09 September, 2011

ဘလော့ဂါ ဆိုသည်မှာ ဘလော့ ရေးသောသူကို ခေါ်၏


ဘလော့ဂါ ဆိုတာ ဘာလဲ ဆိုပြီး တော်တော်များများလည်း ရေးပြီး ခဲ့ကြပါပြီ။ ကိုယ့်မှာလည်း ထူးထူးခြားခြား ရေးစရာ အတွေးလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် မင်းဧရာ က တဂ် ထားတာနဲ့ ရေးရမယ့် ဝတ္တရား ရှိတဲ့ အတိုင်း ရေးလိုက်ရတာပါ။ ခုတလော အနီးအနားက ရိပ်သာမှာ တရားပွဲ ရှိတာနဲ့ ၄ ရက်လောက် သွားနေဖြစ်လိုက်တာ ပြန်လာတော့လည်း လုပ်စရာ ရှိတာလေးတွေ လုပ်နေရတာနဲ့ ဘလော့ ဘက်ကို မလှည့်နိုင် ဖြစ်နေပါတယ်။ နောက်တစ်ပတ်လည်း သွားဦးမှာ မို့လို့ စထားမိတဲ့ ဝတ္တု နှစ်ပုဒ်လည်း ခုထိ ဇာတ်မသိမ်း နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒါနဲ့ ခုတော့ ဘလော့ကနေ တအားပျောက်နေမှာ စိုးတာနဲ့ တဂ် ပို့စ်လေး ကောက် ရေးလိုက်တာပါ။

Blogger ကို ဆန်ဖရန်စစ္စကိုက ကုမ္ပဏီအသေးလေး ဖြစ်တဲ့ Pyra Labs က ၁၉၉၉ သြဂုတ်လ မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီလေးကို Google က ၂၀၀၃ မှာ ဝယ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ Features အသစ်တွေ ထည့်ထည့်လာပြီး အခုလို ကိုယ်တို့ သုံးနေတဲ့ blogger.com ဖြစ်လာပါတယ်။ ဘလော့ ဆိုတာ ဘာလဲ ဆိုတာ blogger.com ရဲ့ tour-start မှာ ဒီလို ပြောထားပါတယ်။

A blog is a personal diary. A daily pulpit. A collaborative space. A political soapbox. A breaking-news outlet. A collection of links. Your own private thoughts. Memos to the world.

Your blog is whatever you want it to be. There are millions of them, in all shapes and sizes, and there are no real rules.

In simple terms, a blog is a web site, where you write stuff on an ongoing basis. New stuff shows up at the top, so your visitors can read what's new. Then they comment on it or link to it or email you. Or not.

အရင်တုန်းကတော့ ဒိုင်ယာရီ ရေးတာ ဝါသနာ ပါတဲ့ လူတွေက ကိုယ့်ဘဝရဲ့ အမှတ်ရ စရာလေးတွေကို ဒိုင်ယာရီထဲမှာ ရေးပြီး မှတ်တမ်း တင်ထားလေ့ ရှိပါတယ်။ အခုခေတ်မှာတော့ ကွန်ပျူတာ၊ အင်တာနက် နဲ့ အကျွမ်းဝင်တဲ့ လူများက ကိုယ် မှတ်တမ်း တင်ချင်တာလေးတွေကို ကိုယ့် ရဲ့ သီးသန့် စာမျက်နှာလေး ပေါ်မှာ မှတ်တမ်း တင်ကြပါတယ်။ တစ်ချို့တွေက ကိုယ့်ဘာသာ private လုပ်ပြီး ကိုယ် ခံစားချက်လေးတွေ ကိုယ် ရေးထားကြတယ်။ တစ်ချို့လည်း သူငယ်ချင်း အနည်းငယ်လောက်ကိုသာ share လုပ်ပြီး ဖတ်ခွင့်ပေးတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ် မျှဝေချင်တာလေးတွေကို အားလုံးကို publish လုပ်ပြီး blog ပေါ်မှာ တင်ကြပါတယ်။

Blogger service ဟာ လူတိုင်း အတွက် free ရတဲ့ service ဖြစ်တဲ့ အပြင် automated template နဲ့ အလွယ်တကူ သုံးလို့ ရတဲ့ အတွက် web development ကို ဘာမှ မသိတဲ့ လူတွေလည်း web page တစ်ခု တင်နိုင်တော့ တော်တော်များများက သုံးစွဲလာကြပါတယ်။ တစ်ချို့ကတော့ blogger.com ကို ပိတ်ထားတဲ့ နိုင်ငံတွေမှာ ကိုယ့် ဘလော့ကို ဖတ်မရမှာ စိုးတာရယ်၊ ကိုယ်ပိုင် .com တစ်ခု ရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ့် နာမည်လေး တစ်ခု permanent တည်တံ့ပြီး ကောင်းတဲ့ အချက်တွေ အများကြီး ရှိတာရယ်ကြောင့် blogger ကနေ .com ၊ .net  စသည် ပြောင်းရေးကြတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် blog ပေါ်မှာ စာတွေ ရေးတင်တယ် ဆိုကတည်းက စာရေး ဝါသနာပါတဲ့ သူတွေမို့လိွု့ပါ။ တစ်ချို့  အတွေ့အကြုံတွေ၊ ရေးစရာ အကြောင်းအရာတွေ အများကြီး ရှိပေမယ့် စာရေးတဲ့ ပါရမီ မပါလို့ (စာရေးပျင်းလို့) မရေးဖြစ်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ဘလော့ဂါ တွေကတော့ မအားမလပ်ရင်တောင် အချိန်ကို ကုတ်ကပ် ရှာကြံယူပြီး ရေးချင်လို့ကို ရေးနေကြတဲ့ သူတွေပါ။ သူတို့ အားလုံးလိုလိုဟာ စာဖတ်တာကိုလည်း အရင်တည်းက ဝါသနာ ပါကြတဲ့သူတွေ မို့ သူများ ရေးထားတာတွေလည်း သွားဖတ်၊ comment ပေး၊ နှုတ်ဆက် စသည် လုပ်ကြတာပါ။

