02 June, 2010

၉၀/၁၀ နိယာမ



ဘဝရဲ့ ၁၀ ရာခိုင်နှုန်းကို သင့်အပေါ်မှာ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဘဝရဲ့ ၉၀ ရာခိုင်နှုန်းကတော့ သင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာ အပေါ် မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။
ဆိုလိုတာကတော့…။
ကျွန်တော်တို့မှာ ဖြစ်ပျက်လာမယ့် ၁၀ ရာခိုင်နှုန်း အတွက် ထိန်းချုပ်လို့ မရနိုင်ပါဘူး။
ကျန်တဲ့ ၉၀ ရာခိုင်နှုန်း ကတော့ မတူပါဘူး။ သင်ဆုံးဖြတ်ရမယ့် ၉၀ ရာခိုင်နှုန်းပါ။ ဘယ်လိုလဲ ဆိုတော့… သင့်ရဲ့ တုံ့ပြန်မှုအရ ဖြစ်လာတာ မို့လို့ပါ။
သင်က မီးနီ ကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ တုံ့ပြန်မှုကိုတော့ ထိန်းချုပ်နိုင်တယ်လေ။
လူတွေကို အရူးလုပ်ခွင့် မပြုပါနဲ့။ သင်ဘယ်လို ပြန်တုံ့ပြန်မယ်ဆိုတာကို ထိန်းချုပ်လို့ ရနိုင်ပါတယ်။
ဥမမာ တစ်ခု ပြပါဦးမယ်…။

သင့် မိသားစုနဲ့ မနက်စာ စားနေတုန်း သင့်ရဲ့ သမီးငယ်က ကော်ဖီခွက်ကို တိုက်ချမိလို့ သင့်ရဲ့ အလုပ်သွားမယ့် ရှပ်အင်္ကျီကို စွန်းပေသွားတယ် ဆိုပါစို့။ ဘာဖြစ်မယ် ဆိုတာကို သင် လိုက် ချုပ်ထိန်းလို့ မရပါဘူး။ ဖြစ်ပြီးတဲ့ နောက်မှာရော.. သင့် တုံ့ပြန်မှုက ဘယ်လိုလဲ ဆိုတာတော့ ဆုံးဖြတ်လို့ ရတဲ့ အရာပါ။

သင် ကျိန်ဆဲလိုက်မယ်။ သင့်သမီးလေးကို ကော်ဖီမှောက်ချတဲ့ အတွက် ဒေါသ ထွက်ပြီး ဆူမယ်။ အကျိုးကတော့ ကလေး ငိုသွားမယ်။ အဲဒီနောက်တော့ သင့်ဒေါသက သင့်အမျိုးသမီး ဘက်ကို လှည့်သွားဦးမယ်။ ခွက်ကို စားပွဲ အစွန်းမှာ ထားလို့ ဆိုပြီး သူ့ကို ဝေဖန်ဦးမယ်။ အဲဒီမှာ စကား စစ်ပွဲလေး ဖြစ်သွားဖို့ပဲ ရှိတော့တယ်လေ။

သင် အပေါ်ထပ်ကို ဒေါသတကြီး တက်ပြီး ရှပ်အင်္ကျီ ပြန်လဲမယ်။ သင်အောက်ပြန်ရောက်လာတော့ ငိုနေရတာနဲ့ မနက်စာပြီးတာ နောက်ကျ၊ ကျောင်းသွားဖို့ နောက်ကျနေတဲ့ ကလေးမကို တွေ့မယ်။ အဆုံးတော့ သူမ ဘတ်စ်ကား နောက်ကျသွားတယ်။

သင့်အမျိုးသမီးလည်း အလုပ်ကို ကမန်းကတမ်း သွားလိုက်ရတယ်။ သင်လည်း ကားကို မြန်မြန်မောင်းပြီး သမီးကို ကျောင်းပို့ဖို့လုပ်တယ်။ နောက်ကျနေတော့ တစ်နာရီ မိုင် ၃၀ ထက်ပိုပြီး မိုင် ၄၀ နှုန်းနဲ့ မောင်းသွားတယ်။ ၁၅မိနစ်လောက် နောက်ကျပြီး ဒဏ်ကြေးလည်း ဆောင်လိုက်ရပြီးမှပဲ ကျောင်းကို ရောက်တော့တယ်။ သင့်သမီးလည်း နှုတ်တောင် မဆက်နိုင်ပဲ ကျောင်းကို ပြေးရတယ်။ မိနစ်၂၀လောက် နောက်ကျပြီး ရုံးကိုရောက်မှပဲ သင့် လက်ဆွဲအိတ် မေ့ကျန်ခဲ့တာကို သတိရတော့တယ်။

သင့်ရဲ့တစ်နေ့တာက ဆိုးဆိုးဝါးဝါးအဖြစ်နဲ့ စတင်ခဲ့တယ်။ ဆက်ပြီးတော့ ဆိုးဆိုးသွားတယ်။ သင်အိမ်ကို ပြန်ရောက်တော့ သင့်အမျိုးသမီး၊ သမီးလေးနဲ့ သင်နဲ့ ကြားမှာ အဖုအထစ်ကလေး တစ်ခု ရှိနေသလို ဖြစ်နေတာ သင်တွေ့ရလိမ့်မယ်။

ဘာကြောင့်လဲ…။ သင် မနက်က ပြုမူလှုပ်ရှားခဲ့တဲ့ တုံ့ပြန်မှု အတွက်ပါပဲ။ ဘာကြောင့် အဆင်မပြေတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တာလဲ။
-       ကော်ဖီက ဖြစ်စေတာလား…
-       သင့်သမီးငယ်က ဖြစ်စေတာလား..
-       ယာဉ်ထိန်းရဲကြောင့်လား…
-       သင့်ကြောင့် ဖြစ်သွားတာလား…

အဖြေကတော့ နောက်ဆုံးအချက်ပါ။
ကော်ဖီနဲ့ပတ်သက်ပြီး သင်ချုပ်ကိုင်လို့ မရပါဘူး။ ဒါပေမယ့် တစ်နေ့လုံး အဆင်မပြေ ဖြစ်အောင် လုပ်တာကတော့ သင့်ရဲ့ ၅ စက္ကန့်အတွင်း တုံ့ပြန်မှုကြောင့်ပါပဲ။

ကော်ဖီ မှောက်ကျသွားတော့ သမီးလေးကလည်း ငိုချင်နေတဲ့ အချိန်။ သင်ကသာ “သမီးရေ.. ကိစ္စမရှိပါဘူးကွာ၊ နောက်တစ်ခါတော့ ပိုဂရုစိုက်လုပ်ပေါ့ ဟုတ်လား” လို့ ကောင်းကောင်းမွန်မွန် ပြောလိုက်မယ်။ လက်သုတ်ပဝါတစ်ထည် ဆွဲယူပြီး အပေါ်ထပ် မြန်မြန်တက်လိုက်မယ်။ ရှပ်အင်္ကျီအသစ်တစ်ထည် မြန်မြန်လဲ၊ လက်ဆွဲအိတ်ကလေး ဆွဲပြီး ဆင်းလာတဲ့ အချိန်မှာ ပြတင်းပေါက်ကနေ ကလေး ကျောင်းကားပေါ် တက်သွားတာကို မြင်လိုက်ရမှာပဲ။ အမျိုးသမီးလည်း သူအလုပ်သူ ပုံမှန်အတိုင်း သွားမယ်။ သင်လည်း အလုပ်ကို ၅မိနစ်လောက်တောင် စောရောက်ပြီး ဝန်ထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်နိုင်မယ်။ သင့်ရဲ့ဘော့စ် ကလည်း ချီးကျူးမယ်။ တစ်နေ့တာက ဘယ်လောက်ကောင်းသွားသလဲ။

ခြားနားချက် ကို မြင်နိုင်မယ် ထင်ပါတယ်။ မတူညီတဲ့ ဇာတ်ညွှန်းနှစ်ခုမှာလေ..။ စတင်တာကတော့ အတူတူပါပဲ…။ အဆုံးသတ်ကသာ မတူညီတာပါ။

ဘာကြောင့်လဲ…။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ တုံ့ပြန်မှုကြောင့်ပါပဲ။ ဖြစ်ပျက်မှုရဲ့ ၁၀ ရာခိုင်နှုန်းကို မတားဆီးနိုင်ပေမယ့် ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ သင့်အပြုအမူက ပြဌာန်းတာပါ။

ဒီနေရာမှာ ၉၀/၁၀ နိယာမ နဲ့ ပတ်သက်ပြီး နည်းလမ်းတွေ ပြောချင်ပါတယ်။ တစ်စုံတစ်ယောက်က သင်နဲ့ ပတ်သက်ပြီး မကောင်းတာ တစ်ခုခု ပြောတယ် ဆိုပါစို့။ ထိခိုက်ခံစား မလွယ်ပါနဲ့။ မကောင်းတဲ့ ကိစ္စက သင့်ကို အထိခိုက်မခံပါနဲ့။ သင့်တော်သလို တုံ့ပြန်လိုက်ပါ။ တစ်နေ့လုံး အဲဒါကို တွေးပြီး ခံစားမနေပါနဲ့။ မှားယွင်းတဲ့ တုံ့ပြန်မှု ရလာဒ်က မိတ်ဆွေ သူငယ်ချင်း ဆုံးရှုံးတာ ကစလို့ အလုပ်ပြုတ်တဲ့ အထိ ဖြစ်နိုင်ပြီး စိတ်ဖိစီးမှုတွေလည်း များနေပါလိမ့်မယ်။

သင့်အလုပ်ကို ဆုံးရှုံးသွားတယ် ဆိုပါစို့။ ဘာကြောင့် အိပ်နေတာ စိတ်ပျက်အားငယ်တာမျိုး လုပ်နေမလဲ။ သင့် အားအင်တွေကို နောက်ထပ် အလုပ်တစ်ခု ရှာတဲ့နေရာမှာပဲ သုံးလိုက်ပါ။ လေယာဉ်ပျံနောက်ကျနေတယ်.. ဒါဆိုလည်း ဒီနေ့အတွက် အစီအစဉ်တွေကို ပြန်ပြင်လိုက်ရုံပေါ့။ လေယာဉ် အချိန်မီ ရောက်ဖို့အတွက် ဘာကြောင့် စိတ်ပင်ပန်းအောင် လုပ်နေမလဲ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်လုပ်လို့ ရတာမှ မဟုတ်ပဲ။ ကြာနေတဲ့ အချိန်အတွင်းမှာ ကိုယ် လေ့လာစရာရှိတာ လေ့လာနေပါ။ တစ်ခြား ခရီးသည်တွေနဲ့ မိတ်ဆွေဖွဲ့ချင်လည်း ဖွဲ့ပါ။ ဘာကြောင့် စိတ်ဖိစီးအောင် နေမလဲ။ ဒါဟာ အမှားအယွင်းလေး တစ်ခု သက်သက်ပဲ။ အခု သင်  ၉၀/၁၀ နိယာမ ကို သိသွားပြီပဲ။ ဒါကို လက်တွေ့အသုံးချလိုက်ပါ။ အံသြစရာ ရလာဒ်ကို တွေ့ရပါလိမ့်မယ်။ သင်ကြိုးစားကြည့်မယ်ဆိုရင် ဘာမှလည်း အရှုံးရှိမှာ မဟုတ်ပါဘူး။

လူသန်းပေါင်းများစွာဟာ ဖြစ်ဖို့မထိုက်တန်တဲ့ စိတ်ဖိစီးမှုတွေ၊ စမ်းသတ်စစ်ဆေးမှုတွေ၊ ပြဿနာတွေ အသည်းကွဲတာတွေ ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြရပါတယ်။ ကျွန်တော်တို့ အားလုံး ၉၀/၁၀ နိယာမ ကို နားလည်ပြီး အသုံးချနိုင်ဖို့ လိုပါတယ်။

