30 July, 2012

စိတ္တဇ ဒဏ်ရာ


သေသူမှာ အသက် ၄၀ ခန့် ရှိသည့် ဦးစိုးရွှေ ဆိုသူ ဖြစ်သည်။ အိမ်ရှေ့ ဧည့်ခန်းတွင် ဓါးထိုး ခံရပြီး လဲကျနေသည်ကို သူနှင့် အတူနေသော မိန်းကလေးမှ တွေ့ကာ ရဲဌာနသို့ ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ စိမ်းဝတီ တို့ မှုခင်း စုံစမ်းဖော်ထုတ်ရေး အထူးအဖွဲ့လည်း ထိုအိမ်သို့ ချက်ချင်း ရောက်သွားကြသည်။


သေသူမှာ ရင်ဘတ် နှင့် ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ ငါးချက်ခန့် ထိုးခံထားရသည်ကို တွေ့ရသည်။ ထိုးသော ဓါးမှာ ၆ လက်မခန့် ရှိသော သားလှီးဓါး အချွန် ဖြစ်ပြီး အလောင်းဘေးတွင် ဒီအတိုင်း ပစ်ထားသည်။ ဦးစိုးရွှေ၏ မိန်းမ ဖြစ်ဟန်တူသော အသက် ၂၅ ခန့် ရှိ မိန်းကလေးမှာ တုန်လှုပ်စွာ ငိုနေသည်။ ထိုအိမ်တွင် သူတို့ လင်မယား နှစ်ယောက်သာ နေပုံရသည်။ လင်မယား ဆိုသော်လည်း သူတို့ နှစ်ယောက်မှာ တရားဝင် လက်ထပ်ထားခြင်း မဟုတ်သည်ကို နောက်မှ သိရသည်။

နွယ်နီနိုင်က သဲမွန် ဆိုသော ထိုမိန်းကလေးကို မေးခွန်းများ မေးဖို့ ကြိုးစားလိုက်သည်။
“ညီမ စိတ်မကောင်း ဖြစ်နေမယ် ဆိုတာ သိပါတယ်၊ ဒါပေမယ့် မမတို့မှာလည်း ဒီအမှုမှန်ကို ဖော်ထုတ်ဖို့ တာဝန်ရှိတော့ ညီမ သိသလောက် ဖြေပေးပါနော်”
“ဟုတ်ကဲ့ မေးပါ မမ”
“ဦးစိုးရွှေ အလောင်းကို ညီမ စတွေ့တာနော်”
“ဟုတ်ပါတယ်၊ ကျွန်မ မနက်နိုးလာတော့ တော်တော်တောင် နေမြင့်နေပါပြီ၊ အပြင်မှာလည်း ဘာသံမှ မကြားရတော့ အစ်ကိုကြီး အပြင်ထွက်သွားပြီလို့တောင် ထင်လိုက်ပါသေးတယ်၊ နောက် အိမ်ရှေ့ကို ထွက်လာတော့မှ အဲလို ဖြစ်နေတာ တွေ့ရတာပါပဲ ရှင်၊ ကျွန်မလည်း တော်တော် လန့်သွားပါတယ်၊ နောက်တော့ မဖြစ်ဘူး ဆိုပြီး ရဲဌာနကို ဖုန်းဆက်ရတာပါ”
“ညီမ ညက ဘာအသံမှ မကြားမိဘူးလား”
“ဟင့်အင်း၊ ကျွန်မ မနေ့ညက အစောကြီး အိပ်ပျော်သွားတယ်၊ အစ်ကိုကြီး ပြန်လာတာတောင် မသိခဲ့ဘူး၊ ညက ဘာသံမှလည်း မကြား၊ ဘာမှလည်း မသိပါဘူး၊ မနက်မိုးလင်းမှ ခုလို တွေ့တာပါ”
“ဦးစိုးရွှေမှာ မကျေနပ်တဲ့လူ၊ ရန်သူတွေ ဘာတွေများ ရှိသလား”
“ကျွန်မ သိပ်မသိပါဘူးရှင်၊ သူ့အလုပ်က အကြောင်းတွေ ဘာတွေလည်း မသိပါဘူး”
“ခုလို ဖြေတာ ကျေးဇူးပါပဲ၊ နောက်မှ တစ်ခုခု စဉ်းစားမိတာရှိရင်လည်း မမတို့ကို ပြောပါ”

