21 May, 2014

ကြာရှည် အောင်မြင်သော နှစ်ဦးဆက်ဆံရေး (သို့) လက်ထပ်ခြင်း ဖြစ်ရန်အတွက် လျှို့ ဝှက်ချက်


နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ မမှန်ကန်တဲ့ အယူအဆဟောင်းတွေကို ဖယ်ရှားပြီးတဲ့ အခါ ဆက်ဆံရေးဟာ လွယ်ကူလာမှာပါ။ အဲဒါဟာ ရိုးရိုးစင်းစင်းလေးပါ လို့ ပြောလို့တော့ မမှန်နိုင်ပါဘူး။ မြက်တွေဟာ တစ်ခြားလူတွေရဲ့ နေထိုင်မှုထဲမှာတော့ အမြဲတမ်း စိမ်းလန်း နေပုံပါပဲ။ ဘာကြောင့်လဲ ဆိုရင် လူအနည်းစုကသာ သူတို့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော် မျှဝေလို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးသော ဆက်ဆံရေးတွေ (လက်ထပ်ခြင်း) တွေမှာ အမြဲတစေ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေ လိုအပ်ပါတယ်။ သင့်အနေနဲ့ ဆက်ဆံရေးတစ်ခု ရေရှည် တည်တံ့ဖို့ အတွက် ဂရုစိုက်အလေးထားမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုတာကို နားလည် လက်ခံနိုင်တယ် ဆိုရင် သင်ဟာ မှန်ကန်တဲ့ လမ်းပေါ် စတင်လျှောက်နေတာပါ။ 

၁။ ညှိနှိုင်းပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေဟာ အယူချည်းပဲ မဟုတ်ပါဘူး။ ပေးဆပ်ရတာလည်း ရှိပါတယ်။ သင့်ကိုယ်သင် အများကြီး မပေးဆပ်နိုင်ဘူး ဆိုရင်၊ ဒါမှမဟုတ် သင့်ဘက်က ဘယ်လောက်များများ ပေးခဲ့ပြီး ပြန်ရတာကတော့ ဘယ်လောက် နည်းတယ် ဆိုပြီး မမျှတမှုကို ခံစားနေရရင် သင့်မှာ တစ်ဖက်ဖက်က ရတာထက် ပိုပေးဆပ်နေရတဲ့ မမျှတတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာ ဖြစ်နိုင်ပါတယ်။

 ဥပမာ စုံတွဲတွေဟာ အချစ် ဆိုတာကို ဘယ်အရာပဲ လာလာ ကောင်းအောင်လုပ်နိုင်တဲ့ အရာတစ်ခုအနေနဲ့ မှားယွင်း ယုံကြည်နေကြပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို အမှန်တကယ် ချစ်မြတ်နိုးရင် သူတို့က သင်တောင်းဆိုသမျှ အရာတိုင်းကို လုပ်ပေးလိမ့်မယ် လို့ ထင်နေကြပါတယ်။ ဒါပေမယ့် လူတွေမှာ သူတို့ ကိုယ်ပိုင် လိုအပ်ချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေ နဲ့ လွတ်လပ်စွာ ရှိနေကြပါတယ်။ ကျွန်မတို့ ရဲ့ ဘဝကို အတူကုန်ဆုံးချင်တဲ့ တစ်စုံတစ်ယောက် တွေ့ခဲ့တယ် ဆိုတာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝကို ပေးဆပ်လိုက်ရမယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ 

၂။ ဆက်သွယ်ပါ 

နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတွေ ဆက်လက် ရှင်သန်နေတယ်၊ ပြတ်တောက်သွားတယ် ဆိုတာ ဓားတစ်လက်နဲ့ လုပ်လို့ရတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြန်အလှန် ပြောဆို စကားများမှု တွေကနေပဲ ဖြစ်နိုင်တာပါ။ လူနှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် သူတို့ရဲ့ လိုအပ်ချက်တွေ၊ ခံစားချက်တွေ နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောဆို ဆွေးနွေးမှုသာ မရှိဘူး ဆိုရင် သူတို့ရဲ့ ဆက်ဆံရေး ဟာလည်း အရှည် တည်တံ့ဖို့ မဖြစ်နိုင်ပါဘူး။ စုံတွဲတွေဟာ ပုံမှန်အားဖြင့် ပွင့်လင်းတဲ့ တိုက်ရိုက် ကျတဲ့ ပြောဆို ဆက်ဆံရေး တစ်ခုတော့ ရှိကို ရှိရပါမယ်။ 