ဒါက သင့်ဘဝကို ပြောင်းလဲစေနိုင်မှာပါပဲ။

Mail ထဲက ရတဲ့ Stephen Covey ရဲ့ Discover the 90/10 Principle ကို ပြန်ဆိုပါတယ်။ တစ်ခြား ပြန်ပြီးသားလည်း ရှိချင်ရှိမှာပါ။ သဘောကျလို့ တင်လိုက်ပါတယ်။

သိင်္ဂါကျော်

31 May, 2010

ညနေခင်း အလှအပများ

 ဒီနေ့ နေ့ခင်းက သူငယ်ချင်းတွေ dinner dress သွားရှာကြတာကို အဖော်လိုက်သွားခဲ့တယ်။ အဲဒါနဲ့ပဲ ပြန်ရောက်တော့ ဘာရယ်မဟုတ် google ကနေ ရှာကြည့်ပြီး တွေ့တဲ့ လှတပတ dinner dress တွေ စုစည်းပြီး တင်လိုက်ပါတယ်။ အမှန်တော့ စာဖတ်စရာ ရှိနေတာလည်း မဖတ်ချင်တာနဲ့ ဟိုဟိုဒီဒီ လျှောက်ရှာကြည့်ရင်း တွေ့တာလေးတွေပါ။ အလည်လာသူ အပေါင်းလည်း မျက်စိပသာဒ ဖြစ်သွားတာပေါ့နော်...။ 
 
 

30 May, 2010

ကန္တာရထဲက ပန်းပွင့်လေး


ဒီအဖြစ်အပျက်က လွန်ခဲ့သော နှစ်များစွာက နွေရာသီ တစ်ခုမှာ ဖြစ်ခဲ့တာပါ။

တစ်ခါက နေရာအနှံ ခြောက်သွေ့ပြီး ဝမ်းနည်းစရာ ကောင်းနေတဲ့ သဲကန္တာရ ထဲမှာ ငယ်ငယ်ရွယ်ရွယ် ပန်းကလေး တစ်ပွင့် ရှိခဲ့ပါတယ်။ သူ့ဘာသာသူ ကြီးထွားလာခဲ့ပြီး နေ့တိုင်းလည်း ပျော်ပျော်ရွှင်ရွှင် နေခဲ့တယ်။ ပြီးတော့ နေမင်းကို မေးတယ်။ “ကျွန်မ ဘယ်အချိန် ကြီးလာမှာလဲ” တဲ့။ နေမင်း ကလည်း ပြန်ပြောတယ်။ “သည်းခံပါဦး ကလေးရယ်၊ ငါမင်းကို ထိတွေ့တိုင်း မင်း နည်းနည်း နည်းနည်း ကြီးထွားလာတာပဲ” တဲ့။ သူမကလည်း သဘောကျသွားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမမှာ ဒီသဲကန္တာရကြီးကို လှပစေနိုင်မယ့် အခွင့်အလမ်း တစ်ခု ရှိလိမ့်မယ် ဆိုတာ သိလိုက်ရလို့ပဲ။ အဲဒါ သူမ လုပ်ချင်တဲ့ ကိစ္စပဲ ... ဒီကမ္ဘာကြီးကို နည်းနည်းလေးပဲ ဖြစ်ဖြစ် လှပမှုတွေ ယူဆောင်ပေးချင်တယ်လေ။

တစ်နေ့မှာ မုဆိုးတစ်ယောက် ရောက်လာခဲ့ပြီး သူမကို နင်းမိခဲ့တယ်။ သူမ သေကာနီး ဆဲဆဲ ဖြစ်သွားပြီး ဝမ်းနည်းနေရတယ်။ သူမ သေတော့မှာ မို့လို့ ဝမ်းနည်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူမမှာ ဒီ သဲကန္တာရကြီးကို အလှဆင်နိုင်မယ့် အခွင့်အလမ်း မရှိတော့လို့ ဝမ်းနည်းတာပါ။

တန်ခိုးကြီး နတ်ကောင်း တစ်ပါး က သူမကို တွေ့ခဲ့ပြီး သူမ ပြောတာကို နားထောင်မိခဲ့တယ်။ “သူမ အသက်ရှင်သင့်တယ်” လို့ သူက ပြောခဲ့တယ်။ ပြီးတော့ အောက်ကို ငုံပြီး သူမကို ထိတွေ့ကာ သူမရဲ့ ဘဝကို ပြန်ပေးလိုက်တယ်။

အဲဒီနောက် သူမဟာ လှပတဲ့ ပန်းကလေး တစ်ပွင့် အဖြစ် ပွင့်လန်း လာခဲ့ပါတယ်။ သဲကန္တာရကြီးရဲ့ ဒီအစွန်းတစ်ဖက်ဟာလည်း သူမကြောင့် မို့လို့ လှပလာခဲ့ပါတော့တယ်။

(မြန်မာ စကားမှာ သူမ ဆိုတဲ့ စကားလုံး မရှိဘူးလို့ တလောကပဲ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် အဲဒီလို သုံးတာကို ပိုနှစ်သက်လို့ သုံးလိုက်ပြန်ပါပြီ :D)

Loki ရဲ့ Flower in the Desert ကိုပြန်ဆိုပါသည်။

သိင်္ဂါကျော်

27 May, 2010

ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်အောင်


ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု ဆိုတာက ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မြင်တဲ့ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ခံစားချက်တွေကို ဆိုလိုပါတယ်။ အဲဒီ ခံစားချက်တွေ ဆိုတာကလည်း ကျွန်တော်တို့ ကျင်လည်ရတဲ့ ဘဝရဲ့ အတွေ့အကြုံတွေ၊ မိသားစု အသိုင်းအဝိုင်း၊ လူမှုပတ်ဝန်းကျင်၊ အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားပေါ် အခြေခံနေပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ခံစားရတဲ့ အချိန်တွေ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရှုံးနိမ့်ပြီလို့ ထင်တဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။ လူတွေ ကိုယ့်ကိုယ်ကို အထင်အမြင်မကြီးကြတာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်တည်လာတာပါ။ သူတို့ ကလေးဘဝတုန်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြုံခဲ့ရတာ၊ မိဘတွေဆီက လုံလုံလောက်လောက် အချစ်မခံခဲ့ရပဲ ကြီးပြင်းလာတဲ့ အချိန်တလျှောက်လုံး မှာလည်း အပြစ်တင် ဝေဖန်ခံရတာတွေပဲ ကြုံနေခဲ့ရတာ၊ မဖြစ်နိုင်တာ တစ်ခုခုကို ရည်မှန်းထားပြီး နောက်ပိုင်းမှာ ရှုံးနိမ့်မှု ကြုံရတာ၊ ကြီးပြင်းလာတဲ့ အချိန်မှာ မိသားစုရဲ့ အထောက်အပံ့ပေးမှု မရတာ၊ အလုပ်လက်မဲ့ ဖြစ်တာ စတဲ့အကြောင်းတွေကြောင့် ကိုယ့်ကိုယ်အထင်သေးမှုကို ဖြစ်စေပါတယ်။

ကိုယ့်ကိုယ်ကိုမှ အထင်ကြီးမှုမရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အသက်မွေးမှုဘဝမှာရော၊ ကိုယ်ပိုင်ဘဝမှာရော၊ ဘယ်ပတ်ဝန်းကျင်မှာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ဝေဖန်မှုတွေကို ကြောက်ရွံနေတတ်သူ ဖြစ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် မချတတ်သူပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်း၊ လူမှုဆက်ဆံရေးမှာလည်း အားနည်းပြီး အမြဲတမ်း အဆိုးမြင် အတွေးတွေကိုပဲ တွေးနေတတ်သူပါ။ အဲဒီတော့ ပုံမှန်ဘဝမှာ အောင်မြင် ပျော်ရွှင်စွာ နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုကို မြှင့်တင်ဖို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်အောင် လုပ်ဖို့အတွက် အောက်မှာ ရေးသားမယ့် အချက်ကလေးတွေကို သုံးကြည့်စေချင်ပါတယ်။
  • အဆိုးမြင်အတွေး အားလုံးကို ဖယ်ရှားပြီး အကောင်းမြင် အတွေးမျိုး တွေးတတ်အောင်ကျင့်ပါ။ နေ့စဉ် ဒိုင်ယာရီ တစ်ခု ထားပြီး သင့်ကိုယ်သင် နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ အရာအားလုံးကို ချရေးထားပါ။ အဲဒီ ဒိုင်ယာရီ ကို နေ့တိုင်း ပုံမှန် ပြင်ပြီး သင့်ကိုယ်သင် ဂုဏ်ယူစေတဲ့ အချက်တွေ တွေ့လာရင် ထပ်ထည့်ပါ။ ဘတ်စ်ကားပေါ်မှာ အဘွားအို တစ်ယောက် လာလို့ ကိုယ့်ထိုင်ခုံက ထပေးလိုက်တာ လိုမျိုး ရိုးစင်းတဲ့ အချက်တွေပါ အားလုံး ထည့်ပါ။ သင့်ကိုယ်သင် အထင်သေးသလို ခံစားရတဲ့ အခါမျိုးမှာ အဲဒီ ဒိုင်ယာရီကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။
  • သင့်ကိုယ်သင် သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီး သင် ဘာလဲ ဆိုတာ သိအောင်လုပ်ပါ။
  • သင်ဟာ အလွန်အရေးကြီးပြီး သူများနဲ့ မတူတဲ့လူ၊ အသိဥာဏ်ထက်မြက်တဲ့ လူ တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောပါ။ မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊ “ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ” စသဖြင့် ပြောပေးပါ။ သင့်အခန်းနံရံမှာလည်း ကောင်းတဲ့အတွေးအခေါ် စာစုတွေ ကပ်ထားပါ။
  • သင့်ရဲ့ သူငယ်ချင်းများကို ဂရုတစိုက် ရွေးချယ်ပါ။ သင့်ကို ဝေဖန် နှိမ့်ချ တတ်သူများကို အနားမှာ မထားပါနဲ့။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တတ်သူများနဲ့သာ မိတ်ဆွေဖွဲ့ပါ။
  • ဘဝမှာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ကိုပဲ ထားပါ။ မအောင်မြင်နိုင်လောက်တဲ့ အရာတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ အားသာချက်၊ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေ အပေါ်မူတည်ပြီး ပန်းတိုင်ကိုရွေးချယ်ပါ။
  • သင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင် အကြံပေးချက်ကတော့ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ဦးတည်ပြီး အလုပ်ကို ပြင်းပြင်းထန်ထန် တစိုက်မတ်မတ် လုပ်ပါ။ အဲဒါက သင့်ကို အောင်မြင်မှု အသေးစားလေးတွေ ရအောင် ကူညီပါလိမ့်မယ်။ အဲဒီနောက် သင့်ကိုယ်သင် အထင်ကြီးပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။
  • မကြာခဏ၊ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပြီး ကိုယ့်ကိုယ်ကို အထင်မကြီးတာကလည်း သူတို့ကိုယ်သူတို့ စိတ်ပျက်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ။ အကျိုးသက်ရောက်စေတဲ့ တစ်နည်းကတော့ ကလေးငယ်တွေကို ပြည့်ဝတဲ့ ဂရုစိုက်ယုယမှုနဲ့ ချစ်မြတ်နိုးမှု ပေးဖို့ပါပဲ။ သူတို့ကို ချီးမွမ်းပေးပါ၊ တခြားကလေးတွေနဲ့ သွားပြီး မနှိုင်းယှဉ်ပါနဲ့။ အားကစားလုပ်တာလိုမျိုး ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။ အဲဒါတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို တည်ဆောက်စေနိုင်ပါလိမ့်မယ်။ 
အထက်ဖော်ပြပါ အချက်တွေက သင့်အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်ကို မြှင့်တင်ရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ မိမိကိုယ်ကို အထင်ကြီးတတ်မှုက သင့်ဘဝကို ပဲ့ကိုင်တဲ့ နေရာမှာ အလွန်အရေးကြီးပါတယ်။ တာဝန်ယူတတ်တဲ့စိတ်၊ အမှီအခိုကင်းတဲ့စိတ်၊ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချလိုစိတ် တွေက ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားလာဖို့ နဲ့ ယုံကြည်မှု မြင့်မားလာဖို့ အတွက် သော့ချက်တွေပါပဲ။


