19 August, 2012

မရှိတာထက်..

 
သူတို့ သားအမိတွေက ကျွန်တော်တို့ အိမ်ရှေ့က တောတန်းဈေးမှာ ဈေးရောင်းကြတော့ မျက်မှန်းတမ်းမိနေတယ်လေ။ ယောက်ျားက ကျွန်တော်တို့ ငှားထားတဲ့ ဘေးခန်းက ပွဲရုံမှာလည်း အလုပ်သမားလည်း လုပ်တယ်။ မိန်းမကတော့ ပျံကျဈေးမှာ ကြက်သွန်တို့ ငရုတ်သီးတော့ ရောင်းတယ်။ ယောက်ျားနာမည်က ကိုချိုတဲ့။ မိန်းမ နာမည်တော့ မသိတော့ဘူး။ သူတို့လင်မယားကို စတွေ့တော့ ရကာစ လို့ သိရတယ်။ ကိုချိုက ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်။ တစ်ခြား အလုပ်သမား အများစုလို အလုပ်ပြီးတာနဲ့ အရက်သောက်တာမျိုး မရှိဘူး။ တစ်ခြား အလုပ်သမားတွေက ကျွန်တော်တို့ မောင်နှမဟာ စီးပွားရေး မည်မည်ရရ မရှိပဲ တိုက်ကြီးမှာ နေတယ်ဆိုပြီး မလေးစားချင်ကြဘူး။ အကြောင်းမဲ့ အမြင်ကပ်ပြီး မထီမဲ့မြင် လုပ်ချင်ကြတယ်။ ကျွန်တော် အိမ်ထဲမှာ ထိုင်ပြီး စာရေးတာကို ဘယ်သူမှ မသိကြပဲ အလုပ်မရှိပဲ ဘာနဲ့ စားနေသလဲလို့ ထင်ကြတယ်ပေါ့ဗျာ။ ကျွန်တော့် အစ်မ အလယ်တန်းပြ ဆရာမ အပျိုကြီး ကျတော့လည်း စရ နောက်ရမယ့် ငယ်ငယ် ရွယ်ရွယ် မဟုတ်တော့ပေမယ့်လို့ အပျိုကြီး ဆိုပြီး မလေးမစား ပြောချင် ဆိုချင် ကြတယ်။ (ကျွန်တော်တို့ မိဘများကတော့ လွန်ခဲ့တဲ့ နှစ်တွေကပဲ လူကြီး ရောဂါတွေနဲ့ ဆုံးသွားကြပြီလေ။)

ကိုချိုကတော့ အဲလိုလူတွေထဲမှာ မပါပါဘူး။ သူက ကျွန်တော်တို့ မောင်နှမကိုလည်း ခင်တယ်။ ကျွန်တော်တို့ကလည်း သူ့မိန်းမ ရောင်းတဲ့ ကြက်သွန်တွေ ငရုတ်သီးတွေ အမြဲ အားပေးပါတယ်။ သူ့မိန်းမကလည်း ဈေးသည်ပီပီ နည်းနည်း နှုတ်ကြမ်း လျှာကြမ်းတော့ ရှိပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ရှာပါဘူး။ ကျွန်တော်တို့ကိုဆို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အမြဲတမ်း သူရောင်းတဲ့ ပစ္စည်းတွေ ဘာတွေလည်း ပိုပေးလေ့ရှိပါတယ်။