ဘလော့ဂါတွေ တစ်ဝက်ကျော်ကျော် လောက်ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မြန်မာတွေ ဖြစ်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ထဲက ရေးကြတဲ့ သူတွေ နည်းတယ် လို့ ထင်ပါတယ်။ သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ တော်ရုံလူက တနေကုန် အင်တာနက် မသုံးနိုင်တာလည်း ပါမယ်လို့ ထင်ပါတယ်။ မြန်မာဘလော့ တွေ တိုးတက်လာတဲ့ အကြောင်းရင်းထဲမှာ စာပေ မြတ်နိုးတဲ့ အဝေးရောက် မြန်မာတွေကြောင့် အများကြီး ပါမယ် ထင်ပါတယ်။ ကိုယ့် နိုင်ငံမှာ ကိုယ်တော့ စာဖတ်ချင်ရင် ဝတ္တုဖြစ်ဖြစ်၊ မဂ္ဂဇင်း ဖြစ်ဖြစ် အလွယ်တကူ ဝယ်ဖတ်၊ ငှားဖတ်လို့ ရပါတယ်။ တစ်ခြားနိုင်ငံမှာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြန်မာပုံနှိပ်စာလုံး ဖတ်ရဖို့ ဆိုတာ ခက်ခဲ ရှားပါးလိမ့်မယ် လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဘလော့ တွေပေါ်မှာ ရေးတဲ့ လူကရေး ဖတ်တဲ့လူက ဖတ် လာကြတာပါ။

မြန်မာနိုင်ငံက ရေးတဲ့ လူတွေ အတွက်ကြတော့လည်း ကိုယ်ရေးချင်တဲ့ ကဗျာလေးတွေ၊ ဝတ္တုလေးတွေကို မဂ္ဂဇင်း စာမျက်နှာများပေါ်မှာ ပါဖို့ ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်လေတော့ ဖတ်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဆိုပြီး ဘလော့ စာမျက်နှာပေါ် တင်ဖြစ်သွားတယ် ထင်ပါတယ်။ အဲဒါကတော့ ကိုယ် လုပ်ဖြစ်သွားပုံကို ပြောတာပါ။ ကိုယ့် ဘလော့မှာကိုယ်တော့ ရေးချင်ရာ ရေးပြီး တင်လို့ ရတာကိုး။ မကောင်းရင်လည်း မကောင်းတဲ့ အကြောင်း၊ ကောင်းရင်လည်း ကောင်းတဲ့ အကြောင်း၊ လိုရင်လည်း လိုတဲ့ အကြောင်း လာဖတ်တဲ့ သူတွေ ဆီက comment တွေကိုလည်း ကြည့်လို့ ရတဲ့ အတွက် အဆင်ပြေတယ်လေ။

မဂ္ဂဇင်း ဆိုတာကလည်း သူ့ theme နဲ့ သူ ဆိုတော့ သူ့ theme နဲ့ ကိုက်ညီမှ၊ အရေးအသား၊ အကြောင်းအရာ ကောင်းမှ ရွေးကြမှာလေ။ ကြုံလို့ ပြောရရင် ခုခေတ်မှာ ဝတ္တုကောင်းကောင်း၊ ကဗျာကောင်းကောင်း ဖော်ပြတဲ့ မဂ္ဂဇင်း ဆိုတာ အရေအတွက် ရှားပါး နေပါပြီ။ ခုခေတ် လူတွေကလည်း စာဖတ်ဖို့ထက် တီဗွီ ဇာတ်လမ်းတွဲ ကြည့်ဖို့လောက်သာ စိတ်ဝင်စား ကြတော့တာ ကလား။ မဂ္ဂဇင်း ဆိုလည်း မင်းသား ၊ မင်းသမီး အကြောင်း၊ ဖက်ရှင် အကြောင်း ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြထားတာလောက်ပဲ အပျင်းပြေ ကြည့်ကြတော့တာပါ။ ချွင်းချက် တစ်ခုတော့ ရှိသေးတယ်။ ဂမ္လီရ မဂ္ဂဇင်းတွေပါ။ ခုထက်ထိ အငှားဆိုင် တွေမှာ ငှားကောင်းနေတုန်းပါပဲ။ ကိုယ် အိမ်ပြန်လို့ စာအုပ်ဆိုင် သွားငှားရင် မဂ္ဂဇင်း အသစ်ဆို အဲဒါတွေပဲ ရှိပါတယ်။ အရင် ခပ်ငယ်ငယ်က ရှိဖူးတဲ့ တစ်ချို့ မဂ္ဂဇင်းတွေဆို အငှားဆိုင် အများစုမှာ မတင်ကြတော့ပါဘူး။ တစ်ချို့ စာပေ အသားပေး မဂ္ဂဇင်းတွေ ဆိုရင်လည်း အရှုံးနဲ့ ထုတ်နေရတာတို့၊ ရှုံးလို့ မထုတ်နိုင်တော့တာ တို့ အဲဒီလိုတွေ ဖြစ်နေပါတယ်။ အခု ကိုယ်ဆိုရင် အလုပ်နဲ့ အနီးအနားမှာလည်း စာအုပ်ငှားဆိုင် မရှိတော့ ပုံနှိပ် စာမျက်နှာ ဆိုတာ မဖတ်ဖြစ်တာ ကြာပါပြီ။ ဘလော့တွေ ပေါ်မှာ ရေးတဲ့ လူတွေ ရှိနေလို့သာ ဆောင်းပါးကောင်းလေးတွေ၊ ဝတ္တုကောင်းလေးတွေ၊ ကဗျာကောင်းလေးတွေ ဖတ်နေရပါတယ်။