Aastha Dogra ရဲ့ How to Raise Self Esteem ကို မှီငြမ်းပါသည်။

သိင်္ဂါကျော်

25 May, 2010

မိုးဦးညနေ


နွေနေပူကိုမုန်းလို့
သွေးရူးသွေးတန်းမျှော်နေတဲ့
မိုးတိမ်တွေ မလာခင်
ခေတ္တခဏ ကင်းစင်တဲ့ ကောင်းကင်အောက်၊
ဆောင်းရာသီတုန်းက
နှင်းမြူတွေရဲ့ ပြန်ပေးဆွဲခံထားရတဲ့
ဟိုဝေးဝေးက တောင်တန်းတွေ
လွတ်မြောက်လာတဲ့ညနေ။

မနေ့ကမိုးက လန်းဆန်းစေလို့
ပုရစ်ဖူးတွေ စိမ်းစိုတဲ့တောတန်းထဲ
တောပန်းတွေ အစွမ်းကုန်ပွင့်နေတာ
ပွင့်ဖတ်တွေ မကြွေတော့မယ့်အတိုင်း။

အလင်းမပျောက်တပျောက်ကောင်းကင်ထဲ
လခြမ်းကွေးကို ငေးနေတုန်းမှာပဲ
တောင်တန်းတွေကို ပွေ့ဖက်နမ်းလို့ အားရသွားတဲ့
အဲဒီမိုးတိမ်တွေက
ကောင်ကင်ကို အပိုင်စီးလိုက်လေတယ်။

ခြေခင်းလက်ခင်း မဆန့်ရတော့မယ့် ညနေတွေ
များလာမှာ ကြိုသိနေပေမယ့်
မိုးကို ဝေးဝေး ခေါ်ဆောင်စေမယ်ဆို
အဲဒီလေကြမ်းတွေကိုလည်း မမျှော်ပါဘူး။
ငါ့ပတ်ဝန်းကျင်ကို ကန္တာရသဲတွေ မသယ်ဆောင်လာပါနဲ့၊
တဖွဲဖွဲမိုးကိုပဲ ငါမျှော်ခဲ့တာပါ၊
အစိမ်းရောင်တွေကို မကျိုးပဲ့စေချင်ဘူး၊
သနားစရာ တဲအိုတွေကို မပြိုစေချင်ဘူး၊
တစ်ချိန်ချိန်မှည့်လာမယ့် သီးကင်းတွေကိုလည်း မကြွေစေချင်ဘူး။

ငါ့ဘာသာ ဘယ်လိုပဲစိတ်ကူးကူး
အဲဒီညနေကတော့
မကြာခဏ လေပြင်းကို သူငယ်ချင်းဖွဲ့တယ်၊
အုံနဲ့ကျင်းနဲ့ မိုးစက်တွေခေါ်ပြီး ပါတီလုပ်မြဲလုပ်ဆဲပဲ။

သိင်္ဂါကျော် 

(ပုံကို ဒီနေရာက ယူပါတယ်)

22 May, 2010

အထင်မှား အမြင်မှား (ဇာတ်သိမ်း)

“သုံးယောက်စလုံးကတော့ မသတ်ဘူးလို့ ငြင်းနေကြတာပဲ၊ တို့မှာလည်း သေချာပေါက် စွပ်စွဲဖို့ သက်သေက မရှိဘူး”
စိမ်းဝတီက စပြောသည်။
“ဒေါက်တာ ဇလပ်ဖြူ အပြောအရတော့ ယောက်ျားတစ်ယောက် အားနဲ့ လည်မျိုညှစ်သတ်တာလို့ ပြောတာပဲ၊ အဲဒီတော့ နိုင်နိုင်မော် မဖြစ်နိုင်ဘူးလို့ လောလောဆယ် ဖယ်ထုတ်လိုက်မယ်လေ”
ရဲစွမ်းနိုင်က ပြောသည်။
“ဒေါက်တာသီဟအောင် ကလည်း မသင်္ကာစရာ၊ ဇော်ထွဋ်အောင်ကလည်း မသင်္ကာစရာ၊ ဆိုပေမယ့် နိုင်နိုင်မော် အပြောအရ နှစ်ယောက်လုံးက မဖြစ်နိုင်တော့ဘူး ဖြစ်နေတယ်၊ အဲဒီတော့ လူသတ်သမားက ဘယ်သူလဲ”
နေထွဋ်ကလည်း မေးခွန်းထုတ်သည်။
“သူတို့နှစ်ယောက်ထဲက တစ်ယောက်က နောက်တစ်ခေါက် ပြန်လာပြီး သတ်တာလည်း ဖြစ်နိုင်တာပဲ”
စိမ်းက သူ့အမြင်ကို ပြောလိုက်သည်။
“ခိုင်ခိုင်သီ့ အစ်ကို ပြောတဲ့ လူပုံစံကို ပုံကြမ်း ထုတ်ကြည့်ပြီးပြီလား ကိုနေ”
“နေကာမျက်မှန် တပ်ထားတယ် ဆိုတော့ မျက်နှာပုံစံ မသေချာတာနဲ့ မထုတ်ရသေးဘူး၊ စိမ်း”
“အဲဒါ လုပ်ခိုင်းလိုက်ဦးလေ၊ နောက်ပြီးတော့ အလောင်းရဲ့ လည်ပင်းကရော လက်ဗွေရာ မရနိုင်တာ သေချာလား စွမ်းနိုင်”
“သေချာတယ်၊ အသားပေါ်က လက်ဗွေက ဘယ်လိုမှ မထင်ရှားဘူး၊ သူ့အင်္ကျီပေါ်မှာလည်း သူနဲ့ သူ့အစ်ကိုရဲ့ လက်ဗွေတွေပဲ ရှိတယ်”
“သူ့အစ်ကို ဟုတ်လား၊ သူ့အစ်ကို ဆိုလို့ သူ့အစ်ကိုကရော ယုံရပါ့မလား၊ အဲဒီ လူသတ်သမား ဆိုတာကလည်း သူ့အစ်ကိုရဲ့ ပြောစကားပဲလေ”
“သူ့အစ်ကိုတော့ မဖြစ်နိုင်ဘူး ထင်တာပဲ၊ လူသတ်သမားနဲ့ သူနဲ့တောင် ထိပ်တိုက်တွေ့လိုက်သေးတယ် ဆိုတော့...”
“ပြီးတော့ သူ့အစ်ကိုမှာ သတ်စရာ အကြောင်းလည်း ဘာမှမရှိဘူးလေ စိမ်းရဲ့၊ မောင်နှမနှစ်ယောက်က အမွေလည်း အပြီးခွဲပြီးသား၊ ခုတလောမှာ ခိုင်ခိုင်သီကသာ အကြွေးတွေတင်နေပြီး ကျော်ခိုင်စိုးရဲ့ စီးပွားရေးကတော့ ကောင်းနေတယ်၊ အမွေလိုချင်လို့ သတ်ချင်ရင် ခိုင်ခိုင်သီကသာ ကျော်ခိုင်စိုးကို သတ်ချင်မှာပဲ”
“ဒါပေမယ့် ခိုင်ခိုင်သီက သတ်ချင်ရင်တောင် သူ့အခန်းကိုတော့ ခေါ်ပြီး သတ်မှာ မဟုတ်ပါဘူး”
“ခက်တာက အဲဒီအခန်းထဲ ဝင်တာ ထွက်တာတွေကို မြင်လိုက်တဲ့လူကလည်း ဘယ်သူမှ မရှိဘူး ဖြစ်နေတယ်”
 “နေဦး ငါတို့ ညစောင့်ကို မမေးရသေးဘူးနော်”
“ဟုတ်တယ် စိမ်း၊ ဂျူတီ ချိန်းသွားပြီ ဆိုလို့လေ၊ သူ့လိပ်စာကိုလည်း မနက်ပိုင်း တစ်ယောက်က မသိဘူး ဆိုလို့”
“ဝရံတာကတက်လာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်”
“ဟုတ်တယ်၊ ကိုနေ ပြောတာမှန်တယ်၊ ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တယ်၊ ဒါဆို ဘာလို့ ကျော်ခိုင်စိုးက လိမ်ပြောရတာလဲ”
“ဒါပေမယ့် စိမ်း၊ ဝရံတာမှာ အကြာကြီးနေခဲ့တဲ့ လူ တစ်ယောက်တော့ ရှိတယ်လေ၊ နိုင်နိုင်မော်၊ သူဝင်လာတာကို ကျော်ခိုင်စိုးက မြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တယ် နောက်ပြီး စွမ်းနိုင် ပြောသလို ဖယ်ထုတ်လို့ မဖြစ်နိုင်သေးဘူး၊ သူက ယောက်ျားလေးလိုနေတာ၊ သတ်မယ် ဆိုရင် သတ်နိုင်တဲ့ အင်အားလည်း ရှိမှာပဲ”
“သူ သတ်ခဲ့ရိုးမှန်ရင် ဘာလို့ အဲဒီညက ဝရံတာမှာ နေခဲ့တဲ့ အကြောင်းကို ဖွင့်ပြောရတာလဲ”
“ကျော်ခိုင်စိုးနဲ့ နိုင်နိုင်မော် တစ်ယောက်ယောက်တော့ လိမ်နေပြီ၊ သူတို့နှစ်ယောက်ကို မုသားဖော်စက်ရှေ့မှာ ထပ်ပြီး စစ်ကြည့်ဖို့လိုပြီထင်တယ်”
“သူတို့ နှစ်ယောက်ပဲလား၊ ဒေါက်တာသီဟအောင်ကိုတော့ ခဏ ဖယ်ထားလိုက်ပါ၊ ဇော်နိုင်ထွဋ်ကိုရော…၊ သတ်နိုင်တဲ့ motive က သူ့မှာ ပိုများနေတာနော်”
“စွမ်းနိုင် ပြောတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ငါ့ စိတ်ထဲမှာ သူ မဖြစ်နိုင်ဘူးလို့ ထင်နေတယ်၊ သူ ပြောတာ ဆိုတာက လိမ်နေတဲ့ပုံ မပေါက်ဘူး၊ သူက ဟန်ဆောင်ကောင်းလွန်းရင်တော့ မပြောတတ်ဘူး”
“ကိုနေက ဇော်နိုင်ထွဋ်ကို နည်းနည်း ထပ်မေးကြည့်လိုက်ပါလား၊ ငါနဲ့ စွမ်းနိုင်နဲ့ ခိုင်ခိုင်သီတို့ တိုက်ကို သွားလိုက်ဦးမယ်၊ ညစောင့်ကြီးကိုလည်း ရှာရဦးမယ်”
***