စိမ်းဝတီနှင့် နေထွဋ် ကတော့ အလောင်းနံဘေးမှ ခြေရာ လက်ရာများကို စစ်ဆေးနေသည်။ အချက်ပေါင်းများစွာ ဓါးဖြင့် ထိုးထားသော်လည်း ပတ်ဝန်းကျင်တွင် သွေးများ မြင်မကောင်းအောင် ပေကျံနေခြင်းမျိုး မရှိပါ။ လူသတ်သမားက လူသတ်ပြီးနောက် သဲလွန်စများ ဖျောက်ဖျက်ရန် သန့်ရှင်းရေး လုပ်သွားသည် ဟု ထင်ရသည်။ သို့သော် ဓါးကိုတော့ ဘာဖြစ်လို့ ထားသွားသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်နေသည်။ ထိုဓါးသည် ဤအိမ်ရှိ မီးဖိုခန်းမှ ဓါးတစ်ချောင်းဖြစ်သည်။ ဓါးထားသော နေရာတွင် တစ်ချောင်းလျှော့နေသည်ကို တွေ့ရသည်။

ကြမ်းခင်းမှာလည်း ပြောင်လက်နေပြီး ခြေရာ တစ်စုံတစ်ရာ ကောက်ယူရန် မဖြစ်နိုင်ပါ။ ယခု စိမ်းတို့ကသာ ဖိနပ်များ စီးဝင်လာကြသော်လည်း အိမ်ရှင်များမှာ ဖိနပ်ကို အိမ်အပြင်မှာ ချွတ်ပြီး အတွင်းထဲတွင် အဝတ်ဖိနပ်များကိုသာ စီးလေ့ ရှိပုံရသည်။ သေသူမှာလည်း သူစီးလာသော ဖိနပ်ကို အိမ်ပြင်တွင် ချွတ်ထားပြီး အိမ်တွင်းစီး ဖိနပ်တစ်ရံကို စီးလျှက်သား ရှိနေသည်ကို တွေ့ရသည်။

ရဲစွမ်းနိုင် ကတော့ အိမ်ပတ်ဝန်းကျင်ကို လိုက်လံ စစ်ဆေးနေသည်။ အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ထားသော လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပါ။ ပြတင်းပေါက်များ၊ နောက်ဖက် တံခါးပေါက်များ အားလုံး ခြေရာ လက်ရာ မပျက်ပါ။ အိမ်ရှေ့ တံခါးပေါက်ကြီးမှာလည်း သဲမွန် နိုးလာချိန်တွင် ပိတ်လျှက်သား တွေ့ရပြီး ရဲအရာရှိများကို သူမ ကိုယ်တိုင် တံခါးဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ တစ်ခုတော့ ရှိသည်။ လူသတ်သမားသည် ဦးစိုးရွှေ တံခါးဖွင့် ဝင်ခိုက်မှာ အတူတူ လိုက်ဝင်လာပြီး ဦးစိုးရွှေကို သတ်ပြီးနောက် အိမ်ရှေ့တံခါးပေါက်ကို အပြင်မှ လော့ခ် ချကာ ပိတ်သွားခြင်းလည်း ဖြစ်နိုင်သည်။

ထက်အာကာ က ဘေးချင်ကပ် အိမ်သို့ သွားပြီး ညက ထူးထူးခြားခြား အော်သံ ဟစ်သံ ကြား မကြား သွားရောက် မေးမြန်းနေသည်။ ညက မိုးတွေ ရွာနေသောကြောင့် စောစောစီးစီး အိပ်ရာဝင်ကြကြောင်း၊ ဘာသံမှ မကြားမိကြောင်း ဘေးကပ်လျှက် နှစ်အိမ်လုံးတွင် နေထိုင်သူများက ပြောကြသဖြင့် ထူးထူးခြားခြား ဘာမှ မသိရပါ။

စိမ်းဝတီတို့ အဖွဲ့ ဌာနသို့ ပြန်လာပြီးနောက် စစ်စရာ ဆို၍ လူသတ်လက်နက် ဓါးဦးချွန် တစ်ချောင်းသာ ရှိသည်။ ဦးစိုးရွှေ နောက်ကြောင်းကို ရှာကြည့်တော့ သူ့မှာ ကွာရှင်းထားသော အရင် မိန်းမ နှင့် ကလေးနှစ်ယောက် ရှိခဲ့ကြောင်း သိရသည်။ နွယ်နီနိုင်ကတော့ ဓါးပေါ်မှ လက်ဗွေရာ ရှိမရှိ သွားစစ်နေပြီ။

“ကဲ ကိုနေက ဦးစိုးရွှေ အရင် မိသားစု ဆီ သွားလိုက်၊ စွမ်း နဲ့ ထက်က သူ့အလုပ်ကို လိုက်သွားပြီး အလုပ်ကလူတွေကို နည်းနည်း မေးကြည့်လိုက်၊ ကိုယ်တော့ မှုခင်းဆရာဝန်ဆီ သွားလိုက်ဦးမယ်”