အဲဒါဟာ သူ့အပြုအမူနဲ့ ပတ်သက်ပြီး သင့်ရဲ့ အသေးအဖွဲ မကျေနပ်မှုတွေအတွက် သူ့ကို ဘယ်လောက် စိတ်ကုန်တဲ့ အကြောင်း စကားများခိုင်းတာ မဟုတ်ပါဘူး။ သင် လိုအပ်တယ်၊ သူ့ကို ပြောဖို့ လိုတယ် ဆိုတဲ့ ကိစ္စမျိုးကို သူ့ကို ပြောတဲ့အခါ လေးစားတဲ့ အမူအယာ မပျက်ပဲ သင့်ပြောဆိုမှုအပေါ် သင်ကိုယ်တိုင် ယုံကြည်မှု အပြည့်နဲ့ ပြောဆိုဖို့ပါပဲ။ 

 ၃။ သင့်ရဲ့ စစ်ပွဲကို သေချာ ဂရုစိုက်ပြီး ရွေးပါ 

လက်ထပ်ပြီးတဲ့ အခါ လူနှစ်ယောက် အတူနေကြတဲ့ အချိန်..၊ ဘယ်လို လူတွေပဲ ဖြစ်ဖြစ် အတူတူ ရှာဖွေတွေ့ ရှိကြတဲ့ အချက်ကတော့ မတူညီတဲ့ လူနှစ်ယောက် အတူတူ နေထိုင်ကြတာဟာ (အရင်က တစ်စုံတစ်ယောက်က သူတို့ကို ပြောခဲ့ဖူးတာတွေထက် ပိုပြီး) ခက်ခဲတယ်ဆိုတာပါ။ အချစ်က ကိစ္စတော်တော်များများကို ကျော်လွှားနိုင်တယ် ဆိုပေမယ့် နေ့စဉ် နေ့တိုင်း တစ်ခြားလူတစ်ယောက်နဲ့ အတူ နေထိုင်မှုဘဝမှာ ကိုက်ညီမှုတွေကို ရှာဖို့ ခက်ခဲမှာ အမှန်ပါ။ အထူးသဖြင့် သင်ကလည်း သင့်တစ်ယောက်တည်း ဘဝကို အချိန်တော်တော်ကြာကြာ ဖြတ်သန်းခဲ့ပြီးလို့ပါ။ 

သင့်ရဲ့ ပေါက်ကွဲချင်နေတဲ့ စိတ်တွေကို ဘာ အငြင်းပွားတဲ့ကိစ္စ နဲ့ ဖြစ်ရမလဲ ဆိုတာကို ပြင်ဆင်ရပါမယ်။ ဥပမာ သင်တကယ်ပဲ အသေးအဖွဲ သွားတိုက်ဆေး အဖုံးကိစ္စ၊ ရေချိုးတဲ့ကိစ္စ စတာတွေနဲ့ အငြင်းပွားချင်တာလား။ သင့်ရဲ့ အားအင်တွေကို ငွေကြေးကိစ္စ၊ ကလေး ကိစ္စ၊ အလုပ်အကိုင်ကိစ္စ စတဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေမှာ သုံးရဦးမှာ ဖြစ်ပါတယ်။ သင်သိထားတဲ့အတိုင်း အဲဒီကိစ္စတွေကမှ လူတစ်ယောက်အတွက် အမှန်တကယ် အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ စုံတွဲ အများစုဟာ အရေးမပါတဲ့ အသေးအမွှား ကိစ္စလေးတွေအတွက်နဲ့ အငြင်းပွားနေကြတာ များပါတယ်။