အဲလိုနဲ့ မျက်စိအောက်မှာပဲ ကိုချို့ မိန်းမ ကိုယ်ဝန်ရှိလာတယ်။ သမီးလေး တစ်ယောက်မွေးတယ်။ ကိုချိုကတော့ သူ့အဆင့်အတန်းထဲမှာ ရုပ်သန့်တဲ့ အထဲပါပေမယ့် အသားကတော့ နေလောင်လို့ မည်းတဲ့ဘက်ပါတယ်။ သူ့မိန်းမကတော့ ရုပ်အဆိုးကြီး မဟုတ်ပေမယ့်လို့ အသားနည်းနည်း မည်းတယ်။ ဒီတော့ သူတို့ သမီးလေးလည်း ဘယ်ဖြူနိုင်ပါ့မလဲ။ မည်းမည်းလေး ပဲပေါ့။ ဒါပေမယ့် ရုပ်ကလေးက ချစ်စရာနဲ့ ဝဝကစ်ကစ်လေးပါ။ ကျွန်တော်တို့ မောင်နှမလည်း ချစ်လို့ အိမ်ထဲကနေ လှမ်းလှမ်း ကြည့်ဖြစ်တယ်။ သူတို့က ဆိုင်ကို ဖြစ်သလို မိုးပြီး တနေကုန် ထွက်လေ့ရှိတာကိုး။ ကျွန်တော်တို့အိမ်ထဲက လှမ်းကြည့်ရင် မြင်နေရတယ်လေ။ ကျွန်တော်တို့ အိမ်ရှေ့ တစ်လျှောက်မှာက တောတန်းဈေးကိုး။

ကြည့်ရင်းကြည့်ရင်းနဲ့ ကလေးက တဖြည်းဖြည်းကြီးလာပြီး တောက်တောက် အရွယ်ရောက်လာတယ်။ ကိုချိုတို့ လင်မယားကလည်း သူတို့ သမီးလေးကို ချစ်လိုက်တာ တုန်လို့။ အစားဆိုလည်း ဘာစားချင်လည်း ချက်ချင်း။ အဝတ်ဆိုလည်း သူတို့ သမီးကို ဂါဝန် လှလှပပ လေးတွေ ဆင်ရှာတယ်။ လမ်းဘေးက လူတွေ ဆိုပေမယ့် ကိုချိုကလည်း အသောက်အစားကင်း၊ သူ့မိန်းမကလည်း ရောင်းတတ် ဝယ်တတ်တော့ သူတို့က သူများထက် အဆင်ပြေကြပါတယ်။ စုမိ ဆောင်းမိလည်း ရှိကြပုံ ရတယ်။ အလိုလိုက်ထားတော့ ကလေးက နည်းနည်းတော့ ဆိုးပုံရတယ်။ အလိုလိုက်ခံရတဲ့ ကလေးတိုင်း ဒီလို အနည်းအများတော့ ဆိုးတာပဲ မဟုတ်လားဗျ။

ကိုချိုတို့ လင်မယားကလည်း တစ်ခြား သူတို့ အဆင့်အတန်းကလူတွေလို ကလေးတွေ တပြွတ်ပြွတ် မွေးမနေဘူးဗျ။ ဒီကလေးမလေး ကျောင်းနေရတဲ့ အရွယ်လောက် ရောက်တဲ့အထိ နောက်တစ်ယောက် မရှိသေးဘူး။ ဒီကလေးမ ကံကောင်းတာပေါ့ဗျာ။ အဖေ အမေက တစ်ယောက်တည်း ဆိုပြီး မျက်နှာ မညိုအောင် ထားထားတာကိုး။ တစ်ခါမှလည်း ရိုက်တာ မတွေ့ဖူးဘူး။ တစ်ချို့ ဒီလို အဆင့်အတန်းက ကလေးတွေ ဆိုတာ စိတ်ထား ကြမ်းကြမ်း မိဘတွေက ရိုက်တာ နှက်တာ ခံရတတ်တယ် မဟုတ်လား။ ဒီကလေးမကိုတော့ သူ့အဖေ အမေက အငိုကို မခံတာ။ သူတို့ တတ်နိုင်သလောက် ဖြည့်ဆည်းပေးကြတာပဲ။

