သူမနှင့်ကိုယ် တွေ့တာ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီမှာက သူငယ်ချင်းလည်းသိပ်မရှိ၊ အပြင်လည်း သိပ်မထွက်ဖြစ်တော့ ကျောင်းမသွားရသည့် နေ့များမှာ online မှာသာ တစ်နေကုန်ရှိနေဖြစ်သည်။ Course Subject တွေကုန်အောင် ဖြေနေစဉ် ကတည်းက သူမနှင့် သိခဲ့ခြင်းဖြစ်သည်။ အစပိုင်းကတော့ Internet ပေါ်မှာ စာနှင့် ပတ်သက်တာပဲ ရှာဖြစ်သည်။ Chatting လည်း မရိုက်တတ်။ မြန်မာ သူငယ်ချင်း တစ်ချို့၏ အကြံဥာဏ်ပေးမှု နှင့် Personal Websites များမှာဝင်သည်။ သူငယ်ချင်းတွေ ရလာသည်။ Chatting လုပ်ရခြင်း ကို ပျော်မွေ့လာသည်။ အားသည့်အချိန်များမှာ လေ့လာရင်းနှင့် Computer ၊ Internet တို့နှင့် အကျွမ်းဝင်လာသည်။ Thesis သက်သက် လုပ်နေရချိန်ကျတော့ အချိန်ပိုရလာသည်။
Online Friend တွေ အများကြီး ရှိသော်လည်း တစ်ချို့က ၀ါသနာမတူ၊ အသက်အရွယ် အတွေးအခေါ် အတော် ကွာခြားသူတွေ ပါသည်၊ အမှန်မပြောပဲ အလိမ်အညာ တွေနှင့် အပျော်သဘော Chat ကြသူတွေများသည်။ နိုင်ငံခြားသား တွေလည်း ပါသည်။ အဲဒီလို အများကြီး ထဲကမှ သူမတစ်ယောက်ကတော့ မှတ်မှတ်ထင်ထင် နှင့် အချိန်အတော်ကြာ သူငယ်ချင်း ဖြစ်နေခဲ့သည်။
ပုန်းညက်ဖြူ ဆိုသော ချစ်စရာ နာမည်ကလေးကြောင့် သူ့ဘက်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ သူမ နှင့် ကိုယ်က စာဖတ်ဝါသနာ ပါတာခြင်း တူသည်။ ကြိုက်တတ်တဲ့ ၀တ္တု တွေ အတော်များများ တူသည်။ သီချင်းတွေ ကြိုက်တာချင်း တူသည်။ သူမက တစ်ခါတလေ ကိုယ်ကြိုက်တတ်တဲ့ သီချင်းတွေလည်း ပို့တတ်သေးသည်။ သူမ ကြည့်နေကြ ကိုရီးယား Series တွေကိုတော့ ကိုယ်မသိ။ ခုတော့ တစ်နေ့တစ်ခါမှ သူမနှင့် နှုတ်ဆက်စကား မပြောရလျှင် မနေတတ်သလိုပင်။ သူမ ဆီက forward mail မလာတာ ကြာလျှင် သတိရသည်။ သူမ အိမ်ပြန်နေလို့ Net မသုံးသည့် အချိန်တွေက ကိုယ့်အတွက် အတော်ရှည်ကြာလှသည်။ တဖြည်းဖြည်းနှင့် သူမ အပေါ် ကိုယ့်သဘောထားက သိပ်မရိုးသားတော့မှန်း ကိုယ့်ကိုကိုယ် သိလာသည်။
ဒယ်ဒီက သူ ကျန်းမာရေး မကောင်းတာ အကြောင်းပြ၍ သစ်လွင်ကို အခြေတကျ အိမ်ထောင် ပြုစေချင်နေသည်။ သူ့စီးပွားဖက် မိတ်ဆွေ တစ်ယောက်၏ သမီးနှင့် သစ်လွင်ကို သဘောတူနေသည်။ ရည်ရွယ်ထားတာ ရှိရင်တော့ အိမ်ကို ခေါ်လာဖို့ပြောသည်။ ကိုယ့်မှာက ခေါ်လာပြစရာလည်း ဘယ်သူမှ မရှိ။ Graduate တုန်းက အပျော်သဘော လိုက်ဖူးတာ၊ တွဲဖူးတာ တွေက လွဲလို့ တစ်သက်တာရည်၇ွယ်တဲ့ ချစ်သူရယ်လို့ တစ်ခါမှကှို မရှိခဲ့တာပါ။ ဒက်ဒီ ပြောပြောချင်း ဖြတ်ခနဲ သတိရမိတာ သူမကိုပင် ဖြစ်သည်။ ဘာမှတော့ မဆိုင်။ ကိုယ်ဘက်ကတော့ ဆိုင်ချင်နေသည် ထင်ပါရဲ့။ ကျောင်းပြီးလျှင် နယ်ပြန်ရမည် ဟု သူမက ပြောဖူးသည်။ နယ်မပြန်ခင် သူမနှင့် အပြင်မှာ ဆုံချင်သည်။ ကိုယ်က အပြင်မှာ တွေ့ဖို့ တစ်ကြောင်းတလေ ရေးမိလျှင် သူမက မသိချင်ယောင်ဆောင်ကာ ဘယ်တော့မှ ပြန်မဖြေ။ ဘယ်နေရာမှာ နေတယ်ဆိုတာလည်း သေချာ ရေရာ မပြော။ ကိုယ့်ဘက်ကသာ တစ်ဖက်သက် ဖြစ်နေသလား ဟု မရိုးသားတာကိုလည်း အရိပ်အမြွက်ပင် မပြောရဲ။ ဒီလိုနဲ့ပဲ ဒက်ဒီ တွေ့ပေးမယ့် မိန်းကလေးကို တွေ့ကြည့်ဖို့ သဘောတူလိုက်ရသည်။
ခင်ပွင့် ဆိုတာ အပြစ်ဆိုစရာ မရှိသော မိန်းကလေး တစ်ယောက်ပါ။ Ph.D တက်နေသော နည်းပြဆရာမလေး တစ်ယောက် ဖြစ်သည်။ ၀တ်စားဆင်ယင်မှုကအစ ခေတ်မီပေမယ့် ယဉ်ကျေးပြီး အဆင့်အတန်းမြင့်သော ပုံစံပေါက်သည်။ အချောအလှကြီး မဟုတ်သော်လည်း အေးချမ်းပြီး ချစ်စဖွယ်ကောင်းသည်။ သူမဖေဖေ နှင့် ကိုယ့်ဒက်ဒီက သူငယ်ချင်းတွေလည်း ဖြစ်သည်၊ စီးပွားဖက်တွေလည်း ဖြစ်သည်။ သူမက ငြင်းဆိုစရာ အပြစ်မရှိသော်လည်း ကိုယ်က တစ်စုံတစ်ယောက်ကို မျှော်လင့်ချင်သေးသည်။
***************
ကိုသစ်လွင်ကို တွေ့တော့ ခင်ပွင့် အတွက် ငြင်းစရာ မရှိဟုမြင်သည်။ လူကြီးလူကောင်းဆန်ဆန်… ပြီးတော့ ခင်ပွင့် မှန်းထားတာ ထက်ပင် သူက ကြည့်ကောင်းသေးသည်။ လူကြီးတွေက လူငယ်ချင်း တစ်ယောက်ကို တစ်ယောက် အရင်လေ့လာ ပြီးမှ ဆုံးဖြတ်ပါ ဟု သဘောကောင်းစွာ ခွင့်ပေးထားပါသည်။ သူက ကျောင်းပိတ်ရက် တွေမှာ အဆောင်ကို လာခေါ်ပြီး ဘုရားသွားကြသည်။ တစ်ခုခု စားပြီး တစ်ခါတလေ City Mart မှာ လိုတာတွေဝယ်ဖို့ လိုက်ပို့သည်။ သူ့ဘက်ကလည်း ခင်ပွင့်ကို လက်ခံထားသည် ဟုထင်ခဲ့သည်။
ဒီအတောအတွင်း ပြည့်စုံသာနှင့် online မှာ နှစ်ခါ သုံးခါ တွေ့သည်။ သူ့ကိုတော့ ခင်ပွင့်က သစ်လွင် အကြောင်း မပြောပြချင်။ သူက အပြင်မှာ တွေ့ဖို့ ခဏခဏ ပြောသည်။ ချစ်တယ် ဆိုတာမျိုးကိုပင် မသိမသာ ပြောချင်လာသည်။ ခင်ပွင့် စိတ်ထဲမှာ တစ်မျိုးဖြစ်မိ သဖြင့် သူ့ကို အပြင်မှာ မတွေ့ချင်။ online ပေါ်မှာ ပြောထားတာထက် အသက်ပိုကြီးနေတာရော၊ Chat ပေါ်မှာ အမြဲတင်နေကြ ပုံထဲက ကိုရီးယား မင်းသမီးလေး လို အပြင်မှာ မလှပတာကိုရော၊ သူ့ကို မသိစေချင်။ သူ စိတ်ပျက်သွားမှာ စိုးသည်။ သူနှင့် အမြဲတမ်း သူငယ်ချင်းပဲ ဖြစ်ချင်သည်။