 ၄။ သင့်ရဲ့ လိုအပ်ချက်တွေကို ဖုံးကွယ်မထားပါနဲ့ 

တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ဆက်ဆံရေးတစ်ခု ကြာလာတဲ့အခါ (လက်ထပ်တာ ကြာလာတဲ့အခါ) ကျွန်မတို့ကိုယ် ကျွန်မတို့ တစ်ခြားသူတစ်ဦးရဲ့ လိုအပ်ချက်နဲ့ ဆန္ဒတွေ နောက်ကွယ်မှာ ဒုတိယနေရာ ထားတတ်လာပါတယ်။ ကလေးရှိလာတဲ့ အတွက် အလုပ်လုပ်ဖို့ကို စွန့်လွှတ်လိုက်ရတာ၊ အိမ်ထောင်ဖက်ရဲ့ အလုပ်အကိုင်နောက်ကို လိုက်ပြီး တစ်ခြား တစ်မြို့တစ်ရွာကို ပြောင်းရတာ မျိုးတွေ ရှိလာတတ်ပါတယ်။ အဲဒါက ပြဿနာမရှိပါဘူး။ သင့်ကိုယ်သင် ဆန်းစစ် ကြည့်တဲ့အခါ အဲဒီကိစ္စတွေက သင့်အပေါ် တကယ် ပြဿနာ ရှိသလား မရှိဘူးလား ဆိုတာ အစစ်အမှန် ခံစားချက်ကို သိဖို့ လိုအပ်ပါတယ်။ ရှိတယ် ဆိုရင်တော့ သင့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဖြစ်နိုင်သလောက် ညှိနှိုင်းကြည့်ရမှာ ဖြစ်ပါတယ်။ 

လူနှစ်ယောက် အတွက် လိုအပ်ချက်တွေ၊ ဆန္ဒတွေ တစ်ထပ်တည်း ကျဖို့ ဆိုတာ ရှားပါးလှပါတယ်။ အဲဒါဟာ စိတ်ကူးယဉ်မှု သက်သက်ပါပဲ။ အဲဒီအစား တစ်ခါတစ်ရံမှာ သင်တို့ နှစ်ယောက်ရဲ့ သွားရမယ့် လမ်းတွေကို ခွဲခြားရပါလိမ့်မယ်။ သင့် ဆန္ဒကို အရေးပါတဲ့ ကိစ္စတွေ ဖြစ်ပေါ်တဲ့ အချိန်မှာ ထုတ်ဖော်ပါ။ တစ်ယောက်နဲ့ တစ်ယောက် လေးစား ပွင့်လင်း တဲ့ စိတ်ထားနဲ့ ဖော်ပြနိုင်မယ့် နည်းလမ်းကို ရှာရမှာ ဖြစ်ပါတယ်။ 

၅။ ယုံကြည်မှု နဲ့ ရိုးသားမှုရဲ့ အရေးကြီးတဲ့ အချက်ကို လျှော့မတွက်မိပါစေနဲ့ 

 မတူညီတဲ့ လူတွေမှာ မတူညီတဲ့ ပတ်သက်မှုတွေ ရှိပေမယ့် လူတိုင်းလိုလိုပဲ သူတို့ရဲ့ တွဲဖက် (အိမ်ထောင်ဖက်) ဆီက ယုံကြည်ရမှုနဲ့ ရိုးသားမှုကိုတော့ အားလုံးထက် တန်ဖိုးထားကြပါတယ်။ ဘာကြောင့်ပါလဲ..။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ လက်တွဲဖော် ဆိုတာ အချိန်အကြာကြီး သံသယတွေ မေးခွန်းတွေ မရှိပဲ မှီခို နေထိုင်ချင်တဲ့လူ ဖြစ်နေတဲ့ အတွက်ကြောင့်ပါပဲ။ သင့် လက်တွဲဖော်ဟာ တစ်ချို့ အချက်ကလေးတွေမှာ သိပ်ပြီး မရိုးသားခဲ့တာကို သင် သတိထားမိပါလိမ့်မယ်။ လူတိုင်းဟာ အဖြူရောင် မုသားတွေ ပြောဖူးကြသူတွေ ချည်းပါပဲ။ အထူးသဖြင့် ပထမဆုံး ဒိတ်လုပ်တဲ့ အချိန်တွေမှာပါ။ 