ကျောင်းစတက်ရမယ့် အရွယ်ရောက်တော့ သူတို့ ကြည့်ရတာ ကျောင်းထားဖို့ ပြင်ဆင်ပုံ မရသေးတာနဲ့ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် သွားသတိပေးရတာပေါ့ဗျာ။ ဘယ်နှယ့် သူတို့ ကျောင်းမထားနိုင်တာမှ မဟုတ်ပဲ။ လမ်းဘေး ဈေးသည်နဲ့ အလုပ်သမားပေမယ့် ဒီကလေးတစ်ယောက် ကျောင်းစားရိတ်လောက်တော့ သူတို့ တတ်နိုင်ပါတယ်။ ဒါနဲ့ ပြောတော့ ကိုချိုက ထားမှာပါတဲ့။ ကလေးက ပျင်းလို့ ကျောင်းမတက်ချင်ဘူး ဆိုတာနဲ့ ချော့ပြောနေတာပါလို့ ဆိုတယ်။

ကျောင်းဖွင့်ပြီး ခဏကြာတော့ ကလေးမကို အဖြူအစိမ်း ဂါဝန်လေးနဲ့ လွယ်အိတ်လေးနဲ့ မြင်တော့ ကျွန်တော်လည်း ဘဝင်ကျသွားတယ်။ သူ့အဖေကို မေးကြည့်တော့ နေ့တိုင်းလိုပဲ ကျောင်းမသွားချင်လို့ ချော့မော့ပြီး ပို့နေရတယ်လို့ ပြောတယ်။ ဒါတော့ ကလေးတိုင်း အစမှာ ဒီလိုပါပဲလေ။ နောက်တော့လည်း ကျောင်းမှာ ပျော်သွားကြတာပဲ မဟုတ်လား။ နောက်ပိုင်း ကျောင်းမှန်မှန် သွားနေတာ မြင်နေရတော့ ကျွန်တော်လည်း သဘောတွေ ကျလို့ပေါ့။

အဲဒီနောက်တော့ ကျွန်တော့်အစ်မက ရန်ကုန်မှာ ဘီအီးဒီ သင်တန်း သွားတက်တော့ အိမ်မှာ ကျွန်တော်တစ်ယောက်တည်း နေရမှာလည်း ပျင်းတာနဲ့ ရန်ကုန်က သူငယ်ချင်းတစ်ယောက် နေတဲ့ အဆောင်မှာ  လုံးချင်းတစ်ပုဒ် ပြီးအောင် ရေးမယ် စိတ်ကူးနဲ့ သွားနေဖြစ်တယ်။ ပြည်က တိုက်ကိုတော့ သော့ခတ် ပိတ်ခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မောင်နှမ နေတာက နှစ်ခန်းတွဲ တစ်ခန်းပဲ ကျန်တော့တာလေ။ ကျန်တဲ့ နှစ်ခန်းတွဲ နှစ်ခန်းကိုတော့ တစ်ခြားလူကို ရောင်းထားလိုက်ပြီးပြီ။ အဲဒီရောင်းရတာလေးကို အတိုးလေး ပေးပြီး မောင်နှမ နှစ်ယောက် စားစားရိတ် ဖြည့်နေရတာကိုး။ ကျူရှင်မပြတဲ့ အလယ်တန်းပြ လခက ဘယ်လောက်များ ရလို့လဲ။ ကျွန်တော်ကလည်း နာမည်ကျော် စာရေးဆရာ မဟုတ်သေးတော့ စာမူခ ဆိုတာ ဘယ်မှာ မည်မည်ရရ ရှိလို့လဲ။ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့ နှစ်ယောက်လုံးက အပျိုကြီး၊ လူပျိုကြီး လုပ်ဖြစ်နေတာ ထင်ပါရဲ့။ ထားပါတော့လေ။ ပြောချင်တာက ပြည်အိမ်ကို ခဏတဖြုတ် ပြန်ကြည့်ဖြစ်ပေမယ့် ပတ်ဝန်းကျင်လည်း မစပ်စုဖြစ်ပဲ ရန်ကုန်မှာပဲ နေနေတာ တစ်နှစ်ကျော်လောက် ကြာသွားတယ် ဆိုပါတော့။

