24 January, 2010

ရွှေစာရံသို့ တစ်ခေါက်



စာမရေးလို့ ဝိုင်းပြောနေကြပေမယ့် စိတ်မပါဘူးဖြစ်နေလို့ Farm ဆော့ပြီး ရုပ်ရှင်ပဲ ကြည့်နေဖြစ်လို့ တောင်းပန်ပါတယ်..။ စာအသစ် မရေးဖြစ်သေးခင် ပုံလေးတွေပဲ တင်ပါရစေဦးနော်...။

စောမွန်လှ မင်းသမီးလေး တည်ထားခဲ့တဲ့၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒုဌဝတီ မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ ရွှေစာရံဘုရား ကို မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီး မှ အထဲသို့ မြင်းလှည်းစီးပြီး သွားခဲ့ပါတယ်။



အဝင်ဝ မုခ်ဦးမှာ ရှိတဲ့ ကြည်ညိုဖွယ်ရာ ရုပ်ပွားတော်မြတ်ပါ။



ရုပ်ပွားမြတ် နံဘေးမှာတော့ လူအများက ပွဲများ ဆက်နေကြတဲ့ ရုပ်ထုတွေ ရှိပါတယ်။



အစ်မတော် စောမွန်လှ နတ်နန်းပါ။ အတွင်းမှာတော့ လူတွေ စည်ကားနေပါတယ်။ ကိုယ်တို့ကတော့ ပွဲလည်း မဆက်၊ ဝင်လည်း မကန်တော့ပဲ ဓါတ်ပုံလေးပဲ ဝင်ရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။








ရက်ကန်းစင်တောင်ဆရာတော်၊ အဘဘိုးဘိုးအောင် နဲ့ အဘ ဘိုးမင်းခေါင် တို့ရဲ့ ရုပ်ထုတော်တွေပါ။



ဘုရားစောင်းတန်းက လက်ဆောင်ပစ္စည်း ဆိုင်ကလေးတွေပါ။

 
ရေခမ်း နေတဲ့ ဒုဌဝတီမြစ်ရိုးတစ်လျှောက်ကိုလည်း ဆင်းကြည့်ခဲ့ကြပါသေးတယ်။ ဒီအတိုင်း လူတွေ ဆိုင်ကယ်တွေ ဖြတ်ကူးလို့ ရလောက်တဲ့ မြစ်ရေ တိမ်တိမ်လေးထဲမှာပဲ ရေချိုး အဝတ်လျှော်ကြသူများကတော့ ရှိနေဆဲပါ။





မြစ်ဘေးက ပြန်တက်လာကြပြီးတော့ အနီးက ရှေးဟောင်းဘုရားများကို ဖူးမြော်လေ့လာခဲ့ပါတယ်။



အတွင်းထဲဝင်ပြီး ဖူးမြှော်လို့ရတဲ့ စေတီတော် အတွင်းမှာ တည်ထားတဲ့ လျောင်းတော်မူ ရုပ်ပွားတော်မြတ်ပါ။



ဖိုးကုလားဘုရား လို့ ဆိုင်းဘုတ်တပ်ထားတဲ့ စေတီတော်ကတော့ အတွင်းမှာ ရှေးဟောင်း နံရံဆေးရေး လက်ရာများ ရှိလို့လားမသိ၊ သော့ပိတ်ထားပြီး ဝင်ရောက်လို့ မရတာကြောင့် အတွင်းထဲက ရုပ်ပွားတော်ကို သံတိုင်ကြားကပဲ ဖူးမြှော်ပြီး ဓါတ်ပုံ ရိုက်ခဲ့ရပါတယ်။

 




နည်းနည်းလောက် ဆက်သွားတော့ ဖိုးပေါ်ဘုရား ဆိုတဲ့ ရှေးဟောင်းစေတီ တစ်ဆူကိုလည်း တွေ့ရပါတယ်။ 