ပိုပြီး ကြီးမားတဲ့ မရိုးသားမှုတွေကိုတော့ အာရုံစိုက်ဖို့ လိုပါလိမ့်ပါမယ်။ ဥပမာ သင့်လူက ရှေ့နေတစ်ယောက် လို့ ပြောပေမယ့် တစ်ခါမှ အမှုမလိုက်တာကို သင်တွေ့ရတာမျိုး၊ သူ ကလေး ချစ်တတ်တယ် လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ မဟုတ်တာကို တွေ့ရမျိုး ရှိတတ်ပါတယ်။ 


ခိုင်မာတဲ့ လက်ထပ်ခြင်း (သို့) ဆက်ဆံရေးများဟာ အမှန်တကယ်တော့ သင် လေးစား ယုံကြည် ချစ်ခင်ရတဲ့ လူတစ်ယောက်နဲ့ ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောတစ်ခုလိုပါပဲ။ သူတို့ဟာ အမြဲတမ်း ပြောင်းလဲနေတယ်၊ စိတ်ဝင်စားစရာကောင်း နေတယ်၊ အံသြစရာကောင်းအောင် ရလာဒ်ကောင်းတွေ ရနေတယ်၊ တစ်ခါတရံ အံအားသင့်စရာတွေ ဖြစ်နေတယ်။ အဲဒီလိုလူနဲ့ စကားဆက်ပြောဖို့ ဆိုရင် အဲဒီလူ နောက်ဆက်ပြီး ဘာပြောမလဲ ဆိုတာကို သင်က ကြည့်ချင်စိတ်ရှိနေပြီး သင့်အနေနဲ့ သဘောမတူချင်တဲ့ အရာ ရှိရင်တောင်မှ သူ့ရဲ့ အယူအဆကို လေးစားရပါမယ်။

 ကောင်းမွန်တဲ့ အပြန်အလှန် စကားပြောဆိုမှု တစ်ခုမှာ အဆုံးသတ်ကိုလည်း ထိန်းသိမ်းထားနိုင်ဖို့ လိုသလို မျိုးပါပဲ။ သင့်ဘဝမှာ သင် ဂရုစိုက် တန်ဖိုးထားတဲ့ အရာတွေကို ဂရုစိုက်သလိုပဲ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ကိုလည်း ပုံမှန် ဂရုစိုက်ပြီး အလေးထားပေးဖို့ လိုအပ်ပါတယ်။ 
လူနှစ်ယောက် လက်ထပ်လိုက်တာနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ လက်ထပ်ခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် တလေးတစား ဂရုတစိုက် အပြုအမူမျိုးနဲ့ ပွင့်လင်း ရိုးသားစွာ ဆက်ဆံတတ်ဖို့ သင်ကြားလေ့လာရမယ့် လုပ်ငန်းစဉ်ရဲ့ အစတစ်ခုသာပဲ ဖြစ်ပါတယ်။ 

John M. Grohol ၏ "5 Secrets to a successful Long-Term Relationship or Marriage" ကို သင့်လျော်သလို ပြန်ဆိုပါသည်။ 

သိင်္ဂါကျော်

03 April, 2014

ပျက်ချိန်တန်တဲ့ ရောဂါ


အတ္တကင်းယောင်ဆောင်ပြီး
ဆီမီး ထွန်းညှိချင်သူတွေ များနေလေရဲ့ ။
တကယ့်တကယ်တမ်းကျ
ကိုယ့်ကိုယ်ကိုယ် တစ်စက်ကလေးမှ အလောင်ကျွမ်း မခံနိုင်ကြ။

တစ်ဖက်စွန်းရောက်တွေက
မြှောက်လိုက်ကြ ပင့်လိုက်ကြ
တွန်းလိုက်ကြ ထိုးလိုက်ကြ
ကိုယ်ယုံကြည်ရာကမှ မှန်သတဲ့လား။
အမှန်နဲ့ အမှားကြားက ဒွိဟတွေလွန်ဆွဲ
လောကဟာ ဒီအတိုင်းပါပဲ၊
ဘယ်သူက အမှားကင်းတဲ့ အမှန်အစစ်ကို
ယုံကြည်နိုင်မလဲ။

