ကဗျာမဖတ်တဲ့လူတွေ တိုးချင်တိုး လျှော့ချင်လျှော့၊
ကဗျာ ကတော့ နေရာတိုင်းမှာ ရှိနေလေရဲ့။
ကဗျာမရှိတဲ့ မြို့
ကဗျာမရှိတဲ့ ရွာ
ကဗျာမရှိတဲ့ နိုင်ငံ
ခင်ဗျားတို့ ရှာပြစမ်းပါ၊
အနည်းဆုံး
ကဗျာကို ပွေ့ဖက်သူ
တစ်ယောက်တလေတော့..
ရှိခဲ့တယ်၊ ရှိနေတယ်၊
ထွက်ပေါ်လာဦးမှာပဲ။
ကဗျာကို ချစ်မြတ်နိုးသူတွေ ရဲ့
နှလုံးသားထဲက ပွင့်လာတဲ့ ပန်း
ဘယ်တော့မှ မညှိုးနွမ်းဘူး။
ဘာသာစကားတွေ
တင်စားချက်တွေ
စကားလုံးတွေ
အမည်တပ်ပုံကွဲလွဲတာတွေ
တိုတာ ရှည်တာ
ဘာညာသာရကာတွေ
ကဏ္ဍတွေ ခွဲချင်သလိုခွဲ
ကဗျာကတော့ ကဗျာပါပဲလေ။
စစ်မီးလျှံတွေထဲမှာ ရေစင်ဖြစ်တယ်
စနစ်ဆိုးတွေထဲမှာ ထွက်ပေါက်ဖြစ်တယ်
ခေတ်ရေစီးထဲမှာ အသာတကြည်မျောခဲ့တယ်
အချစ်အလွမ်းတွေနဲ့လည်း နုရွတတ်သူဖြစ်တယ်
ဝမ်းနည်းအားငယ်မှုတွေကိုလည်း ဖြေသာစေသူဖြစ်တယ်
လူတိုင်းအတွက် ထပ်တူညီတဲ့ကြယ် ဖြစ်တယ်
သူဟာ ငါတို့ အားလုံးရဲ့ နတ်သမီးဖြစ်တယ်။
သိင်္ဂါကျော်
(World Poetry Day မကုန်ခင်လေးမှာ ရေးဖြစ်လိုက်တဲ့ အမှတ်တရ ကဗျာပါ)