ရေးတဲ့လူအနေနဲ့ ပြောရရင်တော့ ဘလော့ပေါ်မှာ ဝတ္တုရယ်၊ ကဗျာရယ်၊ ဆောင်းပါးရယ် သတ်သတ်မှတ်မှတ် ပုံစံ မဟုတ်လည်း ကိုယ်ကြိုက်ရာ label တပ်ပြီး ရေးနိုင်တော့ ရေးချင်တဲ့ အကြောင်းအရာလေး ပေါ်လာရင် ကြိုက်သလို ရေးနိုင်လို့ ရေးဖြစ်တာပါ။ ကိုယ် ဝါသနာ ပါရာ အကြောင်းအရာလေးတွေကို တင်နိုင်ကြတယ်လေ။

ကိုယ်က ငယ်ငယ်တည်းက အဒေါ်နဲ့ အတူလိုက်ပြီး စုံထောက် ဝတ္တုတွေ ဖတ်လာခဲ့တော့ အဲဒီလိုင်းကို စိတ်ဝင်စားပါတယ်။ မင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်၊ အောင်ဇင် ရဲ့ အိုင်အိုမင်းအောင်၊ မြတ်ထွန်းသစ် ရဲ့ ဆပ်ကလေး ဘကျော် တို့လို ရှေးခေတ်စုံထောက် တွေနဲ့ ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းမြတ်သူရရဲ့ ဆားပုလင်းမင်းအောင် ပေါ့။ ခေတ်သစ် စုံထောက် အနေနဲ့တော့ ဇော်ထက်အောင်၊ ဇော်ဇော်အောင် ရဲ့ စိုးအောင် တို့ စဝ်ရန်နိုင် တို့ပါ။ အမျိုးသမီး စုံထောက် အနေနဲ့တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြထဲက ဝင့်ရွှေစင် နဲ့ မာမာဝေ အတွဲပါ။ အဲဒါတွေ ဖတ်ပြီး action ရုပ်ရှင်တွေ ကြည့်ပြီး ကိုယ်တိုင် ရေးချင်လာပါတယ်။ ၇တန်း နှစ်က စပြီး စုံထောက် ဝတ္တု အတိုလေး တစ်ပုဒ် စရေးဖူးပါတယ်။ ခုတော့ ဘယ်ရောက်သွားပြီလဲ မသိဘူး။ ခုဖတ်ရင်တော့ ရယ်စရာ ကောင်းမှာပါ။ ဆယ်တန်းအောင်ပြီးတော့ ဝတ္တုရှည် စရေးကြည့်ပါတယ်။ လုံးချင်း ဖြစ်လောက်တဲ့ သုံးအုပ်လောက်တော့ ရေးပြီးသွားတယ်။ အဲဒီတုန်းကတော့ ကွန်ပျူတာလည်း မရှိသေးတော့ ဗလာစာအုပ်မှာ လက်ရေးနဲ့ ရေးတာပေါ့ နော်။ ခုထိ သိမ်းထားပါသေးတယ်။ ဝတ္တုစာအုပ် ထုတ်ဖို့တော့ အိမ်ကို ပိုက်ဆံ မတောင်းရဲဘူး ။ နောက်ပိုင်း ကျောင်းတက်တာ၊ အလုပ်လုပ်တာနဲ့ ဝတ္တုရှည် ဆက်မရေးဖြစ်ဘူး။ စထားတဲ့ တစ်အုပ်လည်း ဘယ်တော့မှ အဆုံးသတ် ဖြစ်တော့မယ် မထင်ဘူး။ ဘလော့တစ်ခု လုပ်ဖြစ်သွားတော့ ဘာနေနေ ကိုယ် စိတ်ဝင်စားတာလေး ကိုယ်ရေးပြီး တင်မယ် ဆိုပြီး စုံထောက် ဝတ္တုတိုလေးတွေ ရေးပြီး တင်ဖြစ် သွားပါတယ်။ ခုတလောတော့ မရေးဖြစ်ပြန်ဘူး။ :D

အရင်တုန်းက အိမ်မှာ စာရေးတုန်းက အိမ်ကလူတွေ မသိအောင် ခိုးခိုး ရေးရတာပါ။ စာဖတ်တာ ဘာမှ မပြောပေမယ့် စာရေးတာတော့ မကြိုက်လို့ သူတို့ မသိအောင် ခိုးခိုး ရေးရတာပါ။ ကိုယ် ရေးရေး နေတာ ရိပ်တော့ ရိပ်မိပေမယ့် သိသာသိစေ မမြင်စေနဲ့ လုပ်ခဲ့ရတာပါ။ နောက်ပိုင်း အဆောင်နေမှ၊ ကွန်ပျူတာ ရှိလာမှ ကိုယ့်ဟာကိုယ် အေးအေး ရေးနိုင်တာပါ။ ဒါတောင် သူငယ်ချင်းတွေကို publish မလုပ်ခင် မမြင်စေချင်လို့ သူတို့ မမြင်အောင် ခိုးခိုး ရေးနေပါသေးတယ်။ ဟိုတစ်ခေါက် ပြန်တုန်းကတော့ သည်းထိတ်ဖို မဂ္ဂဇင်း နှစ်အုပ်မှာ ပါတဲ့ သွေးစွန်းလက်ဝါး နဲ့ ဗိုင်းရပ်စ်ကို အိမ်ကို ပြလိုက်တယ်။ ဂမ္ဘီရဆန်းကြယ်ထဲက ကျိန်စာသင့်ဖူးစာ ကိုတော့ ငှားဖတ်တုန်းက တွေ့လိုက်ပေမယ့် စာအုပ်က ပို့မပေးတော့ ခုထိ မယူဖြစ်ပါဘူး။ အဲဒါပြောတော့ ဒါတွေပဲ ရေးနေတာလား တဲ့၊ ပါတာ ဒါအကုန်ပဲလားတဲ့ ပြောသေးတယ်။ သူတို့ နားလည်လား မလည်လား မသိပေမယ့် internet ပေါ်မှာလေ၊ blog ပေါ်မှာတော့ အများကြီး ရေးတယ်လို့ ပြောလိုက်တယ်။ 