စိမ်းဝတီသည် ရဲစွမ်းနိုင်ကို အပေါ်ထပ်အရင်လွှတ်လိုက်ပြီး ရေပိုက်လိုင်းမှ တွယ်၍ တတိယထပ်သို့ တက်ဖို့ကြိုးစားကြည့်သည်။ တိုက်က အသစ် ဖြစ်နေသေးသောကြောင့် အက်ရာပြုရာ မရှိသည့်အတွက် လက်နှစ်ဖက်မှာ အုတ်နံရံအချောကို တွယ်ဖို့ရာ မလွယ်ကူနိုင်ပါ။ တက်လို့ရသည့်တိုင် တတိယထပ်ဝရံတာ ကို ခုန်ကူးဖို့ရာ သာမန် လူတစ်ယောက်အဖို့ ဝေးလွန်းသည်။ သိပ္ပံကာတွန်းများထဲက ပစ္စည်းမျိုးတွေ ပါမှသာ တက်လို့ရမည့်ပုံစံမျိုး ဖြစ်သည်။ ဒုတိယထပ် ဝရံတာနှင့် တတိယထပ် ဝရံတာမှာလည်း တစ်နေရာတည်းမှာမဟုတ်ပဲ နှစ်ခန်းတွဲမှာ တစ်ခန်းသာလျှင် ဝရံတာပါသောကြောင့် တိုက်ခန်းဒီဇိုင်းအရ တတိယထပ်က ဒီဘက်အခန်းမှာ ပါလျှင် ဒုတိယထပ်က ဟိုဘက်အခန်းမှာ ပါနေသည်။ စိမ်းလည်း ဒုတိယထပ် မရောက်ခင် တစ်ဝက်လောက်အထိ တက်ကြည့်ပြီး ပြန်ဆင်းလာခဲ့သည်။ ရိုးရိုးလှေကားကပဲ ခိုင်ခိုင်သီ အခန်းရောက်အောင် ပြန်တက်ခဲ့သည်။

ခိုင်ခိုင်သီ့ အခန်းနှင့် မျက်နှာချင်းဆိုင်အခန်းကို ထပ်မေးကြည့်တော့လည်း ညနက်သည်အထိ တီဗွီကို အသံကျယ်ကျယ် ဖွင့်ကြည့်နေသောကြောင့် ဘာသံမှမကြားကြောင်း ပြောသည်။ အခန်းထဲတွင် သူတို့မေ့ကျန်ခဲ့သော သဲလွန်စလည်း တစ်ခုမှ ထပ်မတွေ့ရပါ။ သို့သော် ပြန်စဉ်းစားလိုက်တော့ ကျော်ခိုင်စိုး၏ ထွက်ဆိုချက်က မတိမကျ ဖြစ်နေသည်ဟု ထင်မိသည်။ သို့သော် သူက ဘာအကြောင်းနှင့် လိမ်စရာ ရှိသလဲ။

ပထမအခေါက်က တာဝန်ချိန်မဟုတ်သဖြင့် မတွေ့ခဲ့ရသော လုံခြုံရေးအစောင့်ကြီးက ဂျူတီပြန်ဝင်နေသဖြင့် အိမ်လိုက်ရှာစရာ မလိုပဲ တွေ့ရသည်။ သူက ဒီတိုက်ခန်းတွဲတွင် အလုပ်လုပ်သည်မှာ ကြာပြီဖြစ်ပြီး စပ်စုတတ်သော ညဉ်လည်း ရှိသောကြောင့် လာနေကျ လူတော်တော်များများကို မှတ်မိနေသည်။ အခင်းဖြစ်သောညက သူကညစောင့်ဂျူတီ ကျခဲ့သည်။ သို့သော် ခိုင်ခိုင်သီ သေဆုံးသည်ကို မသိလိုက်ပဲ မနက် ၅ နာရီလောက်မှာပင် ဂျူတီချိန်းခဲ့သည်။ ကျော်ခိုင်စိုး အကြောင်းကြား၍ စိမ်းဝတီတို့အဖွဲ့ ရောက်လာသည့် အချိန်က နံနက် ၆နာရီကျော်နေလေပြီ။
“ဦးလေး မနေ့ညက ၁၁ နာရီ နဲ့ ၁၂ နာရီ ဝန်းကျင်မှာ ဘယ်သူတွေ ဝင်ထွက်တာ တွေ့သေးလဲ၊ မှတ်မိသလောက် ပြောပြပါလား”
“တတိယထပ်မှာ နေတဲ့ ယောက်ျားလျာမလေး က ၁၁ နာရီ မထိုးခင်လောက်မှာ ရောက်လာတယ်၊ နောက် တော်တော်များများ တော့ လာကြတယ်၊ တိုက်ခန်းတွေကလည်း များတာကိုးကွယ့်၊ ဒါပေမယ့် ဒီတိုက်ခန်းတွဲတွေမှာ ညနက်ပိုင်း ဧည့်သည်လာတာ သိပ်မရှိတတ်တော့ မှတ်မိနေတာပါ၊ တတိယထပ်က ကောင်မလေးဆီ လာနေကျ သူ့ရည်စား ဆိုတဲ့ ကောင်လေးလည်း လာတယ်၊ နောက်ပြီး ဟို တိုင်းရင်းဆေးဆရာလည်း လာသေးတယ်၊ နောက် ဒုတိယထပ်က အမျိုးသမီးက အဲဒီအချိန်မှ ပြန်လာတယ်၊ နောက်ထပ် အမျိုးသားနှစ်ယောက်လာသေးတယ်၊ ဘယ်အထပ်လဲ မေးတာကို မဖြေပဲ တက်သွားတယ်”
“အဲဒီ အမျိုးသား နှစ်ယောက်က ဘယ်လိုပုံစံမျိုးလဲ၊ ဘယ်အရွယ်လောက်ရှိပြီလဲ”
“၅၀ ကျော် လောက်ပဲ ကာရာအိုကေ ခန်းက ပြန်လာပုံရပါတယ်၊ မူးလည်း မူးနေတယ်၊ အပေါ်ဆုံးထပ်ကို တက်သွားတာပဲ”
“ခိုင်ခိုင်သီ အခန်းက ယောက်ျားလျာမလေး ပြန်သွားတာကော ဦးလေး တွေ့လိုက်သေးလား၊ ဘယ်အချိန်လောက် ပြန်သွားလဲ”
“တစ်နာရီလောက်တော့ ကြာမယ်ထင်တယ်၊ ပြန်သွားတာပဲ၊ ဦးလေးတောင် အံ့သြသွားသေးတယ်၊ သူက အရင် ဒီမှာနေတာလေ”
“နေကာမျက်မှန်အနက်တပ်ထားတဲ့ ဆံပင်ထောင်ထောင်နဲ့ ကောင်လေးတစ်ယောက် လာတာ၊ ဒါမှမဟုတ် ပြန်ထွက်သွားတာရော တွေ့မိသေးလား”
“မတွေ့မိပါဘူး၊ နေကာမျက်မှန်တပ်လာတာ တစ်ယောက်မှ မရှိပါဘူး”
“တိုင်းရင်းဆေးဆရာ နဲ့ ခိုင်ခိုင်သီ ရည်စား ပြန်သွားပြီးမှ နောက်တစ်ခေါက် ပြန်လာတာရော ရှိလား”
“မရှိပါဘူး၊ ပြန်မလာပါဘူး”
“သေချာတယ်နော် ဦးလေး၊ နှစ်ခေါက် ပြန်လာတဲ့လူ ဘယ်သူမှ မရှိဘူးနော်”
“မရှိပါဘူး၊ သေချာပါတယ်”
“ဟုတ်ကဲ့၊ ခုလို ဖြေတာ ကျေးဇူးပဲ ဦးလေးကြီး၊ နောင် သက်သေ ထွက်ဖို့လိုအပ်ရင်လည်း ထွက်ပေးနော်”
***

နေထွဋ်က ဇော်နိုင်ထွဋ်ကို နောက်သွားသော အခါ သူ့ထွက်ဆိုချက်ကို စိမ်းဝတီကို ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်နှင့် ကွဲလွဲချက်မရှိပါ။ နေထွဋ်က ဇော်နိုင်ထွဋ်နှင့် လောလောဆယ် တွဲနေသော ချိုချိုကိုပါ တွေ့၍ စကားပြောကြည့်တော့ သူမက ဇော်နိုင်ထွဋ်၏ အရင်ရည်စားအကြောင်း၊ သူ့အကျင့်စရိုက် အားလုံးကို သိပြီးသား ဖြစ်နေသည်။ သိလျက်နှင့် မဖြတ်နိုင်ပဲ တွဲနေသူ ဖြစ်သည်။ ဇော်နိုင်ထွဋ်က စတင်၍ သူ့အရင် ရည်းစား ဆုံးသွားသည့် အကြောင်း ဝန်ခံသောကြောင့် သူမကလည်း သူမ အစကတည်းက သိပြီးသား ဖြစ်ကြောင်း ဝန်ခံရာ သူတို့နှစ်ယောက်က ပိုပြီးတောင် ပြေလည်နေကြသည်။ သူမကတော့ ဇော်နိုင်ထွဋ်မှာ လူတစ်ယောက်ကို သတ်ရဲသည့် သတ္တိမျိုး မရှိကြောင်း ပြောသည်။
***

ကျော်ခိုင်စိုးကို မုသားဖော်စက် နှင့် ချိတ်ဆက်ထားပြီး မေးခွန်းများ ထပ်မေးခဲ့သည်။
“ခင်ဗျား အခန်းထဲက ထွက်လာတော့ လူသတ်သမားကို ဘယ်နေရာမှာ တွေ့တာလဲ”
“ဝရံတာ မှန်တံခါးက ဝင်လာတာ တွေ့တာပါ”
“သူက ဘယ်လိုပုံစံမျိုးလဲ”
“ဆံပင်ထောင်ထောင်နဲ့ နေကာမျက်မှန်အနက် တပ်ထားတယ်၊ ခေတ်လူငယ်ပုံမျိုးပဲ၊ အရပ်က ကျွန်တော့်လောက်ရှိမယ်”
“နောက်တော့ ဘာဖြစ်သေးလဲ”
“ကျွန်တော်လည်း အဲဒီကို ပြေးသွားတယ်၊ သူက ကျွန်တော့်ကို ထိုးကြိတ်ပြီး ထွက်ပြေးသွားတယ်”
“ဒါဖြင့် ခင်ဗျား ညီမကို သူသတ်တာကို မမြင်လိုက်ရဘူးပေါ့”
“ညီမလေးနားက သူလာတာပဲ၊ ညီမလေးက လဲကျနေတယ်”
“သူ ဘယ်က ပြန်ထွက်သွားတာလဲ”
“တံခါးပေါက်က ပြန်ထွက်သွားတယ် ထင်တာပဲ၊ ကျွန်တော်လည်း သတိလစ်သွားသလိုပဲ သေချာမသိတော့ဘူးဗျ”
“အောက်ထပ်က အစောင့်ဦးလေးကြီးကတော့ နေကာမျက်မှန် တပ်ထားတဲ့လူ ဘယ်သူမှ ဝင်တာ ထွက်တာ မတွေ့ဘူးလို့ ပြောတယ်”
“ဝရံတာဘက်က တက်လာတာလည်း ဖြစ်နိုင်တယ် မဟုတ်လား”
“မဖြစ်နိုင်ဘူး၊ ခင်ဗျားတို့ နေတဲ့ အခန်းက တတိယထပ်လေ၊ ရေပိုက်လိုင်းနဲ့ ဝရံတာနဲ့လည်း ဝေးတယ်ဗျ”
“ဒါတော့ မသိတော့ဘူး၊ ဖြစ်နိုင် မဖြစ်နိုင် ရှာဖို့က ခင်ဗျားတို့အလုပ်ပဲလေ၊ ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလို ပြန်မေးနေတာလဲ၊ ကျွန်တော်က ကိုယ့်ညီမကိုယ် ပြန်သတ်တယ် ထင်နေတာလား၊ အဓိပ္ပါယ်မရှိလိုက်တာဗျာ”
“ခင်ဗျား သတ်တယ်လို့ ကျွန်တော်တို့ မပြောပါဘူး၊ ခင်ဗျား ပြောသမျှလည်း မှန်တယ်လို့ ကျွန်တော်တို့ မယူဆလို့ ထပ်မေးချင်တာပါ”
ကျော်ခိုင်စိုးကို စစ်မေးသော အခန်းထဲမှ ထုတ်ပြီး တစ်ခြားအခန်း တစ်ခုတွင် ခေတ္တ ထိုင်ခိုင်း ထားလိုက်သည်။ မှန်နံရံနောက်မှ စောင့်ကြည့်နားထောင်နေသော စွမ်းနိုင် နှင့် နေထွဋ် လည်း စစ်မေးခန်းထဲ ဝင်လာပြီး မုသားဖော်စက်မှ အဖြေများကို လာကြည့်သည်။ စကားလုံးတိုင်းအတွက် အမှန်ဟု ပြနေတော့ သူတို့အတွက် ခက်နေသည်။ စိမ်းဝတီတို့က ကျော်ခိုင်စိုး ပြောတာတွေ မမှန်ဟု ထင်သည်။ ကွန်ပျူတာကတော့ အမှန်ဟုပြနေသည်။ စက်ကပဲ မှားနေသလား၊ စိမ်းတို့ပဲ အတွေးလွန်နေသလား မသိပါ။

