02 May, 2010

လက်ထပ်ခြင်း၏ နောက်ပိုင်း စာမျက်နှာများ

 


မြင့်နောင် က အစိုးရ ဓါတ်ဆီဆိုင်က ဝန်ထမ်း၊ ရီမာချို က အလယ်တန်းပြ ဆရာမ ဘဝမှာ စတွေ့ခဲ့ကြခြင်း ဖြစ်သည်။ မြင့်နောင်တို့ ဓါတ်ဆီဆိုင်က ရီမာချိုတို့ အိမ်နဲ့ မျက်စောင်းထိုးလောက်မှာ ရှိသည်။ မြင့်နောင်က ဆယ်တန်းတောင် မအောင်သော ဆီထည့်ဝန်ထမ်းပေမယ့် သူ့မိသားစုကတော့ သူ့အခြေအနေနဲ့ သူ ရှိပါသည်။ သို့ပေမယ့် ရီမာချို့ အဖေကြီးကတော့ သူ့သမီးကို ဆယ်တန်းမအောင်သည့် အလုပ်သမားသာသာနှင့် လုံးဝသဘောမတူပါ။ ရှေးလူကြီးမို့ ဓါတ်ဆီဆိုင် ဝန်ထမ်းက ဘယ်လောက် အပိုဝင်ငွေ ရတယ်ပဲ ပြောပြော သူ့သမီးနဲ့ မတန်ဘူးပဲ ထင်သည်။ ပုံမှန်တော့ ရီမာချိုက သူ့အဖေကို အသေအလဲ ကြောက်ရသော်လည်း အချစ်နဲ့ ပတ်သက်လာတော့ မကြောက်တော့။ သူတို့ နှစ်ယောက် တစ်နေရာကို ခိုးပြေးကြသည်။ ခဏပဲ နေပြီး ရီမာချိုတို့ ရပ်ကွက်ထဲမှာပဲ အိမ်ငှားနေဖို့ ပြန်လာကြသည်။ မြင့်နောင်တို့ အိမ်က ရီမာချို့ အဖေကို ပြန်လာအပ်သော်လည်း သူ့အဖေက လုံးဝ အိမ်ပေါ်တက်မလာဖို့ ပြောသည်။ သူတို့ မင်္ဂလာပွဲလည်း ခပ်ကျဉ်းကျဉ်းနဲ့ ပဲ ပြီးသွားသည်။
***
နောက်တော့ ရီမာချို ယောက်ျားရ ကံကောင်းခဲ့ကြောင်း သူ့အဖေလည်း လက်မခံချင်ပေမယ့် လက်ခံလာရတာပါပဲ။ မြင့်နောင်က အသောက်အစား အပျော်အပါးမရှိ အလုပ်ကြိုးစားသူ ဖြစ်သည်။ သူအလုပ်လုပ်သော ဓါတ်ဆီဆိုင်ကလည်း တော်တော်ရသည်။ သူကလည်း ရသမျှ မိန်းမကို အပ်သည်။ ရီမာချိုကလည်း သုံးသင့်တာပဲ သုံးပြီး စုသင့်တာ စုတတ်သူမို့ သူတို့ မိသားစု တော်တော် အဆင်ပြေနေသည်။ သမီးလေး တစ်ယောက် မွေးပြီးနောက် ရီမာချို့ အဖေ အိမ်မှာပဲ ပေါင်းနေလိုက်ကြသည်။ သူ့ အမေကတော့ ရီမာချို ငယ်ငယ်ကပင် ဆုံးခဲ့ပြီ။

ရီမာချို့မှာ ပြောစရာအပြစ် ဆို၍ ဆရာမ အဆင့်အတန်းနှင့်တောင် မလိုက်အောင် နှုတ်ကြမ်း လျှာကြမ်း မကြိုက်ရင် မကြိုက်သလို ပြောတတ် ဆိုတတ်ခြင်းပင် ဖြစ်သည်။ အဲလို ပြောပေါက်တွေနဲ့ပဲ မြင့်နောင်နှင့် အမြဲ ရန်ဖြစ်ရသည်။ အမြဲလိုလိုကတော့ မြင့်နောင်ကပဲ လျော့လိုက်ရတာပင်။ မြင့်နောင်ကလည်း သူ ဝင်ငွေကောင်းနေသော အချိန်မှာ မိဘနှင့် ကျောင်းမပြီးသေးသော ညီမများကို ထောက်ပံချင်သည်။ နည်းနည်း ပါးပါး ထောက်ပံ့တာကို ရီမာချိုက မသိသလို နေနိုင်ပေမယ့် အချီကြီးတွေ ပေးလျှင်တော့ သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ရပြီ။ ရီမာချိုက ကိုယ့်သားသမီးတွေ နောင်ရေးအတွက် စုဆောင်းထားချင်သည်။ သူ့အဖေ နဲ့ စိတ်ဝေဒနာသည် သူ့အစ်မကိုတောင် သူက ဘာမှ သိပ်ထောက်ပံစရာမလိုပဲ သူတို့ စုဆောင်းစာနဲ့ သူတို့ စားနိုင်သောက်နိုင်သည်။ ထို့ကြောင့် ကိုယ့်ဘက်ကို မပေးသလို သူ့ဘက်ကိုလည်း မပေးစေချင်။ မြင့်နောင်ကတော့ ရီမာချိုလည်း သူ့ဘက်ကို ပေးချင်သလောက် ပေးလို့ရသည်။ သူ့ဘက်ကို ပေးတာကိုလည်း လိုက်မပိတ်ပင်စေချင်။ ရီမာချို အပေါက်ဆိုးမှုကြောင့် သူ့ဘက်က မိသားစုနှင့် သိပ်ခင်ခင်မင်မင် ကြည်ကြည်လင်လင် မရှိ။ အဲဒီ ပြဿနာတစ်ခုကလွဲပြီးတော့ သူတို့လင်မယားမှာ တစ်ခြား ပြဿနာ မရှိပါ။ မြင့်နောင်က သားသမီးကိုလည်း ချစ်တတ်သည်။ ဇနီးကိုလည်း တတ်နိုင်သလောက် သည်းခံသည်။
***
ရီမာချိုက သားလေး တစ်ယောက် ထပ်မွေးသည်။ သမီးတစ်ယောက်၊ သားတစ်ယောက် ဆိုတော့ သူတို့အတွက် ပြည့်စုံသွားပြီ။ နည်းနည်းလည်း စုမိဆောင်းမိ ရှိလာသောကြောင့် တစ်ခြား အဆင်ပြေသော ရပ်ကွက် တစ်ခုမှာ အိမ်ကလေး ဝယ်ပြီး သူတို့ သီးသန့် ပြောင်းနေကြသည်။ စီးပွားရေး အဆင်ပြေသလောက် လင်မယား နှစ်ယောက်ကတော့ တကျက်ကျက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အမြဲ ဖြစ်နေကြသည်။ တစ်ချို့ကလည်း ရီမာချို့ကို ယောင်္ကျားကို ဒီလောက် မပြောဆိုဖို့ သတိပေးကြသည်။ ယောင်္ကျားက အိမ်မှာ မပျော်လျှင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုလည်း ရီမာချိုကတော့ ဂရုမစိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြင့်နောင်ကလည်း သူ့မိန်းမနှင့် ကလေးနှစ်ယောက်ကလွဲလျှင် ကျန်တာ အပျော်အပါး ဘာမှ စိတ်မဝင်စားပါ။ အပေါင်းအသင်းကောင်းလို့ အရက်ကလေး ဘာလေး သောက်ရင်သာ သောက်မည်။ အပျော်အပါးကတော့ လုံးဝမလုပ်။ အရက်သောက်လာရင်တောင် မိန်းမနှင့်က ရန်ဖြစ်ရသေးသည်။ ဒါကြောင့် သူ အရက်လည်း သိပ်မသောက်ဖြစ်ပါ။ မိန်းမနှင့် ရန်မဖြစ်ချင်သောကြောင့် မိသားစုကို ထောက်ပံ့တာလည်း တတ်နိုင်သလောက် မိန်းမ မသိအောင်သာ ခိုးပေးရသည်။ အဲဒါ သိသွားလျှင်တော့ ပွဲကြီးပွဲကောင်း ရန်ဖြစ်ကြပြီသာ မှတ်ပေတော့။ တစ်ခုကောင်းတာက ဘယ်လောက်စိတ်ဆိုးဆိုး မြင့်နောင်က မိန်းမကို နာအောင်ကြင်အောင် ရိုက်တာ နှက်တာတော့ တစ်ခါမှ မလုပ်ဖူးပါ။ တစ်ခါတလေ ရီမာချိုကတောင် လက်ပါတတ်သေးသည်။ မြင့်နောင်က မကျေနပ်လျှင် နံရံကို ထိုးတာ ဘာညာသာ လုပ်ရင်လုပ်မည်။ မိန်းမကိုတော့ မလုပ်။ အဲဒါကြောင့်လည်း ရီမာချို့ရဲ့ သူငယ်ချင်းတွေက သူမကို နည်းနည်း လျော့ဖို့ ပြောကြတာဖြစ်သည်။ မလိုသူတွေကလည်း ဒီလောက်တောင် ယောက်ျားအပေါ် မကြင်နာတတ်တဲ့ မိန်းမ ကျန်ခဲ့ရလိမ့်မည် လို့ အတင်းပြောကြတာတွေလည်း ရီမာချိုကြားပါသည်။

ဘယ်သူတွေ ဘယ်လို ပြောပါစေ ရီမာချိုတို့ကတော့ ပြည့်စုံသော မိသားစု ဘဝလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နေနေဆဲ။ မြင့်နောင် အလုပ်ကလည်း အရင်ကလောက်တော့ မကောင်းသည့်ပြင် သူ့ညီမတွေကလည်း ကျောင်းတွေပြီးလို့ အလုပ်အကိုင်ကိုယ်စီနှင့် ဖြစ်ကုန်ပြီမို့ အထောက်အပံပေးစရာ သိပ်မလိုတော့။ သူတို့နှစ်ယောက်လည်း အရင်လောက်တော့ စကားမများတော့ပါ။ သမီးနဲ့ သားကလည်း တော်တော်ကြီးလာပြီမို့ ရီမာချိုကလည်း သူတို့ကို သိပ်ဂရုစိုက်စရာ မလိုတော့၍ ကျူရှင် ဘာလေး ပြပြီး အပိုဝင်ငွေရှာသည်။ အစစ အဆင်ပြေနေသော မိသားစု ဘဝမှာ သမီး အထက်တန်း စတက်သော နှစ်ကျမှ မမျှော်လင့်တာတွေ ဖြစ်လာခြင်း ဖြစ်သည်။
***
မြင့်နောင် အလုပ်ပြောင်းရသည်။ ဝေးဝေးလံလံ မဟုတ်သော်လည်း အိမ်နဲ့ နည်းနည်းတော့ လှမ်းသွားသည်။ အဲဒီမှာ အဲဒီ မိန်းမ နှင့် တွေ့ခြင်း ဖြစ်သည်။ ကြားကာစကတော့ ရီမာချိုက မယုံသေး။ သူနဲ့ ကိုယ် အိမ်ထောင် သက်တမ်း တစ်လျှောက် ရန်တချိန်းချိန်း ဖြစ်နေပေမယ့် အဲဒီလို ကိစ္စမျိုးတော့ တစ်ခါမှ မပါခဲ့ပါ။ သူ အဲဒီလို ကိစ္စမျိုး ဝါသနာ မပါဘူးပဲ ထင်ခဲ့သည်။ ကိုယ့်အပေါ်ကို အဲဒီလို လုပ်ရက်လိမ့်မယ် လို့လည်း တစ်ခါမှ မတွေးစဖူး။ သူ့ကို မဟုတ်ပဲ ဖွင့်မေးမိရင်တောင် သူစိတ်ဆိုးမလား လို့ ထင်နေသည်။ နောက်ဆုံး ကိုယ်တိုင် သွားကြည့်တော့မှ ကိုယ့်မျက်စိနဲ့ကိုယ် မြင်လာရမှ ယုံတော့သည်။ မြင့်နောင်က အိမ်တစ်အိမ် ငှားပြီး အဲဒီ မိန်းမ နှင့် အတူတူ နေနေသည်။ တစ်ခါတရံ သူအကြောင်းရှာပြီး ညဘက် အိမ်မပြန်ခဲ့တာတွေကို ခုမှ သဘောပေါက်သည်။

မြင့်နောင် အိမ်ပြန်လာချိန်မှာ ကလေးတွေ တစ်ခြား လွှတ်ပြီး နှစ်ယောက်သား ပွဲကြမ်းကြတော့သည်။ ရီမာချို က ကိုယ့်ကို ကြောတယ် ထင်ရင် တစ်ခြား ကိစ္စ အသေးအဖွဲတောင် သည်းမခံခဲ့တာ...။ ဒီလို ကိစ္စမျိုးကတော့ ဘယ်ရလိမ့်မလဲလေ။ သူ့ကို ဖွင့်မေးလို့ သူကဝန်ခံတော့ ရီမာချို ဒေါသ ထွက်လိုက်တာ ပြောမနေပါနဲ့တော့။ အဲဒီ မိန်းမကို ဖြတ်မလား၊ ငါ့ကို ကွာမလား ဆိုတော့ အဲဒီ မိန်းမကိုလည်း မဖြတ်နိုင်ပါ၊ ကလေး တွေ ရှိနေလို့ ကိုယ့်ကိုလည်း မကွာနိုင်ပါ တဲ့။ ကလေးတွေ မရှိရင်တော့ ကွာမယ် ဆိုတဲ့ သဘော။

သူ့ကို ရီမာချို ဘယ်လောက်ပဲ ချစ်ချစ်၊ ဘယ်လောက်ပဲ လိုအပ်လိုအပ်၊ ဒီကိစ္စမှာတော့ လုံးဝ အသနားလည်း မခံနိုင်၊ မျက်ရည်ခံလည်း မထိုးနိုင်၊ အရှုံးလည်း မပေးနိုင်ပါ။ နောက်တစ်နေ့မှာ မြင့်နောင် မရှိတဲ့အချိန် အဲဒီမိန်းမကို သွားတွေ့တော့ သူမလည်း ခပ်မာမာပါ။ ကြည့်ရတာကတော့ ကြေးကြီးစား ပုံစံမျိုး။ အဲဒီမိန်းမက အရင်က ကြေးကြီးစား ရယ်လို့ ပတ်ဝန်းကျင်က ပြောတာလည်း ရီမာချို ကြားပါသည်။ သိပ် လည်း အသက်မငယ်တော့။ ရီမာချိုထက် တစ်နှစ် နှစ်နှစ် လောက်ပဲ ငယ်မည်။ မျက်နှာကတော့ အပေါစား မိတ်ကပ် မျက်နှာနှင့်။ ခုတော့ အကောင်းစား မိတ်ကပ်လည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ ချောသလား ဆိုတော့လည်း ပြောရလောက်အောင် အချောအလှကြီး မဟုတ်။ မြင့်နောင် ဘာကို ကြိုက်သွားသလဲ လို့ ရီမာချို စဉ်းစားလို့ပင်မရ။ အတော် အံသြမိသည်။

သူ့ အငယ်မကို သွားတွေ့တာ သိတော့ မြင့်နောင်က စိတ်ဆိုးသေးသည်။ ကလေးတွေကို အစက ဖုံးထားသေးသော်လည်း အခုတော့ အားလုံး သိနေကြပြီ။ သားက ဘာသိဘာသာ နေပေမယ့် သမီးကတော့ ရှက်လို့ ငိုရှာသည်။ အစကတော့ သူနောင်တ ရလာရင် ပြန်လက်ခံဖို့ စိတ်ကူးသော်လည်း သူက တော်တော်ကို မွှန်နေပြီမို့ ဆေးမမီတော့ သော အခြေအနေ ဖြစ်နေသည်။ အဲဒီတော့လည်း ရီမာချိုက ကွာပေးဖို့ပဲ ပြောလိုက်သည်။ “ကလေးတွေကို ငါ့ဟာငါ ရအောင် ရှာကျွေးမယ်၊ ဘာမှ စိတ်မပူနဲ့၊ ကွာပြီးရင် နင်လည်း ကလေးတွေကို လုံးဝ တွေ့စရာ မလိုတော့ဘူး၊ ငါတို့မိသားစု နဲ့ နင်နဲ့ ဒီဘဝ ဒီမျှပဲ ၊ အပြီး ပြတ်ပြီ” ရယ်လို့ မြင့်နောင်ကို ပြောလိုက်သည်။ ရီမာချို့ အတွက် ငိုရမှာတောင် မျက်ရည်ခမ်းနေသည်။ မြင့်နောင်ကို မုန်းတီးသော အမျက်သည် ဘယ်တော့မှ မပြေနိုင် ဟု ထင်မိသည်။
***
မြင့်နောင် ဝယ်ပေးထားသော အိမ်မှာ မနေချင်သောကြောင့် ရီမာချိုတို့ သားအမိတတွေ အဖေ့အိမ် ပြန်နေကြသည်။ အဖေ့အိမ်က ရီမာချို့ကျောင်းနှင့်လည်း ပိုနီးသည်လေ။ သူကလည်း ထိုအိမ်မှာ ပြန်လာမနေတော့ပဲ သားနှင့် သမီးအတွက် ပေးလိုက်ပြီ ဟု ဆိုသောကြောင့် ထိုအိမ်ကို အငှားထားထားသည်။ ကွာရှင်းပြီးတော့ မြင့်နောင်က ကလေးတွေ စားရိတ်ကိုတော့ လစဉ်ထောက်ပံ့သည်။ ရီမာချိုက ကလေးတွေကို အဖေနှင့် မတွေ့ရဟု ပြောထားသော်လည်း သားငယ်ကတော့ အမေ မသိအောင် တစ်ခါတရံ သွားသွားတွေ့သည်။ သမီးကတော့ အမေလိုပဲ စိတ်နာနေပုံနှင့် အဖေကို အတွေ့မခံ။ သမီး စိတ်ထဲမှာလည်း ခံစားမှုတစ်ခုတော့ ဝင်နေမှာ သေချာသည်။ ငယ်ကတည်းက စာအသင့်အတင့် တော်ခဲ့သော သမီးက ကိုးတန်းကို ကျသောကြောင့် ဆပ်ပလီ ပြန်ဖြေလိုက်ရသည်။