ထို့နောက် စိမ်းဝတီသည် အလောင်းကို စစ်ဆေးနေသော ဒေါက်တာ ဇလပ်ဖြူဆီသို့ ရောက်သွားသည်။

“ဘယ်လိုလဲ ဒေါက်တာ ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ဘာပြောစရာ ရှိလဲ”
 “နှလုံး၊ အသည်း၊ အစာအိမ် ချက်ကောင်းတွေပဲ ထိသွားလို့  ပထမ သုံးချက်မှာတင် သေသွားတာပဲ၊
 နောက်ထပ် နှစ်ချက်ကတော့ သေချာအောင် ထပ်ထိုးသွားတဲ့ သဘောပဲ၊ သေသူဟာ ပထမ တစ်ချက်မှာတင် မအော်နိုင်လောက်အောင် အထိနာသွားမှာ သေချာတယ်၊ အဲဒါကြောင့် ဘယ်သူမှ အော်သံ ဟစ်သံ မကြားကြဘူး ဆိုတာ ဖြစ်နိုင်တယ်”
“နောက်တစ်ခုက ဒဏ်ရာ အနေအထားကို စစ်ကြည့်တော့ လူသတ်သမားက ဘယ်သံ ဖြစ်ကြောင်း တွေ့ရတယ် စိမ်း”

“ဟုတ်တယ် ကိုယ်လည်း အဲလိုပဲ ထင်တယ်၊ ဒေါက်တာ ပြောတော့ သေချာသွားပြီ”

စိမ်းဝတီ ရုံးခန်းကို ပြန်လာတော့ နွယ်နီက result စာရွက်တစ်ရွက် ကိုင်ပြီး ထွက်လာသည်။
လက်ဗွေရာ တွေ့သလား နွယ်နီ”
 “တွေ့တယ် စိမ်း၊ Database ထဲမှာ တိုက်စစ်ကြည့်တော့ ဘယ်သူမှတ်သလဲ စိမ်းရေ၊ အံသြစရာပဲ လက်ဗွေရာက သဲမွန်ရဲ့ လက်ဗွေရာပဲ”

စိမ်းဝတီကတော့ ဓါးပေါ်တွင် လက်ဗွေရာ တွေ့မည် မထင်ခဲ့ပါ။ သို့သော် အံသြစရာ ကောင်းစွာ ဓါးပေါ်တွင် လက်ဗွေရာ တစ်စုံ ရှိနေသည်။ ထို့အပြင် ဦးစိုးရွှေနှင့် အတူနေသူ သဲမွန်၏ လက်ဗွေရာ ဖြစ်နေသည်။

 “ဟင်..”
“သေချာတယ်၊ ဒီမှာကြည့် 90% match..”
“သဲမွန် ဆိုတဲ့ မိန်းကလေးက အဲဒီလောက် အ သလား၊ သူ့ လက်ဗွေရာ ထင်နေတဲ့ ဓါးကို ဒီအတိုင်း ပစ်ချထားပြီး ရဲတွေကို ဖုန်းဆက်ခေါ်တယ်ပေါ့”
“မှုခင်းနဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတာလည်း ဖြစ်နိုင်တာပေါ့”
“မဖြစ်နိုင်ဘူး.. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူ့ကိုတော့ ခေါ်ရတော့မှာပေါ့”

“ဒေါက်တာက ပြောတယ် လူသတ်သမားက ဘယ်သံတဲ့၊ သဲမွန်သာ ညာသံ ဆိုရင် မဖြစ်နိုင်ဘူး”
“ဒါပေမယ့် လက်ဗွေရာက ဘယ်လို ဖြစ်တာလဲ”
“အိမ်ထဲက ဓါးဆိုတော့ သဲမွန် လက်ဗွေရာ ရှိမယ် ဆိုလည်း ဖြစ်နိုင်တာပဲလေ”

အိမ်ထဲသို့ ကျူးကျော်ဝင်ရောက် ထားသော လက္ခဏာ မရှိခြင်း၊ သတ်သော ဓါးမှာ အိမ်ရှိ မီးဖိုချောင်မှ ဓါးဖြစ်နေပြီး သဲမွန်၏ လက်ရာ ထင်ကျန်နေခြင်း တို့ကြောင့် သဲမွန်ကိုပင် လူသတ်သမားဟု စွပ်စွဲရတော့ မလို ဖြစ်နေသော်လည်း စိမ်းဝတီ ကတော့ လူသတ်သမားမှာ သဲမွန် မဟုတ်ဟု ထင်နေသည်။ သေသူ၏ ကိုယ်ပေါ်မှ ဒဏ်ရာ အနေအထားအရလည်း လူသတ်သမားမှာ ဘယ်သံ တစ်ယောက် ဖြစ်နိုင်သောကြောင့် သဲမွန် မဖြစ်နိုင်ပြန်ပါ။