ကမ္ဘာမြေကြီးကစပြီး
ဖောက်လွဲဖောက်ပြန်နေတဲ့ ဒီခေတ်မှာ
ရလိုမှုကို ရူးသွပ်ပြီး လောဘသင့်။
ယုံကြည်မှုကို ရူးသွပ်ပြီး မောဟသင့်။
စိတ်အလိုကျ မဖြစ်တိုင်းမှာ ဒေါသသင့်။
ဒီမှိုင်းတွေနဲ့ ရောဂါသင့်နေတဲ့ ကမ္ဘာကြီးလည်း
ပျက်လုနီးချိန်ရောက်ပေါ့။

ကိစ္စရပ်တိုင်းဟာ ကံစီမံရာ အတိုင်းပါပဲ၊
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေလည်း
ပျက်စီးပျောက်ကွယ်ရမယ့် တစ်နေ့တော့ ရှိလာမှာ သေချာတဲ့အခါ
ကိုယ် မပိုင်ဆိုင်နိုင်တာတွေကိုလည်း
ထိန်းသိမ်းဖို့ ကြိုးစားသင့်ပါရဲ့လား။

ဘယ်တော့မဆိုပါပဲ
မမျှတမှုတွေက တိုးသထက် တိုးလာဖို့ပဲရှိတယ်။
စစ်မီးတောက်တွေလည်း
ငြှိမ်းရင်းငြှိမ်းရင်းနဲ့ပဲ
တစ်စတစ်စ ပွားများလာလေရဲ့။

မကောင်းမှုကို သိလျှက်နဲ့ မိုက်မဲနေကြဆဲ။
မောဟတွင်းနက်သူတို့  မိုက်မဲနေကြဆဲ။
လောဘတွင်းနက်သူတို့ ငရဲမကြောက်ကြဆဲ။
ဒေါသတွင်းနက်သူတို့ လောင်ကျွမ်းနေကြဆဲ။

ကမ္ဘာကြီးက သူ့ကိုယ်သူ ဆေးကြောသန့်စင်ချင်လာတဲ့အခါ
သူ့ကပ်ဆိုးရောဂါတွေ ဝေမျှလိမ့်မယ်။
အဲဒီအခါကျမှတော့
ကမ္ဘာကြီးကို အပြစ်မတင်ကြေးပေါ့။

သိင်္ဂါကျော်
31.3.2014

02 April, 2014

အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများထံမှ လမ်းညွှန်ချက် ၅ ချက်


အောက်ပါအချက်များဟာ အမျိုးသမီးများအတွက် American Express က ပြုလုပ်တဲ့ CEO BootCamp မှာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ ဖြစ်တဲ့ Tory Burch၊ Angie Hicks၊ Robin Chase၊ Jean Chatzky နဲ့ Melinda Emerson တို့က သူတို့ရဲ့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာဖို့ အတွက် သူတို့ရဲ့ အမြင်တွေ၊ အကြံဥာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့  သင်ခန်းစာတွေကို ဆွေးနွေးကြရာမှ ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။

