ညက
ခရမ်းပြာ မှော်ဝတ်ရုံ ၀တ်လို့
ကြယ်ရောင်လက်တဲ့ ဖိနပ်ကို စီးလို့
လခြမ်း နဲ့ ၀ိုင်အနီသောက်လို့
မိုးတွေသည်းလိမ့်မယ်လို့တော့
ဘယ်သူကမှ မထင်ခဲ့တာ အမှန်ပါ။
ပင်လယ်က
အပြာရောင် အိပ်ရာခင်း အကျအနခင်းပြီး
အိပ်ရာဝင်မလို ပြင်နေတဲ့နောက်
ကမ်းခြေကို ကျူးကျော်မယ်လို့
ဘယ်သူက ထင်မလဲ။
အိပ်မှုံစုံမွှား နတ်သမီးက
ကျွန်တော့်ဘ၀ကို ဆေးခြယ်မှာ ကြောက်တယ်။
အမူးလွန်နေတဲ့ မြားနတ်မောင်က
ကျွန်တော့် အချစ်ကို ဖန်ဆင်းမှာ ကြောက်တယ်။
လေလွင့်ဝိညာဉ်တွေက
ကျွန်တော့် စိတ်ကူးကို ယူဆောင်သွားမှာ ကြောက်တယ်။
ဘ၀ဆိုတာ
မမှည့်သေးပဲ ပုတ်သွားတဲ့ သစ်သီးတစ်လုံးလား...
နေကြာပန်းတွေ
ဘယ်တော့မှ မရနိုင်တဲ့ နေမင်းကိုမျှော်လင့်သလိုလား...
အမြဲစိမ်းသစ်ပင်တွေလိုတော့
ဘယ်တော့မှ မဖြစ်နိုင်တာ သေချာတယ်။
ခရမ်းရောင်မြင်းခွာပန်းတွေကို မုန်းတယ်
ရေတမာတန်းတွေ စိမ်းနေတာကို မုန်းတယ်
ဝင်ကစွက်တွေ ပျော်နေတာကို မုန်းတယ်
အိပ်မက်တွေ မက်တတ်တာကို မုန်းတယ်။
အဲဒီညက
ကျွန်တော်ဟာ ကျွန်တော် မဟုတ်တော့တာကို
ပထမဆုံး သိခဲ့တယ်။
(သိင်္ဂါကျော်)