မောင်နှမ နှစ်ယောက် အိမ်မှာ ပြန်နေဖြစ်တဲ့ အချိန်ကျတော့ ထုံးစံအတိုင်း အိမ်ရှေ့ကို စပ်စုလိုက်တော့ တော်တော်ကြီး ပြောင်းလဲနေတာကိုးဗျ။ ခါတိုင်းတော့ ဖြစ်သလို မိုးထားတဲ့ အမိုးလေးတွေနဲ့ ဆိုင်လေးတွေ ကမ်းနားမှာ ရှိပေမယ့် သူတို့ သိမ်းသွားတဲ့ အခါကျရင်တော့ ဟိုဘက်ကမ်းက ရွှေဘုံသာ ဘုရားကို လှမ်းမြင်ရသေးတယ်ဗျ။ မြစ်နဲ့ တောင်တန်းနဲ့ ဆည်းဆာလေး ဘာလေးလည်း ခံစားလို့ ရသေးတယ်။ ခုတော့ဗျာ။ ကမ်းနားဘက်ခြမ်းမှာ တိုက်ဆောက်တဲ့ လူကဆောက်၊ ဆိုင်ဆောက်တဲ့ လူက ဆောက်နဲ့ ဖြစ်နေပါရော။ ရွှေဘုံသာ ဘုရား မပြောနဲ့ မြစ်နဲ့ တောင်တန်းကိုတောင် အိမ်ရှေ့ကနေ မမြင်နိုင်တော့ဘူးဗျ။ ကိုချိုတို့ လင်မယားလည်း ဆိုင်နေရာ ပြောင်းသွားတာရပေါ့ဗျာ။ ကိုချိုကလည်း တစ်ခြားပွဲရုံမှာ အလုပ်သမား ခေါင်းဆောင်လို နေရာမျိုး လုပ်နေတယ်။ သူ့မိန်းမကလည်း ဆိုင်ကို နည်းနည်းပါးပါး စုံစုံလင်လင် ဖြစ်အောင် တင်ပြီး ရောင်းနေတယ်။ သူတို့ ဆိုင်က ကျွန်တော်တို့ အိမ်ရှေ့ဘက်မှာ မဟုတ်တော့ပဲ တစ်ခြားနေရာ ရောက်သွားလို့ အိမ်က လှမ်းကြည့်ရင်တော့ မမြင်ရတော့ဘူးပေါ့။

သူ့သမီးလေး ကလည်း တော်တော် ထွားနေပြီဗျ။  ဒီနှစ်ဆို တစ်တန်း တက်နေပြီ ထင်လို့ ကျွန်တော်လည်း မေးကြည့်တာပေါ့။ ဒီတော့ ကိုချိုတို့ လင်မယားက ဘာပြောတယ် မှတ်တုန်းဗျ။ ကလေးကို ကျောင်းထုတ်လိုက်ပြီ တဲ့။ ဟာ ဘာလို့တုန်း ဆိုတော့ ကျောင်းက ဆရာမက ခဏ ခဏ ရိုက်လို့ ကလေးမှာ အရှိုးရာတွေနဲ့ ပြန်ပြန် လာရသတဲ့။ ဘာဖြစ်လို့ ရိုက်တာလဲ ဆိုတော့ စာမရလို့ တဲ့။ ဒါနဲ့ ကျွန်တော်လည်း ကလေးကို နည်းနည်း စာကြည့်ဖို့ တိုက်တွန်းပေါ့၊ စာရရင် နောက်တစ်ခါ အရိုက်ခံရမှာ မဟုတ်တော့ဘူး.. စသဖြင့် ပြောကြည့်ပါသေးတယ်။ သူတို့ ပြန်ပြောတာ ကြားရတော့ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ဆရာမက စာကို သေချာမသင်ရသေးပဲနဲ့ ပြန်မေးပြီး မရတော့ ရိုက်သတဲ့။ တစ်ခြားကလေးတွေကတော့ အဲလို မေးလည်း ရကြသတဲ့။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိဘူးပေါ့ဗျာ။ သူတို့ ပြောတာပဲ။ စာ မရတာတင် မဟုတ်ပဲ တစ်ခြား အကြောင်းပြချက်တွေ အတော်များများနဲ့လည်း ကလေးကို ရိုက်သေး သတဲ့။

