ တံတိုင်းကြီးကို တွေ့ရပါတယ်။ ဘယ်နေရာမှန်းလည်း သေချာတော့ မသိပါဘူး..။ နေကပူ ပင်လည်း ပင်ပန်းနေကြပါပြီ။ အခု ရှာကြည့်တော့ Nahargarh Fort လို့ ထင်ပါတယ်။






နောက်တစ်နေရာကတော့ Amber Fort လို့ထင်ပါတယ်။ သေချာတော့ မသိဘူး။ မန္တလေးတောင် တက်သလိုပဲ အပေါ်ကို ဂျစ်ကားနဲ့ သတ်သတ် ထပ်တက်ရပါတယ်။






အဲဒီကပြန်တော့ အိန္ဒိယ အမှတ်တရ ပစ္စည်း၊ ဒေသထွက် အဝတ်အထည်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ရပ်ပေးပါတယ်။ ဈေးလည်းနည်းနည်းကြီးတော့ ဘယ်သူမှတော့ ဝယ်ဖို့ကို သိပ်စိတ်မဝင်စားကြပါဘူး။ အားလုံးက ပင်ပန်းနေကြပါပြီ။ တစ်ချို့က အဲဒီလို ခရီးထွက်တဲ့ အလေ့အထ သိပ်ရှိပုံ မရပါဘူး။ အမျိုးသားတွေက အစ အတော်ပင်ပန်းတဲ့ ပုံတွေနဲ့...။ ပြောရရင် ကိုယ်ကတော့ အဲလောက်ကြီး မဟုတ်ဘူး.. ဟီး.. ခရီးသွားရရင်ကို ပျော်နေတာ ဆိုတော့ အဲလောက် ပင်ပန်းတာကတော့ အပျော့ပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ သွားနေတာပဲလေ...။


အောက်က ပုံက ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ။ Hawa Mahal ဆိုတဲ့ အဆောက်အအုံပါ။


အောက်ကပုံကတော့ နောက်ဆုံး သွားခဲ့တဲ့ နေရာပါ။ မှောင်စလည်း ပျိုးနေပါပြီ။ အတွင်းအထိတောင် မဝင်ပဲ အပြင်မှာပဲ ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာခဲ့ပါတယ်။



အဲဒီကပြန်တော့ MacDonald မှာ ညနေစာ ဝင်ဝယ်ပြီး ကားပေါ်မှာပဲ စားရပါတယ်။ ဘူတာရုံကို ရောက်တော့ ၇ နာရီ ကျော်ကျော်ရှိပါပြီ။ ရထားက ၈ နာရီ ၁၅ ထွက်ပြီး Chandigarh ကို မနက် ၆ နာရီခွဲလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။

သိင်္ဂါကျော်

20 October, 2010

မှားတဲ့ အိပ်မက်


သူ့ဘက်က ခံစားချက်ကို
ဘယ်လောက်ထိ စစ်သလဲဆိုတာတော့
ကိုယ်လည်း နတ်ဘုရား မဟုတ်လို့
အတိအကျ မသိနိုင်ပေဘူး...
ကိုယ့်ဘက်က ခံစားချက်ကတော့
တကယ်ကို အစစ်အမှန်ပါ
ဒါပေမယ့်
သူ ထင်သလို မဟုတ်တာတော့
ဝမ်းနည်းပါရဲ့...။

ကိုယ်က အိပ်မက် မမက်တတ်သူပါ
စိတ်ကူးယဉ်မှုဆိုတာ
စာမျက်နှာပေါ်မှာ ရှိချင်ရှိမှာပေမယ့်
ဘဝထဲကိုတော့ မထည့်တတ်တဲ့သူပေါ့။

ကိုယ့်နှလုံးသားက စကျင်ကျောက်လိုပဲလို့
ပြောချင်လည်း ပြောနိုင်ပါတယ်...
အဖြူရောင်ကို ထာဝရကိုးကွယ်ဖို့
ဆုံးဖြတ်ထားပြီးသားမို့ပါ။

သူငယ်ချင်းရေ..
မင်းအိပ်မက်က မှားနေတယ် ဆိုတာ
မပြောချင်လည်း ပြောပါရစေ...။

ငါတို့ ခင်မင်ခဲ့၊
ငါတို့ ပျော်ရွှင်ခဲ့တာ..
အစစ်အမှန်ပါပဲ၊
ငါက လူတိုင်းကို ယုံကြည်ပေးချင်သူမို့
မင်းစကားတွေလည်း
စိတ်ရင်းနဲ့ နားထောင်ပေးခဲ့ပါရဲ့။

ဒါပေမယ့်
ငါ့နှလုံးသား အဖြူရောင်က
ဘယ်သူ့ရဲ့ အရောင်ဆိုးမှုကိုမှ
မလိုချင်ခဲ့တာ အမှန်အကန်မို့
သူငယ်ချင်းရေ
မင်းလက်ခံပေးဖို့တော့ လိုလိမ့်မယ်...။


Wrong Dream

His feeling is very real or not?
I don’t know because I’m not the god…
My feeling is very real
But, I’m sorry,
It is not the thing he thought.

I’m not a dreamer…
Even though my imagination is on the pages,
I can’t bring it to my life.

You can tell
My heart is like a marble.
I’ve already decided to worship the white color all my life.

Hey friend,
Let me tell you
Your dream is wrong.

We are friendly,
We are happy,
It's the truth…
I want to believe everybody
So, I listened to your words.

However,
My white heart doesn’t want to change its color…
It is the truth friend,
So, you have to accept it.

သိင်္ဂါကျော်

(English version ကတော့ မှားနေလည်း ပြင်ပေးပေါ့နော်..။ ခရီးသွားတုန်းက ရိုက်ထားတဲ့ ပုံတွေ တင်ချင်ပေမယ့် ဒီနေ့ connection မကောင်းလို့ ကဗျာတစ်ပုဒ်ပဲ ရေးပြီး တင်လိုက်တာပါ..။ ပျင်းနေလို့ စာမရေးဖြစ်တာလည်း ကြာပါပြီ။)