20 October, 2008

နေ့လည်


ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ နေ့ခင်းဘက် ခိုးရေးထားတဲ့ ကဗျာလေးပါ။ အခုတလော ရာသီဥတုနဲ့ ကိုက်ညီနေလို့ နည်းနည်းပါးပါး ပြင်ပြီး တင်လိုက်တာပါ။ ကလေးဆန်တယ်လို့တော့ မပြောကြနဲ့နော်…။


ခြောက်သွေ့သွေ့နေ့ခင်းဟာ

လူတစ်ယောက်ကို

အပျင်းရောဂါစွဲကပ်စေတယ်၊

ဥာဏ်ခပ်ခပ်တုံးတုံး ဦးနှောက်ဟာ

လုံးဝပျက်စီးသွားလုမတတ်

ကောင်းကင်ဟာ

ပူပြင်းနေလေရဲ့။


အိုက်စ်ကော်ဖီတစ်ခွက်ထဲ ခြေထောက်တွေနှစ်ရင်း

စိတ်ကို ဆန့်ထုတ်ရမလား၊

ရူးသွပ်သွပ် နေဟာ

အသည်းနှလုံးကို အရည်ပျော်စေရဲ့။


ဒါဟာ

အမှန်တရားတစ်ခု မဟုတ်ဘူး၊

မိုးခါးရေသောက်တဲ့

လူတွေထဲက တစ်ယောက်အကြောင်းပါပဲ။


စူးရှရှမျက်လုံး

အေးစက်စက်အသည်းနှလုံးနဲ့

လူတစ်ယောက်၊

သူ့စိတ်ဓာတ်ဟာ

စိတ်မနှံတဲ့ နေ့လည်ခင်းတွေမှာ

အ၀ီစိအထိ ထိုးကျနေလေပြီလား။


အဖော်အပေါင်းမဲ့

ပြင်းရှရှနေ့ခင်းဟာ

ငါ့ကို ဖမ်းစားလွန်းနေလေရဲ့။


သင်းကွဲငှက်တစ်ကောင်ဟာ

ဒီလိုနေ့လည်တွေမှာ

နေကိုအန်တုပြီး

လေဆန်ပျံသန်းနေကြပေါ့၊

ဘယ်တော့မှလည်း

ဦးတည်ရာကို မရောက်နိုင်ပဲနဲ့လေ။


(သိင်္ဂါကျော်)



08 October, 2008

အိမ်ပြန်လိုက်ဦးမယ် :)




Thesis အတွက် Program ပြဖို့ deadline ကလည်းနီးလာပြီ။ ဒီသီတင်းကျွတ်မှာ vacation မရတော့ဘူး လို့တောင် ထင်တာ...။ ၁၀ ရက်ရတော့ ပျော်လိုက်တာ... အိမ်ကိုအရမ်းပြန်ချင်နေတာ ကြာလှပြီလေ။ ဖြစ်သလို ၀ယ်စားနေတာ တွေလည်း ငြီးငွေ့လှပြီ။ အိမ်ထမင်း၊ အိမ်ဟင်း ကို လွမ်းနေတာ ကြာလှပေါ့။

တကယ်တန်းတော့ ကိုယ့် Program ထဲမှာ error တွေက အများကြီးရယ်…။ နောက်မှ လုပ်မယ် နောက်မှ လုပ်မယ် ဆိုပြီး ထားခဲ့တာတွေ… ခုတော့ မနည်း ရှင်းရတော့မယ်… ဟီး ဟီး…။ ဒါပေမယ့် ဘာဖြစ်ဖြစ် ကိုယ်ကတော့ ပစ်ထားခဲ့ပြီး အိမ်ကို ပြန်တော့မယ်။ သူများတွေ ဘယ်လောက် ကြိုးစားနေတာ မြင်လည်း ကိုယ်ကတော့ အေးဆေးရယ်။ သူများတွေ စာမပြီးလို့ အိမ်မပြန်ကြဘူး ဆိုလည်း ကိုယ်ကတော့ မနေနိုင်ပါဘူး။ ပြန်ခွင့်ရတုန်း ပြန်ရတာ ပြန်မှာပဲ။ (သနားစရာ ကိုယ့်မှာ Laptop လေးလည်း မ၀ယ်ထား နိုင်လေတော့ Desktop Computer ကြီးထဲက Program ကတော့ အိပ်နေလိုက်ဦး ပေါ့… ဟိ)

သီတင်းကျွတ် ဆိုတော့ ကန်တော့ဖို့ရာ မုန့်လေး ပဲလေး လည်း ၀ယ်သွားရဦးမယ်။ အဲဒါမှ အပြန်ကျရင် မုန့်ဖိုး များများ တောင်းလို့ကောင်းမှာ…ဟဲ ဟဲ။

Internet နဲ့ တော့ ခဏဝေးနေရဦမယ်။ ဇာတိမြို့မှာ Internet ဆိုင်က တစ်ဆိုင်၊ နှစ်ဆိုင် ပဲရှိတာ။ ဘလော့ ကို ကျော်လွှား တင်ဖို့တော့ အဝေးကြီး။ ၁၀ ရက်ထဲပါ။ ၁၀ ရက် လောက် မသုံးရမှာ ကိုတောင် တမျိုးကြီးပဲ။ ပြန်ရောက်ရင်လည်း စာရေးဖြစ်ဖို့တော့ မလွယ်သေးပါဘူး။ ကိုယ့် ကိစ္စ ပြီးအောင် လုပ်ရဦးမယ်။ Program ပြပြီးတော့မှပဲ စာပြန်ရေး ဖြစ်လိမ့်မယ် ထင်တယ်။ အရင်ကတော့ သီတင်းကျွတ် မပြန်ခင် ပြီးလိမ့်မယ် ထင်ခဲ့တာ။ ခုမပြီးနိုင်တော့… မပြန်ခင်လည်း ပြာနေတယ်…။ (ဘယ်ပြီးပါ့မလဲ ကိုရီးယားကားတွေပဲ ကြည့်နေတာ :D အိမ်ကျရင်လည်း ကြည့်ဦးမှာပဲ)

အားလုံးကို နှုတ်ဆက်ပါတယ်။ ခဏတဖြုတ် ဘလော့နဲ့ ဝေးဝေး နေဦးမယ်နော်…။



25 September, 2008

ပထမဆုံးများ

Thesis အကြောင်းပဲ တွေးနေလို့ ခေါင်းထဲမှာ ဘာဇာတ်လမ်းမှ ထွက်မလာတဲ့ အချိန် blogger အစ်ကိုကြီး၊ အစ်မကြီး တွေက ပထမဆုံးတွေ အကြောင်းရေးတော့ ကိုယ်လည်း အရမ်း ရေးချင်လာတာနဲ့ ရေးလိုက်တာပါ၊ :D


ပထမဆုံး နေခဲ့တဲ့ကျောင်း ။ ဇရစ်ချောင် အ.မ.က ဆိုတဲ့ တောကျောင်းလေးမှာပါ။ ကိုယ့်အဒေါ်က ဆရာမ ဆိုတော့ သူတာဝန်ကျတဲ့ ကျောင်းမှာ ကိုယ့်ကိုထားတာ။ ငါးနှစ်ပြည့်ဖို့ ခြောက်လ လိုပေမယ့် သူငယ်တန်း တက်လို့ရခဲ့တယ်။


ပထမဆုံး ရခဲ့တဲ့ဆု။ ။ သူငယ်တန်းမှာ ပထမဆု ရခဲ့တယ်။ ၉တန်း အထိ ပထမပါပဲ။ တက္ကသိုလ် ရောက်မှသာ အလယ်အလတ်ထဲက နောက်မကျအောင် မနည်းလုပ်ရတာ…။


ပထမဆုံး ဆရာမ အဆူခံဖူးတာ။ ။ ၇တန်း တုန်းက အတန်းထဲမှာ သူငယ်ချင်းနဲ့ အတူ ကာတွန်းစာအုပ်ခိုးဖတ်လို့ ခုံပေါ်တက်ရပ်ခိုင်းပြီး ဒဏ်ပေးတာ ခံခဲ့ရတယ်။ ( အဲဒီ ဆရာမ အချိန်ပြီးတော့ ဆက်ဖတ်ကြ တာပေါ့ )


ပထမဆုံး ဖတ်တဲ့ ၀တ္တု ။ မင်းသိင်္ခ၊ အောင်ဇင်၊ မြတ်ထွန်းသစ် တို့ရဲ့ စုံထောက်ဝတ္တုတွေ။ အဒေါ်ဖတ်တာတွေ လိုက်ဖတ်တာ…။


ပထမဆုံး ဖတ်တဲ့ အချစ်ဝတ္တု ။ ၇တန်းတုန်းက ကားပေါ်မှာ ဆရာမ တစ်ယောက်ဖတ်တဲ့ ၀တ္တု၊ ဘာလဲတော့ မသိတော့ဘူး။ နောက် ဂျူး ရဲ့ ကြေမွသွားသော တိမ်တိုက်များ အကြောင်း ကို ကျောင်းမှာပဲ နှစ်အုပ်တွဲလုံး ကုန်အောင် ဖတ်ခဲ့တယ်။ အရင်ကတော့ စုံထောက်ဝတ္တုတွေပဲ ဖတ်ခဲ့တာ…။


ပထမဆုံး ရေးခဲ့တဲ့ကဗျာ ။ ၇တန်း တုန်းက မူးယစ်ဆေးဝါးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်မှာပါ။ အဲဒီတုန်းက ကဗျာတွေအများကြီး ရေးခဲ့ဖူးပါတယ်။ ခုဖတ်ကြည့်ရင်တော့ ရယ်စရာတွေ ဖြစ်မှာပါ။


ပထမဆုံး ရေးခဲ့တဲ့ဝတ္တု။ ။ ၇တန်းတုန်းကပဲ လျှို့ဝှက်ဆန်းကြယ် စုံထောက်ဝတ္တုလေး စရေးပြီး သူငယ်ချင်းတွေကို ပေးဖတ်ဖူးပါတယ်။ နည်းနည်းကြီးမှ ပြန်ဖတ်တော့ တော်တော် ရယ်စရာကောင်းတယ်။ ခုထိလည်း စုံထောက်ဝတ္တု ရေးချင်တဲ့ ပိုးက ရှိနေတုန်းပဲ၊ အချိန်မရလို့ မရေးဖြစ်သေးတာ…။


ပထမဆုံး ကြည့်တဲ့ အင်္ဂလိပ်ရုပ်ရှင်။ ။ တီဗွီက ပြတဲ့ The Guns of Neverone… မင်းသားကြီး ဂရေဂရီပက် ပါတဲ့ စစ်အတွင်းက စုံထောက်ကားပါ။ တော်တော်များများ ကြည့်ဖူးကြမှာပါ။


ပထမဆုံး ကြိုက်တဲ့ သီချင်းခွေ ။ ချစ်ကောင်းရဲ့ ကော်ဖီခါးခါး။


ပထမဆုံး သဘောကျမိတဲ့ ကောင်မလေး။ ။ ကိုယ့်ထက် တစ်တန်းကြီးတဲ့ ချစ်စရာ ကောင်မလေး တစ်ယောက်ကို သဘောကျဖူးပါတယ်။ အသားဖြူဖြူ innocent မျက်နှာလေးနဲ့၊ ဦးထုပ်အ၀ိုင်းလေးတွေ ဆောင်းတတ်တာကို မှတ်မိနေပါတယ်။


ပထမဆုံး နေခဲ့ဖူးတဲ့ အဆောင်။ ။ပထမနှစ် စတက်တော့ လှည်းတန်းနားက အမေ့ သူငယ်ချင်းရဲ့ အိမ်မှာ အဆောင်နေရပါတယ်။ ဘုရားစင်နဲ့ တွဲနေတဲ့ ၀ရံတာလိုနေရာမှာ…၊ ညဘက် အိမ်မကြီးက တံခါးပိတ်လိုက်ရင် သီးသန့်ဖြစ်သွားတယ်။ ကုတင်ကတော့ ကြီးတယ်။ ဒါပေမယ့် အဲဒီ ကုတင်က သေသွားတဲ့ အိမ်ရှင် အမျိုးသား အိပ်ခဲ့တဲ့ ကုတင်၊ အဲဒီကုတင် မှာပဲ အလောင်းပြင်ခဲ့တာ တဲ့။ ကိုယ်ကတော့ မကြောက်တတ်လို့ ဒီလိုပဲ နေခဲ့ပါတယ်။


ပထမဆုံး စီးတဲ့ ဘတ်စ်ကား ။ ပထမဆုံး နေခဲ့တဲ့ အဆောင် ကနေ ကျောင်းကို အမှတ် (၅၀) ဘတ်စ်ကား စီးရတာပါ။ ကျောင်းချိန် ကားကျပ်တော့ စိတ်ညစ်ခဲ့တာပေါ့။


ပထမဆုံး ခရီး (မိဘတွေ မပါပဲနဲ့) ။ ဒုတိယနှစ်တုန်းက သီတင်းကျွတ် ဆီမီး ကိုးထောင် ပူဇော်မယ့် အချိန်မှာ ကျိုက်ထီးရိုး ဘုရားဖူးသွားခဲ့တာပါ။ ကျိုက်ထီးရိုး တောင်ပေါ်ကိုတော့ ကားနဲ့တက်တာပါ၊ ဒါပေမယ့် အပြင်မြစိမ်း တို့ အတွင်းမြစိမ်း တို့ အနီးအနားက တောင်တွေ အများကြီးကို ပျော်ပျော်ကြီး တက်ခဲ့ကြတာပေါ့။