ကလေးကလည်း ကျောင်းဆို လုံးဝကို မသွားချင်တော့ဘူး ဆိုတော့ သူတို့ လင်မယားလည်း တစ်သက်လုံး လက်ဖျားနဲ့တောင် မရွယ်ခဲ့တဲ့ သူတို့ သမီးလေး ဒီလောက် အရိုက်ခံရနေတာ မကြည့်ရက်လို့ ကျောင်းမပို့တော့ဘူး တဲ့ဗျာ။ စာမတတ်ချင်လည်း နေပါစေတော့ တဲ့။ သူတို့လည်း စာမတတ်ပေမယ့် ဒီလိုပဲ လုပ်ကိုင် စားသောက်လို့ ရတာပဲ တဲ့။ ကျွန်တော့် ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားတယ်။ ဘယ်နှယ့်.. မဖြစ်သင့်တာဗျာ။ ခုမှ ကလေးက ပထမတန်းပဲ ရှိသေးတာကို ကျောင်းဆက်မထားတော့ဘူး ဆိုတော့ ဘယ်လို ဖြစ်သွားမလဲ။ သူ့မိန်းမမှာလည်း ခုထိ နောက်ထပ် ကလေးမရတော့ ဒီသမီး တစ်ယောက်ပဲ သူတို့မှာ ကျွေးမွေးဖို့ ရှိတာလေ။ ကျောင်းလည်း ကောင်းကောင်း ထားနိုင်ရဲ့သားနဲ့ မဖြစ်သင့်တာ။

“အဲဒီကျောင်းမှာ မထားချင်တော့ရင်လည်း တစ်ခြားကျောင်းမှာ ထားပါလား” ဆိုတော့ ကိုချိုက ပြန်ပြောတယ်။
“ဒီကျောင်းတစ်ခုပဲ အနီးအနားမှာ ရှိတာ အစ်ကိုရာ၊ ဟို နာမည်ကြီး မူလတန်း ကျောင်းမှာလည်း မထားနိုင်ဘူးဗျ၊ ကျောင်းဝင်ခွင့် ရဖို့ တော်တော် ပေးရသေးတာလို့ ကြားတယ်၊ တစ်ခြား ကျောင်းတွေကျပြန်တော့ အဝေးကြီးတွေမှာလေ၊ ကျွန်တော်လည်း နေ့တိုင်း အသွားအပြန် အပို့အကြို ဘယ်လို လုပ်ပေးနိုင်မှာလဲ၊ တော်ပါပြီ အစ်ကိုရာ၊ တစ်ခြားကျောင်းတွေမှာလည်း ကျွန်တော် သမီးလေး အရိုက်မခံရဘူးလို့ မသေချာပါဘူး၊ ဆရာ၊ ဆရာမတွေက ကျွန်တော်တို့လို အဆင့်အတန်းမျိုးကို အရိုင်းအစိုင်း အောက်တန်းစားတွေလို့ သတ်မှတ်ချင်ကြတာဗျ”