ကိုသစ်လွင် နှင့် တွေ့ပြီး နှစ်လ ကျော်ကျော် အကြာမှာ နှစ်ဖက်မိဘက စေ့စပ်ကြောင်းလမ်းထားဖို့ လောလာသည်။ ခင်ပွင့် ကျောင်းပြီးတာ နှင့် လက်ထပ်ကြဖို့ဖြစ်သည်။ အဲဒီမှာတင် ကိုသစ်လွင်ဆီက မမျှော်လင့်သော စကားကို ကြားရသည်။ နှစ်ဦးသဘောတူ ငြင်းကြရအောင်ဟု ဆိုလာသည်။ သူ့မှာ တစ်ဖက်သက် ရည်ရွယ်ထားသော မိန်းကလေး တစ်ယောက် ရှိပါသည် တဲ့။ ခင်ပွင့် အငြင်းခံလိုက်ရပြီ ဟုခံစားရသည်။ သို့ပေမယ့် သူ့ကိုတော့ မသိစေရပါ။ ခင်ပွင့် ဘက်မှာလည်း အဖြေပေးတော့မည့် တစ်ယောက်ယောက် ရှိသယောင် ပြောခဲ့ပြီး သူ့စကားကို သဘောတူခဲ့သည်။
ပြန်လာပြီး အခန်းထဲ တစ်ယောက်တည်း ရှိချိန်မှာ ဘာကြောင့်မှန်း မသိ ခင်ပွင့် ငိုမိသည်။ သူ့အပေါ်မှာ ခင်ပွင့်က မျှော်လင့်ခဲ့မိ သလား…။ အရှက်သည်း မိတာပဲလား…။ ဒါမှမဟုတ် သူကပဲ ခင်ပွင့် နှလုံးသားကို တိတ်တဆိတ် ခိုးသွားလေ သလား…။ သူက ပြောသည်။ အမြဲတမ်း သူငယ်ချင်းကောင်းတွေ ဖြစ်ရအောင် ပါတဲ့။ သူငယ်ချင်းကောင်း ဖြစ်စေချင်သူကကျတော့ စိတ်ထားတွေ အရောင်ဆိုးလာသည်။ တစ်သက်တာ ရယ်လို့ ရည်ရွယ်မိသူ ကျတော့ သူငယ်ချင်း တဲ့။ ခင်ပွင့် ဘ၀မှာ ဘာဖြစ်လို့များ အလွဲတွေ ဖြစ်ရပါလိမ့်နော်…။ နှစ်ည လောက်တော့ စာမလုပ်နိုင်ပဲ စိတ်လေသွားသည်။ နောက်တော့လည်း ပုံမှန်ပေါ့နော်။
သစ်လွင်က ပြောပါများလွန်းတော့ အားနာလာပုံရသည်။ ပုန်းညက်ဖြူက ကော်ဖီဆိုင်တစ်ခုမှာ တွေ့ဖို့ကို လက်ခံလိုက်သည်။ ကတိတစ်ခုတော့ တောင်းသည်။ ရည်းစားစကား လုံဝ မပြောရပါ တဲ့။
အဲဒီနောက်တော့ နေ့ခင်းဘက်တွေမှာ သူ့ကို လုံးဝ မတွေ့ရတော့။ ခင်ပွင့် ရေးထားတဲ့ စာကိုလည်း Reply မပြန်။ သူ အတော် စိတ်ဆိုးသွားတာလား… ဘာကိစ္စတွေများ ဖြစ်နေသလဲ ရယ်လို့… တွေးတွေးပြီး သတိရ နေမိသည်။ ခင်ပွင့်တော့ သူငယ်ချင်း တစ်ယောက် ဆုံးရှုံးသွားပြီ ထင်သည်။
ဒီအတောအတွင်း ကိုသစ်လွင် အဖေ အတော်ဖြစ်နေသဖြင့် ကျောင်းပိတ်ရက်မှာ သွားကူစောင့်ပေးရသည်။ သူတို့နှစ်ယောက်ကိစ္စမှာ ငြင်းတာ လက်ခံတာ ဘာမှ ပြောခွင့် မသာပဲ ကိုသစ်လွင် အဖေ ဆုံးသွားသည်။ ဦးလေးရင်းလို ခင်မင်နေသူမို့ အတော်ကြီး စိတ်မကောင်းဖြစ်ရသည်။