အမှန်တော့ ကိုယ့်အနေနဲ့ ဘလော့ကို စလုပ်ဖြစ်တဲ့ အချိန်က ကြည့်ရင် ရေးဖြစ်တာတော့ အတော်ကြီးကို နည်းပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုတော့ ဘလော့ဂါ ရယ်လို့လည်း မခံယူသေးပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီး တွေးဖြစ်ပေမယ့်လည်း စာတစ်ပုဒ် ဖြစ်လောက်တဲ့ အထိ ရောက်မလာဘူး။ တစ်ခါတလေ သူများလို ဘဝသရုပ်ဖော် ရေးကြည့်ချင်ပေမယ့် တစ်သက်လုံး ကျောင်းနဲ့ အိမ်ကလွဲရင် ဘာမှ မသိတဲ့လူ ဆိုတော့ အတွေ့အကြုံ၊ အကြောင်းအရာလည်း ရှားပါး နေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ပုံနှိပ်စာလုံး အနေနဲ့ မထုတ်ဝေနိုင်သေးလည်း ကိုယ့်ရဲ့ ကလောင်ကို သွေးလို့ ရနေတဲ့ ဒီ blogger.com ရှိနေတာ ကျေးဇူးတင် စရာပါ။ အဲဒါကြောင့်လည်း Blog တွေပေါ်မှာ စာရေးသူ စစ်စစ်တွေ အပြင် ကိုယ့်လို ကလောင်သွေးချင်တဲ့ သူတွေ၊ စာရေးချင်တဲ့ သူတွေပါ ဘလော့ဂါ ဖြစ်လာကြတာပါ။ ကိုယ် လျှောက်လျှောက် ရေးတဲ့ ကဗျာတွေဆို မဂ္ဂဇင်းတိုက် ပို့ရင် ဘယ်မဂ္ဂဇင်းက မှလည်း ရွေးမယ် မထင်ပါဘူး။ ဒါပေမယ့် ကဗျာရေးသူ ဘလော့ဂါ အနေနဲ့တော့ ဘလော့ဂါ အချင်းချင်းက အသိအမှတ်ပြုကြတယ်လေ။

ရသစာပေ အပြင် တရားဘက် လိုက်သူကလိုက်၊ အချက်အပြုတ်ဘက် လိုက်သူကလိုက်၊ နည်းပညာဘက် လိုက်သူက လိုက်၊ အစုံပလုံ လုပ်သူလည်း လုပ်ပေါ့၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ၊ ကိုယ်ရိုက်တဲ့ ဓါတ်ပုံတွေ တင်ချင်လည်း တင်ပေါ့။ နိုင်ငံရေးဘက် ဝါသနာပါသူများကလည်း အဲဒါနဲ့ ပတ်သက်တဲ့ သတင်း ပလင်းတွေ စုစည်းကြပေါ့။ လွတ်လပ်တဲ့ စာမျက်နှာမှာ တင်ချင်ရာ တင်လို့ ရပါတယ်။ comment တွေ cbox တွေ မှာလည်း ရေးချင်ရာ ရေးလို့ ရပါတယ်။ ဒါပေမယ့်လည်း ဘလော့ဂါတွေ အနေနဲ့တော့ ကိုယ့် သိက္ခာကိုယ် စောင့်စည်းပြီး သူတစ်ပါးကို အကြောင်းမဲ့ ပုတ်ခတ်တဲ့ စာတွေ မရေးမိဖို့၊ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်တဲ့ စာတွေပဲ ရေးသားကြဖို့တော့ လိုပါတယ်။ တကယ်တမ်း စာရေး ဝါသနာပါလို့ ရေးသားနေတဲ့ ဘလော့ဂါ စစ်စစ်များကတော့ အဲဒီလို ပုတ်ခတ်စာတွေ၊ မှီငြမ်း မဟုတ်တဲ့ ကူးချ စာတွေ မရေးကြပါဘူး။ ပွဲဆူအောင် တမင် လုပ်ချင်သူများသာ ရေးကြတာပါ။