နောက်ထပ် နိုင်နိုင်မော်ကို စစ်မေးခန်းထဲ ခေါ်၍ မုသားဖော်စက်နှင့် ဆက်ကာ မေးခွန်းများ ထပ်မေးရပြန်သည်။ သူက အရင်တစ်ခါ အတိုင်းပင် ပြန်ပြောသည်။ မုသားဖော်စက်က အဖြေကလည်း အမှန်ဟုပင် ပြနေပြန်သည်။ ကျော်ခိုင်စိုး ရော နိုင်နိုင်မော်ရော နှစ်ယောက်လုံးကလည်း တည်ငြိမ်သည်။ လိမ်ပြော၍ စိတ်လှုပ်ရှားနေပုံမျိုးလည်း မရှိပါ။ ဤအမှုကို အစနေ ပြန်လိုက်ရမလိုပင် ဖြစ်နေပြီ။

ကျော်ခိုင်စိုးကတော့ သူ့ကို အခုလို စစ်မေးခန်းထဲ ခေါ်မေး၍ ဒေါသ အနည်းငယ် ထွက်နေပုံရသည်။ သူ့ကို အခန်းတစ်ခုထဲ ပိတ်ထားတော့ ပိုတောင် ဒေါသထွက်နေသေးသည်။ သူ့ကို ထားသော အခန်းကလည်း တစ်ဖက်မြင်မှန်များနှင့် ကာထားသော အခန်းဖြစ်သည်။ သူ့ကို စိမ်း တို့ကသာ မြင်ရပြီး သူကကြည့်လျှင်တော့ မှန်နံရံမှာ သူ့ပုံရိပ်ကိုသာ မြင်ရလိမ့်မည်။

ထိုအချိန်မှာပင် ကျော်ခိုင်စိုးက ထိုင်ရာက ထလာသည်။ နံရံကို လက်ညှိုးထိုးပြီး တစ်ခုခု ပြောနေသည်။ စိမ်းတို့အားလုံး သူ့ထံသို့ အာရုံရောက်သွားကြသည်။ ဒေါက်တာ ဇလပ်ဖြူ ရောက်လာသည်ကိုပင် သတိမထားမိကြ။

“မင်းပဲ မင်းပဲ ငါ့ညီမလေးကို သတ်တဲ့ကောင်၊ မင်းဘာလို့ ဒီကိုရောက်လာတာလဲ၊ သြော် ဟုတ်ပြီ မင်းကိုလည်း စစ်ဖို့ ခေါ်ထားတာလား၊ ကောင်းတယ် ကောင်းတယ် မင်းလို လူသတ်ကောင်ကို မိမှ ဖြစ်မှာ”
သူက မှန်နံရံကို ကြည့်၍ ပြောနေခြင်း ဖြစ်သည်။ စိမ်းတို့ အားလုံးလည်း အံ့သြနေကြသည်။

ထို့နောက် သူက ပြောရုံနှင့် အားမရတော့ပဲ မှန်နံရံကို သွားပြီး ထိုးကြိတ်ဖို့ လုပ်နေပြန်သည်။
“မင်းကို သတ်မယ်၊ ငါ့ကို အမြဲတမ်း လာလာပြီး အနှောက်အယှက်ပေးနေတဲ့ကောင်၊ ငါ့ညီမလေးကိုလည်း ဒုက္ခပေးတယ်၊ မင်းကို သတ်မယ် သတ်မယ်ကွ၊ အဲဒါမှ နောက်တစ်ခါ မလာနိုင်တော့မှာ”

 “သူက သူ့ကိုယ်သူ နောက်ထပ်တစ်ယောက်လို့ ထင်ယောင်ထင်မှား ဖြစ်ပြီး ပြောနေတာ၊ သူအရိပ်ကိုသူ ပုံတစ်မျိုးနဲ့ မြင်နေပါလိမ့်မယ်၊ တကယ်မရှိပဲနဲ့ အရှိထင်ပြီး အထင်မှားအမြင်မှား ဖြစ်တဲ့ ရောဂါမျိုး သူ့မှာ ရှိနေတာပဲ”
ဒေါက်တာဇလပ်ဖြူက ပြောသည်။ စိမ်းဝတီလည်း အဖြစ်မှန်ကို ခုမှပင် နားလည်သွားပါတော့သည်။

“အဲဒီညကလည်း ဝရံတာ မှန်တံခါးက သူ့အရိပ်ကိုသူ ပုံတစ်မျိုးနဲ့ မြင်ပြီး ရန်သူ ရယ်လို့ ထင်သွားတာ၊ တစ်ခြားလူထင်ပြီး မှန်ကိုထိုးတော့ သူ့ညီမက တားမှာပေါ့၊ အဲဒီမှာတင် သူ့ညီမကို မှားပြီး လည်ပင်းညှစ်မိတယ်၊ သူ့ညီမက ရုံးရင်းကန်ရင်းနဲ့ မှန်နဲ့တိုက်မိပြီး မှန်ကွဲသွားတယ်၊ အဲဒီလို ဖြစ်တာကို သူ့ကိုယ်သူလည်း မသိဘူး၊ တစ်ခြားတစ်ယောက်ရဲ့ စိတ်မျိုး သူ့မသိစိတ်ထဲမှာ ဝင်နေတာ၊ ပြီးတော့ သူမေ့လဲသွားတယ်၊ သတိရလာတော့ သူ့ကိုယ်သူ ဘာဖြစ်ခဲ့လည်း မမှတ်မိပဲနဲ့ သူ့ သိစိတ်ထဲမှာ ထင်နေတဲ့ အတိုင်း ပြောတာပဲ၊ သူ လိမ်ပြောတာ မဟုတ်ဘူး၊ အဲဒါကြောင့် မုသားဖော်စက်ကို ကျော်နိုင်တာပေါ့”
စိမ်းးဝတီက ရှင်းပြလိုက်သည်။ ကျော်ခိုင်စိုးမှာ ဆံပင်ထောင်ထောင်နှင့် ခေတ်လူငယ် ပုံစံမျိုးမဟုတ်ပါ။ စတိုင်လ်ဘောင်းဘီ (သို့) ပုဆိုး နှင့် ရှပ်အင်္ကျီ စသဖြင့် လူကြီးလူကောင်းဆန်ဆန်သာ ဝတ်ဆင်တတ်သူ ဖြစ်သည်။ သူ့ မသိစိတ်ထဲမှ ကိုယ်ပွားတစ်ယောက်၏ ပုံစံမှာတော့ သူပြောသော ပုံစံအတိုင်း ဖြစ်နေပါလိမ့်မည်။ သို့ကြောင့်ပင် သူက လူသတ်သမား၏ အရပ်မှာ သူ့အရပ်လောက် ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သိသလိုလို မသိသလိုလို ဖြစ်နေသော စွမ်းနိုင်နှင့် နေထွဋ်လည်း ခုမှပင် ရှင်းသွားသည်။ နိုင်နိုင်မော်ကို အိမ်ပြန်ပို့ပေးလိုက်သည်။ ကျော်ခိုင်စိုးကတော့ လုံးဝကို ဆိုးရွားသွားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည်။ စုံစမ်းသိရှိရသော သူ့မိသားစု နောက်ကြောင်းများအရ ဆုံးပါးသွားပြီဖြစ်သော သူ့မိဘများ၏ ချုပ်ချယ်မှုများက သူ့ကို ဒီရောဂါမျိုး ခံစားရအောင် တွန်းပို့လိုက်ခြင်း ဖြစ်နိုင်သည်။ သူ အရွယ်ရောက်စကတည်းက သူ့အဖေ၏ စီးပွားရေးကို ကူခဲ့ရသည်။ သူများတကာလို လူငယ်ဘဝ ပျော်ပျော်ပါးပါး မနေခဲ့ရပဲ အမေကလည်း ဝတ်စားဆင်ယင်မှုကအစ လိုက်လံချုပ်ချယ်သည်။ ခိုင်ခိုင်သီကတော့ အမြဲတမ်း အဆူခံပြီး မိဘစကားကို ပယ်ရှားသူ ဖြစ်သည်။ သူကသာ သားလိမ္မာမို့ အမြဲ လိုက်နာခဲ့ရသည်။ တက္ကသိုလ်မှာ ကြိုက်ခဲ့သော ချစ်ဦးသူ ကိုလည်း အဖေ နှင့် အမေက မကြိုက်သဖြင့် လမ်းခွဲခဲ့ရသည်။ အဖေ နှင့် အမေ ဆုံးသွားသည့်တိုင် သူ့သိစိတ်က ပုံစံခွက်ထဲက ဘဝကို ရုံးမထွက်ချင်ပဲ အကျင့်ပါသွားသည်။ အောင်မြင်သော လူကောင်းလူတော် တစ်ယောက် ဖြစ်ချင်သည်။ သို့သော် မသိစိတ်ကတော့ လူငယ်ဆန်ဆန် မိုက်မိုက်ကန်းကန်း လုပ်ချင်စိတ် ရှိနေသည်။ အဲဒီမှာတင် သူ့ကိုယ်ပွားတစ်ယောက်ကို မြင်လာရခြင်း ဖြစ်ပါတော့သည်။

(CSI ဇာတ်လမ်းတွဲတွေကြည့်ရင်း အားကျလို့ရေးတာပါ၊ CSI NY ဇာတ်လမ်း တစ်ခုမှ idea အနည်းငယ် ယူပါတယ်)

သိင်္ဂါကျော်

21 May, 2010

အထင်မှား အမြင်မှား (၁)

သေသူက အသက် ၂၆ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ယောက် ဖြစ်ပြီး တစ်ကိုယ်တည်း နေထိုင်သော တိုက်ခန်းတွင် အသတ်ခံရခြင်း ဖြစ်သည်။ စိမ်းဝတီတို့ မှုခင်းတပ်ဖွဲ့ ရောက်လာသည် အထိ ခြေရာ လက်ရာ မပျက် ထားပေးကြသည်။ သူတို့ တိုက်ခန်းအရှေ့မှာ ဝရံတာတစ်ခုပါပြီး ထိုဝရံတာသို့ ထွက်ရန် မှန်တံခါးတစ်ခု တပ်ထားသည်။ ထိုမှန်တံခါးမှာ အနက်ရောင်ဖြစ်ပြီး ကွဲအက်နေသည်ကို တွေ့ရသည်။ အမျိုးသမီးမှာ ထိုမှန်တံခါးအနီးတွင် လဲကျနေခြင်း ဖြစ်သည်။ သူမ အစ်ကိုကတော့ လူသတ်သမားမှာ ထိုတံခါးမှ ဝင်လာခြင်း ဖြစ်သည် ဟုဆိုသည်။ သူမအစ်ကို ရောက်နေခိုက် အသတ်ခံလိုက်ရခြင်း ဖြစ်ပြီး လူသတ်သမားကို သူမ၏ အစ်ကိုကလည်း မြင်လိုက်ရသည်။ သေဆုံးသူအနီးတွင် ကွဲကြေနေသော မှန်ကွဲစ တစ်စ နှစ်စ ရှိနေပြီး သွေးစွန်းနေသည်။
***