ကလေးကို ကျောင်းဆက်ထားဖို့ ကျွန်တော် ဘယ်လို ဆက်တိုက်တွန်းရမလဲ ဗျာ။ ကျွန်တော်က သူတို့ လင်မယားနဲ့လည်း အမျိုးမတော်၊ သူတို့ အပေါ် သြဇာညောင်းတဲ့ အလုပ်ရှင်လည်း မဟုတ်။ တကယ်လို့ သူ့ကျောင်းက ဆရာမကသာ ကျောင်းမတက်လို့ လိုက်လာပြီး နားချ ပြောပြရင် ရကောင်း ရမလား စဉ်းစားမိသေးတယ်။ ကျွန်တော်က စာရေးဆရာပီပီ စိတ်ကူးယဉ်တာ များသွားပြီ ထင်တယ်။ တစ်ချို့ ဝတ္တုတွေ ထဲမှာတော့ ဆင်းရဲတဲ့ ကလေးတွေ ကျောင်းမလာတာ ကြာရင် ဘာများဖြစ်နေပါလိမ့် ဆိုပြီး အတန်းပိုင် ဆရာ (သို့) ဆရာမ က လိုက်လာပြီး ကြည့်လေ့ရှိတယ် မဟုတ်လား။ ဒါနဲ့ ကလေး ကျောင်းမသွားတာ ဘယ်နှရက် ရှိပြီလဲ မေးကြည့်တော့ တစ်လနီးပါးတောင် ရှိတော့မယ် တဲ့။ ကျောင်းက ဘယ်သူမှ လိုက်လာ မမေးဘူးလား ဆိုတော့ မမေးပါဘူးတဲ့။ ကလေး တစ်ယောက် ခွင့်မတိုင်ပဲ အကြာကြီး ပျောက်နေတာ ဘာကြောင့်လဲ လို့ ဘယ်ဆရာ မှလည်း စိတ်ဝင်စားကြပုံ မရဘူး ထင်ပါရဲ့။ ကြည့်ရတာတော့ ဒီလို အဆင့်အတန်းက ကလေးတွေ ကျောင်း တစ်ဝက် တပျက်နဲ့ ထွက်ကြတာ ဘာမှ မထူးဆန်းဘူးလို့ ကျောင်းက ထင်ပုံပဲဗျ။ ကျွန်တော် ဘာများ တတ်နိုင်မှာလဲ။

အိမ်မှာ အစ်မကို ပြန်ပြောတော့ “ဒီလို ဆရာမ မျိုးလည်း ရှိသေးသလို၊ ဒီလို မိဘမျိုးလဲ ရှိသေးသကိုး” လို့ အစ်မက အံသြ နေလေရဲ့။
“ငါကတော့ ဆရာမ တစ်သက်မှာ တစ်ခါမှ ကလေးတွေကို နာအောင် မရိုက်ဘူးပါဘူး ဟယ်၊ တစ်ခါတလေ တော်တော် ဆိုးဆိုးဝါးဝါး စာမရရင်တောင် သစ်သား ပေတံလေးနဲ့ လက်ဖြန့်ခိုင်းပြီး နာမှာစိုးလို့ ဖြေးဖြေးလေး ရိုက်တာ၊ ဒင်းတို့က ပန်းနဲ့ ပေါက်သလောက်ပဲ ထင်ကြပါတယ်” လို့ အစ်မက ပြောသေးတယ်။
“ငါ့ကျောင်းမှာ လာထားပါလား လို့လည်း ပြောလို့ မဖြစ်ဘူး၊ ငါ့ကျောင်းကလည်း ကားနှစ်ဆင့် စီးပြီး သွားရတာ အဝေးကြီးပဲလေ”
အစ်မက မကြာသေးခင်လေးကပဲ အထက်တန်းပြ ဖြစ်သွားတော့ ခပ်ဝေးဝေး မြို့နယ်က အထက်ကျောင်းကို ပြောင်းခဲ့ရတယ်လေ။