၁။ ယုံကြည်မှု

အောင်မြင်ဖို့  ဟောပြောသူတိုင်းက ထပ်ခါ ထပ်ခါ ပြောလေ့ ရှိတာကတော့ သင့်ရဲ့ အကြံဥာဏ်၊ သင့်ရဲ့ အမြင်နဲ့  သင့်ကိုယ်သင် စီးပွားရေး လောကထဲကို ရောက်အောင် ဘယ်လို သွားရောက်မယ် ဆိုတဲ့ ယုံကြည်မှုက အရေးကြီးတဲ့ အကြောင်းပါပဲ။ အများစုကတော့ အဲဒီ ယုံကြည်ချက်ကို ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တဖြည်းဖြည်း ယိုစိမ့်ထွက်လာအောင် အထောက်အပံ့ ပေးကြပါတယ်။ Zipcar ကို တည်ထောင်တဲ့ Robin Chase က ဆွေးနွေးခဲ့တာကတော့ “အကယ်၍ သင်ဟာ တစ်စုံတစ်ရာကို ဘယ်လိုလုပ်ရမှန်း မသိတဲ့အခါ အဲဒီအလုပ်အပေါ် သင့်ရဲ့ လုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုကို ပြသပါ။ ပြီးတော့မှ ပြန်ပြီး သင်ယူပါ။” တဲ့။  Mally Beauty ကို တည်ထောင်တဲ့ Mally Roncal ပြောတဲ့ စကားတစ်ခွန်းကတော့ “သင် မလုပ်နိုင်ခင် အထိ အတုလုပ်ပါ”။ သင့်ရည်မှန်းချက်ကို ဦးတည်တဲ့ လမ်းကြောင်းရှည်တစ်လျှောက် အောင်မြင်တဲ့အထိ သွားနိုင်ဖို့  မသေချာသေးတဲ့ အချိန်မှာတောင် ယုံကြည်ချက်ကို တိုးလာအောင်၊ ကိုယ့်ကိုယ်ထဲက ယိုစိမ့်ထွက်လာအောင် လုပ်ရမယ် လို့  Mally က ပြောပါသေးတယ်။

၂။ ကြံ့ကြံ့ခံနိုင်မှုက အောင်မြင်ဖို့ အတွက် အရေးကြီးတဲ့ အချက်ပါ။

အောင်မြင်တဲ့ ခေါင်းဆောင်တွေထဲက အားလုံးလိုလိုပဲ သူတို့  “No” လို့ ပြောတဲ့ အချိန်တစ်ခုကို ဝေမျှဖူးကြပါတယ်။ သို့ပေမယ့် သူတို့ အမြင်ကို တစ်နည်းနည်း နဲ့တော့ ဆက်လက် အကောင်အထည်ဖော်တာပါပဲ။ အဓိက အရေးကြီးတာကို ပြန်ပြောရရင်တော့ ဇွဲလုံလ ရှိဖို့နဲ့  ကြံ့ကြံ့ခံနိုင်ဖို့ပါပဲ။ Angie’s List ကို တည်ထောင်တဲ့ Angie Hicks က အကြံပြုတာကတော့ “ရည်မှန်းချက်ကို အာရုံစူးစိုက်ပါ၊ အခက်အခဲကို ကြံ့ကြံ့ခံ သည်းခံပါ။ ရည်မှန်းချက်ကို ရအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပါ တဲ့။ အဆိုးဆုံး အရာကတော့ “မဖြစ်နိုင်ဘူး မရနိုင်ဘူး No” လို့ ပြောတာပါပဲ။ ကိုယ်ပိုင် Lifestyle brand ကို ဒီဇိုင်းထွင်သူ တည်ထောင်သူ Tory Burch က သူမရဲ့  တံဆိပ်၊ သူမရဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး၊ သူမရဲ့ စီးပွားရေး အစီအမံ စတာတွေနဲ့ ပတ်သက်ပြီး  မသေချာ မရေရာဘူး ထင်တဲ့ သံသယ အများကြီး တက်လာတဲ့အခါ သူမ လုပ်ဆောင်ပုံနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာကတော့ “ကိုယ်ချမှတ်ထားတဲ့ လမ်းကြောင်း ပေါ်မှာပဲ နေပါ၊ တစ်ခြားလူတွေရဲ့  ထင်မြင်ချက်တွေကို နားမထောင်ပါနဲ့” တဲ့။