သူပေးသော ပိုက်ဆံကို ကလေးတွေ အတွက်ကလွဲလို့ ရီမာချိုက ကျန်တဲ့ နေရာမှာ လုံးဝမသုံး။ ကျူရှင်ပြပြီး အိမ်စားရိတ် ရှာသည်။ အဲလို ရှာပြန်တော့ ကလေးတွေကို မျက်နှာလွှဲ သလို ဖြစ်ပြီး သမီးက ဆယ်တန်း နှစ်မှာ ကျပြန်သည်။ မဖြစ်ဘူး ဆိုပြီး သမီးဘက်ကို အာရုံစိုက်ကာ Guide လေး ဘာလေး ငှားရုံမက ကိုယ်ကလည်း ကြပ်မတ်ပေးရတော့သည်။ သားကိုလည်း လမ်းမှားရောက်မှာ စိုးသောကြောင့် ဂရုစိုက်ရသေးသည်။ သားကတော့ သူ့အဖေနှင့် အဆင်ပြေသည်။ သူ့အဖေကလည်း သူ့သားသူတော့ ဆုံးမပုံရပါသည်။ ရီမာချိုကတော့ သူ့အကြောင်းကို လုံးဝ မသိချင်သောကြောင့် သူ့အကြောင်း ပြောမယ် ဆိုသူတွေကို တားမြစ်၍ လုံးဝ မသိခဲ့ဘူးသူလို မေ့ပျောက်ထားသည်။ သား နဲ့ သမီးကိုတော့ အဖေ နဲ့ မတွေ့ရဘူး ဘာညာ တားမြစ်မနေချင်တော့လို့ ဒီတိုင်းပဲ လွှတ်ထားလိုက်သည်။ သူ့ နာမည်ကို ပါးစပ်ထဲကို ထည့်မပြောချင်တာလည်း ပါသည်။

မြင့်နောင် ထိုမိန်းမ နှင့် ကွဲသွားပြီ ဟု ပြောသံလည်း ကြားရသည်။ ရီမာချိုကတော့ ဘာမှ မေးမြန်းစုံစမ်း မနေပါ။ သား နှင့် သမီးက အဖေ အကြောင်း သိပုံရသော်လည်း အမေ ရှေ့မှာ မပြောရဲကြ။ သမီး က တက္ကသိုလ် တက်နေစဉ် သား ဆယ်တန်းအောင်တော့ DSA ပါသွားသည်။ သား နဲ့ သမီးက လိမ္မာကြသောကြောင့် ရီမာချို စိတ်ချမ်းသာရသည်။ ကိုယ့်သမီးလေးကို အိမ်ထောင်ရေး ကံမကောင်းမှာတော့ ရီမာချို အရမ်း စိုးရိမ်သည်။ သား ချည်း မွေးထားမိရင် ကောင်းမှာလို့တောင် တွေးမိသည်။ ကိုယ့်အိမ်ထောင်ရေးကလည်း စတင်ကာစကတော့ ကံကောင်းလိုက်တာ လို့ အများက ပြောကြရတဲ့ အိမ်ထောင်ရေးပါပဲ။ ခုလို ပြိုကွဲလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မလဲ။ လောကကြီးက မထင်တာတွေလည်း ဖြစ်တတ်သည်။ ယောက်ျားများရဲ့ စိတ်ကိုလည်း တသမတ်တည်း တွက်ထားလို့မရ။ ရီမာချို အခုတော့ အချစ်ကိုလည်း မယုံကြည်တော့။ အချစ်နှင့် တည်ဆောက်သော အိမ်ထောင်ပေမယ့်လည်း လက်ထပ်ပြီးနောက်မှာ ဘယ်နှစ်နှစ်လောက်အထိ တည်မြဲနေနိုင်ပါသလဲ။ ဘယ်သူမှ မသေချာပါ။
***
နှစ်တွေ ကြာခဲ့တာ ၅ နှစ်ပေမယ့် ဒီထက်မက ကြာနေပြီ လို့တောင် စိတ်ထဲထင်ချင်သည်။ အဲဒီနှစ်တွေ အတွင်း အဖေနှင့် အစ်မ လည်း ဆုံးခဲ့ကြသည်။ လောကကြီးမှာ ရီမာချို တစ်ယောက်တည်းပဲ ကျန်ခဲ့တော့သည်။ သမီး နှင့် သား ရှိလို့ တော်သေးသည်။ မြင့်နောင် အပေါ် ချစ်ခြင်းကြောင့် ဖြစ်ရသော အမုန်းတရားများလည်း ရီမာချို့မှာ မရှိတော့ပါ။ ချစ်ခြင်း မုန်းခြင်း မဟုတ်သော ဥပေက္ခာတရား ထားနိုင်လာသည်။ ကိုယ်နှင့် မသိသူ တစ်ယောက်လို သူ ကောင်းကောင်း ဆိုးဆိုး ဘယ်လိုမှ မနေသော စိတ်ကို မွေးဖို့ ကြိုးစားထားသည်။ မကြားချင်ပေမယ့်လည်း မြင့်နောင် သတင်းတွေက ကြားနေရသည်။

သူ ပထမ နေသော မိန်းမနှင့် ကွဲသွားကြသည်။ ထိုမိန်းမ အကျင့်မကောင်းမှန်း သူ နောက်သိလာတော့ သူတို့ အိမ်ထောင်ရေး အဆင်မပြေကြတော့ခြင်း ဖြစ်သည်။ ထိုသတင်းတွေကို ရီမာချို၏ ယောက္ခမအိမ်က ဖောက်သည်ချ ကြခြင်း ဖြစ်သည်။ သူတို့ကလည်း အရင်က ရီမာချိုကို သိပ်ကြည့်မရပေမယ့်လည်း သားအတွက် အိမ်ထောင်ဘက်ကောင်းရယ်လို့ လက်ခံထားရာကနေ ဒီလို ဖြစ်လာတော့ သူတို့ သားကို ကြည့်မရကြတော့။ ညီမများကလည်း ကန့်ကွက်သည်။ နောက်ထပ် မိန်းမကို သူတို့အိမ်က လုံးဝ အသိအမှတ်မပြုခဲ့။ အဲလို ပြောဆိုပါများတော့ သူတို့ အိမ်ကိုပါ အလာကျဲသွားသည်။ အလုပ်မကောင်းတာ အကြောင်းပြ၍ ထောက်ပံ့တာမျိုးလည်း လုံးဝ မရှိတော့။ ပထမအိမ်ထောင်က ကလေးတွေလည်း ထောက်ပံ့ရသေးသည် ဟူသော အကြောင်းပြချက်ကောင်းနှင့် မိဘ ဘက်ကို လုံးဝ လှည့်မလာတော့ပါ။

ထို မိန်းမ နှင့် ကွဲပြီး သိပ်မကြာခင်မှာပင် နောက်ထပ် မိန်းကလေး တစ်ယောက်နှင့် ထပ်တွေ့သည် ဟုဆိုသည်။ ဒီတစ်ယောက်ကတော့ သူ့ထက် ဆယ်နှစ်လောက်ငယ်သည်။ ပညာကတော့ မတတ်။ သူများ ဆိုင်မှာ အကူဝန်ထမ်း လုပ်ရသော မိန်းကလေး။ အရင် တစ်ယောက်ထက်တော့ ရိုးရိုးသားသား ရှိပုံရသည်။ အဲဒီ မိန်းကလေး နှင့် တော့ အတည်အတံ့ ဖြစ်နေသည်။ အိမ်ကို ငှားနေရာက အပိုင်ဝယ်လိုက်သည်။ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက်လည်း ထပ်ရသည်။ ဒါတွေကတော့ ရီမာချို မစုံစမ်းလည်း လူသတင်း လူချင်းဆောင်ပြီး ကြားနေရပါသည်။ သူ့မိသားစုနှင့်လည်း သူမရှိမှပင် ပိုပြေလည်နေပါသည်။ သူတို့မှာလည်း မြေးဆို၍ ရီမာချို့ သားနှင့် သမီးပဲ ရှိတာမို့ ချစ်ကြပါသည်။ သမီး နှင့် သားက အရွယ်ရောက်လာတော့ ပိုနားလည်လာလို့လား မသိ။ သူတို့ အဖေ အကြောင်းကို ရီမာချို မတားပါပဲနှင့် မပြောကြတော့ပါ။ သူတို့ အဖေကို လမ်းတွေ့လျှင် ကောင်းကောင်း နှုတ်ဆက်ကြသော်လည်း ငယ်ငယ်တုန်းကလို သူ့အဖေအလုပ်ကို လိုက်သွားပြီး တကူးတက သွားတွေ့တာမျိုး မလုပ်တော့ပါ။ သူတို့ အပေါ် အဖေ နှင့် အမေ ဘယ်သူ့ မေတ္တာက စစ်မှန်သည်ကို သိလာပြီ ဟုထင်သည်။
***
ယောက်ျား တစ်ယောက်နှင့်ပင် ယောက်ျားတွေရဲ့ သစ္စာကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးသော ရီမာချိုသည် နောက်ထပ် အိမ်ထောင်ပြုဖို့ကိုလည်း လုံးဝ စိတ်ကူးထဲ မရှိတော့ပါ။ ယောက်ျားတွေရဲ့ သစ္စာ ဆိုပေမယ့်လည်း အားလုံးကိုတော့ မဆိုလိုပါ။ ရီမာချို့ အဖေ ကတော့ ရီမာချို နှင့် ဥာဏ်ရည်မမီသော အစ်မ တို့ ခပ်ငယ်ငယ်ကပင် အမေ ဆုံးပါးသွားခဲ့သော်လည်း သမီးနှစ်ယောက်ကို လူလားမြောက်အောင် ရှာဖွေကျွေးမွေး၍ နောက်အိမ်ထောင် မပြုခဲ့သူ ဖြစ်သည်။ ရီမာချိုက “အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာများမှာ အချစ်မဟုတ်တော့ပဲ မေတ္တာတွေ သစ္စာတွေ ပါလာရမှာပေါ့” ဆိုသည့် ဝင်းဝင်းလတ် ရဲ့ ဝတ္တုထဲက စကားကို သဘောကျခဲ့ဖူးသည်။ လက်ထပ်ပြီး နောက်ပိုင်း စာမျက်နှာများထဲက ကိုယ့်အိမ်ထောင်ဘက်ရဲ့ သစ္စာ နှင့် မေတ္တာက ဘယ်လောက်အထိ ကြာရှည်တည်တံ့မယ်ဆိုတာ မိန်းကလေး တစ်ယောက်က လက်မထပ်ခင် ဘယ်လိုများ သိနိုင်ပါ့မလဲလေ။ ဒါကြောင့်လည်း အိမ်ထောင်ပြုတယ်ဆိုတာ ကံစမ်းမဲ နှိုက်ရသလိုပဲလို့ ပြောကြတာပေါ့။ ရိုးမြေကျ ပေါင်းနိုင် မပေါင်းနိုင် ဆိုတာက ပေါက်ဖို့ ခက်ခဲတဲ့ ကံစမ်းမဲ ဖြစ်နေပေမယ့်လည်း ပိုးဖလံမျိုးတွေကတော့ မီးကို မတိုးပဲမှ မနေနိုင်လေတော့ အဲဒီ ကံစမ်းမဲကို လည်း လူတိုင်းလို နှိုက်နေကြတုန်းပါပဲ။ ပေါက်တဲ့လူလည်းပေါက်၊ မပေါက်တဲ့လူလည်း ဘဝတွေ အရှုံးခံကြရင်းနဲ့ပေါ့...။

(အရင် စိတ်ကူးယဉ်ပြီး ရေးတဲ့ Happy Ending ဝတ္တုများကို အပြင်လောကမှာ မဖြစ်နိုင်ဘူးလို့ ပြောကြသူများ အတွက် တကယ့် အဖြစ်ကို အခြေခံတဲ့ ဝတ္တုအတိုလေးပါ။ နောက်လည်း ရေးပါဦးမယ်။ တကယ့် အဖြစ်အပျက်များက စိတ်ကူးယဉ် ဇာတ်လမ်းများလို မလှပကြပါဘူး။)

သိင်္ဂါကျော်
2.5.2010
5:20 PM

28 April, 2010

ဒီသင်္ကြန်

ပြန်ရောက်လာပါပြီ။ 

ဒီသင်္ကြန်ပိတ်ရက်မှာ ရည်မှန်းမထားပဲ သီလရှင်ဝတ်ရင်း တရားစခန်းဝင်ဖြစ်ခဲ့ပါတယ်။ မေမေတို့ တက္ကသိုလ်နားက ဘုန်းကြီးကျောင်းမှာပါ။  ဒုလ္လဘ ကံထူးရှင်မဲတွေ ဖောက်ပြီး ရဟန်းခံ၊ သီလရှင်ဝတ်တာ နှစ်စဉ်လုပ်နေကြဖြစ်ပြီး စတုတ္ထအကြိမ် ရှိခဲ့ပါပြီ။ ကိုယ်လည်း သူများက သီလရှင် ဝတ်မယ်ဆိုတဲ့ အသံကြားတော့ စိတ်ထဲမှာ အရမ်း ဝတ်ချင်သွားတာနဲ့ ဘုန်းကြီးကျောင်း သွားပြီး စုံစမ်းခိုင်းတော့ မဲပေါက်ပြီး မဝတ်တဲ့လူရှိသေးလို့ အစားဝတ်လို့ ရတယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ။ 
အကြိုနေ့ ညနေပိုင်း ဒုလ္လဘ ရဟန်း၊ သီလရှင်များ ဖြစ်ပြီးနောက် သိမ်ဆင်း လောင်းလှူကြပါတယ်။


ပြီးတော့ သီလရှင်များပါ အပါအဝင် အနီးအနား ရပ်ကွက်မှ သိမ်ဆင်း လောင်းလှူချင်သူများအတွက် ရပ်ကွက်၊ လမ်းများ အတိုင်း ကြွခဲ့ကြပါတယ်။



သင်္ကြန်အကြိုနေ့ ညနေ သုံးနာရီလောက်က စဝင်ခဲ့ပြီး နှစ်ဆန်း နှစ်ရက်နေ့ မနက်ပိုင်းမှာ ထွက်ခဲ့ပါတယ်။ နံနက်ပိုင်း ၄း၀၀၊ ၄း၃၀ မှာ အိပ်ရာက ထပြီး ၅း၀၀ မှာ ဘုရားဝတ်တက်ကာ နာရီဝက်ခန့် တရားထိုင်ရပါတယ်။ အဲဒီနောက် နံနက် အာရုဏ်ဆွမ်း စားရပါတယ်။ ခဏနားပြီး နံနက် ၇း၀၀ နာရီမှာ တရားနာ သို့ တရားထိုင်ခြင်း ကို တစ်နာရီကြာ လုပ်ရပါတယ်။ ၈း၀၀ မှာ နားပြီး ၈း၃၀ မှာ တရားနာ သို့ တရားထိုင်ခြင်း ပြန်စပါတယ်။ တစ်ချို့ရက်မှာ ဆရာတော် ကိုယ်တိုင် တရားဟောပြီး ၉း၀၀ သို့ ၉း၁၅ မှာ ပြီးဆုံးပါတယ်။ အဲဒီနောက် ၉း၃၀ လောက်မှာ ကျောင်းနေ ရဟန်းတော်များနဲ့ ဒုလ္လဘ ရဟန်းများက ဆွမ်းခံထွက်ကြရပါတယ်။ သီလရှင်များကတော့ လာရောက်ကြတဲ့ ဥပုသ်သည်များနဲ့အတူ တရားနာပြီး ကိုးပါးသီလ ခံယူကြရပါတယ်။ တရားနာပြီး ခဏအကြာ ၁၁ နာရီ ကျော်ကျော်လောက်မှာ ဆွမ်းစားကြရပါတယ်။ 