ဒီလိုနဲ့ပဲ ကျောင်းလခ မတတ်နိုင်လို့ မဟုတ်ပဲ မူလတန်း ကလေးတစ်ယောက် ကျောင်းထွက် သွားတာကို ကျွန်တော်တို့ ဒီတိုင်းပဲ ကြည့်နေခဲ့ရပါတော့တယ်။ ကလေး မိဘတွေမှာသာ နည်းနည်းလောက် အသိဥာဏ်လေး ပိုရှိခဲ့မယ် ဆိုရင်.. ကလေး ရိုက်ခံရတာကို အကျယ်ချဲ့မနေပဲ ကလေးကို ချော့မော့လို့ ကျောင်းဆက် ထားခဲ့မယ် ဆိုရင်… ကလေးရဲ့ ကျောင်းက ဆရာမ ကသာ ကလေးရဲ့ ခံစားချက်ကို နည်းနည်းလောက် စာနာ နားလည်မှုနဲ့ ကြည့်ရှု ပေးခဲ့မယ် ဆိုရင်… စာမတတ်တဲ့ ကလေး တစ်ယောက် တိုးလာမှာ မဟုတ်လောက်ဘူး။ ခုတော့.. ဒီ ကလေးမလည်း ဒီ အသိုင်းအဝိုင်းမှာ တစ်ခြား စာမတတ်တဲ့ ကလေးတွေလိုပဲ ကြီးပြင်းလာရတော့မယ်။ အရွယ် ရောက်တော့လည်း ဒီအဆင့်အတန်းက တစ်ယောက်ယောက် နဲ့ပဲ အိမ်ထောင်ပြု၊ ကလေးမွေး။ ဒီ အခြေအနေ၊ ဒီအသိဥာဏ် လောက်ကနေ တိုးတက်လာဖို့ ထွက်ပေါက် မရှိနိုင်လောက်တော့ဘူး..။ ဒီအတွက် ဘယ်သူ့ကို တကယ်တမ်း အပြစ်တင်ရမလဲ ကျွန်တော်လည်း မသိတော့ပါဘူး။ ဘာမှ ပြောင်းလဲအောင် လုပ်မပေးနိုင်တဲ့ ကျွန်တော့်မှာ တောင်မှ အပြစ်ရှိနေနိုင်ပါတယ်။

သိင်္ဂါကျော်

7 comments:

ခရစ္စတလ် said...

ဟူးးးးး
အဲ့လိုကိစ္စမျိုးတွေ ကိုယ့်နိုင်ငံမှာ ခပ်များများ။
အသိပညာပေးဖို့ အတော်များများ လုပ်ရအုံးမယ်... :(

Anonymous said...

“ဒီလိုဆရာမမျိုးလည်းရှိသလို
ဒီလိုမိဘမျိုးလဲရှိသေးသကိုး”
----
ကျွန်တော့်အစ်မအံ့သြသွားတာမဆန်းပါဘူး။

ကလေးတွေရဲ့အနာဂတ်က မိဘနဲ့ဆရာပေါ်မှာ
အများကြီးမူတည်နေပါတယ်။

မရှိတာထက်မသိတာခက်ပါတယ်..





ချစ်စံအိမ် said...

ပိုစ့်လေးဖတ်ပြီးအတွေးများသွားပါတယ်..

လရိပ်အိမ် said...

အင်း ဒီလိုအဖြစ်မျိုးတွေ အများကြီးဘဲနော်။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ပို့စ်လေးကောင်းတယ်ခင်ဗျ..ဒီနေ့မှပဲစာတွေသေချာ
ဖတ်ဖြစ်တော့တယ်..

mstint said...

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကိုဖြစ်စေ အရွယ်ရောက်ပြီးလူငယ်တွေကိုဖြစ်စေ ဆရာ မိဘတွေ ရိုက်ပြီးဆုံးမတာဟာ မှားယွင်းတဲ့အတွေးအခေါ်တစ်ခုလို့ ထင်မြင်ယူဆ သုံးသပ်မိတယ် ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

san htun said...

ကြိမ်လုံးကိုင် ကြက်တူရွေး နှုတ်တိုက်ရွှတ် ပညာရေးစနစ်ကြီးက များယွင်းနေပါတယ်..ဆင်းရဲသားတွေ အသိညဏ်ပွင့်စေဖို့ လဲ လိုအပ်ပါတယ်..ဒီပို့ စ်လေးက ဘဝကို ထင်ဟပ်နေတယ်..