18 November, 2011

နေရောင်မလင်းတဲ့ နေ့တွေ


နေရောင်ကို မျှော်ရင်း
နှင်းရည်သောက်လို့ ပွင့်တဲ့ပန်းတွေ
ချိုမြစွာ လန်းပလို့။

တနေကုန် မြူမှုံသိုင်းလို့
နေမင်း ပုန်းရှောင်တဲ့နေ့တွေမှာ
အပူပိုင်းက ဆူးချုံကလေးရော
ပြုံးမြစွာ ရှင်သန်နိုင်ပါ့မလား။

နှင်းရည် တပေါက်ပေါက်အောက်
ကုတ်အင်္ကျီမရှိတဲ့ ငှက်တွေတောင်
ကျိုးကျိုးကျီကျီ အစာရှာထွက်လို့။

နေ့တဓူက ဒါပါပဲ
အစိမ်းရင့်ရင့် လမ်းထဲ
သွားသာသွားနေရတယ်
ရောက်မှရောက်ပါ့မလားလည်း
မသေမချာနဲ့။

ဘယ်တော့မှ မညီးတွားတတ်တဲ့
ယုန်ကလေးလည်း
ချမ်းချမ်းစီးစီး မကွေးနိုင်ရှာပဲ
လမ်းသစ် ရှာနေရလေရဲ့။

ခက်ခဲခြင်းတွေက လွယ်ကူခြင်းရဲ့အစပေါ့
ဘယ်အရာမှတော့ အလကား မရနိုင်လေဘူး
မြူတွေ ဘယ်လောက်ပဲပိတ်ပိတ်
နေမင်းကတော့
အခွင့်အခါသင့်တိုင်း
သူ့ရောင်စဉ်တွေ လင်းပဖို့
အဆင်သင့်ရှိသလိုပ။

(သိင်္ဂါကျော်) 


လောလောဆယ် နယ်သာလန်က Groningen မြို့လေးကို ရောက်နေပါတယ်။ ၁၀ လ ကြာမှာပါ။ အိမ်က internet က ဘာဖြစ်မှန်းမသိ ကိုယ့် laptop ပဲ ခုချိန်ထိ မရပဲ ဖြစ်နေလို့ပါ။ ကျောင်းက internet ကလည်း ဒီနေ့မှပဲ ကိုယ့် laptop နဲ့ ကိုယ် အဆင်ပြေသွားပါတယ်။ အရင်နေ့တွေကတော့ ကျောင်းက စက်မှာ မြန်မာစာလည်း တင်လို့မရ ဖြစ်နေလို့ပါ။ စတဲ့ နေ့ကတည်းက လုပ်စရာတွေ တန်းစီနေလို့ ခရီးသွားမှတ်တမ်း လေးတောင် ရိုက်ဖို့ အချိန်မပေးနိုင်လို့၊ ရာသီဥတုကလည်း နေသိပ် မသာတာနဲ့၊ ဓါတ်ပုံလည်း တစ်ပုံမှ မရိုက်ဖြစ်သေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဘလော့ကို ပစ်မထားချင်တာနဲ့ ကဗျာလေး တစ်ပုဒ်နဲ့ လာနှုတ်ဆက်ပါတယ်။

19 October, 2011

ဇုံအပြင်ဘက်သို့ လှမ်းကြည့်ခြင်း


နေရောင်ကိုက နွေးထွေးနေခဲ့တာ
ချစ်သောသူများ ရှိရာမို့ပါ၊
အမြဲ လက်ဖြန့်တောင်းလို့ရတဲ့
အမေရင်ခွင်လည်း လက်လှမ်းမီတယ်၊
အေးအတူ ပူအမျှ မျှဝေနေကျ
သူငယ်ချင်းတွေလည်း အနီးအနားရှိတယ်၊
ကိုယ့်ကိုယ်ကို လုံခြုံနေတယ် ထင်ရတဲ့ စိတ်နဲ့
နေသာသလို နေနေတဲ့ ဇုံထဲက
အပြင်ထွက်ဖို့ မစဉ်းစားချင်ခဲ့သူပေါ့။

တစ်လှမ်း ထွက်လိုက်တာနဲ့
မသိနားမလည်မှုတွေက
ကိုယ့်ကိုယ်ကို သိမ်ငယ်စေမယ်၊
ပုံမှန် နေထိုင်နေသူတွေ အပေါ်လည်း
ကိုယ့်ကို စိမ်းကားနေတယ် ခံစားချက်မျိုးနဲ့
တွေးရင်း တွေးရင်း
ဇုံအပြင်ကို လှမ်းထွက်ဖို့ ဝန်လေးနေသူပေါ့။

နေထိုင် ရှင်သန်မှု အစ အဆုံး
အားလုံးပဲ ကိုယ့်အားကိုယ်ကိုး ရလိမ့်မယ်
အပြင်မှာ မိုးတွေ ရွာနေသလို
အေးစက် စိုစွတ်တဲ့ ခံစားမှုတွေ ထွေးပိုက်ရင်း
အိမ်ပြန်မယ့် နေ့ကို စောင့်စား နေရလိမ့်မယ်။

အဲဒီ ဇုံအပြင်မှာ
ဖော်ရွေစွာ ကြိုဆိုကြရင်တောင်
အားလုံးက သူစိမ်းတွေပဲ ဖြစ်ရဲ့။
ကိုယ့်မိခင်ဘာသာစကားနဲ့တောင်
စကားစမြည် ပြောဖော် မရှိမယ့် နေရာတဲ့၊
အထီးကျန်မှုကို မကြောက်ရွံဘူး ပြောဖူးတဲ့သူတောင်
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မတဲ့လဲ။