အချိုပွဲတွေ ဘာတွေ စားရင်း မွန်းတည့် ၁၂ နာရီမှာ စားသောက်ခြင်း အမှု ပြီးသွားတော့ အနားယူကြပြီး မွန်းလွဲ ၂ နာရီမှာ အလုပ်စခန်း ပြန်စပါတယ်။ သိပ်မပြည့်စုံတဲ့ ကျောင်းတိုက်မို့ ဆွမ်းစားဆောင်နဲ့ တရားနာခန်းမက အတူတူ ဖြစ်နေတော့ စားပွဲခုံတွေ ဟင်းကျန် ဆွမ်းကျန်တွေ ရှင်းလင်း သိမ်းဆည်းပြီးမှ တရားထိုင်ရာ ခန်းမ အဖြစ် ပြန်ပြင်ဆင်နိုင်မှာ မို့ပါ။ ၂ နာရီကနေ ၃ နာရီ အထိ တရားထိုင်၊ ပြီးတော့ နားပြီး ၅ နာရီမှာ ပဋိစ္စသမုပ္ပတ် တရားတော် သင်ကြား ဟောပြောပါတယ်။ ၆ နာရီမှာ ပြီးပြီးတော့ ၂ နာရီ နားပါတယ်။ ၈ နာရီမှာ တရားနာခြင်း သို့ တရားထိုင်ခြင်း ပြန်လည် စတင်ပြီး ည ၉ နာရီမှာ ပြီးဆုံးပါတယ်။

တရားထိုင်တာနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက အဘိုးရော အမေရော ပြောဆိုကြတာနဲ့ စာအုပ်တွေ ဖတ်ထားတာနဲ့ နည်းစနစ်တွေကိုလည်း သိနေပေမယ့်လည်း မလုပ်ဖြစ်ပါဘူး။ ခပ်ငယ်ငယ်ကမှ တစ်ခါတရံ ၁၅မိနစ်လောက် ထိုင်ဖူးသေးပေမယ့် ခုနောက်ပိုင်းတော့ လုံးဝကို ဘာမှလည်း မလုပ်ဖြစ်တာပါ။ ခုတရားစခန်းဝင်တော့မှပဲ စနစ်တကျ လုပ်ဖြစ်သွားပါတယ်။ ကိုယ်က သူများထက်ပိုပြီး အတွေးများတတ်တဲ့ လူမို့ ပြေးလွှားနေတဲ့ စိတ်ကလေးကို တည်ငြိမ်အောင်ထိန်းဖို့ အတော်ကြိုးစားရပေမယ့် တတ်နိုင်သမျှ ရတဲ့ အချိန်လေးမှာတော့ အကျိုးရှိအောင်တော့ ကြိုးစားလုပ်ခဲ့ပါတယ်။ အမှန်တကယ်တော့ တရားစခန်းဝင်မှ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အားတဲ့အချိန်လေးတွေမှာ တတ်နိုင်သလောက် ဘာဝနာ အလုပ်ကို လုပ်နေသင့်တာပါ။ တချို့က တရားစခန်းဝင်တယ်၊ ဝင်တယ် ဆိုပြီး အိမ်လည်း ပြန်ရောက်ရော တရားဆိုတာ ဘယ်နေမှန်းမသိ လုံးဝမေ့ပစ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေထဲပဲ ပြန်နစ်နေတတ်ကြတာပါ။ တကယ်တော့ ကိုယ် ဘယ်အချိန်သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အရာပါ။ အသက်ငယ်သေးတာပဲ ဆိုပြီး သေမင်းကလည်း မခေါ်ပဲ နေမှာ မဟုတ်ပါ။ အဲဒီတော့ ကိုယ် သွားတဲ့အချိန်မှာ ဒါန၊ သီလ၊ ဘာဝနာ နဲ့ ထိုက်သင့်သလောက် ပြည့်နေအောင် ကြိုးစားကြရမှာပါ။ (တကယ်တမ်းတော့ ကိုယ်လည်း မလုပ်ဖြစ်ပါဘူး... ဒါပေမယ့် မေ့လျော့နေတဲ့ စာဖတ်သူများကို သတိပေးချင်လို့ပါ ) 


ကိုယ်တို့ အားထုတ်ခဲ့တာ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ တရား နည်းလမ်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပတ် စက်ဝိုင်းကြီးကိုတော့ ပြန်ရှင်းမပြချင်တော့ပါဘူး။ မိုးကုတ် တရားစခန်း ဝင်ဖူးတဲ့ သူတိုင်း သိမှာပါ။ ဆရာတော် ဟောတာကလည်း ရှင်းလင်း ပြတ်သားပြီး နားလည်လွယ်ပါတယ်။ (ဒါပေမယ့် စာမေးပွဲစစ်မယ်လို့ ပြောတော့ ဘယ်သူမှ မလှုပ်ကြပါဘူး..။ :D)

အတိုဆုံး နဲ့ ကိုယ်သိသလို တရား နည်းစနစ်လေး တော့ပြန်ပြောပါရစေ...။ ကြာရှည်ထိုင်နိုင်မယ့် ပုံစံနဲ့ ကိုယ်နှစ်သက်သလို ထိုင်နိုင်ပါတယ်။ (ခြေထောက်တစ်ခုနဲ့ တစ်ခု မဖိပဲ တင်ပလ္လင်ခွေထိုင်ကတော့ အကောင်းဆုံးပါ) ခါးကို ခပ်ဆန့်ဆန့် သင့်လျော်သလိုထားနိုင်ပါတယ်။ အထိုင်ပြင်ပြီးရင်တော့ နှာသီးဖျားက ဝင်လေ ထွက်လေကို သိနေရမှာ ဖြစ်ပါတယ်။ အာနာပါန ကမ္မဌာန်း သက်သက်ကပဲ စိတ်တည်ငြိမ် သမာဓိ ရစေခြင်း၊ ရောဂါများ ပျောက်ကင်းစေခြင်း အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဝိပဿနာ အနေနဲ့ ပွားများမယ် ဆိုရင်တော့ ပုံမှန် အသက်ရှုနေရင်း နှာသီးဖျားကို ရိုက်ခတ်ပြီး ဝင်သွားတဲ့လေ၊ ထွက်သွားတဲ့လေကို သိနေရင်း စိတ်တည်ငြိမ်လာပြီ ဆိုရင် ကိုယ့်ရဲ့  ခန္ဓာကိုယ် တစ်ခုလုံးကို စိတ်အာရုံ အသိနဲ့ ခြုံကြည့်ပြီး ဝေဒနာ (ယားနာ၊ နာတာ၊ ကျင်တာ၊ အေးတာ၊ ပူတာ စသည်) ဖြစ်ပေါ်နေတဲ့ နေရာကို သိစိတ်ကို ပြောင်း သိရပါမယ်။ ဝေဒနာ ရဲ့
ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောလေးကို သိနေရမှာ ဖြစ်ပါတယ်။

ကိုယ် တရားစခန်း ဝင်ခဲ့တဲ့ ကျောင်းက ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ် အနီးက မဟာဇေယျုံကျောင်းတိုက်မှာပါ။ ဆရာတော်ကလည်း သက်တော် ငယ်ရွယ်ပြီး လက်ရှိ ပဲခူးတိုင်း ဥက္ကဌ ဖြစ်ပါတယ်။ အဲဒီကျောင်းက ဘုန်းကြီးကျောင်းသင် ပညာရေးကို အကောင်အထည်ဖော်နေတဲ့ ကျောင်းတစ်ကျောင်းပါ။ အနီးအနား ပတ်ဝန်းကျင်က ကျောင်းသားများအပြင် မတတ်နိုင်ရှာတဲ့ ခပ်ဝေးဝေး ရွာများက ကျောင်းသားများပါ လာရောက်တက်ကြပါတယ်။ သူငယ်တန်းမှ ဆယ်တန်းအထိ ဆရာ၊ ဆရာမများကို ပုံမှန် လခပေး ငှားရမ်းထားပြီး သင်ကြားစေပါတယ်။ ဆရာတော်က တရားပွဲများ လိုက်လံဟောကြားရင်း ရရှိသော အလှူငွေများကို အဲဒီ ပရဟိတ လုပ်ငန်း အတွက် သုံးစွဲနေတာပါ။ ဆယ်တန်း စာမေးပွဲကြီး နီးလာရင်လည်း နာမည်ကြီး ကျူရှင်ဆရာများကို ငှားရမ်းပေးပြီး ဆယ်တန်း ကျောင်းသားများကို  Guide လုပ်ပေးစေပါတယ်။ ကျူရှင်တက်ဖို့ မတတ်နိုင်တဲ့ ဘယ်သူမဆို လာရောက် တက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ 


ကိုယ်တို့ ညအိပ်ရတဲ့ အဆောင်က ကလေးတွေရဲ့ ကျောင်းဆောင်ပါ။ မမြင်ဖူးတာ ကြာပြီဖြစ်တဲ့ မြေဖြူနဲ့ ရေးတဲ့ ကျောက်သင်ပုံးတွေ ရှိပါတယ်။ ကလေးတွေရဲ့ ထိုင်ခုံ ခပ်စုတ်စုတ်လေးတွေကို စုပြီး ကုတင်လုပ်ပေးထားတာပါ။ အိမ်က လူတွေကလည်း ကိုယ့်ကို သီလရှင်ဝတ်ချင်တာ ကြိုမပြောလို့ ဆိုပြီး ပြောကြပါတယ်။ ကြိုပြောရင် ပိုပြီးပြည့်စုံတဲ့ ကျောင်းမှာ ဝတ်ဖို့ စီစဉ်ပေးမှာပေါ့လို့ ဆိုပေမယ့် ကိုယ့်အတွက်တော့ ခဏတဖြုတ် တရားအလုပ်လုပ်ခိုက်မှာ ပြည့်စုံတာ မပြည့်စုံတာကို စကားထဲ ထည့်မပြောချင်ပါ။ ဘုန်းကြီးကျောင်း ပညာရေး၊ ကလေးတွေ အတွက် လှူချင်စိတ်နဲ့ နောင် တရားစခန်းတွေ ပြည့်ပြည့်စုံစုံ ဖွင့်နိုင်အောင် ကျောင်းတိုက်အသစ် ဆောက်လှူချင်တွေတော့ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုယ်တို့ မိသားစုက နှစ်ဆန်းတစ်ရက်နေ့မှာ အရုဏ်ဆွမ်း တစ်နပ်စာ လှူခဲ့ပြီး ထွက်တဲ့ နေ့မှာလည်း တတ်နိုင်သလောက် နည်းနည်း ထပ်လှူခဲ့ပါသေးတယ်။ ပရဟိတ အလှူကို စိတ်ဝင်စားကြသူများ အတွက် ဒီကျောင်းတိုက်ကိုလည်း လှူနိုင်ပါတယ်လို့ သတင်းပေးလိုက်ပါရစေ..။

သိင်္ဂါကျော်

08 April, 2010

အကောင်းမြင်၊ အဆိုးမြင် နှင့် လက်တွေ့ကျသောအမြင်

(မနက်ဖြန် သင်္ကြန်ပိတ်ရက်မို့ အိမ်ပြန်ပါတော့မယ်။ ဇာတိမြို့မှာ internet ဆိုင်တွေ ရှိပေမယ့် connection ကတော့ သိတဲ့ အတိုင်း သိပ်ကောင်းတာမဟုတ်လို့ Post အသစ်လည်း တင်ဖြစ်မယ် မထင်ပါ။ Blog ပေါ်ကနေ သုံးပတ်လောက် ပျောက်နေမယ့် အကြောင်း ခွင့်တိုင်သွားပါတယ်နော်..။ မသွားခင် ကိုဇော်ရဲ့ အမြင်များ ဆိုတဲ့ Tag post လေးကို ခပ်တိုတိုပဲ ရေးတတ်သလိုရေးပြီး တင်လိုက်ပါတယ်။)
-------------------------------------------------------------------------------------------------------------
"The pessimist complains about the wind; the optimist expects it to change; the realist adjusts the sails."
—William A. Ward

“အဆိုးမြင်သမားက လေမုန်တိုင်းထန်ရင် ဘယ်လိုလုပ်မလဲလို့ တွေးတယ်၊ အကောင်းမြင်သမားကတော့ ရာသီဥတုကောင်းသွားမှာပါလို့ မျှော်လင့်တယ်၊ လက်တွေ့သမားကပဲ ရွက်တွေကို ညှိရတယ်” လို့ William A. Ward က ပြောပါတယ်။

ကိုယ့်ကို အကောင်းမြင်သမားလားလို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အဆိုးမြင်သမားလား လို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး တစ်ခါတလေလည်း အကောင်းမြင်ပေးနိုင်တာ ရှိသလို တစ်ခါတလေလည်း အကောင်းမြင် မပေးနိုင်တာမျိုး ရှိတတ်တာပဲလေ။ များသောအားဖြင့်တော့ အမှန်ကို အမှန်အတိုင်း မြင်နိုင်အောင် တတ်နိုင်သမျှကြိုးစားပါတယ်။

အားလုံးသိကြတဲ့ ပုံပြင်ထဲကလို အကောင်းမြင်သမားက ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်ကို တွေ့တော့ ရေတစ်ဝက်တောင် ရှိသေးတာပဲ လို့ ပြောတယ်၊ အဆိုးမြင်သမားကတော့ ရေတစ်ဝက်ပဲ ကျန်တော့တယ် လို့ ပြောပါတယ်။ တကယ်တော့ ဒီရေကို ခပ်ကတည်းက အပြည့်မလိုချင်လို့ တစ်ဝက်ထဲ ခပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတဲ့ အဖြစ်မှန်ကိုသာ မြင်ဖို့ အရေးကြီးတာပါ။

ကိုယ်တို့ မြန်မာတွေကလည်း တကယ်တော့ အကောင်းမြင်သမားတွေများပါတယ်။ ကိုယ့်ဘဝကိုယ် ရောင့်ရဲတင်းတိမ် ကျေနပ်နေတတ်တာကလည်း အကောင်းမြင်တတ်တာပဲ မဟုတ်လား။ အဲလိုသာ အမြဲ အကောင်းမြင်ပြီး ကိုယ့်အခြေအနေကိုယ် ကျေနပ်နေရာကနေ တိုးတက်ဖို့ မကြိုးစားဘူး ဆိုရင်လည်း အဲဒါ ကောင်းတဲ့ ရလာဒ် မဟုတ်ပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက်ဆိုးနေတယ် ဆိုတာကိုလည်း အဆိုးမြင်သမား ရှုထောင့်ကနေ မြင်တတ်ဖို့ လိုပါတယ်။ ဆိုးတာကို ကောင်းတယ်လို့ အတင်းကြီး အကောင်းမြင်နေပြီး ပြင်ဆင်ဖို့ မကြိုးစားတာမျိုးကလည်း မမှန်ဘူးလို့ ထင်ပါတယ်။ ဆိုးတာကို ဆိုးတယ်လို့ အမှန်ကို အမှန်အတိုင်း မြင်တတ်မှသာ ပိုပြီးကောင်းအောင် ပြင်ဆင်ဖို့ အခွင့်အလမ်း ရှိမှာပါ။

ဒါပေမယ့် အဆိုးကို မှန်မှန်ကန်ကန် မြင်တာထက် ပိုပြီး အရာရာကို အပျက်သဘောချည်း မြင်နေတာမျိုးကတော့လည်း မကောင်းပါဘူး။ ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို မလုပ်ခင်ကတည်းက မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘောနဲ့ ရှုမြင်တာမျိုးကလည်း မအောင်မြင်မှုကို ဦးတည်နေတဲ့ အမြင်မျိုးပါ။ ပြဿနာ တစ်ခုကြုံလာရင် အဆိုးတွေပဲ တွေးတောပြီး ငြီးတွားနေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို အပြုသဘော အမြင်နဲ့ ရှုမြင်ပြီး စိတ်ရှည်သည်းခံမှုနဲ့ အဖြေရှာမှသာ ဘဝမှာ အောင်မြင်မှုတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုးမြင်တာရော အကောင်းမြင်တာရော နှစ်ခုစလုံးမှာ အစွန်းရောက်လွန်းတာကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ အဓိကတော့ လက်တွေ့ကျတဲ့ အမြင်နဲ့ ကြိုးစားအားထုတ်မှုပါပဲ။

လေ့လာချက်တွေအရ အကောင်းမြင် အပြုသဘော ဝါဒီတွေဟာ အသက်ပိုရှည်ကြတာကို တွေ့ရပါတယ်တဲ့။ အကောင်းမြင်သမားတွေမှာ သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိပြီး အဆိုးမြင်ဝါဒီတွေမှာတော့ သေဆုံးနှုန်း ၅၇ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ အဆိုးမြင်ဝါဒီတွေမှာ heart attack နဲ့ တစ်ခြားရောဂါတွေ ပိုဖြစ်နိုင်ပြီး စိတ်ခံစားချက်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေလည်း ပိုဖြစ်လွယ်တယ်လို့ ဆိုပါတယ်။