Online ပေါ်မှာ အချိန်ကုန်ဖြစ်ကြတယ် ဆိုရင် talk ပေါ်မှာ chat ပေါ်မှာ ဟိုဟိုဒီဒီ ပလီပလာတွေ ပြောနေတာထက် စာရင် blog လည်ပြီး စာဖတ်၊ ဘလော့ဂါ အချင်းချင်း ရင်းနှီးကြတာက ပိုပြီး ကောင်းမွန် အကျိုးရှိတယ်လို့ ထင်ပါတယ်။ ဘလော့ဂါ ဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာ မွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်း ဆက်သွယ်နေသူတွေပါ။ ဟင်းချက်ကောင်းသူတွေကလည်း ကိုယ်ချက်တဲ့ ဟင်းလေးတွေ စားစေချင်တယ်၊ ဘာသာပြန် ကောင်းသူတွေကလည်း ကိုယ်ဖတ်မိ ကြိုက်မိ တာလေးတွေ မျှဝေချင်တယ်။ ခရီးသွားဖြစ်ရင်လည်း ကိုယ်သွားတဲ့ နေရာလေးတွေ ပြချင်တယ်။ ကိုယ် သဘောကျတဲ့ နည်းပညာလေးတွေ တွေ့ရင်၊ အထူးအဆန်း အဖြစ်အပျက်၊ သတင်း အပိုင်းအစ၊ ပုံလေးများ တွေ့ရင် မျှဝေချင်တယ်။ အဲဒါ ဘလော့ဂါ တွေပါ။

ဘလော့ဂါ ဦးရေ တိုးပွားပြီး ဘလော့ရွာကြီး ကျယ်ပြန့်ပါစေ...။

သိင်္ဂါကျော်

31 August, 2011

နှင်းဆီခင်းကို ပျိုးခွင့်ပေးခဲ့တဲ့ နေရာ (Blog Day အမှတ်တရ)


လွန်ခဲ့တဲ့ ၅ နှစ်လောက်၊ တစ်နေကုန် ကျောင်း စက်ခန်းထဲမှာ နေနေရတဲ့ အချိန်လောက်က စပြီး Blog တွေနဲ့ မိတ်ဆက်မိပါတယ်။ ကျောင်းသားတို့ ထုံးစံ အတိုင်း အမြဲတမ်း စာချည်းပဲလည်း လုပ်မနေနိုင်တော့ internet မှာ ဟိုဟိုသည်သည် လျှောက်ကြည့်မိပါတယ်။ Planet.com, popularmagazine, people magazine က စပြီး စာဖတ်လို့ ရမယ့် site တွေ လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ Cherrythitsar.org ကနေ ဝတ္တုတွေ တော်တော်များများလည်း download လုပ်ပြီး ဖတ်ဖြစ်ပါတယ်။ နောက်တော့ အစ်မ တစ်ယောက်က ပြောလို့ နိုင်းနိုင်းစနေ blog က စပြီး blogspot တွေကို စိတ်ဝင်စား လာပါတယ်။ ဝတ္တုတို လှလှလေးတွေ ရေးတတ်တဲ့ ရွှေပြည်သူ ၊ ရေခဲပြင်ထဲက ပန်းကလေး ခွန်မြလှိုင်၊ စာရေးဆရာမ မေငြိမ်း၊ စာရေးဆရာမ မိုးချိုသင်း၊ WeSheMe စသည်ဖြင့် တော်တော်များများကို စဖတ်ဖြစ်ပါတယ်။ တစ်ချို့တွေလည်း နာမည် မေ့သွားပါပြီ။ ခုနောက်ပိုင်း မရေးတော့တဲ့ blog တွေလည်း ပါပါတယ်။

သူငယ်ချင်းတွေ စက်ခန်းထဲမှာ အတူထိုင်ကြရတာ ဆိုတော့ ကောင်းတဲ့ blog လေးတွေ တွေ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညွှန်းရင်းနဲ့ blog တွေ အတူ ဖတ်ဖြစ်ကြပါတယ်။ တစ်ချို့ blog တွေက သတင်း၊ တစ်ချို့ blog တွေက နိုင်ငံရေး၊ တစ်ချို့က နည်းပညာ၊ ဘာသာရေး၊ ချက်နည်းပြုတ်နည်း စသဖြင့် လိုင်း ပေါင်းစုံ တွေ့လာရပါတယ်။ တကယ်တော့ အဲဒီတုန်းက blog ကို ခိုးကြောင်ခိုးဝှက် ဖတ်ရတာပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့ ဆရာမကြီးက စက်ခန်းထဲမှာ စာကလွဲပြီး ဘာမှ မကြည့်ရဘူးလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ပါ။ Google ထဲမှာ စာ ရှာချင်ရှာ၊ ဒါမှမဟုတ် pdf file ဖွင့်ပြီး paper ဖတ်ချင်ဖတ်။ အဲဒါကလွဲပြီး တစ်ခြား စာဖတ်နေတာ၊ Game ဆော့နေတာ၊ ရုပ်ရှင်ကြည့်နေတာ မြင်လို့ကတော့ ပက်ပက်စက်စက် အဆူခံရပြီး ရုံးခန်းထဲမှာ လက်မှတ် လိုက်ထိုးရပါလိမ့်မယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ဆရာမကြီးကလည်း အမြဲလာကြည့်နေနိုင်တာ မဟုတ်တော့ ကိုယ်တို့ကလည်း blog တွေ ဖတ်မြဲ ဖတ်လျက်ပေါ့။