စိမ်းဝတီက သူမ၏ အလောင်းကို အသေအချာ စစ်ကြည့်သောအခါ လည်ပင်းညှစ်ခံရ၍ သေဆုံးကြောင်း တွေ့ရှိရသည်။ မသေဆုံးခင် ခုခံရုန်းကန်ထားဟန် ရှိသော်လည်း သိပ်ကြာကြာတော့ ခုခံနိုင်ဟန်မတူပေ။ ဧည့်ခန်းတွင်းရှိ ဆိုဖာများ၊ မှန်ဘီရိုများမှာ နဂိုအတိုင်း ရှိနေပါသည်။

ရဲစွမ်းနိုင်ကတော့ ထုံးစံအတိုင်း မှန်ကွဲစမှ သွေးများကို စစ်ဆေးရန် ထည့်ယူသည်။ အလောင်း ၏ ကိုယ်ပေါ်နှင့် အနီးဝန်းကျင်မှ လက်ဗွေရာ များကို စေ့စေ့စပ်စပ် ရအောင်ယူသည်။ ကွဲနေသော တံခါးနှင့် ဝရံတာဘောင်ပေါ်မှ လက်ဗွေရာများကိုလည်း ယူရသည်။

နေထွဋ်က သေသူ၏ လည်ပင်းမှ လက်ရာများကို ဓါတ်ပုံရိုက်နေသည်။ အလောင်းကိုလည်း ထောင့်အမျိုးမျိုးမှ ဓါတ်ပုံရိုက်သည်။ နေထွဋ်က တံခါးပေါက် မှ ထွက်၍ ဝရံတာဘက်ကို စစ်ကြည့်တော့ သူဘဝင်မကျ ဖြစ်သွားသည်။ လူသတ်သမား က ဝရံတာကို ဘယ်လိုတက်လာသလဲဟု သူစဉ်းစားနေသည်။ ဤအထပ်က တတိယထပ်ဖြစ်သည်။ အောက်ထပ်က လှေကားထောင်၍ တက်လာခြင်းတော့ မဖြစ်နိုင်။ ရေပိုက်လိုင်းက ဝရံတာနှင့် တော်တော်လေးလှမ်းသည် ဟုထင်ရသော်လည်း ဝရံတာဘေးဘက်မှ ခုန်ဆင်းမည် ဆိုလျှင်တော့ ဖြစ်နိုင်သော အကွာအဝေးမှာ ရှိသည်။ တက်ဖို့ရာတော့ သိပ်မဖြစ်နိုင်ပါ။

စိမ်းကတော့ ဧည့်ခန်းအတွင်း မူမမှန်တာ တစ်ခုခု တွေ့လိုတွေ့ငြား လျှောက်ကြည့်သည်။ ဧည့်ခန်းထဲတွင် ပုံစံမပျက်ဟု ထင်ရသော်လည်း ဓါတ်ပုံဘောင်လေး တစ်ခုကတော့ အောက်ကျ၍ ကွဲအက်နေသည်ကို တွေ့ရသည်။ လက်အိတ်စွပ်ထားသော လက်နှင့်ပင် ယူကြည့်လိုက်တော့ သေသူမိန်းကလေးနှင့် အမျိုးသားတစ်ယောက် တွဲရိုက်ထားသောပုံဖြစ်နေသည်။ အမျိုးသားမှာ သူမ၏အစ်ကို မဟုတ်ပါ။ သူ့ချစ်သူပင် ဖြစ်နိုင်သည်။

သေသူအမျိုးသမီး၏ နာမည်မှာ ခိုင်ခိုင်သီ ဖြစ်ပြီး စတိုးဆိုင်တစ်ဆိုင် ဖွင့်ထားသူဖြစ်သည်။ သူမ၏ အစ်ကို ကျော်ခိုင်စိုးကတော့ မိဘလက်ငုတ် ကုမ္ပဏီလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ မိဘများက လွန်ခဲ့သော နှစ်နှစ်လောက်က ဆုံးသွားခဲ့ကြပြီး ခိုင်ခိုင်သီ ဆန္ဒအရ မိဘများ ထားခဲ့သော အိမ်ကို ရောင်းချပြီး မောင်နှမနှစ်ယောက် အမွေခွဲကာ လုပ်ငန်းကိုယ်စီ လုပ်ပြီး သီခြားစီနေကြခြင်းဖြစ်သည်။ သီခြားနေသော်လည်း အမြဲတမ်းတော့ အဆက်အသွယ်ရှိကြသည်။ ခိုင်ခိုင်သီက သူမ သူငယ်ချင်း နိုင်နိုင်မော် နှင့် အတူနေသည်။ အသတ်ခံရသော အချိန်ကတော့ နိုင်နိုင်မော်က ခရီးတစ်ခု သွားနေသဖြင့် မရှိပါ။
ခိုင်ခိုင်သီ၏ အစ်ကို ကျော်ခိုင်စိုးမှာလည်း တော်တော် စိတ်ထိခိုက်နေပုံရသည်။ ဟန်ဆောင်နေပုံမရပါ။ စိမ်းက သူ့အတွက် စာနာသော်လည်း မမေးမဖြစ် မေးခွန်းများ မေးရပါသည်။

“အမှုဖြစ်ပွားပုံကို သေချာပြန်ပြောပါဦး ကိုကျော်ခိုင်စိုး”
“သူ့သူငယ်ချင်း ခရီးသွားလို့ သူတစ်ယောက်တည်း လို့ ကျွန်တော့်ကို ဖုန်းဆက်တာနဲ့ ကျွန်တော် လာအိပ်ပေးတာပါ၊ မောင်နှမ နှစ်ယောက် စကားလေး ဘာလေး ပြောပြီး ကျွန်တော်လည်း အစောကြီး အိပ်ပျော်သွားတယ်၊ တရေးနိုးလို့ ထကြည့်တော့ သူဧည့်ခန်းမှာ ထိုင်ပြီး တီဗွီကြည့်နေတုန်းပဲ၊ ဒါနဲ့ ကျွန်တော်လည်း သူ့ဆီသွားမလို့လုပ်တုန်းမှာပဲ အဲဒီလူက ဝရံတာ တံခါးပေါက်ကနေ ဝင်လာတာပါပဲ၊ ကျွန်တော်လည်း အဲဒီလူဆီပြေးသွားသေးတယ် ဒါပေမယ့် ညီမလေးက လဲကျနေပြီး သူက ကျွန်တော့်ကို တွန်းတိုက် သွားတော့ ကျွန်တော်လည်း သတိလစ်သွားသလိုပဲ၊ သူဘယ်လို ပြန်ထွက်သွားလည်းတော့ မသိတော့ဘူး၊ အဲဒီ ဝရံတာ ကပဲ ပြန်ထွက်သွားတာ ဖြစ်မယ်”
“အဲဒီလူက ဘယ်လိုပုံစံမျိုးလဲ ကိုကျော်စိုးခိုင်စိုး၊ ခင်ဗျား မှတ်မိသလောက် ပြောပါဦး”
“အခုခေတ် လူငယ်တွေ ပုံစံပဲ၊ ဆံပင် အထောင်နဲ့၊ သားရေဂျာကင် နဲ့ ဘောင်းဘီအနက် ဝတ်ထားတယ်၊ ဒီဇိုင်းကလည်း ရိုးရိုးမဟုတ်ဘူး၊ အင်္ကျီရော ဘောင်းဘီရော အမျှင်တွေ တံဆိပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ပုံမျိုးနဲ့ ၊ နောက်ပြီးတော့ ညဘက်ကြီးကို နေကာမျက်မှန်ကလည်း တပ်ထားသေးတယ်”
“ဒါဖြင့် ခင်ဗျား သူ့မျက်နှာကိုတော့ သေချာ မမှတ်မိဘူးပေါ့”
“ဟုတ်ကဲ့ သေချာတော့ မမြင်ရဘူး”
“အရပ်အမောင်းကရော”
“အရပ်ကတော့ ရှည်တယ်၊ ၅ ပေ ၁၀ လောက် ရှိမယ်၊ ကျွန်တော့်လောက်ပဲ”
“အင်း၊ နေဦး တစ်ခုလောက် မေးစရာရှိသေးတယ်၊ ဟိုဓါတ်ပုံထဲကလူကို ခင်ဗျားသိလား၊ ခင်ဗျားညီမနဲ့ တွဲရိုက်ထားတာလေ၊ သူ့ချစ်သူလား”
“ဟုတ်တယ်၊ ဇော်နိုင်ထွဋ် တဲ့ ကားပွဲစား ယောင်ယောင် ဘာယောင်ယောင်နဲ့မို့ ကျွန်တော်က သိပ်သဘောမတူပေမယ့်လည်း ဘာပြောနိုင်မလဲဗျာ၊ သူက စိတ်ပါနေတော့လည်း ကျွန်တော့်ဘက်က လျှော့ပေးလိုက်ရတာပေါ့”
“ဟုတ်ပြီလေ၊ အခုလို ဖြေပေးတာ ကျေးဇူးပါပဲ၊ ခုရက်ပိုင်း ဘယ်မှတော့ မသွားပါနဲ့ဦး၊ ကျွန်တော်တို့ သိချင်တာရှိရင် လာမေးပါဦးမယ်”

အနီးအနား တိုက်ခန်းမှ လူများကို မေးတော့ ရန်ကုန် တိုက်ခန်းများ၏ ထုံးစံအတိုင်း တစ်ယောက်နှင့် တစ်ယောက်လည်း သိပ်မသိကြပဲ ဖာသိဖာသာ နေကြသည့်အပြင် ကိုယ့်တံခါးကိုယ် ပိတ်ပြီးနေလျှင် အပြင်မှ အသံကို ကြားဖို့မလွယ်သည့် ကွန်ဒို တိုက်ခန်းများ ဖြစ်သည့်အတွက် ထိုညက အော်သံ ဟစ်သံ ကြားသူ ဟူ၍ တစ်ယောက်မှပင် မရှိခဲ့ပေ။
***

နွယ်နီချိုက စွမ်းနိုင်ယူလာသော မှန်ကွဲစမှ သွေးများကို ဓါတ်ခွဲခန်းတွင် စစ်နေသည်။ ထိုသွေးများမှာ သေသူ၏သွေးများပင် ဖြစ်သည်။ မှန်ကွဲပြီးနောက် သူမကို ထိခိုက်မိသွားခြင်းပင် ဖြစ်လိမ့်မည်။ မှန်ကွဲစနှင့် ထိုး၍ သေရခြင်းတော့ မဟုတ်ပါချေ။