 အပြုသဘောအမြင်ဟာ ကောင်းမွန်တယ် ဆိုတဲ့အကြောင်း သေချာစေတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ ဖြစ်နိုင်တယ်လို့ စိတ်ပိုင်းဖြတ်ပြီး အပြုသဘောနဲ့ ကြိုးစားခဲ့တဲ့အတွက် ရည်မှန်းချက် ပြည့်မြောက်ခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ပထမဆုံး ကိုယ်ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် အဆိုးကို အဆိုးအတိုင်း မြင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးအမြင်နဲ့ကြည့်ပြီး ဘာတွေ လိုအပ်နေသလဲ၊ ဘာတွေ ပြုပြင်ဖို့ လိုနေသလဲ ဆိုတာ လက်တွေ့ကျကျ သုံးသပ်ကြည့်ရပါမယ်။ ပြီးရင်တော့ ဒါကို ပြင်ဖို့မလွယ်ဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘော အတွေးမျိုး မတွေးပဲ အပြုစိတ်ထားနဲ့ လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားဖို့လိုပါတယ်။ အဲဒါမှသာ ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင် ပြင်ဆင်လို့ မရနိုင်တဲ့ ပတ်ဝန်းကျင်က အရာတွေကိုတော့ အဆိုးမြင်နဲ့ချည်း ကြည့်ပြီး စိတ်ပျက်လက်မှိုင်ချမနေပဲ အကောင်းဘက်က လှည့်တွေးသင့်ရင်လည်း တွေးရပါမယ်။ တစ်ချို့အရာတွေကျတော့လည်း လက်တွေ့ကျကျ မြင်နိုင်မှ အဆင်ပြေသွားတာပါ။ စာဖတ်သူရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်ပါသလဲ...။ အကောင်းမြင်သမားလား...။ အဆိုးမြင်သမားလား...။ လက်တွေ့ကျကျ မြင်တတ်သူလား...။

သိင်္ဂါကျော်
8.4.2010
9:40 PM

06 April, 2010

သစ္စာဖြင့် တည်ဆောက်သော နှလုံးသား


“ခင်ဗျားမှာ ထောက်ပံစရာ မိသားစု မရှိဘူး ဆိုပြီး ဘာလို့ ဒီလောက်တောင်ကြိုးစားနေရတာလဲဗျ၊ မိန်းမယူဖို့လား”
ခင်မင်သူ တစ်ချို့က ပြောရလောက်အောင်ပင် သူက နေ့ရော ညရော အလုပ်တွေ ကြိုးစားလုပ်ခဲ့သည်။ ကျန်းမာရေး မထိခိုက်အောင် စားသောက်တာကလွဲလို့ ဘာမှ ဟော့ဟော့ရမ်းရမ်း မသုံးစွဲ။ အပျော်အပါး ဆိုတာ ဝေလာဝေး။ သူ့အတွက်တော့ ပိုက်ဆံများများ ရှာနိုင်ပြီး အိမ်ပြန်နိုင်ဖို့ကသာ အဓိက ဦးတည်ချက်ဖြစ်ပါသည်။ သူ့မှာ ဒီကို မလာခင်ကပင် မိဘများက မရှိခဲ့တော့ပါ။ အဖေ့ အစ်ကို ဦးလေး တစ်ယောက်၏ အဆက်အသွယ်နှင့် ဒီကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ အခုတော့ ထိုဦးလေး စိုက်ထားပေးခဲ့သော အကြွေးတွေကိုလည်း ဆပ်နိုင်ပြီးပါပြီ။ သူ့ရဲ့ တစ်ခုတည်းသော ဦးတည်ရာက သူမ ဆီကို ပြန်ဖို့ပင်။ သို့သော် အခုအချိန်မှာ သူမ ဘယ်နေရာမှာ ဘယ်လိုနေထိုင်သလဲ ဆိုတာတောင် သူသေချာမသိ။ သူမ သူ့ကို စောင့်နေလိမ့်မည် လို့ သူယုံကြည်ထားသည်ကတော့ ဘယ်တော့မှ ပျက်လိမ့်မည် မဟုတ်ပါ။
***
အောင်စစ်ပိုင် နှင့် မေလရိပ်တို့က အလယ်တန်း ကတည်းက တစ်ကျောင်းတည်း တက်ခဲ့သော သူငယ်ချင်းတွေ။ လရိပ်က ထို မြို့သစ် အထက်တန်းကျောင်းမှ ကလေး အများစုနှင့် အခြေအနေ မတူသော်လည်း သူမ အဒေါ်ဆရာမက ထိုကျောင်းမှာ တာဝန်ကျသဖြင့် သူမက ထိုကျောင်းကို လိုက်တက်ခဲ့ခြင်း ဖြစ်သည်။ အောင်စစ်ပိုင် တို့ မိသားစုက သာမန် လက်လုပ်လက်စားတွေ။ သားသမီးက သူ တစ်ယောက်တည်း ရှိသဖြင့်သာ ကျောင်းတွေ ဘာတွေ ထားနိုင်ခြင်း ဖြစ်သည်။ လရိပ် မိဘတွေ ကတော့ မြို့ထဲမှာ အတော်အတန် ချမ်းသာသူတွေ ဖြစ်သည်။ ငယ်ငယ်ကတော့ သူတို့လည်း အခြေအနေတွေ အဆင့်အတန်းတွေလည်း မသိရှိပဲ ခင်မင်ခဲ့ကြသည်။ ကြီးလာတော့လည်း သံယောဇဉ်တို့ တိုးပွားပြီး ၅၂၈ ကနေ ၁၅၀၀ ကို ကူးပြောင်းခဲ့ကြသည်။ ၉ တန်း နှစ်မှာပင် သူတို့ ချစ်သူအဖြစ် ရောက်ခဲ့ကြသည်။ သို့ပေမယ့် အရင်ကတည်းက သွားအတူ လာအတူ သူငယ်ချင်းတွေမို့ ဘယ်သူမှ မရိပ်မိကြ။ သူတို့ နှစ်ယောက်လုံးကလည်း စာတော်ကြသူတွေ ဖြစ်သဖြင့် ဆရာ၊ ဆရာမ တွေကလည်း ချစ်ခင်ကြသည်။ သူတို့နှစ်ယောက်ကို ချစ်သူ အနေနှင့်ဆိုလည်း သူတို့ကတော့ သဘောတူကြမှာပင်။ သူမ အဒေါ်ကလည်း အောင်စစ်ပိုင်ကို ရိုးရိုးအေးအေး ကျောင်းသားတစ်ယောက် အနေနှင့် ချစ်ခင်သူမို့ နည်းနည်းတော့ ရိပ်မိပုံ ရပေမယ့် မသိချင်ယောင် ဆောင်နေသည်။

ပြဿနာက ဆယ်တန်းအောင်ပြီးမှ စသည်။ သူတို့နှစ်ယောက်အကြောင်းကို လရိပ်မိဘတွေ သိသွားတော့ မိုးမီးလောင်တော့သည်။ လရိပ်ကို ရန်ကုန် ချက်ချင်း ပို့ဖို့ပြင်သည်။ တက္ကသိုလ်တက်ရလျှင်လည်း ရန်ကုန်မှာ တက်ရမယ့် အတူတူ ခုကတည်းက ရန်ကုန်မှာနေပြီး သင်တန်းတွေတက်ရင်းစောင့်ဖို့ စီစဉ်သည်။ အောင်စစ် အတွက်ကတော့ တက္ကသိုလ်တက်ရဖို့ပင် မသေချာသော အခြေအနေ။ မေမေက အတော် မကျန်းမမာ ဖြစ်နေသည်။ ဖေဖေကလည်း မေမေ့ ဆေးဖိုးကိုပင် မနည်း ရှာနေရသော အခြေအနေ။ အောင်စစ်က စာမေးပွဲ ဖြေပြီးကတည်းက ဝပ်ရှော့မှာ အလုပ်ဝင်လုပ်နေရပြီ။ လရိပ်က ရန်ကုန် မသွားခင် ပြေးလာပြီးပြောသည်။ “ထွက်ပြေးကြစို့” တဲ့။ သူမ ရန်ကုန်ကို တစ်ယောက်တည်း မသွားချင်ပါ ဟု ဆိုသည်။ သူ့အတွက်တော့ စဉ်းစားစရာပင် မလိုသော အခြေအနေ။ ဘယ်လိုမှ မဖြစ်နိုင်တာ သူသိသည်။ သူမ ကို သူ ချစ်ပါသည်။ သို့သော် သူတို့ အသက်တွေ တော်တော် ငယ်ကြသေးသည်။ အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေး။ လရိပ်ကို ချော့မော့ပြီး ပြန်လွှတ်လိုက်ရသည်။ ရန်ကုန်ရောက်မှ စာရေးပါ၊ သူလာတွေ့ပါမည် ဟု ကတိပေးလိုက်ရသည်။

ရောဂါသည် မေမေက ဘာမှမဖြစ်ပဲ ဖေဖေက အက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားသည်။ အောင်စစ် အတွက် အရိပ်တစ်ခု ပြိုလဲသွားသလိုပင်။ မေမေက အိပ်ရာထဲပြန်လဲ သွားတော့ အောင်စစ်ပဲ အစစ စီစဉ်ရသည်။ မကြာပါ။ မေမေကလည်း စိတ်ထိခိုက်ပြီး ဖေဖေ့နောက် လိုက်သွားသည်။ တစ်လကျော်ကျော်သာ ကွာသည်။ အောင်စစ် အတွက် ဖြေဆည်ရာမရအောင် ဖြစ်ရသည်။ အသိုက်ပျောက်တဲ့ငှက်တစ်ကောင်လို ဘာလုပ်ရမှန်းမသိပဲ လောကကြီးထဲ တစ်ယောက်တည်း ကျန်ခဲ့ရသည်။ ရှေ့လျှောက် သူတစ်ယောက်တည်း ဘဝကို ဆက်လျှောက်ရတော့မည်။ ကံကောင်းထောက်မစွာနှင့် အဖေ့ကို နှစ်ပေါင်းများစွာ အဆက်အသွယ် မလုပ်ပဲ ပစ်ထားခဲ့သော အဖေ့အစ်ကိုက ဆက်သွယ်လာသည်။ အောင်စစ် စိတ်ပြေလက်ပျောက် သဘောနှင့် ဦးလေးခေါ်ရာ ရန်ကုန်သို့ လိုက်သွားမိသည်။ ရန်ကုန်မှာ လရိပ်နှင့် ပြန်ဆုံကြသည်။ လရိပ်က ရန်ကုန်ရောက်ကတည်းက တစ်ပတ် တစ်ခါလောက် စာထည့်ခဲ့သည်။ သူကလည်း သူ့မိဘတွေ မဆုံးခင်ကတော့ အမြဲတမ်း စာပြန်ခဲ့သည်။ လရိပ်က ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့်ရသည် ကို သူသိရသည်။ သူကတော့ အဝေးသင်ပဲ တက်ဖို့ လျှောက်ထားသည်။

ဦးလေးက ဒီမှာ အလုပ်လုပ်ရင်း အဝေးသင်တက်မယ့်အစား နိုင်ငံခြား သွားပြီး အလုပ်လုပ်ဖို့ အကြံပေးသည်။ ထိုဦးလေးက ဘဝကို ပျော်ပျော်ဖြတ်သန်းနေသော လူပျိုကြီး။ ကုန်ကျစားရိတ်အားလုံးလည်း ဦးလေးကပဲ စိုက်ပေးပြီး အစစအရာရာ စီစဉ်ပေးဖို့ တာဝန်ယူသည် ဆိုမှတော့ တွယ်တာစရာ မရှိသော အောင်စစ်အတွက် ငြင်းဆန်စရာ မရှိပါ။ ခုလိုအခြေအနေနှင့်ဆို လရိပ်မိဘတွေကလည်း သူတို့ကို သဘောတူဖို့ မျှော်လင့်စရာ လုံးဝမရှိပါ။ အိမ်ထောင်တစ်ခု တည်ထောင်နိုင်ဖို့ သူပိုက်ဆံရှာရမည် ဟု အောင်စစ်က ဆုံးဖြတ်လိုက်သည်။ လရိပ်ကို ပြောပြတော့ သူမကလည်း တက္ကသိုလ်မှာ မာစတာ ပြီးအောင် တက်ချင်သေးတာမို့ သူမ ကျောင်းတက်နေတဲ့ ကာလအတွင်း အောင်စစ် တစ်ခြားမှာ အလုပ်သွားလုပ်ဖို့ သဘောတူလိုက်သည်။

အောင်စစ် နောက်နေ့သွားမယ်ဆို ဒီနေ့လို နေ့မျိုးမှာ လရိပ်ကို သွားနှုတ်ဆက်တော့ အခြေအနေက တစ်မျိုးဖြစ်နေသည်။ လရိပ်ကို လူတစ်ယောက် နှင့် စေ့စပ်ဖို့ သူမ မိဘတွေက ပြောလာသည်ဟု ဆိုသည်။ အဲဒီလူက နောက်နှစ်ရက်လောက် နေရင် လာတော့မည်။ အဲလို လောရခြင်း အကြောင်းမှာလည်း သူတို့နှစ်ယောက် အကြောင်း သူမ မိဘတွေက ရိပ်မိသွားသောကြောင့်ပင် ဖြစ်သည်။ လရိပ်က သူ့ကို မသွားတော့ဖို့ ပြောသည်။ လောလောဆယ် သူမက စာမေးပွဲဖြေပြီး ကျောင်းခဏ ပိတ်ထားသောကြောင့် နှစ်ဦးသား ထွက်ပြေးပြီး တစ်နေရာမှာ ဘဝသစ် ထူထောင်ကြဖို့ စိတ်ကူးကို ပြောလာသည်။ အောင်စစ်က လက်မခံနိုင်ပါ။ အစစ စီစဉ်ပြီးနေသော ကိစ္စတစ်ခုကို သူမဖျက်ချင်ပါ။ ကုန်ကျထားတာကလည်း မနည်းဘူး မဟုတ်လား။ လရိပ်ကို နားလည်အောင် ပြောပြတော့ သူမက သူမပါ လိုက်ချင်သည်ဟု ဆိုလာပြန်သည်။ ဒီလိုတော့လည်း သူက သူမရဲ့ ရှေ့ရေးကို မဖျက်ဆီးချင်ပါ။ နှစ်ယောက်သား သဘောတူညီချက် မရနိုင် ဖြစ်နေသည်။ လရိပ်က သူ့မိဘတွေကို လွယ်လွယ်ကူကူ ငြင်းဆန်မရနိုင်မှာကိုလည်း သိထားသည်။ အောင်စစ် အတွက်လည်း လောလောဆယ် ဘာမှမတတ်နိုင်ပါ။ သူတို့နှစ်ယောက် တွေ့ဆုံခြင်းက မကျေမလည်နှင့်ပင် ပြီးသွားသည်။  

သူသွားကာနီး သူမကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ပါ။ သူ့မှာ စိတ်တထင့်ထင့်နှင့်ပင် လေဆိပ်ကို ဆင်းခဲ့ရသည်။ သို့သော် သူမက လေဆိပ်ကိုတော့ မှီအောင် လိုက်လာခဲ့ပါသည်။
“လရိပ် ... တော်သေးတာပေါ့ကွာ၊ ဖုန်းဆက်မရလို့ ကိုယ်က စိတ်ပူနေတာ...”
“တော်ပါ.. သူများဘက်ကို နည်းနည်းမှ မကြည့်ပဲ သူလုပ်ချင်ရာ လုပ်မယ့်သူကများ..”
“ကိုယ်လုပ်တာကလည်း တကယ်တော့ ကိုယ်တို့နှစ်ယောက် အတွက်ပဲလေကွာ..”
“လရိပ်လည်း သိပါတယ်.. ဒါပေမယ့် အောင် မရှိတုန်း လရိပ် အိမ်က ပေးစားတဲ့လူနဲ့ ယူလိုက်ရရင်တော့ မတတ်နိုင်ဘူး”
“အဲလို မပြောပါနဲ့ကွာ..၊ ကိုယ်တို့ အရင် အစီအစဉ်အတိုင်း လရိပ်က ကျောင်းပြီးအောင်တက်လေ၊ ကျောင်းမပြီးခင် “အိမ်ထောင်မပြုချင်သေးဘူးလို့ လရိပ် အိမ်ကို ပြောထားပေါ့ကွာ.. ကိုယ်နဲ့လည်း မတွဲတော့ဘူး ဆိုရင် လရိပ် အိမ်က စိတ်ချမှာပါ”
“အလကား ပြောတာ၊ စိတ်မပူပါနဲ့ အောင်ရယ်၊ လရိပ်က အောင် ပြန်လာတဲ့အထိ စောင့်မှာပါ၊ အောင့်ဘက်ကလည်း သစ္စာမဖောက်ကြေးနော်..၊ တစ်ခုခုဆို လရိပ်က အောင့်ကို လာသတ်မှာ သိလား”
“ဟားဟား.. စိတ်ချပါကွာ.. လရိပ်ကလွဲရင် ကိုယ့်ဘဝမှာ ဘယ်သူမှ မရှိပါဘူး”