နောက်တော့ blogger.com ကနေ ကိုယ်ပိုင် blog တစ်ခု စမ်းလုပ်ကြည့်ချင်လာပါတယ်။ ကိုယ့်ဖာကိုယ် ရေးချင်ရာရေး လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ web page တစ်ခု internet ပေါ်မှာ အလကား တင်ခွင့် ရှိမယ် ဆိုတော့ လုပ်ကြည့်တာပေါ့နော်။ စစချင်းတော့ blogger ကပေးတဲ့ template နဲ့ပဲ ဘလော့ အခွံလေး တစ်ခု ရလာတယ်။ ကိုယ့် blog ကို ဘယ်နေ့ စလုပ်မိတယ် ဆိုတာ သေချာ မမှတ်မိတော့လို့ Profile ကို ပြန်ကြည့်တော့မှ ကိုယ့်ရဲ့ blogger account ကို ၂၀၀ရ မှာ စလုပ်မိတယ် ဆိုတာ သတိထားမိပါတယ်။ Blog တစ်ခု ဆောက်ထားပေမယ့် အဲဒီနှစ်က ဘာမှ မတင်ဖြစ်သေးပဲ Post စ တင်ဖြစ်တာကတော့ ၂၀၀၈ ဇွန်လ မှပါ။ အရင်ရေးထားဖူးတဲ့ ကဗျာလေးတွေ စတင်ကြည့်ပါတယ်။ လောလောဆယ် ဘာရေးရမှန်း မသိသေးပဲ တင်ချင်တာပဲ များနေတော့ ချယ်ရီသစ္စာထဲက ဝတ္တုတိုလေးတစ်ပုဒ်ကို ကူးပြီး ကူးထားတဲ့ Link နဲ့ အတူ တင်လိုက်တယ်။ နောက်ထပ် ကဗျာတွေ ထပ်ရေးပြီး တင်တယ်။ အားပေးသူကတော့ blog တွေနဲ့ စပြီး မိတ်ဆက်ပေးတဲ့ အစ်မနဲ့ တစ်ခြား သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပါ။

Blog ကို နာမည်ပေးဖို့ စဉ်းစားလိုက်တော့ ကိုယ်က ကဗျာရော၊ ဝတ္တုရော၊ ဟိုဟိုသည်သည် အကုန်လျှောက်ရေးချင်တယ်၊ ရသစုံ ရေးမယ် ဆိုပြီးတော့ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း ဆိုပြီး အဲဒီ အချိန်က စိတ်ကူး ပေါ်လာတဲ့ အတိုင်း ပေးလိုက်တာပါ။  တစ်လ တစ်လကို ကဗျာလေး၊ ဝတ္တုလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လောက်ပဲ ရေးဖြစ်ပါတယ်။ အားပေးသူကလည်း သူငယ်ချင်း နည်းနည်းနဲ့ မျက်စိလည် ရောက်လာတဲ့ တစ်ယောက် စ၊ နှစ်ယောက် စ လောက်ပဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာ ကိုယ်လည်း Blog နဲ့ အရမ်းကြီး အဆက်ပြတ်မနေအောင် တတ်နိုင်သလောက် ကြိုးစားနေသလို ကိုယ့်နိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားကနေရော အမြဲအားပေးနေတဲ့ သူငယ်ချင်းအရင်းတွေ နဲ့အတူ ဘလော့ကို လာလည်ရင်း သိကြတဲ့ blogger သူငယ်ချင်းများနှင့် blog ကိုအားပေးကြတဲ့ စာဖတ်သူအပေါင်း ကိုလည်း ကျေးဇူးတင်လျှက်ပါ။ 

မြန်မာနိုင်ငံမှာ နေပေမယ့် blogspot ကို proxy မကျော်ပဲ ဖွင့်လို့ရတဲ့ နေရာမှာ အလုပ်လုပ်ခွင့် ရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ဝမ်းသာမိပါတယ်။ တစ်ခါတုန်းကတော့ (ပုသိမ်မှာ) အလူးလူး အလိမ့်လိမ့် connection ထဲမှာ freedom နဲ့ကျော်ပြီး ခရီးသွား မှတ်တမ်းလေး တစ်ခု တင်ဖို့ အရေး တနေကုန်လောက် ကြိုးစားလိုက်ရတာကိုလည်း မှတ်မိနေပါသေးတယ်။ ဆိုင်က connection တွေက များသော အားဖြင့် မကောင်းတတ်တာကြောင့် အိမ်ပြန်တဲ့ အခါဆို blog ကို ဖွင့်ကို မကြည့်ပဲ ပစ်ထားမိတာပါ။ 

ကိုယ်တိုင် သိပ်မရေးဖြစ်ပေမယ့် ဖတ်ဖြစ်တဲ့ ဘလော့တွေကတော့ များများလာပါတယ်။ ခုတလော blog day အတွက် ရေးကြတာတွေထဲမှာ blog link တွေ အတော်များများ စုစည်းထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ်ကတော့ ဖတ်ဖြစ်တဲ့ blog တွေ တော်တော် များများ မေ့ကျန်စရာ ရှိလို့ မပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြို တောင်းပန် ထားလိုက်ပါဦးမယ်။ စာရေးဆရာ နာမည်တွေလို့ သဘောထားပြီး ကိုတွေ မတွေ မတပ်ပဲ ရေးမိတာတွေကိုလည်း ဘယ်လိုမှ သဘောမထားပါနဲ့လို့။ Blog တွေထဲ သွားလည် စာဖတ်ရင်း တစ်ခါတလေ နှုတ်ဆက်ဖြစ်တယ်။ တစ်ခါတလေလည်း မအားလို့ပဲဖြစ်ဖြစ်၊ connection မကောင်းတာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ရုံပဲ ဖတ်ပြီး နှုတ်မဆက် ဖြစ်ပါဘူး။ တစ်ချို့လည်း ကိုယ်ဆီ အပြန်အလှန် လာလည်ရင်း ခြေရာချန်တတ်ခဲ့ကြတယ်။ များသောအားဖြင့်တော့ ကိုယ့်လို စိတ်ကူးပေါက်မှ စာရေး၊ အားမှ နှုတ်ဆက်တဲ့ blogger မပီမသ blogger ကို မသိတဲ့သူ များပါတယ်။ ကိုယ့်ကို မသိပေမယ့် ကိုယ်ကတော့ blog တော်တော်များများကို အမြဲမဟုတ်တောင် မကြာခဏတော့ ရောက်ဖြစ်ပါတယ်။

အသည်းကွဲ အက်ဆေး တွေကို လှလှပပ ဖွဲ့နွဲ့တတ်တဲ့ မယ်ကိုး၊ ရောက်တတ်ရာရာတွေ လျှောက်ရေးပေမယ့် ဖတ်လို့ကောင်းတဲ့ မမ ခင်ဦးခင်၊ ခုနောက်ပိုင်း blog ပေါ်က စွန့်ခွာသွားတဲ့၊ ဟာသတွေ အရေးကောင်းတဲ့ ဦးလူထွေး၊ ကိုယ်တို့ကို ကောင်းကင်ဘုံကနေ ကြည့်နေမယ့် ဘကျောက် (ရွှေရတုမှတ်တမ်း)၊ ကိုယ့် Blog ကို သူ့ဆီမှာ ပထမဆုံး link ထားပြီး တစ်ခြားသူတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဝက်ဝံကလေး (စက်တင်ဘာရဲ့ကောင်းကင်)၊ ဘဝထဲက အတွေ့အကြုံ အစုံကို စာတွေ ကောင်းကောင်း ဖွဲ့တတ်တဲ့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ ကိုအောင်(ပျူနိုင်ငံ)၊ ကဗျာ ကောင်းကောင်းလေးတွေ ရေးတတ်တဲ့ လင်းဒီပ၊ နတ်ဆိုးလေး (ဗညားရှိန်)၊ Craton၊ ကိုအောင်သာငယ်၊ ကိုဆောင်းယွန်းလ၊ မမသီရိ၊ ညလင်းအိမ်။ inspirational ဝတ္တုတိုကောင်းလေးတွေ ဘာသာပြန်တတ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)၊ ခံစားချက် ဝတ္တု လှလှလေးတွေ ရေးတတ်တဲ့ ဏီလင်းညို၊ sosegado (တည်ငြိမ်အေး)၊ ဂန္ဓဝင် ဝတ္တုကောင်းတွေ အမြဲတင်ပေးတတ်တဲ့ မမရွှေစင်ဦး၊ စုံထောက်ဝတ္တုရှည်တွေ ဘာသာပြန် တတ်တဲ့ ကိုသင့်လူ၊ ရုရှ ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဝေလင်း (ဒဏ်ရာပြတိုက်)၊ ဂျပန်ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဂျူလိယက်ရဲ့ ဝတ္တုတိုများ စုစည်းရာ၊ မှတ်စု ကောင်းကောင်းလေးတွေ စုစည်းပေးတတ်တဲ့ မီးပြတိုက်

ဘဝသရုပ်ဖော် ဝတ္တုကောင်းလေးတွေ ရေးတတ်တဲ့ သတိုး၊ မချစ်ကြည်အေး၊ မမြသွေးနီ၊ မမြတ်မွန်၊ အိမ့်ချမ်းမြေ့။ သိမှတ်စရာ ဆောင်းပါးတွေ ရေးတတ်တဲ့ ညလင်းဖြူ၊ မငယ်နိုင်၊ လသာည၊ အဖြူရောင်နတ်သမီး၊ မမေဓါဝီ၊ ဧရာဝတီ စာကြည့်တိုက်။ ကိုယ့်ရဲ့ စုံထောက်ဝတ္တုတွေကို စိတ်ဝင်တစား ဖတ်ပြီး ဝေဖန်တတ်တဲ့ လောရှည်။ ကမ္ဘာတလွှားက ထူးထူးခြားခြားတွေ အမြဲရှာဖွေ ဖော်ပြတတ်တဲ့ သက်တန့်ချို၊ ကိုပီတာ၊  ရေးချင်လို့ ရေးတာပါ ဆိုတဲ့ ခိုင်စိုးလင်းကိုယ့်ကိုမသိပေမယ့် တိတ်တိတ်ကလေး အမြဲသွားဖတ်တတ်တဲ့ စာရေးဆရာမ ခက်မာ၊ ပန်ဒိုရာ၊ မနော်ဟရီ၊ မိုးလှိုင်ည၊ ခင်အောင်အေး၊ အိုက်လွယ်ပန်၊ အိန္ဒြာ၊ July Dream။ ခုနောက်ပိုင်း ပျောက်နေတဲ့ ယုယ၊ ကိုရင်နော်ခင်လေးငယ်၊ ကြုံရသမျှ နဗနဘဝ၊ ဂျေဂျူဝိုင်၊ ရွာသားလေး YTU၊ ဖိုးစိန်၊ ကိုရင်စည်သူ၊ ချမ်းလင်းနေ၊ မဆုမွန်၊ ဒဏ္ဍာရီ၊ သစ်နက်ဆူး၊ လင်းကြယ်ဖြူ၊ လင်းကြယ်စင်၊ အင်ကြင်းသန့်၊ အညာမှ ခရေညို၊ မျက်မှန်လေး၊ အဖြူရောင်အိမ်လေးတစ်လုံး၊ ကေသရီ၊ ကြည်ဖြူပိုင်။ ခုနောက်ပိုင်း ကဗျာတွေ အရေးကောင်းလို့ သွားသွားဖတ်မိတဲ့ လရိပ်

