12 August, 2012

မှော်ဝင် ပန်းချီကား


ခပ်ဝေးဝေး­က လှမ်းကြည့်တဲ့ အခါ
အစစ်အမှန်လို ရုပ်လုံးကြွလို့...
အနီးကပ်လာတော့မှ
Velazquez ရဲ့ 3D ပန်းချီကား တစ်ချပ်ဖြစ်နေပါရော။
ဘာပဲဖြစ်ဖြစ်
စိတ်ကူးယဉ် မဟုတ်ကြောင်း သက်သေပြဖို့
ပန်းချီကားထဲမှာ ပန်းချီဆရာ ကိုယ်တိုင် ပါဝင်တယ်။

အခုတော့ ဘယ်နှယ့်
ကိုယ်တိုင် မပါဝင်ရတဲ့ အဖြစ်အပျက်တွေထဲ
ဝေဝေဝါးဝါး လှမ်းမြင်ရုံနဲ့
ဝေဖန်ချက်တွေ ပေးလို့
ကြိုက်တော့လည်း စွတ်ကောင်းကြ
မကြိုက်တော့လည်း ရက်ရက်စက်စက် ချိုးဖဲ့ကြ
မုသားနဲ့ အတုအယောင်တွေထဲ
ချာချာလည်တဲ့အခါ လည်လို့
အကုသိုလ်တွေများ ပွားများနေလိုက်ကြတာ။ 

သာမန် လူတစ်ယောက်ကတော့
အနိဌာရုံ ပန်းချီကားတွေကို
ကြည့်ချင်လှချည်ရဲ့ ဖြစ်မှာ မဟုတ်ဘူး။
ဒါပေမယ့်ပေါ့လေ
ဖြစ်ရပ်မှန်တိုင်းကို မှတ်တမ်းတင်ချင်တယ်ဆို
ပန်းချီကားတိုင်းဟာ
မြက်ခင်းစိမ်းနဲ့ ကောင်းကင်ပြာချည်းတော့ မဖြစ်နိုင်ဘူး။
တစ်ချို့တလေတော့ သွေးရောင်လွှမ်းနေမှာ ဓမ္မတာပဲ။

ကမ္ဘာကြီးက ပန်းချီကား တစ်ချပ်ဆို
အဲဒီအထဲမှာ ငါတို့လည်း ပါတယ်ပေါ့လေ။
အချိန်မတန်တဲ့ သေခြင်းတရားတွေကို များများတော့ မပြပါနဲ့
ငါ ပန်းချီကားတွေကို ချစ်တတ်ပါတယ်။

အရာရာတိုင်းက ဖြစ်ပျက်နေတဲ့ မမြဲ တရားတွေတဲ့
ခုထိ နှလုံးမသွင်းတတ်သေးတဲ့ လူဗာလလေးဟာ ငါပါပဲ
ဘယ်နှနှစ်တောင် ဖြတ်သန်းခဲ့ပြီးပြီလဲ
အဲဒီ ပန်းချီကားထဲမှာ ကြာရှည်မရှိနိုင်တော့မှာကို မေ့လျော့လို့
ပျော်များတောင်နေသေးရဲ့။
 
သိင်္ဂါကျော်

8 comments:

Anonymous said...

ပန်းချီကားတွေကိုကြည့်ဖူးပေမယ့်
ဒီလိုဖွဲ့ဖွဲ့နွဲ့နွဲ့စိတ်ရောကိုယ်ပါမခံစားတတ်ခဲ့တော့
ဒီပို့စ်လေးမြင်ပြီးအသစ်အဆန်းဖြစ်သွားပါတယ်း)

စံပယ်ချို said...

ဖြစ်ရပ်မှန်တိုင်းကို မှတ်တမ်းတင်ချင်တယ်ဆို
မြက်ခင်းစိမ်းနဲ့ ကောင်းကင်ပြာ ချည်းမဖြစ်နိုင်
တစ်ချို့တလေ သွေးရောင်လွမ်းမယ်

ကောင်းလိုက်တဲ့ စာသားလေးတွေ
အဲတာလေးကိုပြန်ဆက်ထားလိုက်မယ်နော်

တစ်ချို့တလေ အလွမ်းရောင်သန်းမယ်နော် ကျော်ရေ

ဗညားရှိန် said...

အပေါ်ဆုံးက ပန်ချီကားထဲမှာ နစ်မျောခဲ့တယ်

ဗညားရှိန်

ချစ်စံအိမ် said...

ပန်းချီကားတွေကိုသိပ့်မခံစားတတ်ပေမဲ့
သေချာတော့ကြည့်သွားပါတယ်..:)

Angelhlaing(May everybody be happy and healthy! said...

ဖြစ်ရပ်မှန်တိုင်းကို မှတ်တမ်းတင်ချင်တယ်ဆို
မြက်ခင်းစိမ်းနဲ့ ကောင်းကင်ပြာ ချည်းမဖြစ်နိုင်
တစ်ချို့တလေ သွေးရောင်လွမ်းနေမှာ ဓမ္မတာပဲ ..

လှလိုက်တာမမရေ..

ချော (အစိမ်းရောင်လင်ပြင်) said...

ကြိုက်တော့လည်း စွတ်ကောင်းကြ
မကြိုက်တော့လည်း ရက်ရက်စက်စက် ချိုးဖဲ့ကြတာ လူတွေရဲ့ သဘာဝဖြစ်နေပြီ ထင်ပါရဲ့...
3D ပန်းချီကားလေး သဘောကျလိုက်တာ..

mstint said...

ပန်းချီပညာကို နားမလည်ပေမယ့် ပန်းချီကားလေးတွေတော့ သဘောကျတယ် ကျော်ရေး)
ပြပွဲတွေကနေ နှစ်သက်တဲ့ ပန်းချီကားလေးတွေ စုထားတာရှိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကဗျာလေးရော...ပုံတွေကိုရော...ခံစားသွားတယ်ဗျ..

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို