28 December, 2008

ဒီဇင်ဘာခရီးသည်(၁)

Christmas မှာလည်း ဘာမှ အမှတ်တရ မတင်ဖြစ်ခဲ့တဲ့ အပြင် မနှစ်က ဒီဇင်ဘာ မှာ သွားခဲ့တဲ့ ခရီးလေးကိုလည်း သတိရမိလို့ ဒီပို့စ်လေး တင်လိုက်တာပါ။

ကိုရီယား မှာ ၈ ရက် လောက် နေခဲ့ပေမယ့် ဘယ်ကိုမှ ကောင်းကောင်း မရောက်ခဲ့တဲ့ အပြင် ဘာရှုခင်း အလှအပမှလည်း ကောင်းကောင်း မတွေ့ခဲ့ရလို့ မေ့ထားချင်ခဲ့တဲ့ ခရီးပါ။ ရောက်ရောက်ချင်း မှာ နောက်တစ်နေ့ ဖတ်မယ့် စာတမ်းကို ဘာမှမပြင်ရပဲ တနင်္ဂနွေကျောင်းကို သွားတက်ခဲ့ရပါတယ်။ Chruch က နံရံကပ်ပုံလေးပါ။

ကိုယ်တို့အဖွဲ့ကို တာဝန်ယူ ဖိတ်ခေါ်ထားတဲ့ ကိုရီးယား ဆရာကြီးက အရမ်းကို သူ့ဘာသာထဲ သိမ်းသွင်းချင်သူ ဖြစ်နေသူမို့ ဘာမှမတတ်နိုင်ပဲ တစ်ခါမှ မမြင်တဲ့ ကျမ်းစာ ကိုလည်း မြင်ဖူး ဖတ်ဖူး သွားတဲ့ အပြင် Bible Study မှာ ပညတ်တော် ၁၀ ပါး ရုပ်ရှင်လည်း ကြည့်ဖူးသွားပါတယ်။ ထမင်းကျွေးပြီး တရားဟောတာလည်း ခံရပါရဲ့။ ဒါတစ်ခုကလွဲပြီး စိတ်သဘောထား ကောင်းရှာတဲ့ ကိုယ်တွေကိုလည်း အစစ ဂရုစိုက်စောင့်ရှောက်တဲ့ ဆရာကြီး ဆိုတော့လည်း ဘာမှပြန်မပြောရဲ။ ကိုယ်တို့ နိုင်ငံမှာ ဗုဒ္ဓဘာသာများလို့ပဲ ရောင့်ရဲတင်းတိမ်တတ် သူတွေမို့ ဆင်းရဲနေတယ်လို့ ပြောချင်တာကိုတော့ အကုန်လုံးက မခံချင်၊ ပြန်ပြောချင်ကြပေမယ့် သူ့ကိုနိုင်အောင် ဘယ်လို အချက်ကျကျ ပြောရမယ်မှန်း မသိတာနဲ့ပဲ ဘာမှပြန်မပြောခဲ့ရတာကို ခုထိ တနုံ့နုံ့ ဖြစ်နေတုန်း။ Aerospace University ကိုတော့ သုံးခေါက်လောက်ရောက်ပါတယ်။


ရှားရှားပါးပါး ဗုဒ္ဓဘာသာ ဘုရားကျောင်းပါ။

Seoul Tower ကိုလည်း မတတ်ခဲ့ရ၊ နန်းတော်ထဲလည်း မရောက်ဖြစ်ခဲ့ပေမယ့် ကိုယ့်အဖွဲ့ထဲက Senior တွေနဲ့ အပေါင်းအသင်း တစ်ချို့က ဈေးဝယ်ဝါသနာ ပါသူတွေမို့ နန်ဒေမွန် ဈေးထဲလည်း နှစ်ခေါက်၊ Shoping Mall တွေလည်း ခဏခဏ ရောက်ပါတယ်။ ကိုယ့်ဝါသနာကတော့ နေရာသစ်တစ်ခု ရောက်ရင် Natural Scene မှန်သမျှကို ရောက်ချင်တာပါပဲ။ ဈေးမဝယ်ရလည်း ကိစ္စမရှိ။ ခုတော့ City Tour ကားကို နောက်ဆုံးနေ့ ညနေမှ စီးဖြစ်တော့ ကားပေါ်ကပဲ ရှုခင်းကြည့်ခဲ့ရပါတော့တယ်။City Tour ကားပေါ်က အဆင်းမှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်။ Soul of Asia ပါတဲ့။ Christmas နားနီးလို့ မီးတွေ အကြီးအကျယ်ထွန်းထားကြတယ်။


ညဦးပိုင်း နှင်းမဖြစ်ခင် မိုးရွာတာကိုပဲ သိလိုက်ပြီး ညဘက်နှင်းကျတာကို မသိလိုက်ကြပါ။ မနက်ကျတော့ ခုလိုလေးပဲ သဲလွန်စကျန်တော့တယ်။


ရောက်ရကြိုး မနပ်ဘူးလို့ စဉ်းစားးနေတုန်းမှာပဲ ပြန်ခဲ့ရပါတယ်။


09 November, 2008

မြောက်လေ

(ဆောင်းရာသီအကြို ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်..)















အရိုးကွဲမတတ် ချမ်းနေတဲ့
ကမ္ဘာမြေကြီးကို သူကြိုဆိုပုံက
သင်းပါပေရဲ့။

သူ့အေးစက်စက်
လက်ကြီးနှစ်ဖက်နဲ့
ကမ္ဘာမြေကို
တအားပွေ့ဖက်ထားလိုက်ပုံများ
ငါတောင် ကြက်သီးတောင်ထချင်ရဲ့။

သစ်ပင်တွေကို ချစ်တယ်ဆိုပြီး
ပန်းကလေးတွေကို သူကြွေစေတာ
ဒါ သူ့ဝါသနာပဲဆိုပြီး
ငါခွင့်မလွှတ်ချင်ဘူး။

မြစ်ကလည်း
ငါ့ကိုတိုင်တည်ရှာပါတယ်
သူ့ကိုမချစ်ဘူးလို့။

အဲဒီလမ်းကလေးမှာ
သူရှိနေခဲ့ရင်
ငါ့မှာ
အိမ်ထဲပဲကုပ်နေခဲ့ရပေါ့
ဘာဖြစ်လို့လဲဆိုတော့
ဘယ်သူကမှငါ့ကို
ကုတ်အင်္ကျီတစ်ထည်
လက်ဆောင်မပေးခဲ့လို့ပဲ။

(သိင်္ဂါကျော်)



29 October, 2008

ဂျစ်ပစီအဘိုးကြီးအို…အချိန်















ဟို အပတ်တုန်းက

ဘေဘီလုံမှာ၊

ကုန်ဆုံးသွားတဲ့ညက

ရောမဆီမှာ၊

ဒီမနက်ကျတော့

တဒင်္ဂတပ်မက်ဇောနဲ့

ပေါလ် ရဲ့ အမိုးခုံးခုံးလုံးလုံးကြီးနဲ့

ပေါလ် ရဲ့ နာရီဒိုင်ခွက်ကြီးအောက်မှာ

ခဏလေးလောက်ပါ

အသာမြင်းဇက်ဆွဲသတ်လိုက်ပြီးနောက်…

မရပ်မနား သင်သွားပြန်လေတယ်။

မနားတမ်းမြို့တစ်မြို့ဆီကိုပေါ့နော်၊

သြော် မမြင်မစမ်းနဲ့

ဝမ်းဗိုက်တစ်ခုတည်းတွင်သာ

ရှိနေရှာသေးတဲ့မြို့…။

အဲဒီမြို့…

သချိုင်းဂူမို့မို့တွင်းမရောက်ခင်

သင်မနားတမ်း

နောက်ထပ်တစ်မြို့၊ တစ်စခန်းဆီ

ကြွလို့မြန်းပြန်ပေါ့။

အချိန်ဆိုတဲ့

အဘိုးအိုဂျစ်ပစီကြီးရယ်

သင့်ခရီးဖော်နောက်ပါများနဲ့

တစ်ထောက်ကလေး နားမနေနိုင်ဘူးလား

များများမဟုတ်ဘူးလေ တစ်ရက်၊

တစ်ရက်တည်းပါ။


ဟော့ဂျဆင် ရဲ့ Time: You Old Gypsy Man ကို တက္ကသိုလ်ဘုန်းနိုင် မြန်မာပြန်ထားတာပါ။ အလုပ်တွေ မပြီးသေးပဲ အချိန်တွေကုန်တာ မြန်တယ်ထင်လို့ ဒီကဗျာလေးကို သတိရမိတာနဲ့ တင်လိုက်တာပါ။