သစ်လွင် နှင့် ခင်ပွင့် မှာ သူငယ်ချင်းကောင်း အနေနှင့် ခုထိ ခင်မင်စွာ ဆက်ဆံကြဆဲပါ။ သူ့ဒက်ဒီ တစ်လပြည့် အတွက် အိမ်မှာပဲ လုပ်ဖို့ လိုတာတွေ ၀ယ်ရန် သူတို့ နှစ်ယောက် Ocean ကို လာတော့ ကိုကြီးထူး နှင့်တွေ့သည်။ ကိုကြီးထူး ဆိုတာ မေမေ့ တူ၊ မွေးစားသားလို့လည်း ပြောလို့ရသည်။ ပြည့်စုံသာ ဆိုတဲ့ ခေါ်သံကို မကြားရတာ ကြာလှပြီမို့ ကိုယ့်ကို ခေါ်သည်လို့ပင် မထင်။ မေမေ အိမ်ပေါ်က ဆင်းသွားကတည်းက ဒက်ဒီက မေမေ့နာမည် သာ ပါသော ပြည့်စုံသာ ဆိုသည့်နာမည် ကို ပြည့်စုံသစ်လွင် ရယ်လို့ ပြောင်းစေခဲ့သည်။ လူတိုင်းကလည်း သစ်လွင်ပဲ ခေါ်ကြသဖြင့် ကိုယ့်နာမည်ထဲ ပြည့်စုံပါတာကိုတောင် မေ့နေခဲ့သည်။
“အန်တီက မင်းကို တွေ့ချင်နေတယ် ပြည့်စုံ၊ အန်ကယ်လ် အကြောင်းကြားကာစက အန်တီလည်း အိပ်ရာထဲတောင် လဲသွားသေးတယ်၊ မင်းကို တွေ့ချင်ပေမယ့် လာမတွေ့ရဲဘူးဖြစ်နေတယ်၊ မင်းပဲ သွားလိုက်ပါ၊ မင်းသိတဲ့ ရန်ကုန် တိုက်ခန်းမှာပဲ”
ကိုကြီးထူးက ပြောသည်။
“ကျွန်တော် စဉ်းစားပါရစေဦး ကိုကြီးရာ”
“မာန ပြိုင်ကြတဲ့ အထဲမှာ မင်းတော့ မပါနဲ့တော့ကွာ၊ အန်တီက မင်းသိတဲ့ ကွန်ဒို တိုက်ခန်းမှာပဲ နေတယ် သွားလိုက်ပါ”
***************
***************
သူနှင့် Online မှာ ပြန်တွေ့တော့ သူ့အဖေဆုံးပြီး အလုပ်တွေလည်း အရမ်းများနေသည့် အကြောင်း ပြောသည်။ ဒီတစ်ခါတော့ ခင်ပွင့်က ကျောင်းကို အလည်လာဖို့ ချိန်းလိုက်သည်။ ကိုသစ်လွင် ကိုတော့ သူငယ်ချင်းတွေလည်း သိပြီးသားပဲလေ…။
“Seminar တစ်ခု တက်စရာ ရှိတယ်ကွ ဒါပေမယ့် ရပါတယ် ငါခေါ်ပေးမယ်” ဟုသူငယ်ချင်းက ပြောတုန်းရှိသေးသည်။ အခန်းတစ်ခုထဲမှ ဆရာမတစ်ယောက် ထွက်လာတော့ သူငယ်ချင်းက “ဟိုမှာ ထွက်လာတာနဲ့ အတော်ပဲ” ဟုဆိုသည်။ ကြည့်လိုက်တော့ ခင်ပွင့် ဖြစ်နေသည်။ ဟုတ်သားပဲ၊ ဒီကျောင်းမှာ ခင်ပွင့် လည်းရှိတာပဲ။ သူမက သူတို့ကို မမြင်ပဲ တစ်ဖက်အဆောင် ဆီသို့ ထွက်သွားသည်။ သူငယ်ချင်းက “ဒေါ်ခင်ပွင့်ရေ ဒီမှာ ခင်းဗျား ဧည့်သည် ရောက်နေတယ်” ဟုလှမ်းခေါ်သည်။
“ဟေ့ မင်း ဘယ်သူ့ကို ခေါ်နေတာတုန်း၊ ငါပြောတာ ခင်ပွင့်မဟုတ်ဘူး ခင်ပုန်းညက်ဖြူ လေကွာ”
“အေး အတူတူပဲလေ ခင်ပုန်းညက် ဆိုတာ ခေါ်ရခက်လို့ ထင်ပါရဲ့ ခင်ပွင့်လို့ပဲ အားလုံးက ခေါ်ကြတာကို”
“ဗျာ”
ခင်ပွင့်ကတော့ သူတို့ဆီသို့ လာနေပြီ။ ကိုယ့်မှာသာ ဘယ်မျက်နှာနဲ့ ဘယ်သူရယ်လို့ မိတ်ဆက်ရမှာပါလိမ့်နော်…။
သိင်္ဂါကျော်
( စိတ်ကူး သက်သက်သာ ဖြစ်ပါသည်။ e-mail များ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ )