နှင်းဖြူဖြူတွေ ခဏလောက် ကျဲချပြီး
တစ်ပတ်လုံးလုံး အေးခဲစေခဲ့
အိမ်ခြေရာမဲ့တွေ မမျှော်တဲ့ ရာသီ
နွေးထွေးမှုဆိုတာလည်း
အသည်းနှလုံးမှာပဲ ရှိနိုင်တော့တယ်။
နွေကို မမျှော်တဲ့ နေရာတွေမှာ
တစ်စက်မကျန်အောင် ခမ်းခြောက်ပစ်တတ်တဲ့
ဒေါသတွေ သင့်တဲ့ ရာသီလည်း
ဘယ်သူမှ မမျှော်ပဲ ရောက်ရောက်လာ။
အတ္တ အဝှက်ကောင်းတဲ့ သူရဲကောင်းတွေ
တစ်ယောက်ပြီးတစ်ယောက် ပွဲထုတ်နေရင်းလည်း
ဟိုဟိုသည်သည်က သေနတ်သံတွေ
မကြားရတဲ့ ရာသီကို မရှိခဲ့ဘူး။
ကမ္ဘာကြီး ကို ကျည်ကာအင်္ကျီ ဝတ်ပေးထားတယ်လို့
အသံကောင်းတွေ ဟစ်ဟစ်ပြီး
ဒီထက်မက ပေါက်ကွဲစေတာတွေနဲ့ အနာတရ ဖြစ်စေခဲ့
ကမ္ဘာကြီး ကိုယ်တိုင် ခိုကိုးရာမဲ့နေတဲ့ ရာသီတွေ။
လူဟာ လူပါပဲ
ဒီထက်ဘာမှ ပိုပြီး မမျှော်လင့်ပါနဲ့၊
လူဟာ လူလိုကျင့်တတ်တာကိုမှ
စကြဝဠာသားတို့က အမြင်ကတ်တယ်လို့
ကြယ်မိုးတွေနဲ့အတူ ဂြိုဟ်သားဗီဇတွေ ကျဲချချင်ရင်လည်း
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။
သူ့ကိုယ်တိုင်ရဲ့ အဆုံးသတ်ကို
သူကိုယ်တိုင် မသိပဲ
ရုပ်ရှင်တွေထဲပဲ ပြန်ပြန် ကြည့်နေရတာလည်း
ငြီးငွေ့လာပြီ တဲ့လေ..။
ဂြိုဟ်ချင်းပဲ ဝင်တိုက်တိုက်...
နေမင်းပဲ Copy ပွားပွား..
Solar Storm တွေပဲ ဖုံးလွှမ်းချင် ဖုံးလွှမ်း...
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။
သူကိုယ်တိုင် မဖန်တီးတဲ့ ရာသီတွေ အတွက်
ကမ္ဘာကြီးကို နှလုံးသားမဲ့သူလို့ မမြင်ပါနဲ့..
ဒါပေမယ့်လည်း
သူမတတ်နိုင်တဲ့ အရာတွေအတွက်
ကမ္ဘာကြီးကတော့ မျက်နှာလွှဲနေတော့မှာပဲ။
သိင်္ဂါကျော်