ဒုဌဝတီမြစ်ကမ်းက ရေခမ်းနေလို့ မျှော်မှန်းထားသလောက် မသာယာပေမယ့်လည်း ရှေးလက်ရာ သမိုင်းဝင် စေတီတော်တွေ ကို ဖူးမြှော်ရလို့ ကျေနပ်နှစ်သိမ့်စွာနဲ့ ပြန်လာခဲ့ကြပါတယ်။

သိင်္ဂါကျော်
24.1.2010

20 January, 2010

မှန် ၁၀၀၀ နဲ့ အိမ်




ဟိုးရှေးရှေးတုန်းက ဝေးလံတဲ့ နေရာမှာရှိတဲ့ ရွာငယ်ငယ်လေးရွာမှာ… မှန် ၁၀၀၀ အိမ် လို့ ခေါ်တဲ့ နေရာတစ်ခု ရှိပါတယ်။ သေးငယ်ပြီး ပျော်တတ်တဲ့ ခွေးငယ်လေး တစ်ကောင်ဟာ အဲဒီနေရာကို လေ့လာချင်တာနဲ့ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ အဲဒီကို ရောက်တဲ့အခါ အိမ်ရဲ့ တံခါးပေါက်ကိုရောက်အောင် လှေကားထစ်တွေကို ပျော်ပျော်ရွှင်ရွှင် တက်သွားခဲ့ပါတယ်။ တံခါးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ သူ့နားရွက်တွေ ထောင်ပြီး အမြီးလည်း ထောင်လာပါသည်။ သူ့လိုပဲ အမြီးထောင်ပြီး ပျော်ရွှင်နေတဲ့ တစ်ခြားခွေး ၁၀၀၀ ကို တွေ့လိုက်ရတဲ့ အတွက် သူအတော် အံသြသွားပါတယ်။ သူက တောက်တောက်ပပ ပြုံးပြလိုက်တော့ တစ်ဖက်က နွေးထွေးလှိုက်လှဲတဲ့ အပြုံး ၁၀၀၀ ကို သူပြန်ရခဲ့ပါတယ်။ သူ အဲဒီအိမ်က ထွက်လာတော့ “တကယ် အံသြစရာကောင်းတဲ့ နေရာပဲ၊ ငါပြန်လာဦးမယ်၊ မကြာခဏကို လာလည်ဦးမယ်” လို့ သူ့ဟာသူ စဉ်းစားနေပါတယ်။

အဲဒီရွာမှာပဲ အမြဲတမ်း မပျော်မရွှင် ဖြစ်နေတဲ့ တခြား ခွေးငယ်လေး တစ်ကောင်ကလည်း အဲဒီအိမ်ကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဖြည်းဖြည်းလေးလေး အိမ်ပေါ်ကို တက်လာခဲ့ပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ထဲကို ကြည့်လိုက်ပါတယ်။ မဖော်ရွှေ မပျူငှာတဲ့ မျက်နှာ ၁၀၀၀ က သူ့ကို ကြည့်နေတာကို မြင်လိုက်ရတော့ သူကလည်း သူတို့ကို မာန်ဖီလိုက်ပါတယ်။ တစ်ဖက်က ခွေးကလေး ၁၀၀၀ ကလည်း သူ့ကို ပြန်ပြီး မာန်ဖီပြနေတာကို ကြောက်စရာ တွေ့လိုက်ရပါတယ်။ သူပြန်ထွက်လာတဲ့အခါမှာတော့ “ဒီနေရာက တကယ့်ကို ကြောက်စရာ နေရာပဲ၊ ငါနောက် ဘယ်တော့မှ ထပ်မသွားတော့ဘူး”လို့ သူ့ဟာသူ ပြောလိုက်ပါတယ်။

ဒီကမ္ဘာပေါ်က မျက်နှာတိုင်းဟာ ကြည့်မှန်တွေပါပဲ။ သင်နဲ့တွေ့ဆုံတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်ကနေ ဘယ်လို တုန့်ပြန်မှုမျိုးကို သင်မြင်ချင်ပါသလဲ…။