သဲမွန်ကို စစ်ဆေးရေး အခန်းထဲသို့ခေါ်၍ နွယ်နီက ထပ်မံ မေးမြန်း ပြန်သည်။ သူမ၏ ပြောပြချက်များက အရင်အတိုင်း မပြောင်းလဲပါချေ။ စိမ်းဝတီက ကော်ဖီ တစ်ခွက် သွားချပေးတော့ သဲမွန်က ညာလက်နှင့် လှမ်းယူသည်။ စွမ်းနိုင်က သူမ သိသမျှ ဦးစိုးရွှေ၏ အပေါင်းအသင်းများ နာမည်ကို ချရေးခိုင်းရာ သူမက ညာလက်ဖြင့်ပင် ရေးပေးသည်။
ပြန်ထွက်ကာနီးတော့ စိမ်းက စာရွက်ထပ်များကို မတော်တဆ လွှတ်ချလိုက်ရာ သဲမွန်က ရုတ်တရက် ညာလက်နှင့်ပင် လှမ်းဆွဲလိုက်သည်။ သဲမွန်သည် ညာသံ ဆိုသည်မှာ သေချာသည်။ သဲမွန်မှာ ဦးစိုးရွှေကို သတ်စရာလည်း ဘာအကြောင်းပြချက်မှ မရှိပါ။ လောလောဆယ် သူတို့ နှစ်ယောက်မှာ အဆင်ပြေနေသည်။ ဘာပြဿနာမှလည်း မရှိပါ။ သဲမွန်ကလည်း သူမ ဘာမှ မသိရကြောင်း ငြင်းဆိုနေဆဲ ဖြစ်သည်။

*******

ညနေရောက်တော့ နေထွဋ်၊ စွမ်းနိုင် နှင့် ထက်အာကာ တို့ ပြန်လာကြပြီး သူတို့ သိလာရသမျှကို ပြန်ပြောကြရင်း meeting လုပ်ဖြစ်ကြသည်။

ဦးစိုးရွှေ၏ အလုပ်က လူများကလည်း ဦးစိုးရွှေတွင် ပထမ မိန်းမ နှင့် ကလေး နှစ်ယောက် ရှိခဲ့ကြောင်း ပြောပြကြသည်။ ဦးစိုးရွှေသည် အလုပ်အကိုင် မဆိုးသော်လည်း အရက်မူးလာလျှင် သွေးဆိုးတတ်ကြောင်း၊ ကလေးများကို နှိပ်စက် တတ်ကြောင်းပါ သိလာရသည်။ ထို့ပြင် ယခု အတူနေသော သဲမွန်ကို တွေ့သဖြင့် သူ၏ ပထမ မိန်းမကို ဇွတ်အတင်း ကွာရှင်းခဲ့ပြီး ကလေးများကိုလည်း ပြန်မကြည့်တော့ကြောင်း သိရသည်။ ဦးစိုးရွှေသည် အလုပ်မှာတော့ လူချစ်လူခင် များသူ ဖြစ်ပြီး ဘယ်သူနဲ့မှ ထိပ်တိုက် ဖြစ်ထားခြင်းလည်း မရှိကြောင်း သိခဲ့ရသည်။

ဦးစိုးရွှေကို သတ်ချင်လျှင် သူ့ပထမ မိန်းမကမှ ပိုပြီး ဖြစ်နိုင်စရာ ရှိသေးသည်။ သို့သော် တကယ်တော့ အဲလိုလည်း မဖြစ်နိုင်ပြန်ပါ။