ဘယ်တော့မှ မသုံးဖူးတဲ့
သတ္တိတွေ ထုတ်သုံးလိုက်ပါ၊
ကိုယ့်လုပ်ဆောင်နိုင်စွမ်း ကိုယ်
ယုံကြည်နေရင်းနဲ့ပဲ
နေသာသလို မနေရတော့မှာ စိုးရိမ်စိတ်နဲ့
ရုံးကန်လှုပ်ရှားဖို့ အားအင်မပြည့်မှာ စိုးရိမ်စိတ်နဲ့
အဲဒီ ဇုံအပြင်ဘက်ကို
လှမ်းကြည့်ရင်း တွေဝေနေသူပေါ့။

သိင်္ဂါကျော်


(နောက်လမှာ သင်တန်းတစ်ခု တက်ဖို့ရှိလို့ အိမ်ကိုလည်း တစ်ပတ်ပြန်မယ်၊ လုပ်စရာလေးတွေလည်း ရှိနေလို့ ဘလော့ကို ပစ်ထားပါဦးမယ်နော်။ ရေးလက်စ ဝတ္တုလေး ပြီးရင်တော့ သင်တန်းမသွားခင် တင်လိုက်ပါဦးမယ်။ မဟုတ်ရင်တော့ နေရာသစ်မှာ stable ဖြစ်မှပဲ ဘလော့ပေါ် ပြန်လာဖြစ်မယ် ထင်ပါတယ်။)

28 September, 2011

ကောင်မလေး အတွက် ၎


ကောင်မလေးရေ
မင်းဟာ
ငါ့ စိတ်ကူးယဉ်တွေထဲက မိန်းကလေးလို
အပြစ်ကင်းတဲ့ အလှမျိုး မပိုင်ဆိုင်ဘူး၊
ပြီးပြည့်စုံတဲ့ အရည်အချင်းမျိုး မပိုင်ဆိုင်ဘူး၊
ငါ သဘောကျတဲ့ အရာတွေ အားလုံးလည်း
မင်းမှာ မရှိဘူး။
ငါ သဘောကျတဲ့ ပုံစံမျိုးလည်း
မင်း မဟုတ်ခဲ့ဘူး။

ဒါပေမယ့်လည်း
ကောင်မလေးရေ
ငါ့ ရင်ခုန်သံတွေတောင်
နရီ စည်းချက်ပျက်သွားအောင်
မင်း ပြုစားနိုင်ပါပေတယ်၊

ကောင်မလေးရေ
ထူးထူးခြားခြား ပေါ်လွင်တာ
မင်းမှာ ဘာတစ်ခုမှ မရှိပေမယ့်
အဲဒီ ရိုးသားမှုကိုပဲ
ငါက စိတ်ဝင်စားမိရဲ့။

သဘောကျမှုတွေကို
ငါ့ကိုယ်ငါ မသေချာတော့လို့
ရုန်းထွက်ခဲ့တာတွေ များများနေ၊
ကိုယ့်အချစ်ကို ကိုယ်တိုင်ပဲ
မယုံမကြည် ဖြစ်ဖြစ်နေတတ်တဲ့ သူမို့
ထင်ယောင်ထင်မှားတွေပဲလို့
စာရင်းထဲ မထည့်ချင်လည်း မရလောက်အောင်
ကောင်မလေးရေ
မင်းက ငါ့ အတွင်းစိတ်ထိ
နှောက်ယှက်လာနိုင်သူပါ။

ကောင်မလေးရေ
မင်းအသည်းနှလုံးကို
ပိုင်ရှင် ရှိနေမှာ စိုးတယ်၊
ဒါမှမဟုတ်
ဘယ်သူ့မှ မပေးဘူး ဆုံးဖြတ်ပြီး
သိမ်းဆည်း ထားမှာလည်း စိုးတယ်။

ကောင်မလေးရေ
မင်းက
အမြဲတမ်း လန်းနေမယ့်
ပန်းတစ်ပွင့်ဆိုလည်း
ငါ့ ဥယျာဉ်ထဲမှာပဲ
ပွင့်လန်းခွင့် ပေးစေချင်ရဲ့။

မင်း သိစေချင်ပါတယ်
မင်း အပြုံးပွင့်တွေ မြင်ရင်
ငါဘယ်လောက်ထိ ရင်ခုန်မိသလဲ ဆိုတာ...
မင်း ငါ့ကို ဂရုမစိုက်ပဲ
တစ်ခြားသူတွေကို ဂရုစိုက် ပြုံးရယ်ပြတဲ့အခါ
ငါ့ဘဝ တစ်ခုလုံး သွေ့ခြောက်သွားသလို
ခံစားလိုက်မိတယ် ဆိုတာ...
ကောင်မလေးရေ
ယုံချင်လည်း ယုံ
မယုံလည်း နေနိုင်ပါတယ်၊
ငါ့ အသည်းနှလုံးထဲမှာ
မင်းအကြောင်း အတွေးတွေပဲ
ပြည့်နှက်နေပြီ ဆိုတာ....။

သိင်္ဂါကျော်


ကောင်မလေး အတွက်
ကောင်မလေး အတွက် ၂
ကောင်မလေး အတွက် ၃