အဲလိုနှင့်ပင် အောင်စစ်က ချစ်သူနှင့် အဝေးမှာ ကြမ်းတမ်းသော လမ်းကို စလျှောက်ခဲ့သည်။  သူ့ပညာအရည်ချင်းနှင့် ရသော အလုပ်ဆိုတာကလည်း ပင်ပင်ပန်းပန်း အလုပ်များသာ ဖြစ်ခဲ့သည်။ သူ့ဦးလေး စိုက်ထားသော အကြွေးများကို ဆပ်အပြီးမှာ သူလည်း အချိန်ပိုင်း နှင့် အလုပ်လုပ်ရင်း ကျောင်းပါ ဆက်တက်ဖြစ်ခဲ့သည်။ လရိပ်ကို ရောက်ကာစကတော့ စာရေးဖူးသည်။ လရိပ်က အိမ်က သိသွားမည် စိုးသောကြောင့် စာမရေးပါနှင့် ဆိုသောကြောင့် သူ စာမရေးဖြစ်တော့။ လရိပ်ဆီက ပထမပိုင်း တစ်စောင် နှစ်စောင် စာလာသေးသော်လည်း နောက်ပိုင်း မလာတော့။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ယောက်သားရဲ့ ယုံကြည်ချက်နှင့် သစ္စာကတော့ မပျက်နိုင် ဟု သူ စိတ်ထဲက သိနေပါသည်။
*****
လေဆိပ်ကို ခြေချလိုက်ကတည်းက ကြိုဆိုမယ့်သူ တစ်ယောက်မှ မရှိပေမယ့်လည်း သူ့ရင်မှာ နွေးထွေးလာသည်။ မတတ်သာလို့သာ ခွဲခွာလာရသော မွေးရပ်မြေ။ ချစ်သူ ရှိသော မြေ။ သူ့ကျေးဇူးရှင် ဦးလေးကလည်း ပြီးခဲ့သော နှစ်ကပင် ဆုံးသွားခဲ့ပြီ။ ဆုံးသွားပြီးမှ သူသိရသဖြင့် ပြန်မလာဖြစ်ခဲ့ပါ။ ခုတော့ သူဟာ တစ်ကောင်ကြွက်စစ်စစ်။ ချစ်သူကလွဲလို့ ဘယ်သူမှမရှိ။ တကယ်တော့ အဲဒီ တစ်ယောက်တည်းသော ချစ်သူကလည်း ဘယ်ဆီ ရောက်ပြီး ဘာတွေ လုပ်နေတယ်ဆိုတာ သေချာမသိရသော သူ့အဖြစ်က ဆိုးဆိုးဝါးဝါး ဇာတ်နာလှသည်။

လရိပ်က အရင်ကိုင်သော mobile ဖုန်းကိုလည်း မကိုင်တော့ပါ။ အရင် နေသော အိမ်မှာလည်း မနေတော့ပါ။ သူတို့ ဇာတိမြေကို သွား စုံစမ်းကြည့်တော့... အဲဒီမှာလည်း တစ်မိသားစုလုံး မရှိတော့ပါ။ ရန်ကုန်ပြောင်းသွားတာ သုံးနှစ်လောက်တောင် ရှိပြီ ဟု ပြောကြသည်။ ရန်ကုန်မြို့ကြီးထဲ သူမကို လွယ်လွယ်ကူကူ ရှာတွေ့ရန် မလွယ်ကူမှန်း သိသော်လည်း သူကတော့ လက်လျှော့လိမ့်မည် မဟုတ်ပါ။

ချစ်သူကို မတွေ့ရသော်လည်း သူလျှောက်ရမည့်လမ်းကတော့ ရပ်တန့်ထားလို့ မရနိုင်ပါ။ ဒီမြေပေါ် ပြန်နေရချိန်မှာ သူ့ဘဝအဓိပ္ပါယ် ရှိသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း.. ချစ်သူ မရှိသော သူ့ဘဝက အရင်လိုပဲ အဓိပ္ပါယ် ကင်းမဲ့နေဆဲ...။ စက်ရုပ်တစ်ရုပ်လို သူ အလုပ်တွေ လုပ်နေဆဲ...။ အချစ်ရေးသာ ကံမကောင်းသော်လည်း စီးပွားရေးမှာတော့ သူက ကံကောင်းတယ်လို့ ပြောလို့ရနိုင်သည်။ သူ လုပ်သမျှက အောင်မြင်ခဲ့သည်။

သူပြန်ရောက်ပြီး တစ်နှစ်ပြည့်ကာနီး အချိန်လောက်ကျမှ လရိပ် သူငယ်ချင်း ချိုချို နှင့် သူတွေ့ခဲ့ပြီး လရိပ်တို့ မိသားစု ဘယ်မှာနေသည်ကို သိခဲ့ရသည်။ လရိပ် မိဘတွေလည်း အရင်လောက် အခြေအနေမကောင်းတော့ပဲ အရင်လိုလည်း မာန်မာန မပြင်းထန်တော့ကြောင်း သိရတော့ သူ့အတွက် မျှော်လင့်ချက်ရှိလာသည်။ သူကလည်း အရင်က အောင်အောင်မှ မဟုတ်တော့ပဲလေ...။ စီးပွားရေး လုပ်ငန်းရှင်ကလေး တစ်ယောက် ဖြစ်နေပြီပဲ။ တကယ်တော့ လရိပ် အိမ်ထောင်မကျသေးဘူး ဆိုတာကပင် သူ့အတွက် အကြားချင်ဆုံး စကားတစ်ခွန်း ဖြစ်ခဲ့သည်။ ကျန်တာ ဘာပဲဖြစ်ဖြစ် သူ ဂရုမစိုက်ချင်။ သူမျှော်လင့်သလိုပင် ချစ်သူက သူ့ကို စောင့်နေခဲ့သည်။
*****
လရိပ် အိမ်ကို ရောက်တော့မှ သူမျှော်လင့်မထားသော အခြေအနေတစ်ခုလည်း ရှိနေခဲ့သည်ကို တွေ့ရတော့သည်။ သို့သော် သူ့စိတ်ကတော့ ဘာမှ ပြောင်းလဲမည် မဟုတ်ပါ။

လရိပ်က ငြင်းဆန်သည့် ကြားမှ သူက လက်ထပ်ဖြစ်အောင် လက်ထပ်ခဲ့သည်။ ခုလိုအချိန်မှတော့ လရိပ် မိဘများကလည်း မကန့်ကွက်ကြတော့ပါ။

သူတို့အိမ်မှာ အိမ်အကူ အဒေါ်ကြီးတစ်ယောက် ခေါ်ထားသော်လည်း လရိပ်က ချက်တာပြုတ်တာကို ကိုယ်တိုင် စီစဉ်တာများသည်။ အရင်က အောင်စစ် တစ်ယောက်တည်း နေစဉ်က ခြောက်သွေ့တိတ်ဆိတ်နေခဲ့သော အိမ်ကလေးမှာ ယခုတော့ အသက်ဝင် တောက်ပလာသည်။ လရိပ်က သူ့ဘီးတပ် ကုလားထိုင်လေးနှင့် သူ့ဟာသူ လျှောက်သွားဖို့လည်း အသားကျနေပြီ။ အဒေါ်ကြီးကို ခြံထဲမှာ ပန်းခူးခိုင်းပြီး ဘုရားပန်းအိုးတွေ သူ့ဟာသူ လဲသည်။ ဧည့်ခန်းထဲမှာလည်း လှတပတ ပန်းအိုး ထိုးတတ်သည်။ အောင်စစ် အလုပ်သွားသော အချိန်တွေမှာ သူ့ ကွန်ပျူတာ ကလေး နှင့် အချိန်ကုန်တတ်သည်။ အောင်စစ်က နေ့လည်ဘက် တစ်ခါလောက်တော့ ဖုန်းအမြဲဆက်သည်။ ညနေဘက် တစ်ခါတရံ နောက်ကျမည် ဆိုလျှင်တော့ နောက်တစ်ခေါက် ထပ်ဆက်တတ်သည်။ စက်ရုပ်လို လှုပ်ရှားနေဖြစ်သော သူ့ဘဝအတွက် လရိပ်က ပျော်ရွှင်စေသော အလင်းရောင်ကလေး...။ သူ့နံဘေးက ထပ်ချပ်မကွာ မလိုက်နိုင်စေကာမူ လရိပ် အိမ်မှာ ရှိနေခြင်းက သူ့ဘဝကို အဓိပ္ပါယ်ပြည့်ဝစေသည်။ တစ်ခါတရံတော့လည်း ညစာစားပွဲတွေ၊ ဧည့်ခံပွဲတွေမှာ လရိပ်နှင့် အတူတွဲ၍ တက်ချင်မိသည်။
*****
“အောင်၊ ဒေါ်မို့မို့ထွဋ် ဆိုတာ ဘယ်သူလဲ ဟင်”
“ဘာဖြစ်လို့လဲ၊ အမျိုးသမီးဝတ်အင်္ကျီ တံဆိပ် တစ်ခု ထုတ်တဲ့ လုပ်ငန်းရှင် တစ်ယောက်ပဲ၊ သူကိုယ်တိုင်လည်း ဒီဇိုင်းနာ တစ်ယောက်ပဲလေ၊ လရိပ်က အဲဒီနာမည်ကို ဘယ်လိုလုပ်သိတာလဲ”
“ဒီလိုပဲ သိတာပေါ့၊ အောင်နဲ့ အရမ်း အတွဲညီတာပဲလို့ လူတကာက ပြောကြတယ်တဲ့”
“ဘာ၊ ဘာဖြစ်တယ်”
“ဒင်နာတွေမှာ ဆိုလည်း အတူတူ တွဲပြီး တက်နေကြ ဆို”
“နေစမ်းပါဦး၊ ဒီကိစ္စ ဘယ်သူက ချွန်ပေးလိုက်တာလဲ၊ ဒင်နာတွေမှာတော့ ဒီလိုပဲ သွားရင်းလာရင်း တွေ့ကြတာပဲ၊ သူကလည်း အတွဲမပါ၊ ကိုယ်ကလည်း အတွဲမပါတော့ တစ်ခါတလေလည်း အတူထိုင်ဖြစ်ကြတာပေါ့၊ အဲဒါနဲ့ပဲ လျှောက်ပြောစရာလားကွာ၊ လူတွေကလည်း ခက်ပါတယ်”
“အောင်က အဲလို မိန်းမမျိုးကို ယူခဲ့သင့်တာလေ၊ အခု လရိပ်ကို လက်ထပ်ခဲ့တာ နောင်တများ ရနေပြီလားလို့”
အဲဒီစကားတစ်ခွန်းကတော့ သူ့အချစ်ကို စော်ကားရာ ကျသည်ဟု သူထင်ပြီး ဒေါသထွက်သွားသည်။
“ဟုတ်တယ်၊ နောင်တရတယ်၊ ငါ့အလုပ်မှာ အထောက်အကူ မရတဲ့ မိန်းမမျိုး၊ ငါ့ဘေးမှာ အမြဲတမ်း တွဲမလိုက်နိုင်တဲ့ မင်းလို မိန်းမမျိုးကို ယူမိတာ နောင်တရတယ် သိလား”
စိတ်ပေါက်ပေါက်နှင့် ပြောချင်ရာ လျှောက်ပြောပြီး သူထွက်လာခဲ့သည်။ လရိပ် ဘယ်လို ဖြစ်ကျန်ခဲ့သည်ကို သူမသိတော့။ ကားလျှောက်မောင်းပြီး ကော်ဖီဆိုင်မှာ ခပ်ကြာကြာထိုင်သည်။

သူ ပြန်ကာနီးမှာ စိုးမင်းနိုင်၊ ဝဏ္ဏ တို့နှင့် တွေ့သည်။ သူတို့က မူလတန်းကနေ ဆယ်တန်း အထိ ခင်မင်ခဲ့သော အကြောင်းသိ သူငယ်ချင်းတွေ။ အခု စိုးမင်းနိုင်ကလည်း ရန်ကုန်မှာ အခြေချနေသည်။ အိမ်ထောင်မကျသေး။ ဝဏ္ဏ ကတော့ ဇာတိမှာပဲ အိမ်ထောင်ကျပြီး အခုကတော့ အလုပ်ကိစ္စနှင့် ခဏ လာခြင်း ဖြစ်သည်။ သူတို့က အတင်းခေါ်သဖြင့် စိုးမင်းနိုင်အိမ်ကို ပါသွားသည်။ လရိပ်ကို ဖုန်းဆက်မလို့ လုပ်ပြီးမှ လောလောဆယ် စကားများလာတာကို သတိရပြီး တမင် မဆက်ပဲ ထားလိုက်သည်။ တစ်ညလောက်တော့ ပစ်ထားလိုက်ဦးမည်။ သူ့ကိုများ ဒေါ်မို့မို့ထွဋ် လို အမျိုးသမီးနှင့် စကားနာထိုးရတယ်လို့...။ သူ့ထက် အသက်လည်းကြီးသေး.. ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ဆရာလုပ်ဖို့လည်း ဝါသနာပါသော ထို အမျိုးသမီးကိုများ အောင်စစ် က ကြိုက်လိမ့်မည်ဟု ထင်သလား...။ လရိပ်ကလေးက တော်တော် ခက်သေးသည်။ အောင်စစ် တစ်သက်မှာ သူမ တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တော့တာကို မယုံကြည်နိုင်သေးတာပဲလား...။ သူမ ကိုယ်သူမပဲ အားငယ်နေတာလား... မသိပါ။

မဆုံတာကြာပြီ ဖြစ်သောသူငယ်ချင်း သုံးယောက် ဆုံဖြစ်ကြတာမို့ ညဘက် ဘီယာသောက်ရင်း စကားပြောကြတာ တော်တော်ညနက်သွားသည်။ တော်သေးသည်က နောက်နေ့က တနင်္ဂနွေမို့ ကုမ္ပဏီပိတ်လို့ တော်သေးသည်။ မနက်ကျတော့လည်း နောက်ကျမှ နိုးလာကြသည်။ သူက နိုးနိုးချင်း ပြန်ချင်သော်လည်း သူတို့ကတားထားသဖြင့် မပြန်ဖြစ်သေးပဲ လက်ဖက်ရည်ဆိုင်ကို ပါသွားသည်။ အလုပ်တာဝန်တွေ မေ့ထားပြီး လူငယ်တွေလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားပြောဖြစ်ကြသည်။ သူတို့လည်း အဲဒီလို လွတ်လွတ်လပ်လပ် မနေဖြစ်တာ ကြာပြီ မဟုတ်လား..။

အိမ်ကို ပြန်ရောက်တော့ တော်တော်ကြီးကို နေမြင့်နေလေပြီ။ လရိပ်ကို ပြန်ချောဖို့ စဉ်းစားရင်း လိုက်ရှာတော့ ဘယ်မှာမှ မတွေ့ရ။ အဲတော့မှ သူပျာသွားသည်။ အဒေါ်ကြီးကို အော်ခေါ်တော့မှ မီးဖိုခန်းထဲက ထွက်လာပြီး လရိပ် အိမ်ပေါ်က ဆင်းသွားကြောင်း ပြောသည်။ သူမ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ခေါ်၍ ထိုသူငယ်ချင်းက လာခေါ်သွားကြောင်း သိရသည်။ ပြဿနာက မကျယ်သင့်ပဲ ကျယ်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ လရိပ် သူငယ်ချင်း ဆိုတာ ချိုချိုပဲ ဖြစ်နိုင်သည်။ ချိုချို့ အိမ်ကို သူ သိသောကြောင့် ချက်ချင်း လိုက်သွားမိသည်။ လရိပ် အဲလောက်ထိ ဖြစ်သွားမယ် မထင်မိခဲ့။ ညက ဖုန်းမဆက်မိတာလည်း သူ့အမှားပါ။ လရိပ်နှင့် လက်ထပ်ပြီးကတည်းက တစ်ခါမှ ညဘက် ညနက်အောင်ပင် အပြင်မထွက်ခဲ့ဖူးပါ။
*****

တကယ်တော့ လရိပ်က အိမ်က ဆင်းလာခြင်း မဟုတ်ပါ။ ချိုချို့ကို ဖုန်းဆက်တော့ ချိုချိုက သူ့မင်္ဂလာဆောင်အတွက် တိုင်ပင်စရာရှိ၍ လာမည် ဆိုသောကြောင့် နင်မလာနဲ့ ငါ့ကို လာခေါ်ဟု ပြောပြီး လိုက်သွားခြင်း ဖြစ်သည်။ အဒေါ်ကြီးကိုတော့ တမင်ရွဲ့ပြီး မှာခဲ့ခြင်း ဖြစ်သည်။ သူက ညက ဖုန်းတောင် မဆက်ပဲ ဘယ်မှာ သွားအိပ်နေသလဲ... ပြန်လာမှ ရှာပါစေတော့ လို့ တမင်ကို ချိုချို့ အိမ်ကို သွားနေခြင်း ဖြစ်သည်။ ချိုချို့ အိမ်မှာလည်း သူ့မိဘတွေ ခရီးသွားနေလို့ ဘယ်သူမှ မရှိပါ။ သူတို့ နှစ်ယောက်ပဲမို့ လွတ်လွတ်လပ်လပ် နေနေကြခြင်းဖြစ်သည်။ အောင်စစ် လည်း ချက်ချင်း ရောက်လာမည်ဟု မထင်ပါ။

အောင်စစ်က ချိုချိုတို့ အိမ်ကို တစ်ခါရောက်ဖူးသည်မို့ ခက်ခက်ခဲခဲ မရှာရပဲ ရောက်သွားသည်။ ခြံတံခါးက ပိတ်မထားပဲ ဟ နေသောကြောင့် ခေါ်မလို့ ပြင်ပြီးမှ မခေါ်ပဲ ဝင်လာခဲ့လိုက်သည်။ ခြံထဲကို ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက်၏ နောက်ကျောကို မြင်ရတော့ လရိပ်လို့ ထင်လိုက်သည်။ သူမက ပန်းခူးနေခြင်း ဖြစ်သည်။ နောက်မှ လရိပ်က ဒီလို သွားလာနေဖို့ မဖြစ်နိုင်တာကို သတိရသွားသည်။ သို့သော် သူမက ပန်းခူးပြီး၍ အိမ်ဘက်သို့ လှည့်လာသောအခါ အောင်စစ်နှင့် တည့်တည့် တိုးတော့သည်။ တကယ်ပင် လရိပ် ဖြစ်နေသည်။ သူမလက်ထဲမှာ နှင်းဆီပန်းများ...။ သူမသည် ပုံမှန်လိုပင် သွားလာနေသည်။ သူ့ကို မြင်လိုက်တော့မှ လန့်ပြီး လက်ထဲက ပန်းများပင် လွတ်ကျမလို ဖြစ်သွားသည်။

“လရိပ်၊ လရိပ်လား..”
“အောင်”
ခုချိန်မှာတော့ သူ့အပြစ်ထက် ကိုယ့်အပြစ်က ပိုကြီးနေပြီး ရှင်းဖို့ခက်နေလေပြီ ဟု လရိပ်က တွေးမိသည်။ ချိုချိုကလည်း အသံကြားသဖြင့် အိမ်ထဲမှ ထွက်လာသည်။
“လရိပ် ခြေထောက် ကောင်းသွားပြီလား...”
အောင်စစ်က အံသြတကြီး မေးသည်။
“လရိပ် ခြေထောက်က ကောင်းနေတာ ကြာလှပြီလေ...၊ ရှင့်ကို ပြောဖို့ ခက်နေလို့တဲ့၊ ကဲ ခုတော့ တွေ့သွားပြီ၊ လရိပ်မရေ ရှင်းပြလိုက်တော့”
ချိုချိုက အရှုပ်ထဲ မပါချင်သလို ပခုံးတွန့်၍ အိမ်ထဲပြန်ဝင်သွားသည်။
“ကောင်းနေတာ ကြာပြီ ဟုတ်လား.. ကိုယ်တို့ လက်မထပ်ခင်ကတည်းက ကောင်းနေတာပေါ့ ဟုတ်လား၊ ဘာဖြစ်လို့ မပြောတာလဲ၊ ဘာဖြစ်လို့ ညာထားရတာလဲ”
“လရိပ် တောင်းပန်ပါတယ် အောင်ရယ်၊ လရိပ် ဒီလို ဘဝမျိုးမှာဆို အောင် လက်ထပ်ရဲပါ့မလားလို့ စမ်းကြည့်ချင်တာနဲ့ ဟန်ဆောင်နေရင်းက နောက်တော့ ပြောဖို့ ခက်သွားလို့ပါအောင်ရယ်..”
“အဓိပ္ပါယ်မရှိတာကွာ.. ဒါ ကိုယ့်အချစ်ကို မယုံကြည်တာပဲ၊ လရိပ် ဒုက္ခိတ ဖြစ်သွားတာနဲ့ ကိုယ်က စိတ်ပြောင်းသွားလိမ့်မယ်လို့ ထင်တာလား၊ ဟာ... တကယ်ပဲကွာ.. ဟိုမှာ အလုပ်လုပ်နေတုန်းကရော၊ ဒီမှာရော.. ကိုယ့် အနီးအနားမှာ မိန်းကလေးတွေ ရှိသားပဲ.. ကိုယ်က ခင်ခင်မင်မင်တောင် သိပ်မနေခဲ့ဘူး...။ လရိပ်ကလွဲလို့ ကိုယ့်အချစ်ကို ပေးစရာ ဘယ်သူမှ မရှိဘူး၊ ကိုယ့်အတွေးထဲမှာ လရိပ် တစ်ယောက်ပဲ ရှိခဲ့တာ၊ သိရဲ့သားနဲ့ကွာ.. ကိုယ့်ကိုများ.. ကိုယ့်အချစ်ကိုများ စမ်းချင်ရတယ်လို့... ကိုယ်တကယ် စိတ်မကောင်းဘူး”

အောင်စစ်က တကယ် စိတ်နာချင်သည်။ သူက ပြောပြီး လှည့်ထွက်သွားတော့ လရိပ်က နောက်ကလိုက်ပြီး သူ့လက်ကို ဆွဲထားသည်။
“လရိပ် သိပါပြီ အောင်ရယ်၊ အောင်အချစ်ကို လရိပ် ယုံပြီးသားပါ၊ လရိပ်လည်း အောင့်အပေါ် သစ္စာရှိခဲ့တာပဲ၊ ဒီခြေထောက်တွေ ဘယ်လိုဖြစ်ခဲ့ရတယ် ဆိုတာ အောင် သိရဲ့လား ဟင်၊ အောင် တစ်ခါမှ မမေးဖူးဘူး မဟုတ်လား”
“ဒါကတော့  ဘာကြောင့်ပဲဖြစ်ဖြစ်လေ မင်း စိတ်ဆင်းရဲနေမှာ စိုးလို့ ကိုယ်က မမေးတာပဲ၊ ကဲ ပြောစမ်းပါဦး ဘယ်တုန်းက ဖြစ်ပြီး ဘယ်တုန်းက ကောင်းသွားတာလဲ၊ ဟင်...၊ မင်္ဂလာပွဲကို သူများတွေလို လှလှပပ လျှောက်လို့ ရရဲ့သားနဲ့ ဘီးတပ်ကုလားထိုင်ပေါ်က ကျင်းပရတာ တော်တော်ပျော်စရာ ကောင်းတယ်ပေါ့ ဟုတ်လား..၊ ကိုယ့်မှာတော့ မင်းကို သနားလိုက်ရတာ”
“အောင် မရှိတဲ့ နောက်ပိုင်း မေမေတို့က လရိပ်ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြတယ်လေ၊ ပထမ တစ်ခါတော့ အဲဒီ တစ်ယောက်က နားလည်မှု ရှိလို့ သူ့ဘက်ကပဲ ဖျက်ပေးလိုက်တယ်၊ နောက်ထပ် စပ်ပေးတာတွေကိုလည်း လရိပ်က အမျိုးမျိုး အကြောင်းပြပြီး ငြင်းခဲ့တာ၊ နောက်တစ်ခါတော့ မေမေတို့က လုံးဝ ငြင်းမရအောင် လုပ်တယ်၊ ဖေဖေ အလုပ်ကလည်း မကောင်းတော့ အဲဒီလူ ဆီမှာ အကြွေးတွေ အများကြီး တင်နေတယ်လေ၊ သူကလည်း လရိပ်ကို ရအောင် ယူမယ်လို့ ဆုံးဖြတ်ထားတဲ့လူ၊ မင်္ဂလာပွဲနားနီးလာတော့ လရိပ် ထွက်ပြေးလို့မရအောင်ကို အိမ်မှာ ပိတ်ထားကြတယ်၊ အဲဒါလည်း လရိပ်လည်း သေသွားရင်လည်း အေးတာပဲ ဆိုပြီး အပေါ်ထပ် ဝရံတာပေါ်က ခုန်ချလိုက်တာ၊ ကံကောင်းချင်တော့ ခေါင်းက မြက်ခင်းပေါ်ကို ကျပြီး ခြေထောက်နှစ်ဘက်ကျိုးသွားတယ်၊ ကျောရိုးလည်း ခိုက်မိပြီး အောက်ပိုင်းသေသလို ဖြစ်သွားတယ်လေ၊ မေမေ တို့လည်း အဲတော့မှ စိတ်မကောင်း ဖြစ်သွားကြတာ၊ ဟိုလူကိုလည်း ရှိတာရောင်းချပြီး အကြွေးဆပ်လိုက်တယ်၊ သူကလည်း လရိပ် ခုလိုဖြစ်သွားမှတော့ မယူချင်တော့ဘူးလေ”
“ဝရံတာပေါ်က ခုန်ချတာ.. လရိပ်ကလေးရယ် ဘာလို့ အဲလောက်တောင် ရူးရတာလဲကွာ၊ မသေကောင်း မပျောက်ကောင်း၊ လရိပ် တစ်ခုခု ဖြစ်သွားရင် ကိုယ်ဘယ်လို လုပ်ရမှာလဲ ဟင်၊ အဲလောက် အကျပ်အတည်း ဖြစ်နေရင်လည်း ကိုယ့်ကို ဆက်သွယ်ပါတော့လားကွာ..”
“အောင့်ကို ဆက်သွယ်ပါသေးတယ်၊ ဒါပေမယ့် အဲဒီစာတွေက ပြန်ရောက်လာတယ်လေ”
“ကိုယ် အိမ်ခန်း ပြောင်းသွားတာ ထင်တယ်၊ လရိပ်တို့ အိမ်ပြောင်းသွားလို့ ကိုယ်လည်း ဆက်သွယ်လို့ မရတော့ လိပ်စာအသစ် ပေးလို့လည်း မရတော့ဘူးလေ”
“တကယ်တော့ အောင် တင်မဟုတ်ဘူး၊ မေမေတို့ ဖေဖေတို့လည်း လရိပ် ပြန်ကောင်းနေတာကို မသိသေးဘူး၊ ချိုချို တစ်ယောက်ပဲ သိတာ၊ အောင် မလာခင်လေးတင် မေမေတို့က လရိပ်ကို ကုပေးနေတဲ့ ဆရာဝန်ကလေးကို သဘောကျနေသေးတာလေ၊ လရိပ် သာ ကောင်းသွားပြီ ဆိုလို့ကတော့ စပ်ဟပ်ဦးမှာပဲ၊ အဲဒါကြောင့် မေမေ တို့ကို ပညာပေးချင်တာနဲ့ ဒီအတိုင်းနေနေတာ”
“ဖြစ်မှဖြစ်ရလေ၊ ကိုယ့်ရဲ့ လရိပ်ကလေး ဒုက္ခတွေ ခံလိုက်ရတာကွာ၊ ကိုယ်က မသိပဲ စိတ်ဆိုးမိတော့မလို့၊ ဒါပေမယ့် ကိုယ့်ကို တစ်ယောက်ယောက်နဲ့ မသင်္ကာဖြစ်ရင်တော့ ကိုယ်က စိတ်ဆိုးမှာနော်..၊ လရိပ် ဘာဖြစ်ဖြစ် ကိုယ်က မပြောင်းလဲပဲ ချစ်မှာ သိလား၊ ကိုယ့်ကိုလည်း ယုံပေးနော်”
“လရိပ်က အောင့်ကို ယုံပြီးသားပါ၊ ဟိုကိစ္စက အောင့်ကို စတာပါ၊ ဒါလေး ပြောတာနဲ့ အောင်က စိတ်ဆိုးပြီး ထွက်သွားတာကိုး၊ ဘယ်မှာ သွားအိပ်နေတာလဲ ပြော”
“ညတုန်းက ကိုယ်က တကယ်တော့ ခဏပဲ သွားတာပါကွာ၊ မမျှော်လင့်ပဲ ဟိုကောင်တွေနဲ့ တွေ့နေလို့၊ စိုးမင်းနိုင် နဲ့ ဝဏ္ဏ လေ မှတ်မိတယ် မဟုတ်လား၊ ကိုယ့်သူငယ်ချင်းတွေ၊ ခုမှပြန်တွေ့တာ၊ အဲဒါ သူတို့ခေါ်တာနဲ့ စိုးမင်းနိုင်အိမ်ကို ပါသွားတာ၊ ဖုန်းကတော့ တမင်သက်သက် ညစ်ပြီး မဆက်တာ၊ ကိုယ့်ကို မဟုတ်တာ ပြောချင်တဲ့ ကောင်မလေး နေပါစေ ဆိုပြီး ပစ်ထားလိုက်တာ၊ ဒီမနက် ပြန်လာတော့ လရိပ် အိမ်ပေါ်က ဆင်းသွားပြီ ဆိုလို့ ကိုယ့်မှာကွာ တကယ် heart ကို ထိသွားတာပဲ”
“သွားပါ သူများကလည်း တစ်ညလုံး ဘယ်လောက်စိတ်ဆင်းရဲရတယ်မှတ်လဲ၊ အိပ်လို့တောင် မပျော်ဘူး၊ အောင်များ ပြန်လာမလားလို့ မျှော်နေရင်းနဲ့ ဟင့်”

လရိပ်က ညတုန်းက ခံစားမှုကို ပြန်သတိရသွားပြီး မျက်ရည်ဝဲလာသည်။ သူ တကယ်ပဲ လရိပ်ကို စိတ်ပျက်သွားပြီလားလို့ ငိုခဲ့ရတာ နာရီပေါင်းများစွာ...။ အရင်တုန်းက ငိုခဲ့ရသော အချိန်တွေ ကျော်လွန်ခဲ့ပြီမှတ်ကာမှ ပြန်ရောက်လေပြီလားလို့ စိတ်ထဲမှာ ဝမ်းနည်းမှုက ခုထိတောင် မပြေချင်သေးပါ။
“ဟေ့ ဘာလို့ ငိုရတာတုန်း၊ ကိုယ်တောင်းပန်ပါတယ်ကွာ၊ မငိုနဲ့တော့နော်၊ ခု အားလုံးပြီးသွားပြီပဲ၊ နောက်ဆို ကိုယ်လည်း မရွဲ့တော့ဘူး၊ လရိပ်လည်း ကိုယ့်အပေါ် ဘာမှ မညာရဘူး၊ ဟုတ်ပြီနော်၊ ကိုယ့်ကို သံသယရှိရင်လည်း ဖွင့်မေး၊ လရိပ်မှာ တစ်ခုခု ပြဿနာရှိရင်လည်း ကိုယ့်ကို ပြော ဟုတ်လား၊ ဒီဘဝမှာတော့ ကိုယ်တို့ကို ဘယ်အရာကမှ မခွဲနိုင်တော့ပါဘူးကွာ”
လရိပ်ကို ရင်ခွင်ထဲ ဆွဲသွင်းရင်း သူ ပြောမိသည်။ လရိပ် ခံစားခဲ့ရသော ဒုက္ခက သူ့ထက် များခဲ့ပါသည်။ သူတို့ နှစ်ယောက်ရဲ့ သစ္စာမှန်လို့သာ ခုလို ပြန်ပေါင်းစည်းရတာပါ။
“အောင့်ကို ကျေးဇူးတင်ပါတယ်၊ လရိပ်ဆီကို ပြန်လာခဲ့တာကိုပါ၊ ဒီတစ်သက် ဒီလို အချိန်ကို ရောက်နိုင်ပါတော့မလားတောင် ထင်ခဲ့ရပါတယ် အောင်ရယ်၊ လရိပ် အောင့်ကို မဆုံးရှုံးချင်လို့ သဝန်တိုမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော်...”