၃။ သင့်မှာ အောင်မြင်ဖို့အတွက် ထူးခြားဆန်းသစ်တဲ့ အကြံဥာဏ် ရှိစရာမလိုပါဘူး။

Angie Hicks နဲ့ Robin Chase အပါအဝင် အောင်မြင်နေတဲ့ အမျိုးသမီး လုပ်ငန်းရှင် အများစုက ထပ်ပြောတာကတော့ ဒီ အံသြဖွယ်ရာ လှုံဆော်ပေးတဲ့ အရာပါပဲ။ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ အလားအလာ ရှိတဲ့သူ အများအပြားဟာ သူတို့ရဲ့  အကြံဥာဏ်ဟာ သူများနဲ့ မတူ တမူထူးခြားတယ် ဆိုတာ သူတို့ ကိုယ်တိုင် မယုံကြည်တဲ့အတွက် စီးပွားရေးတစ်ခု စတင်ဖို့ ရာ စိတ်အားထက်သန်မှု လျှော့နည်းသွားတတ်ပါတယ်။ Angie နဲ့ Robin နှစ်ယောက်လုံး ထောက်ခံ ပြောကြားတာကတော့ သင့် အကြံဥာဏ်ရဲ့  ထူးခြား ဆန်းသစ်မှု အားနည်းတယ် ဆိုရင် အဲဒါကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ အပေါ်မှာ ပိုပြီး အာရုံစိုက်ပါ လို့ ဆိုပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်များဟာ သူတို့ရဲ့ ကုမ္ပဏီတွေကို ဈေးကွက်မှာ တူညီတဲ့ လုပ်ငန်းတွေ ရှိတဲ့ကြားက ထိုးဖောက်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တူညီတဲ့ အရာများကြားမှာ သူတို့ကို ထူးခြားစေခဲ့တာကတော့ သူတို့ရဲ့ အမြင်၊ အကောင်အထည်ဖော်တဲ့ နည်းဗျူဟာ နဲ့  ကြံ့ကြံ့ခံနိုင်စွမ်းတို့ ပဲ ဖြစ်ပါတယ်။

၎။ သင့်လုပ်ငန်းကို မစတင်ခင်မှာ ပြန်လည်ထွက်ရမယ့် နည်းလမ်းကို သိထားပါ။

ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများဖြစ်တဲ့ Jean Chatzky နဲ့  Valerie Coleman တို့က သင့်ရဲ့ စီးပွားရေး လုပ်ငန်းကို စတင်နေတဲ့ အချိန် အစောပိုင်းမှာ ပြန်နှုတ်ယူရမယ့် အစီအစဉ်ကို သိထားဖို့လည်း လိုတယ် ဆိုတဲ့ အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ပြန်နှုတ်ထွက်ရမယ့် အစီအစဉ်တစ်ခု ရှိထားခြင်းဟာ သင့်ရဲ့ နှစ်တို၊ နှစ်ရှည် စီးပွားရေး ဗျူဟာကိုသာမက သင့်ရဲ့ ဘဏ္ဍာရေး ဆုံးဖြတ်ချက်တွေကို လမ်းညွှန်ရာမှာလည်း အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။

၅။ မှန်ကန်သော အဆက်အသွယ်များ နှင့် ဆက်သွယ်ခြင်းကို အာရုံစိုက်ပါ။

ဦးဆောင်သူတိုင်းဟာ အဆက်အသွယ်ကောင်း တည်ဆောက်ခြင်းကို သေချာပေါက် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကလည်း အောင်မြင်မှုရဲ့  လျှို့ဝှက်ချက် တစ်ခုပါ။ “အဲဒါက ကိုယ်ပိုင်သီးသန့် ခရီးတစ်ခု မဟုတ်ပါဘူး၊ အဲဒါက အသင်းအဖွဲ့ တစ်ခုပဲလေ” လို့ Tory Burch က သူမရဲ့  အကြံပေးမှုကို နိဂုံးချုပ်ခဲ့ပါတယ်။ တစ်ခြား အမျိုးသမီးတွေ၊ စီးပွားရေးလုပ်ငန်း ဦးဆောင်သူတွေနဲ့  ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်ခြင်းဟာ အရေးပါတဲ့အကြောင်း အများစုက ထောက်ခံပြောကြားကြပါတယ်။ Angie Hicks ကတော့ “ တစ်ခြားသူတွေကို ပြိုင်ဘက်တွေလို့ သဘောမထားပါနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သူတွေလို့ သဘောထားပါ” လို့ ဆိုပါတယ်။

Anjali Varma ၏ 5 Guiding Principles from Successful Women ကို သင့်လျော်သလို ပြန်ဆိုပါသည်။

သိင်္ဂါကျော်