အလောင်းကိုတော့ ဒေါက်တာဇလပ်ဖြူက စစ်ဆေးနေသည်။ သူတို့ထင်သည့်အတိုင်းပင် လည်ပင်းညှစ်ခံရ၍ အသက်ရှုကျပ်ကာ သေဆုံးရခြင်း ဖြစ်သည်။ မှန်ကွဲစရှရာများမှာ မည်မည်ရရမရှိပါ။ သေဆုံးသော အချိန်မှာ ည ၁၂ နာရီကျော်ကျော်လောက် ဖြစ်နိုင်သည် ဟု ခန့်မှန်းရသည်။ သူမ ခန္ဓာကိုယ်ကို စေ့စေ့စပ်စပ် စစ်ဆေးရာ သေဆုံးခြင်းနှင့် ပတ်သက်၍ ထူးခြားချက်တစ်စုံတစ်ရာ ထပ်မတွေ့တော့သော်လည်း ဆေးထိုးအပ်ရာ အတော်များများကိုတော့ လက်ဖျံနှင့် လက်မောင်းများမှာ တွေ့ရသည်။ မူးယစ်ဆေး သုံးစွဲခြင်းလည်း မဟုတ်ပါ။ ရောဂါ တစ်စုံတစ်ရာအတွက် အပတ်စဉ် ဆေးထိုးခြင်းမျိုး ဖြစ်နိုင်သည်။

စွမ်းနိုင်ကတော့ ဝရံတာ၊ မှန်တံခါး၊ ဧည့်ခန်းထဲနှင့် အလောင်းပေါ်မှ ရသော လက်ဗွေရာများကို သူ့ဘာသာသူ ထုတ်ယူပြီး တစ်နိုင်ငံလုံးစုထားသော Database မှ Data များနှင့် တိုက်ဆိုင် စစ်ဆေးနေသည်။ ထိုလက်ဗွေရာများထဲတွင် ခိုင်ခိုင်သီ၏ လက်ဗွေရာ၊ ကျော်ခိုင်စိုး၏ လက်ဗွေရာ၊ နိုင်နိုင်မော်၏ လက်ဗွေရာ၊ ဇော်နိုင်ထွဋ်၏ လက်ဗွေရာတို့အပြင် ဒေါက်တာသီဟအောင်၏ လက်ဗွေရာကိုပါ တွေ့ရသည်။ ဒေါက်တာသီဟအောင်မှာ တိုင်းရင်းဆေးပညာ Ph.D ဘွဲ့ရထားပြီး သီဟ ဆေးတိုက်ကို ဖွင့်လှစ်ကာ ကုသနေသူ ဖြစ်သည်။ တစ်ခု ထူးဆန်းသည်က ဝရံတာ လက်ရမ်းတွင် တွေ့ရသော လက်ဗွေရာများမှာ နိုင်နိုင်မော်၏ လက်ဗွေရာများသာ ဖြစ်နေခြင်းပင်။ ကျန်လက်ဗွေရာများကိုမူ ဧည့်ခန်းထဲမှ တွေ့ရခြင်း ဖြစ်သည်။

ရဲစွမ်းနိုင်က သီဟ ဆေးတိုက်သို့ သွားလိုက်သည်။ လူနာရှင်းသော အချိန်ဖြစ်သဖြင့် ဒေါက်တာသီဟကို အလွယ်တကူပင် တွေ့ရသည်။ သူက တိုင်းရင်းဆေးဆရာ ဆိုသော်လည်း ခေတ်မီအောင်ဖော်စပ်ထားသော ထိုးဆေး၊ သောက်ဆေးများဖြင့် ကုသသောကြောင့် နာမည်ကြီးသည်။ ဒေါက်တာသီဟမှာ အသက် ၃၅ နှစ်ခန့်သာ ရှိသေးပြီး ဆေးဆရာ တစ်ယောက်ဖြစ်သည့်အတိုင်း ဖော်ရွေ ပျူငှာသည်ကို တွေ့ရသည်။ စွမ်းနိုင်က သူ့ကတ်ပြားကို ထုတ်ပြလိုက်ပြီး မေးခွန်းများ စမေးသည်။

“ဒေါက်တာ၊ ခိုင်ခိုင်သီကို သိလားမသိဘူး၊ သူက ဒေါက်တာရဲ့ လူနာတစ်ယောက်လို့ ကျွန်တော်သိထားတယ်၊ သူ့ရောဂါ အခြေအနေက ဘယ်လိုရှိသလဲ၊ ဘယ်လိုများ ကုသမှုပေးရသလဲ”
“ဟုတ်ပါတယ်၊ ကျွန်တော့လူနာပါ၊ အသည်းရောဂါ စီပိုင်း ရှိနေလို့၊ ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးပါဘူး၊ ဒါပေမယ့် နှစ်ပတ်တစ်ခါ လာပြရတယ်”
“အိမ်တွေ ဘာတွေ သွားလည်တဲ့ အထိကို ခင်သလား ဒေါက်တာ”
“ဗျာ၊ ဘာပြောတာလဲ၊ သူ့အိမ်ကိုတော့ ကျွန်တော် သွားမလည်ဖူးပါဘူး”
“ဟုတ်ရဲ့လား ဒေါက်တာ၊ ခိုင်ခိုင်သီ့ အိမ်ကို ခင်ဗျား ရောက်ခဲ့တာ ကျွန်တော့်မှာ သက်သေရှိတယ်ဗျ၊ ခင်ဗျား ဘာကြောင့် ညာရတာလဲ၊ ဘာကိစ္စရှိလို့သွားတာလဲ”
“လမ်းကြုံလို့ အလည်အပတ် ရောက်ဖြစ်တာ နေပါလိမ့်မယ်၊ ဘာဖြစ်လို့ ကျွန်တော့်ကို အဲဒါတွေ လာမေးနေတာတုန်း”
“ဘာဖြစ်လို့လဲ ဆိုတော့ ခိုင်ခိုင်သီ သေသွားပြီ ဒေါက်တာ၊ မနေ့ညက အသတ်ခံလိုက်ရတယ်”
“အဲဒီတော့ ခင်ဗျားက ကျွန်တော် သတ်တယ်လို့ထင်တာလား၊ အဓိပ္ပါယ်မရှိတာဗျာ”
“ခင်ဗျားသတ်တယ်လို့လည်း ကျွန်တော်က မပြောရသေးပါလား ဒေါက်တာ၊ ခင်ဗျား လက်ဗွေရာတွေ လတ်လတ်ဆတ်ဆတ် ခိုင်ခိုင်သီ့ အိမ်ထဲမှာ တွေ့တယ်၊ အဲတော့ ခင်ဗျား အဲဒီအိမ်ကို ဘာသွားလုပ်သလဲ၊ အဲဒါပဲ သိချင်တာပါ”
“ကောင်းပြီလေ၊ ကျွန်တော်က ကျွန်တော့်လူနာရဲ့ လျှို့ဝှက်ချက်ကို မပြောချင်လို့ပါ၊ သူအခုတလော ငွေရေးကြေးရေး အခြေအနေမကောင်းဘူး၊ သူ့အကောင်ကို ဖို့နေရတာလည်း ပါတာပေါ့၊ ကျွန်တော့် ဆေးဖိုးတွေတောင် မပေးနိုင်တာ နှစ်လစာလောက် ရှိနေပြီ၊ အဲဒါကြောင့် သူ့ကို သွားတောင်းတာပဲ၊ ဒီလမှ မရှင်းနိုင်ရင် နောက်မလာနဲ့တော့လို့ ပြောဖို့သွားတာပဲ”
“အဲဒီမှာ ခင်ဗျားတို့ စကားများပြီး လက်လွန်သွားတာလား”
“မဟုတ်တာဗျာ ဘယ်နဲ့၊ ဒါလောက်လေးနဲ့ သတ်ရမှာလား၊ သူနဲ့ ကျွန်တော်က အရင်ကတည်းက မိတ်ဆွေတွေ၊ သူ့ကောင်လေးအတွက်နဲ့ ငွေတွေကုန်နေတာ၊ ကိုယ့်ဆေးဖိုးကိုယ်တောင် မပေးနိုင်ဘူးလေ၊ အဲဒါကို အမြင်ကပ်လို့ကို သွားတောင်းတာပဲ၊ ကျွန်တော်က သူ့ကို ဆက်ကုမပေးတော့ဘူး ဆိုပြီးထွက်လာတော့ သူက လက်ကို လှမ်းဆွဲတယ်လေ၊ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ သူ့ကို တွန်းပစ်ခဲ့တော့ ဆိုဖာပေါ် လဲကျကျန်နေခဲ့တာပဲ၊ ဒါပဲ”
သူ့ပုံစံနှင့် သူ့မျက်လုံးများက တည်ငြိမ်သည်။ လိမ်ပြောနေပုံ မပေါက်။ သူ့စကားများကလည်း ကျိုးကြောင်း ဆီလျော်သည်ဟု ထင်ရသည်။ သို့သော် ခိုင်ခိုင်သီ အပေါ်ထားသော သူ့သဘောထားကတော့ သူပြောသလောက်ထက် မကတာ သေချာသည်။
***

နေထွဋ်ကတော့ နိုင်နိုင်မော်၏အဒေါ် အိမ်သို့ သွားပြီး နိုင်နိုင်မော်ကို တွေ့လိုက်သည်။ ကျော်ခိုင်စိုးက ခရီးသွားနေသည်ဟု ပြောသော်လည်း အမှန်တော့ ခိုင်ခိုင်သီ နှင့် စိတ်ဆိုးပြီး ခိုင်ခိုင်သီ့အိမ်မှ ဆင်းလာကာ အဒေါ်အိမ် ပြန်နေခြင်း ဖြစ်သည်။ ခိုင်ခိုင်သီက သူ့အစ်ကိုကို နိုင်နိုင်မော် ခရီးသွားနေလို့ သူ့အိမ် လာနေဖို့ အလွယ်ပြောလိုက်ခြင်း ဖြစ်နိုင်သည်။

နိုင်နိုင်မော်က ခိုင်ခိုင်သီနှင့် အတူလုပ်ခြင်း မဟုတ်ပဲ ဓါတ်ပုံစတူဒီယိုကြီး တစ်ခုမှာ အလုပ်လုပ်သည်။ တကယ်တော့ သူမက ယောက်ျားလျာမလေး တစ်ယောက်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်လိုပင် ဝတ်စားနေထိုင်သူ ဖြစ်သည်။ ကျော်ခိုင်စိုးပြောသော ပုံစံအတိုင်း ဆံပင်ထောင်ထောင်နှင့် ရှုပ်ယှက်ခတ်နေသော အင်္ကျီ၊ ဘောင်းဘီများ ဝတ်ဆင်တတ်သူ ဖြစ်နေသည်။ သို့သော် ကျော်ခိုင်စိုး ပြောသော အရပ်အမောင်းလောက်တော့ မရှိပါ။ သူမအရပ်က သာမန် မိန်းကလေး အရပ် ၅ပေ ၃လက်မ၊ ၄ လက်မ လောက်သာ ရှိမည်။ မျက်နှာကတော့ လောလောလတ်လတ် ငိုထားပုံမျိုးနှင့်။