နေထွဋ်က ဦးစိုးရွှေ၏ ပထမ မိန်းမကို တွေ့ကြည့်လိုက်သောအခါ ဦးစိုးရွှေနှင့် သက်တူရွယ်တူ ၄၀ ခန့် ရှိပြီး ရိုးရိုးအေးအေး၊ တုံးတုံးအအ ပုံစံ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ဦးစိုးရွှေ သေဆုံးကြောင်း ကြားရသောအခါ စိတ်မကောင်းပင် ဖြစ်သွားသေးသည်ကို တွေ့ရသည်။ သူမ ပုံစံမှာလည်း ဟန်ဆောင်နေပုံ မရပါ။ ဦးစိုးရွှေက မထောက်ပံ့သဖြင့် ကသီလင်တ ဖြစ်နေပုံ ရသော်လည်း သူမက ဘာမှ မဖြစ်သလို ဟန်ဆောင်နေသည်။ သူတို့ သားအကြီးလေးက ရှစ်တန်း ကျောင်းသား ဖြစ်ပြီး သမီးလေးက ငါးတန်း ရောက်နေပြီ။ ဦးစိုးရွှေ က မူးလာလျှင် သူမကို ရိုက်နှက် တတ်သည့်အပြင် ကလေးတွေကိုပါ ရိုက်တတ် သောကြောင့် သူမက စတင်၍ ကွာရှင်းခွင့် တောင်းခဲ့ကြောင်း၊ ထို့ကြောင့်ပင် ဦးစိုးရွှေက ကွာပေးပြီးနောက် ကလေးစားရိတ်ပင် မထောက်သည့်ပြင် ကလေးများကို တစ်ခါမှလည်း လာမကြည့်ခဲ့ကြောင်း၊ ကွာရှင်းခဲ့သည်မှာ တစ်နှစ်နီးပါးပင် ရှိတော့မည် ဖြစ်ကြောင်း၊ ခုချိန်မှ သူနှင့် အဆက်အသွယ် လုံးဝ မရှိကြောင်း သူမက ပြောပြခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမ ဘယ်သံလား၊ ညာသံလား သိရအောင် ရုံးခန်းကို တစ်ခါလောက်တော့ ခေါ်၍ မေးမြန်း ရလိမ့်မည်။

သဲမွန်ကိုလည်း သံသယ တရားခံ အဖြစ်နှင့် ထိန်းသိမ်း မထားသေးပဲ အိမ်ပြန်ခိုင်းလိုက်သည်။ စိမ်းဝတီ စိတ်ထဲတွင် သူမ ဘယ်လိုမှ မဖြစ်နိုင်တာ သိနေသည်။

နောက်တစ်နေ့ မနက်မှာ ဦးစိုးရွှေ၏ ဇနီးဟောင်းနှင့် သားအကြီးလေး ကို ခေါ်ယူမေးမြန်း ရသည်။ ဦးစိုးရွှေ အသတ်ခံရသော ညက သူတို့ အိမ်မှာ သူတို့ အိပ်နေကြသောကြောင့် တစ်ခြား သက်သေ ခေါ်ပြစရာ လူမရှိသည်က လွဲ၍ သူတို့ ပြောသည်မှာ ဘာမှ ထူးထူးခြားခြား မရှိပါ။ အမှန်အတိုင်း ပြောနေမှာလည်း ပုံစံကြည့်သည် နှင့်ပင် သိသာသည်။ သို့သော် ဦးစိုးရွှေ၏ ဇနီးမှာ ညာသံ ဖြစ်သော်လည်း သူ့သားကြီးမှာ ဘယ်သံ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ရှစ်တန်း ကျောင်းသား ဖြစ်၍ အစစ အရာရာ သိတတ်နေပြီ ဖြစ်သော ထိုကောင်ကလေး၏ လေသံမှာ သူ့အဖေကို မုန်းတီးနေကြောင်း အားလုံး သိလိုက်ကြသည်။ ကောင်လေး ၏ ပြောပြချက်အရ ဦးစိုးရွှေမှာလည်း မုန်းထိုက်သူ ဖြစ်ကြောင်း စိမ်း လက်ခံသည်။ ကောင်လေး ငယ်ငယ်က ဦးစိုးရွှေ အရက်မူးနေခိုက် သူ့စကား နားမထောင်သည်ကို စိတ်ဆိုးပြီး ရေချိုးခန်းထဲမှ ရေနွေးပူ ပိုက်ဖြင့် ကောင်လေးကို လောင်းချဖူးသည် ဆို၏။ ကောင်လေးက သူ့ပခုံးမှ အနာရွတ်များကိုပင် ပြသေးသည်။

ရှစ်တန်း ကျောင်းသား တစ်ယောက်သည် အရက်မူးနေသော လူကြီး တစ်ယောက်ကို ဓါးနှင့် ထိုးလျှင် ဖြစ်နိုင်မည်။ ထို့ပြင် သူ့အဖေက သူ့သားကို တံခါးဖွင့်ပေးပြီး အတူတူ အိမ်ထဲ ဝင်လာရန် ဖြစ်နိုင်သည်။ သို့သော် စိမ်းဝတီတို့မှာ လူသတ်သမားက ဘယ်သံ ဖြစ်သည် ဆိုတာက လွဲပြီး တစ်ခြား တိကျ သေချာသော သက်သေ ဘာမှ မရှိသေးသဖြင့် ဘယ်သူ့ကိုမှ တပ်အပ် စွပ်စွဲရန် မဖြစ်နိုင်သေးပါ။
*******