ဂျပန်ရိုးရာ ပုံပြင်တစ်ပုဒ် ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်


19 January, 2010

အပြုံးတစ်ခုရဲ့အင်အား




လွန်ခဲ့တဲ့ ဆယ်နှစ်လောက်… ကျွန်တော် ကောလိပ်တက်နေတုန်းကပါ။ သဘာဝသမိုင်းပြတိုက်မှာ လက်တွေ့ဆင်းနေရတဲ့အချိန်ပေါ့။ တစ်နေ့မှာ လက်ဆောင်အရောင်းဆိုင်ရဲ့ ငွေသိမ်းကောင်တာမှာ လုပ်နေတုန်း အသက်ကြီးကြီး စုံတွဲတစ်စုံဟာ wheelchair ပေါ်က ကလေးမလေး တစ်ယောက်နဲ့ အတူ ဝင်လာတာကို တွေ့ခဲ့ပါတယ်။

ကုလားထိုင်ပေါ်က ကလေးမလေးကို အနီးကပ်တွေ့ရတော့မှ သူမမှာ လက်တွေ ခြေတွေ လုံးဝမရှိပဲ ခေါင်းနဲ့ ကိုယ်လုံးပဲ ရှိတာကို တွေ့ရပါတယ်။ သူမကို အဖြူပေါ်မှာ အနီစက်ကလေးတွေ ပါတဲ့ ဂါဝန်လေး ဝတ်ပေးထားပါတယ်။

အဲဒီစုံတွဲက သူမကို တွန်းပြီး ငွေရှင်းဖို့လာတော့ ကျွန်တော်လည်း ငုံကြည့်နေခဲ့ပါတယ်။ ကျွန်တော့်ခေါင်းကို သူမ ဘက်လှည့်ပြီး သူမကို မျက်စိမှိတ်ပြလိုက်မိပါတယ်။ သူမရဲ့ အဘိုးအဘွားတွေကို ငွေရှင်းပြီးလို့ သူမဘက်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ သူမက ကျွန်တော်တွေ့ဖူးသမျှထဲမှာ အလှပဆုံး အကြီးမားဆုံး အပြုံးတစ်ခု ပြုံးပြနေတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့ ချို့ယွင်းမှုတွေ ပျောက်ဆုံးသွားပြီး အလှပဆုံး မိန်းကလေးကို မြင်လိုက်ရတာပါပဲ။ သူမရဲ့ အပြုံးက ကျွန်တော့်ကို အရည်ပျော်စေပြီး ဘဝတစ်လျှောက်လုံး တစ်ခါမှ မခံစားဖူးတဲ့ ခံစားမှုမျိုးကို ခံစားလိုက်ရသလိုပါပဲ။ သူမက ကျွန်တော့်ကို ပင်ပန်းဆင်းရဲပြီး မပျော်ရွှင်စရာ ကောလိပ်ကျောင်းသားဘဝကနေ ဆွဲထုတ်ပြီး အပြုံးတွေ.. အချစ်တွေ.. နွေးထွေးမှုတွေနဲ့ ကမ္ဘာတစ်ခုထဲကို ခေါ်သွားခဲ့တာပါ။

အဲဒါက ဆယ်နှစ်ကြာခဲ့ပါပြီ။ ကျွန်တော်ဟာ အခုဆိုရင် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပါပြီ။ ကျွန်တော် ကျရှုံးတဲ့ အချိန်တိုင်း… ဒုက္ခပင်လယ်ဝေခဲ့တဲ့ အချိန်တိုင်းမှာ ကလေးမလေးအကြောင်းကို တွေးခဲ့ပါတယ်။ ဘဝနဲ့ပတ်သက်ပြီး မမေ့နိုင်စရာ သင်ခန်းစာကို သူမ ကျွန်တော့်ကို သင်ပေးခဲ့တာပါ။

A World of Smile ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်