“ခင်ဗျားတို့ နှစ်ယောက် ဘာကိစ္စနဲ့ စကားများခဲ့တာလဲ”
“သူ ဇော်နိုင်ထွဋ်နဲ့ တွဲနေတာ ကျွန်တော် မကြိုက်ဘူး၊ အဲဒါကြောင့်ပဲ ခဏခဏ စကားများရတာပဲ၊ ဇော်နိုင်ထွဋ် ဆိုတဲ့ကောင်က ကောင်းတာလည်း မဟုတ်ဘူး၊ ပိုင်လုံးပဲ၊ အဲဒါကို ပြောတာလည်း နားမထောင်ဘူးလေ၊ ဒီတစ်ခါတော့ အဲဒီကောင်နဲ့ မဖြတ်ရင် အိမ်ပေါ်က ဆင်းတော့မယ် ဆိုပြီး ဆင်းလာခဲ့တာပဲ”
“ခင်ဗျား မနေ့ညက ခိုင်ခိုင်သီ့တိုက်ခန်းကို ရောက်ခဲ့သေးတယ် မဟုတ်လား”
“မရောက်ပါဘူး၊ ဘာလုပ်ဖို့လည်း ကျွန်တော် ဆင်းလာကတည်းက တစ်ခါမှ ပြန်မသွားဘူး”
“ခင်ဗျား ရောက်ပါတယ်၊ ဝရံတာမှာ အချိန်တော်တော်ကြာ ရပ်နေခဲ့တယ်၊ ပြီးတော့ ခင်ဗျား သူ့ကို လည်ပင်းညစ်ပြီး သတ်ခဲ့တယ်၊ ဘာလို့လဲ ဆိုတော့ သူက ခင်ဗျားထက် တစ်ခြား ယောက်ျား တစ်ယောက်ကို ပိုချစ်နေတာကို ခင်ဗျားမကြိုက်ဘူး မဟုတ်လား”
“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်တော်က သူ့ကို ဒီလောက်ချစ်တာ ဘာလို့သတ်ရမှာလဲ၊ မနေ့ညက အဲဒီတိုက်ခန်းကို ရောက်တာတော့ မှန်တယ်၊ ကျွန်တော်လည်း တံခါးဖွင့်တဲ့ code ကို သိပြီးသားဆိုတော့ ကိုယ့်ဟာကိုယ် ဝင်နေကြပဲလေ။ သူတို့ အိပ်နေတုန်း ဧည့်ခန်းမှာကျန်ခဲ့တဲ့ ကျွန်တော့် MP4 လေး ပြန်ယူဖို့ သွားတာဗျာ၊ မနက်ဖြန်အပြီး ကူးရမယ့် ဓါတ်ပုံတွေ အဲဒီထဲမှာ ပါနေလို့၊ အဲဒါယူပြီးတော့ ပြန်တော့မလို့လုပ်တော့ သူထွက်လာသံ ကြားတာနဲ့ ဝရံတာ ထွက်နေလိုက်တာ၊ လူတစ်ယောက် ဝင်လာသံကြားတယ်၊ ဒေါက်တာ သီဟအောင်ပဲ၊ သူတို့ စကားများကြသေးတယ်၊ နောက်တော့ ပြန်သွားတယ်၊ ကျွန်တော်ချောင်းကြည့်တော့ သူက ထိုင်နေတုန်းပဲမို့ မဝင်သေးပဲ နေရတယ်၊ ခဏနေတော့ ဇော်နိုင်ထွဋ် လာတယ်၊ သူက သူ့အစ်ကို ရှိတယ် ပြန်သွားလို့ ပြောတယ်၊ ကျွန်တော်လည်း နားမထောင်ချင်တော့လို့ တံခါးနားက ခွာပြီး ဝရံတာလက်ရမ်းနားကနေ အပြင်ဘက်ကို ကြည့်နေလိုက်တယ်၊ တစ်ခုခု ကျသွားသံလည်း ကြားတယ်၊ ကျွန်တော် ချောင်းကြည့်လိုက်တော့ သူအထဲဝင်သွားတာနဲ့ မြန်မြန်ထွက်ပြီး ပြန်လာလိုက်တယ်၊ အဲဒါပဲ။ ကျွန်တော် ပြန်လာတုန်းက သူ ဘာမှ မဖြစ်သေးဘူး”
“ဝရံတာမှာ ခင်ဗျား ရှိနေတာ ဘယ်သူမှ မသိလိုက်ဘူးပေါ့”
“ညဘက်ဆိုတော့ တံခါးနား ကပ်ကြည့်မှ မြင်ရမှာလေ၊ ဘယ်သူမှ တံခါးနား မလာကြတော့ မသိဘူးပေါ့”
“ဟုတ်ပြီလေ၊ ခုလို အမှန်အတိုင်းဖြေတာ ကျေးဇူးပဲနော်၊ နောက် မေးစရာပေါ်လာမှပဲ လာတော့မယ်”
***

စိမ်းဝတီက ဇော်နိုင်ထွဋ်ကို ကားပွဲစားတန်းတွေမှာ လိုက်ရှာသော်လည်း သူရှိသော နေရာနှင့် လွဲနေပြီး မတွေ့ခဲ့ရ။ သူ့အဆောင်မှာ သွားမေးတော့လည်း မနက်ကတည်းက ထွက်သွားသည်ဟု ဆိုသည်။ နေဝင်ကာနီးမှ ကောင်မလေး တစ်ယောက်နှင့် စားသောက်ဆိုင် တစ်ခုမှ ထွက်လာသော ဇော်နိုင်ထွဋ် ကို တွေ့ရသည်။ သူ့သူငယ်ချင်းများ အပြောအရ အခုရက်ပိုင်း ကောင်မလေး အသစ်တစ်ယောက်ကို စလိုက်နေသည် ဟုဆိုသည်။ ကောင်မလေးက ခပ်ငယ်ငယ် စတိုင်လ် ခပ်မိုက်မိုက်၊ သဌေးသမီးမှန်းတော့ ပုံစံကြည့်တာနှင့် သိသာသည်။ ခိုင်ခိုင်သီမှာ သူ့အတွက် ပေးစရာ မရှိတော့မှန်း သိသွားသော ဇော်နိုင်ထွဋ်က နောက် သဌေးသမီးတစ်ယောက် ရှာတွဲနေပုံရသည်။ သူ့ပုံစံကလည်း ခေတ်လူငယ် တစ်ယောက်ပုံစံ ဖြစ်သဖြင့် ခိုင်ခိုင်သီ့ အစ်ကို ပြောသော လူပုံစံနှင့် နီးစပ်သည်။ သူ့အရပ်ကလည်း ရှည်သည်။

ကောင်မလေးက သူ့ကားသူ မောင်းပြီး ပြန်သွားတော့မှ စိမ်းဝတီ သူ့နားသွားပြီး ကတ်ပြားထုတ်ပြရင်း လာရင်းအကြောင်းကို ပြောရသည်။ သူတို့ အနီးအနား ကော်ဖီဆိုင်ထဲမှာ စကားပြောဖြစ်ကြသည်။
“ခိုင်ခိုင်သီ အသတ်ခံရတာ ခင်ဗျား သိပါတယ်နော်”
“ဗျာ၊ ကျွန်တော် မသိပါဘူး၊ ဘယ်တုန်းကလဲ”
သူ ဟန်ဆောင်နေသည် ဆိုလျှင်တော့ အတော်ဟန်ဆောင်ကောင်းသည်ဟု ဆိုရမည်။
“ညတုန်းက ခင်ဗျားပြန်သွားပြီး မကြာခင်မှာပဲ အသတ်ခံရတာ”
“ကျွန်တော်မသတ်ဘူး၊ ကျွန်တော် မသတ်ဘူးနော်၊ ကျွန်တော်ပြန်လာတုန်းက အကောင်းကြီးပဲဟာ”
“ခင်ဗျား သတ်တော့ သတ်ချင်နေတယ် မဟုတ်လား”
“သတ်ချင်တာတော့ သတ်ချင်တာပေါ့ဗျာ၊ သူက ချိုချို့ကို ကျွန်တော့်အကြောင်း ပြောပြမယ်လို့ ခြိမ်းခြောက်တယ်လေ မနေ့ညက တောင်းပန်ပြီး သူ့ကို လမ်းခွဲစကား ပြောဖို့သွားတာလည်း သူက သူ့အစ်ကို ရှိနေတယ်၊ ဘာမှ မပြောချင်ဘူး ဆိုလို့ ပြန်ခဲ့ရတယ်၊ သူက ကျွန်တော့်ကို ဘယ်တော့မှ လွှတ်မပေးဘူး ဆိုလို့ စိတ်တိုပြီး ကျွန်တော်တို့ နှစ်ယောက် ရိုက်ထားတဲ့ ဓါတ်ပုံကိုတောင် ချခွဲလိုက်မိသေးတယ်”
“သူ့အစ်ကိုက အိပ်နေပြီပဲ၊ ခင်ဗျားတို့ နှစ်ယောက် စကားများ ရန်ဖြစ်ပြီး လက်လွန်သွားတာများလား”
“မဟုတ်တာဗျာ၊ ဘာမှကို မလုပ်ခဲ့ရဘူး၊ သူ့ကိုလည်း မလုပ်ရဲလို့ ဓါတ်ပုံကိုပဲ လုပ်ခဲ့ရတာ၊ သူ့အခန်းထဲမှာ ခဏလေးပဲ ပြန်ခဲ့တာ”
“ဟုတ်ပါပြီလေ၊ ဒါပေမယ့် ခင်ဗျား ဟဲန်းဖုန်း နံပါတ်လေးတော့ ကျွန်တော့်ကို ပေးထားပါဦး၊ လိုအပ်ရင် ထပ်မေးရအောင်ပါ၊ ဒီနေ့ ကျွန်တော် ခင်ဗျားကို ရှာရတာ တစ်နေကုန် သွားတယ်ဗျာ”
***

(CSI ဇာတ်လမ်းတွဲတွေကြည့်ရင်း အားကျလို့ရေးတာပါ၊ CSI NY ဇာတ်လမ်း တစ်ခုမှ idea အနည်းငယ် ယူပါတယ်)

သိင်္ဂါကျော်

11 May, 2010

နွေလည်စိတ်ကူး


ကာရံတွေ နောက်နေတဲ့
အဲဒီမြစ်ကမ်းပါးနံဘေး
စံပယ်တွေတောင် မမွှေးတော့ဘူး။

မရေမရာတာတွေကို ဝါးမြိုခဲ့ရတာလည်း
ရာစုနှစ်တွေ များလာတဲ့နောက်
မသေချာတာတွေလည်း
စက္ကန့်တွေထက်တောင် များဦးမယ့်ပုံမျိုးနဲ့။

ကျန်နေခဲ့ရတာကို
ကျင့်သားရနေသူ တစ်ယောက်အတွက်
ထပ်တစ်ခါ ကျန်မနေချင်မှုနဲ့
ကိုယ်ကိုယ်တိုင် ထားရစ်ခဲ့တော့လည်း
ပျော်မနေနိုင်ပဲ
အလွဲတွေသာ လွဲလာခဲ့တယ်။

ရင်ဘတ်ထဲမှာ ယုံကြည်မှုမထည့်နိုင်ပဲ
အပြုံးတုတွေ ဖောဖောသီသီ ပေးရင်း
ပုတ်သင်တွေ အရောင်ပြောင်းသလို
အိပ်မက်တွေလည်း အပြောင်းကြီး ပြောင်းလာခဲ့ရတယ်။

မျှော်လင့်ချက်တွေ ဝိုင်မြစ်ထဲ နစ်ဆဲမို့
အတာင်မဲ့ခြေထောက်တွေ ကူးခတ်မှု မရပ်ပေမယ့်
အဲဒီချိုမြမှုက ပျံသန်းမှုကို တားဆီး၊
ခရီးတစ်ထောက်မှာ အတွေးတွေ အိုမင်းရင့်ရော်ရင်း
လူကလည်း အဟောင်းထည်လို ဖြစ်လာရဲ့။

အဲဒီနွေတွေထဲ
စက္ကူပန်းလိုမှ
ကိုယ့်ကိုယ်ကို မရှင်သန်နိုင်ရင်
ခေါင်းဝှက်ပြီး ပုန်းနေဖို့တစ်ခုပဲ ကျန်တာပေါ့။

မှော်ရုံတောထဲ
ဘယ်မင်းသားကိုမှ မျှော်မနေတဲ့
ငါ့ကိုယ်ငါလည်း
အိန်ဂျယ်လို့ ဘယ်တော့မှမသတ်မှတ်ခဲ့ပါဘူး။
အဲဒီနွေတွေထဲ
ငါ့စိတ်ကူးတွေ မှန်ကန်ဖို့တစ်ခုပဲ
မျှော်လင့်ပါရဲ့။

သိင်္ဂါကျော်
11.5.2010
2:45 PM