14 September, 2015

မနှစ်မြို့သော


သူမသည်
အပေါ်ယံသက်သက် ပြုံးပြသော ဟန်ဆောင်အပြုံးများကို မနှစ်မြို့ ။
စိတ်ထဲက မပါသော ချီးကျူးစကားများကို မနှစ်မြို့ ။
အတွင်းစိတ်နှင့် မကိုက်ညီသော ဟန်ဆောင် အပြုအမူများကို မနှစ်မြို့ ။

သူမသည်
ကိုယ်စိတ်နှင့် မတိုက်ဆိုင်တိုင်း သူတစ်ပါးကို အလွယ်တကူ အပြစ်တင်တတ်သူများကို မနှစ်မြို့ ။
ကိုယ်အကြိုက်နှင့် မတူတိုင်း သူတစ်ပါးကို မကောင်းထင်တတ်သူများကို မနှစ်မြို့ ။

သူမသည်
အခွင့်အရေးအတွက် ကပ်ဖားရပ်ဖား လုပ်တတ်သူများကို မနှစ်မြို့ ။
ရလိုမှုအတွက် အပေးအကမ်း ရက်ရောတတ်သူများကို မနှစ်မြို့ ။

သူမသည်
အရည်အချင်းထက် နီးစပ်ရာ ကြည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။
မျှတစွာ စိစစ်မှုထက် လက်သိပ်ထိုး ထည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။
မှန်ကန်သော ဆုံးဖြတ်မှုထက် အားနာပါးနာ မျက်နှာကြည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။

သူမသည်
အလုပ်တာဝန် အတွက် ငြီးငြူတတ်သူများကို မနှစ်မြို့ ။
တန်းတူညီမျှမှု မရှိသော တာဝန် ခွဲဝေမှုများကို မနှစ်မြို့ ။
ကိုယ့်အောင်မြင်မှုအတွက် သူတစ်ပါးကို နင်းချတတ်သော သူများကို မနှစ်မြို့ ။

သူမသည်
ဂုဏ် ငွေ အလဲအထပ်နှင့် အချစ်မပါသော အိမ်ထောင်ရေးများကို မနှစ်မြို့ ။
အက်ကွဲနေသည့် သစ္စာတရားကို ဓလေ့ထုံးတမ်းနှင့် ပိတ်ဆို့ထားရသည့် အိမ်ထောင်ရေးများကို မနှစ်မြို့ ။

သူမသည်
အချစ်တစ်ခုအတွက် ဘဝပျက်ခံတတ်သည်များကို မနှစ်မြို့ ။
အချစ်ခြင်းမညီ သစ္စာမတည်သည့် နှစ်ဦးနှစ်ဖက် မမျှတသော အချစ်ရေးများကို မနှစ်မြို့ ။
ဖြစ်သင့်သည် တစ်ခု၊ ဂုဏ်သိက္ခာတစ်ခု အတွက် စိတ်ချမ်းသာ ပျော်ရွှင်မှုကို နင်းချေရခြင်းများကို မနှစ်မြို့ ။

သူမသည်
.......
....... ။

သိင်္ဂါကျော်
14.9.2015

16 June, 2015

မဆုံဖြစ်တော့တဲ့အခါ


အမှတ်တမဲ့ ချစ်ခြင်းတစ်ခုကနေ
မင်းဘက်က ရှေ့တိုးမလာနိုင်တဲ့အခါ
ငါ့ဘက်ကလည်း ရှေ့တိုးမလာနိုင်ခဲ့။
အတုအယောင် ကမ္ဘာထဲမှာပဲ
စိတ်ကူးယဉ် ကျေနပ် နေတတ်အောင် ကြိုးစားခဲ့ရ။

မဖြစ်နိုင်ခြင်းကို သိသိနဲ့
ရေစီးကြောင်းလို သံယောဇဉ်က
ဖြတ်လို့ မပြတ်နိုင်ကြတဲ့အခါ
နောက်ဆုတ်ဖို့ ကြိုးစားရင်း နေမြဲတိုင်း ရပ်တန့် ဆဲမှာ
အချိန်တွေသာကြာပြီး
စိတ်ဖိစီးမှုတွေလည်း များလာခဲ့ရ။

အိပ်မက်ဆိုတာ တစ်ချိန်မှာ နိုးထရမှာ
သေချာခြင်း တစ်ခု ဆိုရင်
မင်းနဲ့ ငါရဲ့ ချစ်ခြင်းအိပ်မက် ကနေ
တစ်ချိန်ချိန်မှာ နိုးထလိုက်ရမှာ သိသိနဲ့
အဆုံးသတ်တစ်ခု ရှိမှာကို မတွေးချင်ခဲ့ကြ။

မင်းဘက်က ပဟေဠိဆန်တာတွေ
မသိယောင်ဆောင်ရင်း အိပ်မက် ဆက်မက်နေသူပါ
စတင်နိုးထသူဟာ ငါမဖြစ်လိုဘူး။
မင်းဘက်က အိပ်မက် ဆက်မမက်တော့ဖို့
ဆုံးဖြတ်နိုင်ခဲ့ရင်..
ငါလည်း
သံယောဇဉ်ကြိုးတွေ ဖြေလျှော့နိုင်လိမ့်မယ် ထင်ရဲ့။

ဒါပေမယ့်လေ
မင်း ဖုန်းပိတ်ထားတဲ့အခါ
ထင်နေကြအတိုင်း ငါ့ကို ထားခဲ့ပြီ ထင်ဆဲပဲ။
မင်းဘက်က ဇာတ်လမ်းဖြတ်လိုက်တဲ့အခါ
စိတ်သက်သာရာရတယ်လို့ ငါ့ကိုယ်ငါ ပြောတယ်။
ဒါပေမယ့်လေ
နောက်ဆုံးအနေနဲ့ ဆိုပြီး
ပိတ်ထားတဲ့ ဖုန်းကို ခေါ်ကြည့်မိဆဲ။
မင်း ဖုန်းပြန်ဆက်တဲ့အခါ
စိတ်ကောက်ဖို့ မေ့ပြီး ပြန်ပြေလည်မိလိမ့်မယ်။

တို့နှစ်ယောက် မဆုံဖြစ်တော့တဲ့အခါ
မင်း ချစ်ခြင်းကို အမြဲ အမှတ်ရနေလိမ့်မယ်။
မင်း အဆင်ပြေဖို့ကို မျှော်လင့်ရင်း
ငါလည်း အဆင်ပြေပါလိမ့်မယ်။
အဖြူထည် ချစ်ခြင်းတစ်ခုနဲ့
ငါ ကျေနပ်နိုင်တဲ့အခါ
ဘာမှလည်း မလိုအပ်တော့ပါ။

သိင်္ဂါကျော်
16.6.2015
9:25 PM

20 April, 2015

ချစ်ခြင်းဟာ ထူးဆန်းတယ်


ချစ်ခြင်းဟာ ထူးဆန်းတယ်
မရည်ရွယ်ပါပဲလည်း စတင်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မမြင်မတွေ့ မရင်းနှီးဖူးပေမယ့်လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မချစ်သင့်မှန်း သိရက်နဲ့လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မသင့်တော်မှန်း သိရက်နဲ့လည်း ဖြတ်ဖို့ ခက်တတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်ခြင်းဟာ အရာအားလုံး မဟုတ်ဘူး
ကိုယ့်စိတ်ကိုယ် အသိဉာဏ် ဆေးသွင်းလည်း
မိုက်မဲမြဲ မိုက်မဲ နေတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်သူအတွက် ရည်ရွယ်တဲ့အခါ
တစ်သက်တာ မလုပ်ဖူးတဲ့ အလုပ်တွေလည်း လုပ်လာနိုင်တယ်။
တစ်သက်တာ မကြိုးစားဖူးသမျှလည်း ကြိုးစားဖြစ်သွားတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
သူ မရှိလို့ မဖြစ်တော့ဘူးလို့ ယုံကြည်လာတဲ့အခါ
အရာအားလုံး ရင်ဆိုင်ရဲလာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
နှစ်ယောက်တစ်ဘဝအတွက် ပန်းတိုင်ထားလိုက်တဲ့အခါ
ဆုံးဖြတ်ချက် အဟောင်းတွေ စွန့်ပစ်လိုက်နိုင်တယ်။
ဆုံးဖြတ်ချက် အသစ်တွေ အကောင်အထည် ဖော်တတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
တစ်သက်တာအတွက် ရည်ရွယ်ပြီ ဆိုတဲ့အခါ
မတူညီတာတွေ ညှိယူတတ်လာတယ်။
ကိုယ့် အတ္တတွေ လျှော့ချတတ်လာတယ်။
အနာဂါတ်ဘဝ လှဖို့ နှစ်ဦးအတူ ကြိုးစားတတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ကောင်းချီးပေးသူ မရှိပေမယ့်လည်း
နှစ်ယောက်တစ်ဘဝဟာ
အရာရာ အဆင်ပြေနေတတ်ပြန်တယ်။

သိင်္ဂါကျော်