ဦးမင်းဒင်၊ ဆရာဦးစိုးမြင့် (မေ့ဆေး)၊ ဆရာ အတ္တကျော်၊ ကိုဘကြိုင်၊ ဆင်တဲကဖေး၊ ကိုကိုမောင် (ပန်းရနံ့)၊ ဦးမောင်မောင်၊ ဆရာတော် မော်ကွန်းသစ်၊ ဆရာတော် တောက်ပကြယ်စင်၊ သက်ဝေ၊ အပြုံးပန်း၊ မော်စကွီးတိုး၊ ဂျူနီယာလွင်ဦး၊ မဗေဒါ၊ Rose of Sharon၊ Reenoemann၊ Rita၊ AngelHlaing၊ KiKi-Idiotlove၊ K၊ မဝါဝါခိုင်မင်း၊ မောင်မျိုး(ကျွန်တော့်ဘဝဇာတ်ခုံ) Pinkgold၊ မအိမ်သူ(ဝါခေါင်မိုး)၊ ဆောင်းနှင်းရွက်၊ သဒ္ဓာလှိုင်း၊  နှင်းနုလွင်၊ ဆွေလေးမွန်၊ ခံစားမှုသံစဉ်(Blackroze)၊ အန်တီတင့်၊ Jesmine(တောင်ကြီး)၊ မဒမ်ကိုး၊ ခိုင်နုငယ်၊ မေသိမ့်သိမ့်ကျော်၊ မိုးငွေ့နှင့်အတူ၊ ကိုကိုးအိမ်(မန္တလေး)၊ အဖြူလေး၊ ကျွန်တော်တို့အိမ်၊ ထာဝရကြယ်စင် (မိုးခါး)၊ ဒုတိယအရွယ်၏ ရှိသမျှဝေဒနာ၊ နှင်းနဲ့မာယာ၊ နှင်းဟေမာ၊ နေဝသန်ရဲ့ အိုအေစစ်၊ My Little World၊ Sonata-Cantata၊  လင်းဦး(စိတ်ပညာ)၊ ၊ သုနှင်းဆီ၊ ညီလင်းဆက်၊ ဂျစ်တူး (မုံရွာ)၊ စုံစီနဖာ စာမျက်နှာ (ရွှန်းမီ)၊ စုဘူးအိမ်၊ မိုးမြင့်တိမ်ဆူးရင့် (တန့်ဆည်)ပန်းခရမ်းပြာThe Starry NightMy Notebook နှလုံးသားရပ်ဝန်းမှ အသံများ

အရင် ထည့်ထားဖူးတဲ့ Link တွေကလည်း တစ်ခါတုန်းက malware ဆိုပြီးဖြုတ်လိုက်တုန်းက တစ်ချို့တွေ ပါသွားပြီး ပြန်မထည့်ဖြစ်သေးတာတွေ ရှိနိုင်ပါသေးတယ်။ အခု တွေ့မိသမျှ၊ ဖတ်မိသမျှတော့ Blog Day အမှတ်တရ အနေနဲ့ ကိုယ့် ရဲ့ Blog စာမျက်နှာပေါ်မှာ မှတ်တမ်းတင် ထားလိုက်ပါတယ်။ အမြဲမဟုတ်တောင် ကြုံကြိုက်လို့ သွားလိုက်တဲ့၊ ကိုယ့်ဆီလာလို့ ပြန်သွားလည် လိုက်တဲ့ Blog တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီနော်..။


Blogger အားလုံး စာကောင်းပေကောင်းတွေ များများကြီး ရေးနိုင်ကြပါစေ။


သိင်္ဂါကျော်

24 August, 2011

ဘဝ သို့ စိတ္တဇပန်းချီ


စစတုန်းကတော့
အဖြူရောင် စာရွက်တစ်ရွက်ပဲ
တဖြည်းဖြည်းနဲ့
ကိုယ့်ကိုယ်ကို ကောက်ကြောင်းဖော်ရင်း
ပန်းချီကား ဖြစ်ဖို့ မျှော်လင့်ရတယ်။

အနီးအနား
ဖြတ်သွားဖြတ်လာတွေကလည်း
ဝင်ဝင် အကြံပေးကြသေးရဲ့။

ကိုယ်တိုင်ကိုက
တစ်ချိန်မှာ
ယုံကြည်မှုနဲ့ ရေးဆွဲ
နောင်တစ်ချိန်ကျတော့
မယုံမကြည်နဲ့ ဖျက်ချင်လာပါရော။

အဲဒီဆေးသားက
ဖျက်ရင် ဖျက်ရာ သိသာမှာနော့၊
ဘယ်လောက်ပဲ အဖြူအုပ်အုပ်
နဂိုတိုင်း ကောင်းဖို့
မဖြစ်နိုင်ဘူး။

ကြာတော့လည်း
ဖျက်ရာ ပြင်ရာတွေနဲ့
ပန်းချီကား ဆိုရင်တောင်
စိတ္တဇ ပန်းချီပဲ ဖြစ်နိုင်တော့မယ်။

ဘယ်သူကတော့
ကိုယ့်ပန်းချီကိုယ်
ပျက်စီးစေချင်ပါ့မလဲ
အများအမြင်ထဲ
လှလှပပ ကြွကြွရွရွ
အားကျစေချင်တာပေါ့။

ဒါပေမယ့်လည်း
မတူညီနိုင်မှုတွေနဲ့
ဖန်တီးဖြစ်တဲ့ လက်ရာတွေ
လှလှ မလှလှ
ကြွကြွ မကြွကြွ
ခဲတစ်ခြစ်က စခဲ့တဲ့ ကောက်ကြောင်း
သက်တမ်း မကုန်မချင်းတော့
ဆွဲနေရဦးမယ်။

သိင်္ဂါကျော်