ဒေလီယာရေ..
မိုးတွေ သည်းသည်းရွာတဲ့အခါ
မင်းရဲ့ တန်ဖိုးကြီးကားလေး ရွံ့ပေမှာ စိုးနေတဲ့အချိန်
တစ်ချို့နေရာတွေမှာ
နေစရာ၊ စားစရာ မရှိလောက်အောင်
ရေလွှမ်းမိုးတဲ့ အဖြစ်တွေ ရှိနေတယ်ဆိုတာ
မင်းကတော့ သတိထားမိချင်မှ သတိထားမိမယ်ပေါ့။
ဒေလီယာရေ..
မင်းရဲ့ တောက်ပတဲ့ မနက်ခင်းတွေမှာ
လှပတဲ့ ဖက်ရှင်အသစ် အသစ်တွေ ဝတ်ဖို့ စိတ်ကူးနေတဲ့အချိန်
တစ်ချို့နေရာတွေမှာ
အခွင့်အရေးဆုံးရှုံးနေတဲ့ အဖိနှိပ်ခံ မိန်းမတွေ ရှိနေဆဲ ဆိုတာ
မင်းကတော့ သိချင်မှ သိနိုင်မယ်ပေါ့။
ဒေလီယာရေ..
မင်းကို ချစ်သောစိတ်နဲ့
မျက်ခြေမပြတ် ချုပ်ချယ်တတ်တဲ့ မိဘနှစ်ပါးကို
တစ်ခါတစ်လေ ငြီးငွေ့ကောင်း ငြီးငွေ့မိမယ်။
တစ်ချို့တလေမှာတော့
စွန့်ပစ်ခံမှုနဲ့ အကြင်နာကင်းမှုအောက်မှာ
ဘဝတွေ ပျက်လို့…
ဂရုစိုက်မယ့် အမိအဘကို တောင်းတသော်လည်း
မရနိုင်တော့တာမျိုးနဲ့။
ဒေလီယာရေ..
ဘဝတစ်ခု မရပ်တည်နိုင်အောင် မလောက်မငရှိတယ်လို့
မင်းအလုပ်အပေါ် မနှစ်သိမ့်နိုင်ဖြစ်နေတဲ့ အချိန်မှာ
တစ်ချို့တလေက
အလုပ်လက်မဲ့လို့ ငတ်လု ပြတ်လု ဖြစ်နေကြတာ
မင်းကတော့ သိချင်မှ သိနိုင်မယ်ပေါ့။
ဒေလီယာရေ..
မင်းတို့သူငယ်ချင်းတသိုက်
touch screen phone တို့ laptop တို့
အပြန်အလှန် လက်ဆောင် ပေးနေတဲ့ အချိန်
တစ်ချို့တလေမှာတော့
ဘောလ်ပင်တစ်ချောင်း၊ ဗလာစာအုပ် တစ်အုပ် အတွက်တောင်
ကြိုးစားပမ်းစား ရှာဖွေနေရတယ် ဆိုတာ
မင်း တွေးကြည့်ဖူးမယ် မထင်ပါဘူးနော်။
ဒေလီယာရေ..
မင်းက iphone 5 ကို မျှော်တယ်
internet connection မြန်လာဖို့ မျှော်တယ်
နိုင်ငံရပ်ခြား အလည်အပတ် သွားရဖို့ မျှော်တယ်
တိုက်အသစ်တစ်လုံး မွေးနေ့လက်ဆောင်ရဖို့ မျှော်တယ်
တစ်ချို့တလေကတော့
အကြွေးမြန်မြန် ကင်းဖို့ မျှော်တယ်
တစ်လတစ်လ အလျှင်မီအောင် မိသားစုကို ကျွေးမွေးနိုင်ဖို့ မျှော်တယ်
ဖုန်းကဒ်တစ်ခု အလကားနီးပါး ရဖို့ မျှော်တယ်
တိုက်ခန်း စုတ်စုတ်တစ်ခု ဝယ်နိုင်လေမလားလို့ မျှော်တယ်
စသဖြင့်.. စသဖြင့်ပေါ့။
ဒေလီယာရေ..
မင်းက ဈေးကြီးကြီး စားသောက်ဆိုင် တွေမှာ
menu အသစ် အသစ်တွေ မြည်းစမ်းနေတုန်း
ဈေးကြီးကြီး ကော်ဖီတစ်ခွက် သောက်ရင်း
ဖုန်းထဲက wifi ကို စမ်းနေတုန်း
တစ်ချို့နေရာတွေမှာ
နံရိုးပိန် ကလေးလေးတွေကစလို့ အိုကြီးအိုမအဆုံး
နပ်မမှန်တာကြာလို့ ချိနဲ့နေကြပြီဆိုတာ
မင်း စဉ်းစားဖို့ အကြောင်းတော့ မဟုတ်ပါဘူးလေ။
ဒေလီယာရေ..
မင်းက aircon လေး အေးအေးနဲ့ TV channel ပြောင်းကြည့်နေတုန်း
ခပ်မွှေးမွှေး အခန်းလေးထဲ ကွေးလို့ကောင်းနေတုန်း
တစ်ချို့နေရာတွေမှာတော့
ကျည်ဆံသံတွေ မိုးမွှန်နေတုန်း..
ကျီးလန့်စာစား နဲ့ အိပ်ကောင်းခြင်း မအိပ်ရတဲ့ သူတွေ ရှိနေတုန်း
နိုင်ငံကို ကာကွယ်ရင်း ကျဆုံးရသူတွေ ရှိနေတုန်း။
ဒေလီယာရေ..
လောကကြီး ကို ညီမျှအောင်
မင်းလည်း မလုပ်နိုင်သလို ငါလည်း မလုပ်နိုင်ပါဘူးလေ။
ငါက ဘာသာမဲ့တစ်ယောက်ပဲ ဆိုပါတော့
ကြားဖူးနားဝနဲ့ တစ်ခုတော့ မေးချင်သေးတယ်
ထာဝရဘုရားသခင်က လူသားတွေကို ဖန်ဆင်းတယ်ဆို
ဘာကြောင့်များ
သာတူညီမျှ ဘဝတွေ ဖန်ဆင်း မပေးခဲ့လဲ ဆိုတာပါ။
သိင်္ဂါကျော်
16 comments:
ကောင်းလိုက်တဲ့ကဗျာ
ပန်းလေးလည်းလှ ကဗျာလေးလည်းလှတယ် ကျော်ရေ။
ဒေလီယာကိုတိုင်တည်ရင်း ရင်တွင်းခံစားချက်လေး ထိုးဖောက်မြင်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကို အားပေးသွားပါတယ်
ကောင်းလိုက်တဲ့ကဗျာ...ဖဘမှာပြန်ရှယ်ပါရစေ သဂါင်္ရ..။
အရမ်းကောင်းတဲ့ ခံစားမှု့ စာသားတွေပါလား။
ကဗျာထက် အနှစ်သာရ ပိုရှိသွားတယ်။
အားပေးသွားတယ်။
ဒေလီယာလေးကပြောတယ် ... အတိတ်အကြောင်းတွေ မညီခဲ့တော့ ပစ္စပ္ပုန် အကျိုးပေးလည်း ကွာခြားကြတာပါတဲ့လေ ... :)
ကဗျာလေးလာဖတ်သွားပါတယ်ခင်ဗျ...
ဒေလီယာရေ..
အိုးအိုး ယောင်လို့။ ကဗျာဖတ်ထားတဲ့ အရှိန် မသေဖြစ်သွားတာ။ :)
ဒီကဗျာလေးကို နှစ်သက်တယ်။ အမှန်တွေကို ခပ်ပါးပါးလေး ဖော်ထုတ်ပြသွားပုံလေး..။
ခင်လျက်
မြတ်
ကဗျာရှည်ရှည်ဖတ်ဖို့ပျင်းတဲ့ မိုးနတ်ကိုတောင် အဆုံးထိဖတ်ဖြစ်အောင်ဆွဲခေါ်သွားနိုင်တယ်....တစ်ပုဒ်လုံးကို အားရပါးရအားပေးသွားပါတယ်နော်..မမမြတ်ပြောသလို တကယ်ပဲနှစ်သက်မိတယ်...ဒိထက်ပိုပြီးအများကြီးရေးနိုင်ပါစေ..
ခင်တဲ့ ..မိုးနတ်
အမှန်တရားကို ဖွင့်လှစ်ပြသတဲ့ နူးညံ့တဲ့ ခံစားမှုနဲ့ လက်တွေ့ဘဝလေးတစ်ခုကို ထင်ဟပ်စေပါတယ်။
အရမ်းကြိုက်တဲ့ ကဗျာလေး..
ချမ်းမြေ့ပျော်ရွှင်ပါစေ.နော်
ခင်မင်လျက်
သဒ္ဓါ
ကဗျာလေးက လက်ဖျားခါတယ်..တကယ်ကြိုက်တယ်..
တပိုဒ် စီဖတ်လို့ကြိုက်ခဲ့တယ်
နောက်ဆုံးအပိတ်ကျတော့လည်း
အားလုံးကိုချုပ်လို့
ဒီလိုကဗျာတွေလက်တွေ့ကျတဲ့အရာတွေ
များများေ၇းနိုင်ပါစေ
ဒေလီယာသို့...
ဒေလီယာများသို့...။
Happy Blog Day!
အိုး...လှလိုက်တာ မမရေ..
ကဗျာထဲကနေ အများကြီးကိုပြောသွားတာ
ခံစားလို့ရမိပါတယ်
စကားမစပ် ဒေလီယာပန်းအရမ်းကိုလှတယ် တောင်ကြီးကိုလဲ
လွမ်းမိတယ် တောင်ကြီးမှာ အဲဒီပန်းတွေ အရမ်းကိုပေါတယ်
လှလဲ လှတယ်
ကဗျာလေး လာဖတ်သွားတယ်။ မတူညီမှုတွေ အကြောင်းလည်း တွေးဖြစ်သွားတယ်။ ကျေးဇူး.. နောက်လည်း အမြဲလာဖတ်မယ်နော်..
Post a Comment