 
လရိပ်က မျက်ရည်များကြားမှ သူ့ကို ပြောမိသည်။ ဒီတစ်ခါ ကျတဲ့ မျက်ရည်ကတော့ ဝမ်းသာလို့ကျတဲ့ မျက်ရည်ပါလေ။ လရိပ်အတွက် ထာဝရ ငြိမ်းချမ်းမှု ပေးမယ့် သူ့ရင်ခွင်မှာ တစ်သက်စာ လုံခြုံတော့မှာပါ။ နောက်ကို သူ့ဘေးမှာ လရိပ် အမြဲတမ်း လိုက်နေတော့မှာပါ။ သစ္စာနဲ့ တည်ဆောက်သော နှလုံးသား အချင်းချင်း နားလည်မှုက ဘယ်အခါမှ ပျက်နိုင်လိမ့်မည် မဟုတ်ပါချေ။

သိင်္ဂါကျော်
6.3.2010
12:16 AM

29 March, 2010

တိတ်တဆိတ်ချစ်ခြင်း


စကြဝဠာ ထဲက ဂြိုဟ်ငယ်တစ်လုံးကို
ကမ္ဘာသားတွေ မသိသလိုမျိုး
တိတ်တဆိတ် ချစ်မိတဲ့ အကြောင်း
ချစ်သူတင် မဟုတ်ဘူး
ငါ့ကိုယ်ငါတောင် မသိခဲ့တာ...။

မစားကောင်းတဲ့ အသီးလည်း မဟုတ်ပါပဲ
မစားသင့်တဲ့ အသီးလို့
ကိုယ့်ဟာကိုယ် သတ်မှတ်ခဲ့တာ
ကိုယ့်ကိုယ်ကို ချစ်တဲ့ အတ္တ တစ်ခုတလေကများ
ဦးဆောင်ခဲ့သလားတောင် မသိရ။

အတွေးတွေ တိမ်လိုပုံတဲ့ အထဲမှာ
မင်းက ရေခိုးရေငွေ့လို ပါဝင်နေတာတောင်
ငါက ငါ့ကိုယ်ငါ ငြင်းချင်သေးတယ်...။

ဒါပါပဲ
မင်းကလည်း ရှုံးနိမ့်ခြင်းကို မုန်းတယ်
ငါကလည်း ရှုံးနိမ့်ခြင်းကို မုန်းတယ်
မပြိုင်ချင်ပါပဲနဲ့လည်း
နှစ်ယောက်လုံး ရှုံးနေကြတယ်။

အချစ်အတွက် မရူးသွပ်ဘူး လို့ ပြောထားဖူးတယ်
အချစ်ကို မယုံကြည်ဘူး လို့လည်း ပြောထားဖူးတယ်
စိတ်ကူး ဆိုတာလည်း တကယ်မဟုတ်ဘူးလို့ ထင်မြင်နေတုန်းပဲ။

ဒါပေမယ့်လေ...
တစ်ကြိမ်တစ်ခါမှာတော့
မှန်းဆမထားပေမယ့်လည်း
ဖြစ်တတ်တာ တစ်ခုတစ်လေတော့
ရှိတတ်တာပဲ၊
ငါ့ကိုယ်ငါ ဝန်ခံဖို့ပဲ အရေးကြီးပါတယ်...။

သူနဲ့ငါကြားမှာ
ထူးဆန်းတဲ့ ဆက်နွယ်မှုမျိုး
စိတ်ထဲမှာတောင်မှ  ရှိမနေခဲ့ရင်
တစ်သက်လုံးလည်း သူမသိပါစေတော့နဲ့ပေါ့၊
ငါ့ကိုယ်ငါ ကျေနပ်ရင်လည်း
ပြီးတာပါပဲ...။

သိင်္ဂါကျော်
29.3.2010
3း42 pm

28 March, 2010

ကြိုက်မိသော သီချင်းများ

Mario ရဲ့ I  don't wanna know ဆိုတဲ့ သီချင်းလေးကို ကြိုက်တယ်..။ စာသားလေးနဲ့ တွဲနားထောင်တော့ ပိုကောင်းသွားတယ်...။


စာသားကို သေချာ နားမလည်ပေမယ့် သီချင်း ခေါင်းစဉ်လေးလည်း ချစ်စရာကောင်းတာနဲ့ Akon ရဲ့ သီချင်းတွေကိုလည်း အရင်ကတည်းက ကြိုက်တာမို့ ဒီသီချင်းလေးကိုလည်း ကြိုက်သွားတာ..။



 ဒီသီချင်းလေးကို လည်း ကြိုက်တယ်..။ Jesse Mccartney လေးကိုလည်း ချစ်စရာကောင်းလို့ သဘောကျတယ်...။ သူ့သီချင်းလေးတွေ တော်တော်များများကလည်း အေးအေးလေးတွေနဲ့ နားထောင်လို့ကောင်းတယ်။




ဒီ link က MTV မို့ သီချင်းလေးနဲ့ လိုက်ဖက်တဲ့ သရုပ်ဖော်လေးမို့ ပိုကြည့်ကောင်းပေမယ့် embed လုပ်လို့မရလို့ပါ။

(တကယ်တော့ စာမရေးဖြစ်လို့ သီချင်းတွေ တင်နေတာ... :D)

သိင်္ဂါကျော်



26 March, 2010

Temporary Home

Carrie Underwood ရဲ့ သီချင်းလေးပါ။ နည်းနည်းတော့ အေးတယ်..။ ဒါပေမယ့် စာသားလေးကို သဘောကျမိလို့ တင်လိုက်တာပါ။ အားလုံးဟာ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် Temporary home မှာ နေနေရတာပဲလေ..။ ဘဝ ဆိုတာ ခဏတာ နားခိုရတဲ့ အိမ်ပဲ မဟုတ်လား...။



Little boy, 6 years old
A little too used to bein' alone
Another new mom and dad, another school
Another house that'll never be home

When people ask him
how he likes this place
He looks up and says with a smile upon his face


This is my temporary home
It's not where I belong
Windows and rooms that I'm passin' through
This is just a stop, on the way to where I'm going
I'm not afraid because I know
this is my
temporary home.

Young mom on her own
She needs a little help got nowhere to go.
She's lookin' for a job, lookin' for a way out
Because a half-way house will never be a home

At night she whispers
to her baby girl:
Someday we'll find a
place here in this world

This is our temporary home
It's not where we belong
Windows and rooms that we're passin' through
This is just a stop, on the way to where we're going
I'm not afraid because I know
this is our
temporary home.


Old man, hospital bed
The room is filled with people he loves
And he whispers don't cry for me
I'll see you all someday
He looks up and says "I can see God's face."

This is my temporary home
It's not where I belong
Windows and rooms that I'm passin' through
This is just a stop, on the way to where I'm going
I'm not afraid because I know
this is my
temporary home


This is our temporary home.

သိင်္ဂါကျော်

24 March, 2010

ဟိုရောက် ဒီရောက် အတွေးများ


ချော က အတွေးတွေ အကြောင်း ရေးခိုင်းလို့ စဉ်းစားလိုက်တော့ တွေးတာတွေက များလွန်းလို့ ဘာရေးရမှန်း မသိအောင် ဖြစ်သွားပါတယ်။ အတွေး ဆိုတာကလည်း တစ်စက္ကန့်မှာကို အများကြီး ဖြစ်နိုင်တဲ့ အရာ မဟုတ်လား...။ လောလောဆယ်တော့ လုပ်စရာ ရှိတဲ့ Project အကြောင်းပဲ စဉ်းစားနေမိလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ ကိုယ်က ဒီလိုပဲ Thesis တုန်းကလည်း ခေါင်းစဉ် မသေချာမချင်း အဲဒီအကြောင်းပဲ စဉ်းစားနေမိတာ.. လမ်းသွားတုန်းရော.. အိပ်ကာနီးရော.. Toilet ဝင်ချိန်တောင် စဉ်းစားးနေတတ်သေးတာ...။ တစ်ခါတလေ ဝတ္တုဇာတ်လမ်း ဆက်မရေးတတ်တော့ရင်လည်း ဒီလိုပဲ နေရာမရွေး တွေးနေတတ်တာ..။ ဦးနှောက်ထဲမှာ တွေးလိုက်တာနဲ့ စာနဲ့ရေးပြီးသား ဖြစ်သွားရင် ကောင်းမှာပဲလို့တောင် တွေးမိပါတယ်။ ဇာတ်လမ်း တွေ ဟိုရောက်ဒီရောက် တွေးတာတွေတော့ အများကြီးပေမယ့် စာအနေနဲ့တော့ အကုန် မရေးဖြစ်ပါဘူး။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့် ဝါသနာပါနေတဲ့ ရုပ်ရှင်ကြည့်တတ်တာကလည်း အားတဲ့ အချိန်တစ်ချို့ကို ယူနေပြန်ပါရော..။
ကိုယ် တွေးပြီး ဇာတ်လမ်းဆင်တဲ့ အထဲမှာ တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေတောင် အလွတ်မပေးတတ်ပါဘူး။ ဘယ်လိုမှ မတွေ့နိုင်တဲ့ သူငယ်ချင်း နှစ်ယောက်ကို စိတ်ကူးထဲမှာ တွေ့ပေးပြီး ဇာတ်လမ်းဆင်ချင် ဆင်တတ်သေးတာ..။ ရည်းစားမရှိသေးတဲ့ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေပေါ့။ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ကူးထဲမှာ ပုံပြင်ထဲက မင်းသားလေးလို လူမျိုးနဲ့ တွေ့ပေးတတ်သေးတယ်။ ဒါပေမယ့် တွေးနေတုန်းမှာပဲ မင်းသမီးနေရာမှာ ကိုယ့်ကိုယ်ကို ထားရတာ မကြိုက်တော့ပဲ စိတ်ကူးထဲက မင်းသမီး ဖြစ်သွားပြန်ရော..။ ဘာလို့ဆို ကိုယ်သာ ယောက်ျားလေးဆိုလည်း ကိုယ်လိုလူမျိုးကို မကြိုက်လို့ပဲလေ..။ ဘာရယ်မဟုတ် ဟိုရောက် ဒီရောက် အစမရှိ အဆုံးမရှိ ဇာတ်လမ်းတွေလည်း တစ်ခါတလေ တွေးနေမိတာပဲ။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့လည်း  အပြင်မှာသာ မတွေ့တာ... စိတ်ကူးထဲမှာတော့ တွေ့ဖြစ်နေပါတယ်။
တွေးတဲ့ နေရာမှာတော့ ကိုယ်က အိပ်မက်ထဲမှာကို တွေးနေတတ်တဲ့လူပါ။ ကိုယ်က သူများလို သိပ်အိပ်မက် မမက်တတ်ဘူး။ မက်တဲ့ အိပ်မက်တွေလည်း သိပ်မမှတ်မိတတ်ပါဘူး။ တစ်ညတလေ မက်တတ်တဲ့ အိပ်မက်တွေထဲမှာတောင် ဝတ္တုဆန်ဆန် ဇာတ်လမ်းတွေ ပါသေးတယ်။ ညဘက်ကြည့်တဲ့ ဇာတ်ကားတွေကိုလည်း မစွဲလမ်း မပတ်သက်ပါပဲ မက်တာပါ။ ဒါပေမယ့် ခက်တာက အဲဒီအိပ်မက်တွေကို သေချာ မမှတ်မိတော့ပဲ ဇာတ်သိမ်းလောက်သာ မှတ်မိတတ်တာပါ။
စိတ်ကူးထဲမှာတော့ အရာရာကို လှလှပပ တွေးလို့ရပါတယ်...။ အဲဒါကြောင့်လည်း စိတ်ကူးယဉ် ဝတ္တုတွေမှာ ပျော်စရာ ဇာတ်သိမ်းတွေ ရှိကြတာပေါ့။ ဖြစ်ရပ်မှန်တိုင်းကတော့ မလှပကြဘူးလေ။ စိတ်ကူးထဲမှာတော့ နိုင်ငံကျော် စာရေးဆရာမကြီး လည်း ဖြစ်လို့ရတယ်။ ကမ္ဘာကျော် ရုပ်ရှင် ဒါရိုက်တာကြီးလည်း ဖြစ်လို့ရတယ်။ အောင်မြင်ကျော်ကြားတဲ့ စတိုင်ကျကျ ဖက်ရှင် ဒီဇိုင်းနာ လည်း ဖြစ်လို့ရတယ်လေ…။
ကိုယ် ငယ်ငယ်ကဆို အလွမ်းဝတ္တုတွေ မဖတ်ဘူး။ အမေတွေ အဒေါ်တွေ ဖတ်တဲ့ မောင်စိန်ဝင်းတို့ ငြိမ်းကျော် တို့ဆို အလွမ်းများလို့ မကြိုက်ဘူး။ ခုထိလည်း မကြိုက်ပါဘူး။ ရသပိုင်းမှာ နာမည်ကြီးတဲ့ ဝတ္တုတွေ လောက်သာ ဖတ်တာ။ အပျော်ဖတ်ဆိုရင်တော့ ပျော်ရွှင်တဲ့ ဇာတ်သိမ်းပဲကြိုက်တယ်..။ အပျော်ဖတ်ဝတ္တုတွေ အရောင်းသွက်နေတာလည်း ဒါကြောင့်ပဲ ဖြစ်မယ်။ ဘဝအမောတွေထဲက ပြေးချင်လို့မှ ဖတ်တာဆိုတော့ တစ်ချို့အပျင်းပြေ ဖတ်တဲ့ လူတွေကလည်း ဘဝသရုပ်ဖော်တွေ၊ စိတ်ညစ်စရာတွေ သိပ်မကြိုက်ကြတာ ဖြစ်မှာပေါ့လေ…။ ဒါပေမယ့် ငယ်ငယ်က စဖတ်တာ စုံထောက်ဝတ္တုတွေပါ။ အောင်ဇင်တို့၊ မြတ်ထွန်းသစ်တို့၊ မင်းသိင်္ခတို့ကို အဒေါ်က အဖတ်များတာ။ ဆရာမကြီး ကလျာ ရဲ့ ဝတ္တုတွေ လည်း ပါသေးတယ်။ ဘာသာပြန်တွေ ဆိုလည်း အမေ့ရဲ့ တက္ကသိုလ် စာကြည့်တိုက်မှာ ရှိတာတွေ အကုန်လောက်နီးနီးပဲ… အဒေါ်နဲ့ ကိုယ်နဲ့ ဖတ်ကြတာလေ…။
ငယ်ငယ်က ဂျူးရဲ့ ဝတ္တုတွေတောင် သိပ်မဖတ်ဖြစ်ဘူး။ မရှိမဖြစ်မိုး ကျမှ စကြိုက်တာ…။ ကြေမွသွားသော တိမ်တိုက်များ ကိုတော့ ၇ တန်းတုန်းက အတန်းထဲမှာ ဆရာ မလာတဲ့ အချိန်လည်း ရှိနေတာနဲ့ ဖတ်တာ နှစ်အုပ်လုံး ပြီးသွားတာပဲ။ ခုတော့ ဂျူးကို တကယ်ကြိုက်တယ်။ သူ့ဝတ္တုတွေရဲ့ ဇာတ်လမ်းတွေကို သဘောကျတာ မကျတာထက် ရေးသမျှ ဝတ္တုတိုင်း အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့… နောက်ပြီး ခုချိန်ထိလည်း အပျိုကြီးဘဝမှာ လှလှပပ ရပ်တည်နေနိုင်သူ တစ်ယောက်အနေနဲ့ ပိုပြီး လေးစား အားကျ ပါတယ်။ 
 စာရေးဆရာထဲက နောက်ထပ် ကိုယ်လေးစားအားကျတဲ့သူတွေက A.J. Cronin နဲ့ Robin Cook ပါ။ A.J. Cronin ဆရာဝန်အလုပ်က အနားယူပြီးတဲ့ အချိန်မှ စာပေလောကကို ဝင်လာတာတောင် အများကြီး အောင်မြင်ခဲ့တဲ့သူမို့ လေးစားမိတာပါ။ သူ့ရဲ့ စာအုပ်တွေ အားလုံးကို ကိုယ်ကြိုက်တယ်။ ကိုယ်လည်း နောင်တစ်ချိန် ဖြစ်နိုင်သေးတယ်လို့ အိပ်မက်တွေကို မစွန့်လွှတ်ဖို့ တွန်းအားပေးနေသလိုပဲ။ Robin Cook ကလည်း ဆရာဝန် စာရေးဆရာ တစ်ယောက်ပါပဲ။ သူ့ဝတ္တုတွေကတော့ ဆရာဝန် အတွေ့အကြုံတွေ အခြေခံတဲ့ စုံထောက် အက်ရှင်ဇာတ်လမ်းတွေပါ။ လောလောဆယ် မှတ်မိနေတာကတော့ COMA ဆိုတဲ့ ဝတ္တုပါ။ စာရေးခြင်းသက်သက်နဲ့ အသက်မွေးတဲ့ စာရေးဆရာ စစ်စစ်တွေထက် ကိုယ်က အဲလို အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုလည်း ထူးထူးချွန်ချွန် ရပ်တည်ရင်းနဲ့ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာသူတွေကို ပို လေးစားအားကျမိပါတယ်။ နောက်ထပ် ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေတော့ အများကြီး ရှိသေးတာပေါ့။
နောက်ထပ် အားကျမိတဲ့သူက အမျိုးသမီး ဒါရိုက်တာ မီမီလီဒါပါ။ အမျိုးသမီး ဒါရိုက်တာ ပေမယ့် drama ကားတွေရိုက်တာ မဟုတ်ပဲ Deep Impact တို့ Peacemaker တို့လို ကားမျိုးတွေ ရိုက်တာပါ။ ၂၀၀၉ မှာလည်း Antonio Banderas၊ Morgan Freeman တို့နဲ့ Thick as Thieves ကို ရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်မီ အက်ရှင်ကားတွေ science fiction တွေ ရိုက်နိုင်ဖို့က အဝေးကြီးလိုနေပါသေးတယ်။ (ကိုယ့်ကို သိန်း နှစ်ထောင် သုံးထောင်လောက် ထုတ်ပေးမယ့် ပရိုဂျူဆာ ရှိရင်တော့ ပီပြင်အောင် ရိုက်ပြမယ်လေ :D)။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ညီမငယ်တွေကတော့ ကိုယ် ဒါရိုက်တာ လုပ်တဲ့ ရုပ်ရှင်ကားမှာ မင်းသမီး မလုပ်ချင်ဘူးဆိုပဲ။ တောထဲတောင်ထဲတွေ.. ပြေးလွှား လှုပ်ရှားရတဲ့ ကားတွေ ရိုက်မှာမှန်း ကြိုသိနေကြတယ်လေ…။ နောက်ဆုံးခန်းမှာတော့ မင်းသားနဲ့ ကြည်နူးတဲ့ အခန်း ပါစေရမယ်လို့ သူတို့ကို ပြောရတယ်.. ဟားဟား..။ Computer Special Effects တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပေမယ့်လည်း အချိန်မပေးနိုင်တာရယ်.. သင်တန်းကြေးတွေကလည်း ဈေးကြီးပြီး တကယ်တတ်အောင် သင်နိုင်တဲ့ သင်တန်းလည်း သိပ်မရှိတာကြောင့် ခုချိန်ထိ မတက်ဖြစ်သေးဘူး။ (မြန်မာနိုင်ငံက ထုတ်တဲ့ ကာတွန်းကားတွေထဲက ကွန်ပျူတာနဲ့ ရေးတဲ့ ကာတွန်းရုပ်တွေကလည်း တော်တော်ကို အရုပ်ဆိုးတယ်လေ :D)
ကိုယ်က အဲလိုပဲ ဟိုဟိုဒီဒီ အတွေးများတတ်တဲ့ အကျင့်ရှိလို့ တကယ် အာရုံစိုက်ရမယ့် ပညာရေးဘက်မှာလည်း မထူးချွန်ခဲ့ပါဘူး။ အားတဲ့အချိန် ရုပ်ရှင်လေးကြည့်လိုက် ဝတ္တုလေး ဖတ်လိုက် လုပ်နေမှတော့ ပညာရေးမှာ ဘယ် ထိပ်ဆုံး ရောက်နိုင်ပါတော့မလဲ။ ကိုယ့်မိဘတွေကတော့ ဖြစ်စေချင်ရှာတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဆင်ခြေပေးစရာ ရှိပါတယ်။ ကိုယ်က မှတ်ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုယ်ကို အမြဲပြောတတ်တယ်။ စာကျက်ရတဲ့ အချိန် အာရုံများရင်လည်း ကျက်မရဘူး။ ဘာသံမှ မကြား၊ လူတစ်ယောက်မှ မရှိတဲ့ နေရာမှာကျက်မှ ကိုယ်က စာရလွယ်တာလေ.. :D ။ အဲဒါကြောင့် စာတွေ ပြန်ကျက်ရမယ့် ကလေး ဘဝတော့ ပြန်မရောက်ချင်တော့ဘူး။ 
တစ်လောက Movie 5 က နိုင်ငံခြား ရုပ်ရှင် တစ်ကား ကြည့်လိုက်ရတယ်။ ပြေတီဦးနဲ့ မြန်မာမှုပြုပြီး ရိုက်ထားတာလည်း အိမ်ပြန်တဲ့ ကားပေါ်မှာ ကြည့်ခဲ့ဖူးတယ်။ ၁၃ နှစ် အရွယ်ကလေးက လူကြီး ဖြစ်ချင်လို့ ဆုတောင်းရင်းနဲ့ တကယ်ဖြစ်သွားပြီး ကစားစရာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း မင်းသမီး နဲ့ တွေ့ပါတယ်။ နောက်တော့ လူကြီးတွေရဲ့ မဖြူစင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် လှည့်ဖျား ညစ်ပတ်မှုတွေကြောင့် ကလေး ပြန်ဖြစ်ချင်ပြီး ပထမ ဆုတောင်းခဲ့တဲ့ နေရာပြန်သွားပြီး ကလေးအဖြစ် ပြန်ရောက်အောင် ဆုတောင်းလိုက်တဲ့ ကားပါ။ ကလေး အဖြစ် ဆုတောင်းအပြီးမှာပဲ မင်းသမီးက လိုက်လာတော့ သူက ဆုတောင်းပြီးသွားကြောင်း ပြောပြီး မင်းသမီးကိုပါ သူ့လို ဖြစ်အောင် ဆုတောင်းလိုက်ပါလား လို့ ပြောတော့ မင်းသမီးက သူ ကလေးဘဝကို ဖြတ်သန်းခဲ့ ဖူးပြီမို့ ပြန်မရောက်ချင်တော့ပါဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကိုယ်တို့ သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးကြတော့ ဘယ်သူမှ ကလေးဘဝ ပြန်မရောက်ချင်တော့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ အသက်မွေးဝမ်းကြောင်း ရွေးရမယ့် ဘဝ တစ်ဆစ်ချိုးမယ့် အချိန်ကိုတော့ ပြန်ရောက်ချင်ပါတယ်။ ခုနေ အဲဒီ အရွယ်ပြန်ရောက်ရင်တော့ လက်ရှိအလုပ်ကို လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ပါလိမ့်မယ်.. ဘွဲ့လွန်ကို တစ်ခြားနိုင်ငံမှာ တက်ဖို့ ကြိုးစားချင် ကြိုးစားမိလိမ့်မယ်လေ။ ခုနေ စိတ်ကူးကတော့ အရင်နဲ့ မတူမှာ သေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ခုလည်း လုပ်နေတဲ့ အလုပ်မှာ စိတ်ညစ်ညူးနေတာတော့ မဟုတ်ပါဘူးလေ…။ မိဘ မိသားစုရဲ့ နောင်ရေးကို စဉ်းစားရင်သာ ကိုယ်လုပ်ခဲ့တာ မှန်ရဲ့လားလို့ စဉ်းစားမိတာပါ။ ဘယ်မှာနေနေလည်း ကိုယ်က တွေ့တဲ့ သူငယ်ချင်းတွေနဲ့ ပျော်အောင်နေပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းတတ်တဲ့သူပါ။ ဘယ်သူမှ မရှိလည်း ကိုယ့်ဟာကိုယ် အားတဲ့အခါ တွေးချင်တာတွေး ရေးချင်တာရေး… ရုပ်ရှင်လေး ကြည့်ချင်တဲ့ အခါကြည့်လိုက်၊ စာအုပ်လေး ဖတ်တဲ့ အခါ ဖတ်လိုက်နဲ့ စိတ်ချမ်းသာသလို နေနေတဲ့သူပါ။ ကိုယ်က တစ်ခါတလေ စိတ်လေနေရင်၊ စိတ်ဖိစီးမှုများလာရင်လည်း အဲလိုပဲ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပြီး မေ့အောင်လုပ်လိုက်တယ်လေ။
ခေါင်းစဉ် တပ်ထားတဲ့အတိုင်း ရေးတာတွေက ဟိုရောက်ဒီရောက် ဖြစ်ကုန်ပါပြီ။ ချော ရဲ့ Tag အကြွေးကို ဆပ်တာပါနော်…။ လာဖတ်တဲ့ သူ အပေါင်းကို အားနာပါတယ်.. :P ။

သိင်္ဂါကျော်

11 March, 2010

တောမီး



သစ်တောအုပ်တွေကို ဖြတ်လာတဲ့ မီး ပေါ့
သဘာဝရဲ့ အလှအပတွေကို လောင်ကျွမ်းလို့...၊
တစ်နေရာက တစ်နေရာ ခုန်ကူးရင်း
သစ်ပင်တွေကိုလည်း မီးပူတိုက်၊
တဖျစ်ဖျစ် တဖြောက်ဖြောက် အသံတွေနဲ့
ညကို ချောက်ချားစေပြီး
အသက်တွေ ခြွေရတဲ့အတွက်
သူပျော်နေလေရဲ့။

သစ်ရွက်တွေ... ထင်ရှူးပင်မြင့်တွေနဲ့ ကစားရင်း
သူလာခဲ့တဲ့ ခရီးတလျှောက်
သစ်တောကတော့ လုံးပါးပါးတာပဲ...။

ကျေးငှက်ငယ်တွေလည်း
အန္တရာယ်အတွက် အကြိတ်အနယ် ဆွေးနွေး
နောက်ဆုံးတော့လည်း
လုံခြုံရာ ကောင်းကင်မိခင်ဆီ
အတောင်မညောင်းမချင်း ပျံသန်းကြဖို့ပဲပေါ့။

တောရဲ့ ရင်ခွင်မှာ ပျော်ခဲ့တဲ့
အကောင်ပလောင်တွေ အားလုံးအတွက်
ငရဲ ဖြစ်သွားတဲ့ ည...။

ခပ်ဝေးဝေး တောင်ယာလုပ်သားတွေတောင်
ပစ္စည်း တစ်ဖက်၊ ကလေး တစ်ဖက် နဲ့
အဲဒီ မီး.. အလည်လာမှာကြောက်လို့
လွတ်ရာ သွားဖို့ ပြင်ကြပေါ့...။


နာရီ ပေါင်းများစွာ
သူဆော့ကစားလို့ အားရကာနီးမှ
ဟိုဝေးဝေးမြို့က မီးသတ်ကား တစ်စီး
အသံပေးရင်း လာနေပြီ။
သူ့အတွက်တော့
ပြာတွေကို ခြေရာအဖြစ်ထားပြီး
တိတ်တိတ်လေး ပြန်ရုံပါပဲ...။

သိင်္ဂါကျော်

Ref: Forest Fire by George E. Thompson
The Forest Fire by John Stone

(အပေါ်ကပုံတွေက မြို့သစ်မှာ တောမီးလောင်တုန်း ရိုက်ထားတဲ့ပုံတွေပါ)

07 March, 2010

ဓါတ်တော်ချိုင့် သို့ တစ်ခေါက်


ကိုယ်တို့ ဓါတ်တော်ချိုင့် ကို သွားချင်နေတာ ကြာပါပြီ။ အိမ်ပြန်နေကြတာနဲ့၊ အလုပ်ကိစ္စနဲ့ ခရီးထွက်နေကြတာနဲ့ လူမစုံ ဖြစ်ပြီး မသွားဖြစ်တာပါ။ တစ်ခါ သွားမယ်လို့ စီစဉ်လိုက်ပြန်တော့လည်း ဓါတ်တော်ချိုင့် မှာ လူငါးယောက် ပျောက်သွားတယ် ဆိုတဲ့ သတင်း ထွက်လာလို့ တစ်ချို့  ကမသွားရဲတော့တာနဲ့  အစီအစဉ်ပျက်သွားပြန်ပါတယ်..။ ကောလဟာလ သတင်းဆို တော်ရုံနဲ့ မယုံကြည်တတ်တဲ့ ကိုယ်လည်း ပြင်ဦးလွင် ရဲစခန်းကို ဖုန်းဆက်ပြီး မေးကြည့်တော့ သူတို့က လုံးဝ မသိပါဘူးလို့ ပြောတော့ ကိုယ်တို့လည်း ကောလဟာလ သက်သက်ပဲလို့ ထင်ခဲ့ပါတယ်။ သွားတော့ မသွားဖြစ်တော့ပါဘူး။ ဒီတစ်ပတ် စနေတော့ တကယ် သွားဖြစ်သွားပါတယ်။

လမ်းပြ အဒေါ်ကြီး ပြောပြမှ အရင်က ကောလဟာလရဲ့  ဖြစ်ရပ်မှန်ကို သိခဲ့ရပါတယ်။ လူ ခုနစ်ယောက် လာခဲ့ပြီး ငါးယောက် တကယ် သေခဲ့တာပါ။ သတင်းကြားသလို ဘာမှန်းမသိ ပျောက်သွားတာတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီမှာ ဘာမှမဆိုင်ပဲ ကိုယ်က Jaws ဇာတ်ကားတွေထဲက တာဝန်ရှိသူတွေက ခရီးသွားတွေ မလာမှာစိုးလို့ အန္တရယ်ရှိတဲ့ အဖြစ်မှန်ကို ဖုံးထားတာကို သွားသတိရမိပါတယ်။

အဲဒီခရီးသွား အဖွဲ့မှာ မိန်းကလေး တစ်ယောက် ယောက်ျားလေး ခြောက်ယောက်ပါပါတယ်။ သူတို့က စားဖို့ သောက်ဖို့ သယ်လာကြတဲ့အထဲမှာ အမဲသားတွေတောင် ပါလာခဲ့ပါတယ်။ သောက်စရာတွေလည်း ပါတာပေါ့။ မိန်းကလေး နဲ့ ယောက်ျားလေး အတွဲကလည်း အမှားအယွင်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီတောတောင်က အဲဒါမျိုးတွေ မကြိုက်ပါဘူး တဲ့။ သူတို့ အဖွဲ့က လမ်းပြလည်း မခေါ်ပဲ ကိုယ့်ဟာကို လျှောက်သွားရင်း လမ်းမှားသွားခဲ့တာပါ။ လျှိုထဲ ရောက်ပြီး ပဒူအုံ နဲ့ တိုးသွားပါတယ်။ သူတို့က လောက်လေးနဲ့ သွားပစ်တာလို့လည်း ပြောပါတယ်။ အဲဒီမှာပဲ ပဒူတွေ ဝိုင်းတုတ်ပြီး တစ်ချို့လည်း ချောက်ထဲခုန်ချပြီး ခေါင်းနဲ့ ခိုက်မိသွားပါတယ်။ မပြေးနိုင်တဲ့လူတွေကတော့ မျက်နှာ နဲ့  ခေါင်းတွေမှာ အတုပ်ခံရပြီး အခြေအနေဆိုးခဲ့ပါတယ်။ လမ်းပြတွေပဲ သူတို့ကို ရှာဖွေပြီး ဓါတ်တော်ချိုင် အပေါက်ဝကို သယ်လာ၊ ချထားတာပါ။ ဆေးရုံခေါ်သွားဖို့ စောင့်နေတုန်းမှာပဲ မိန်းကလေးကတော့ ဆုံးသွားတယ်လို့ ပြောပါတယ်။ ခေါင်းက ဆံပင်တွေထဲမှာကို ပဒူကောင်တွေပါလာပြီး ဆွဲထုတ်လိုက်တဲ့ အချိန်မှာ ပဒူကောင်တွေရဲ့  ပါးစပ်ထဲမှာ အသားစတွေ ပါလာတာ တွေ့  ရတယ်လို့  ပြောပါတယ်။ တစ်ယောက်ကိုတော့ အကြာကြီး ရှာမတွေ့  ပဲ ဖြစ်နေတာ တကယ်တော့ သူက  ပဒူကောင်ရန်က ပြေးရင်းနဲ့ ရေတံခွန်နားရောက်သွားပြီး ခုန်ချလို့  နစ်သေရတာပါ။ ဆေးရုံရောက်တာလည်း တကယ်တော့ အချိန်မကြာခဲ့ပါဘူး။ အချိန်မီနိုင်ပါရဲ့  နဲ့  သေသွားကြတာ တောထဲမှာ မယူသင့်တဲ့ အသားတွေယူလာ၊ မလုပ်သင့် မပြောသင့်တာတွေ လုပ်လို့  ပြောလို့  ဖြစ်ရတာလို့  လမ်းပြအဒေါ်ကြီးကတော့ ပြောတာပဲ။ ဆေးရုံရောက်ပြီး အသက်ရှင်သွားတဲ့ နှစ်ယောက်ကတော့ အိမ်ထောင်သည်တွေ ဖြစ်ပြီး အရက်လည်း မသောက်ခဲ့ဘူး လို့  ပြောပါတယ်။

အဆင်းတုန်းကတော့ ဓါတ်ပုံတွေ ရိုက်ပြီး  ပြုံးပြုံး ပြုံးပြုံးနဲ့  သွားခဲ့ကြတာ.. အတက်ကြတော့မှ တကယ့်ကို စကားတောင် မပြောနိုင်ကြတော့ပါဘူး။ ကိုယ်ကတော့ နောက်ဆုံးပဲ.. :D ကိုယ့်နောက်မှာ တစ်ယောက်ပဲ ကျန်တယ်။ ပင်ပန်းလွန်းလို့  နောက်တစ်ခေါက်သွားဖို့  တော့ တော်တော် စဉ်းစားရပါဦးမယ်။

ရေတံခွန်ကတော့ နွေဦးရောက်တော့မှာဆိုတော့ ရေသိပ်မများတော့ပဲ ကျောက်တုံးတွေ ပေါ်လောက်အောင် နည်းနေပါပြီ။ ထုံးစံအတိုင်း ကိုယ်လက်စွမ်းပြထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

 
  


သိင်္ဂါကျော်