ငါးရက် ကြာပြီးသည့် အချိန်မှာတော့ နောက်ထပ် အမှုတစ်ခု ထပ်ဖြစ်လာသည်။ နေရာက ကားရပ်နားရာ နေရာမှာ ဖြစ်သည်။ သေသူမှာ အသက် ၅၀ ခန့်ရှိ ဦးသက်နိုင် ဆိုသူ ဖြစ်သည်။ ကားအတွင်းသို့ ဝင်ကာနီးမှာ အသတ်ခံရခြင်း ဖြစ်သည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဓါးနှင့် ထိုးသတ်ထားသော ဒဏ်ရာများနှင့် သေဆုံးနေခြင်း ဖြစ်သည်။ ဓါးကိုတော့ အနီးအနားတွင် မတွေ့ရပါ။

ထက်အာကာက ကားရပ်နားရာရှိ security camera ကို ချက်ချင်း သတိရပြီး သွားရောက်စစ်ဆေးသည်။ သို့သော် ဘယ် ကင်မရာ မြင်ကွင်းကမှ အခင်းဖြစ်သော နေရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ သေသူကို သတ်သွားသော ကားတံခါးပေါက်မှာ တိုင်တစ်ခု နှင့် ကွယ်နေသည်။ ထိုနေရာမှာ ခပ်ရုတ်ရုတ် ဖြစ်သွားသည့်ပုံကို တွေ့ရသော်လည်း သေသူ လဲကျသွားသည်ကိုသာ မြင်ရပြီး လူသတ်သမားကို မမြင်ရပါ။ လူသတ်သမားမှာ အတော်လေး သတိရှိသူ ဖြစ်နိုင်သည်။ ထိုကားပါကင်သို့  ဝင်ထွက်သော ကားတစ်ချို့နှင့် ရပ်ထားသော ကားတစ်ချို့ကို တော့ ကင်မရာ မြင်ကွင်းမှာ မြင်ရသည်ဟု ဆိုသည်။ စိမ်းဝတီသည် ထက်အာကာကို ထိုညအတွက် ကင်မရာ မှတ်တမ်းကို ကော်ပီကူးလာ ခိုင်းလိုက်သည်။

စိမ်းဝတီတို့သည် ထုံးစံအတိုင်း အခင်းဖြစ်ပွားရာ တဝိုက်တွင် လက်ဗွေရာ ရနိုင်သလောက် ရှာယူ၍ စစ်ကြည့်သော အခါမှာ သေသူ၏ လက်ဗွေရာ တစ်ချို့မှ လွဲ၍ အခြား မတွေ့ရပါ။ လူသတ်သမားသည် စေ့စပ်သေချာသူ ဖြစ်သည်။ အသေးအဖွဲ သဲလွန်စလေးကအစ မကျန်အောင် သေသေသပ်သပ် လုပ်ဆောင် သွားကြောင်း တွေ့ရသည်။ စိမ်း စိတ်ထဲတွင် ဤလူသတ်မှု နှစ်ခုကို လူသတ်သမား တစ်ယောက်တည်းက ကျူးလွန်သွားသည်ဟု ထင်နေသည်။ ဓါးဖြင့် ထိုးသော ပုံသဏ္ဍန်မှာ တူညီသည်။ သဲလွန်စ မကျန်အောင် စေ့စေ့စပ်စပ် ဖျက်သွာတာချင်း တူသည်။ မတူတာ တစ်ခုပဲ ရှိသည်။ ပထမ လူသတ်မှုမှာ လူသတ်လက်နက်ကို ဒီတိုင်း ထားပစ်ခဲ့သည်။ ဒုတိယ တစ်ခုမှာတော့ လူသတ်လက်နက်ကို အနီးတွင် မထားခဲ့ပါ။

နေထွဋ် နှင့် ထက်အာကာ မှာ သေသူ နေထိုင်ရာ အနီးတဝိုက်သို့ သွားရောက် စုံစမ်းကြသည်။ သေသူမှာ မိန်းမနှင့် ကွဲနေသူ ဖြစ်ပြီး တစ်ယောက်တည်း နေထိုင်ကြောင်း သိရသည်။ အတည်တကျ နောက်မိန်းမ မရှိသော်လည်း မကြာခဏ မိန်းကလေးများကို သူ့တိုက်ခန်းသို့ ခေါ်လာတတ်ကြောင်း အိမ်နီးချင်းများက ပြော၍ သိရသည်။ သေသူ၏ အလုပ်ထဲသို့ သွားရောက် မေးမြန်းရာမှာလည်း မတည့်သူ မရှိကြောင်း သိရသည်။ ဦးသက်နိုင်နှင့် နီးစပ်သော မိတ်ဆွေများ ပြောပြချက်အရ သူသည် အပေါင်းအသင်းများ အပေါ်တွင် ဆက်ဆံရေး ကောင်းသလောက် သူ၏ မိသားစု အပေါ်တွင် ဂရုတစိုက် မရှိသောကြောင့် အိမ်ထောင်ရေး ပြိုကွဲခဲ့ကြောင်း ပြောကြသည်။

စိမ်းဝတီတို့ ဆက်လက် စုံစမ်းကြသောအခါ ဦးသက်နိုင်၏ ဇနီးဟောင်းမှာ လွန်ခဲ့သော ခြောက်လကပင် သေဆုံးခဲ့ပြီ ဖြစ်ပြီး သူတို့၏ တစ်ဦးတည်းသော သားမှာ ယခုအခါ ဆေးတက္ကသိုလ်(-) ၌ တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိလာရသည်။ စိမ်းဝတီ နှင့် ရဲစွမ်းနိုင်က ထိုလူငယ်ကို သွားတွေ့ကြသည်။ သူတို့ အတန်း မပြီးသေးသောကြောင့် စောင့်နေရင်းနှင့် စွမ်းနိုင်က သူ့အသိ အစ်မ တစ်ယောက် ကို သွားတွေ့ချင်သည် ဆိုပြီး ဌာန တစ်ခုထဲ ဝင်သောကြောင့် စိမ်းပါ လိုက်သွားရသည်။

သူမ နာမည်က ဒေါက်တာမြင့်မြင့်သွယ်။ နာမည်နှင့် လိုက်အောင်ပင် အရပ်မြင့်မြင့် သွယ်သွယ်လျလျနှင့် မြင်လိုက်သည်နှင့်ပင် ထက်မြက်လှပသော မိန်းမ တစ်ယောက်မှန်း သိသာသည်။ အသက်ကတော့ ၄၀ ဝန်းကျင်ခန့် ဖြစ်လိမ့်မည် ထင်သည်။ စိမ်းတို့ တွေ့လိုသော ထက်သာ ဆိုသည့် ကျောင်းသားမှာလည်း သူမ တပည့် ဖြစ်နေသည်။ သူမကလည်း ထက်သာတို့ မိသားစု အကြောင်းကို ခရေစေ့တွင်းကျ သိနေခဲ့သည်။ ထက်သာ သည် ငယ်စဉ်ကပင် သူ့အဖေ၏ နှိပ်စက်မှုကို ခံခဲ့ရကြောင်း၊ သူ ၇ တန်းနှစ်မှာပင် သူ့အဖေနှင့် အမေ ကွဲခဲ့ကြကြောင်း၊ ကွဲရသော အကြောင်းမှာ သူ့အဖေ မူးလာလျှင် သားအမိ နှစ်ယောက်ကို နှိပ်စက်ခြင်း အပြင် အခြား မိန်းမများနှင့် ပွေရှုပ်ခြင်းကို သူ့အမေက လက်မခံနိုင်သည့် အဆုံး၌ ကွဲကြခြင်း ဖြစ်သည်၊ ဟု ဆိုသည်။

“ကျွန်တော့်မှာ သူ့အကြောင်း ပြောစရာ ဘာမှ မရှိပါဘူးဗျာ၊ သူနဲ့ မပတ်သက်တော့တာ ကြာပဲ ကြာလှပြီ၊ သူ့နာမည်လည်း မကြားချင်ပါဘူး၊ သူ အသတ်ခံရတာလည်း ကျွန်တော် ဘာမှ မခံစားရဘူး၊ ကျွန်တော်နဲ့ ဘာမှလည်း မဆိုင်ဘူး”
ထက်သော်က ဆိုသည်။
“ပြီးခဲ့တဲ့ ညက မင်း ဘယ်ရောက်နေတယ် ဆိုတာလေးပဲ ပြောပြနိုင်မလား မောင်ထက်သော်”
“ပြောနိုင်ပါတယ်၊ ညက သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲ ရှိလို့ ည ၈ နာရီ ကတည်းက ရောက်နေတာ ၂ နာရီလောက်မှ အဲဒီအိမ်မှာပဲ အားလုံး အိပ်လိုက်ကြတယ်၊ သူငယ်ချင်းတွေကို မေးကြည့်လို့ ရပါတယ်”

သူ့သူငယ်ချင်းများကလည်း သူပြောသည်မှာ မှန်ကြောင်း ထောက်ခံကြသည်။ ညက သူတို့ ဆိုကြ သောက်ကြ သည်ကို ရိုက်ထားသော ဗီဒီယိုကိုပင် ပြသေးသည်။ သူတို့ ရှိနေသော မွေးနေ့ပွဲ နေရာနှင့် ထက်သော်၏ အဖေ အသတ်ခံရသော နေရာမှာ အနည်းငယ် ဝေးသည်။ မွေးနေ့ပွဲမှ ခေတ္တထွက်ပြီး လူသတ်မှု ဖြစ်သော နေရာသို့ သွားရန်မှာ သိပ်ဖြစ်နိုင်သော ကိစ္စ မဟုတ်ပါ။ ထက်သော်ကို အိမ်လိပ်စာနှင့် ဖုန်းနံပါတ် ရေးပေးခိုင်းရာ သူက ညာလက်နှင့် ရေးပေးခဲ့သည်။ လူသတ်သမားသည် ပထမ အမှုကို ကျူးလွန်သူပင် ဖြစ်လျှင် ဘယ်သံ ဖြစ်နေမည် ဖြစ်သောကြောင့်ပင်။

ထက်သော် ဆီမှ ပြန်လာပြီးနောက် စိမ်းဝတီသည် အလောင်းကို စစ်ဆေးနေသာ မှုခင်း ဆရာဝန်ဆီသို့ သွားလိုက်သည်။ ဒေါက်တာ ဇလပ်ဖြူ၏ ခွဲစိတ်စစ်ဆေးမှုအရ ဦးသက်နိုင်ကို သတ်သော လူသတ်သမားမှာ ဘယ်သံတစ်ယောက် ဖြစ်ကြောင်း သိရသည်။ ပထမအမှုနှင့် ဒုတိယအမှု ကို ကျူးလွန်သူမှာ တစ်ယောက်တည်း ဖြစ်ကြောင်း သေချာသလောက် ရှိသည်။ ထို အမှု နှစ်မှု ၏ အဆက်အစပ်ကို စုံစမ်းဖို့ လိုသည်။ လူသတ်သမားသည် ဘာအကြောင်းနှင့် သတ်သည်ကို သိရဖို့ လိုသည်။

စိမ်းဝတီသည် ရုံးခန်းသို့ ပြန်ရောက်လာပြီးနောက် နွယ်နီနိုင်ကို လူသတ်မှု နှစ်မှု၏ အဆက်အစပ်ကို ရနိုင်သလောက် ရှာကြည့်ဖို့ ပြောလိုက်သည်။ နွယ်နီ ကလည်း အစကပင် ကွန်ပျူတာရှေ့မှာ ဦးသက်နိုင် အကြောင်း ရှာဖွေ နေခဲ့သည်။

ထက်သော်၏ ဘလော့မှာ သူ့အဖေ အကြောင်း ရေးထားသော စာတစ်ချို့ကို တွေ့ရသည်။ သူ ငယ်စဉ်က သူ့အဖေက စိတ်ဆိုးပြီး ရေချိုးခန်းထဲမှာ ရေနွေးပိုက်နဲ့ လောင်းခဲ့သော အကြောင်း၊ ထမင်းမကျွေးပဲ အခန်းထဲ ပိတ်ထားတတ်သည့် အကြောင်း.. ရေးသား ထားသည်ကို တွေ့ရသည်။

ပထမ အသတ်ခံရသော ဦးစိုးရွှေသည်လည်း အရက်မူးပြီး သူ့သားကို ရေချိုးခန်းထဲ ခေါ်သွားကာ ရေနွေးပူနှင့် လောင်းဖူးသည်။ ဤအချက်သည် အသတ်ခံရသူ နှစ်ယောက်၏ တူညီသော အကျင့်စရိုက်တစ်ခု ဖြစ်သည်။

*******

နောက်ထပ် သုံးရက် အကြာမှာ အမှုသစ် တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ဒီတစ်ခါတော့ လမ်းကြားတစ်ခုထဲမှာ ဖြစ်သည်။ သေသူမှာ မူးပြီးပြန်လာသော အသက် ၄၀ ဝန်းကျင် ယောက်ျား တစ်ယောက်ပင် ဖြစ်သည်။ ယခင်အမှုများလိုပင် ဓါးဖြင့် ထိုးသတ် ထားခြင်း ဖြစ်သည်။ ဓါးချက်က ခါတိုင်းထက် များသည်။ သေသူမှာ ခပ်ဝဝမို့ သေချာအောင် ပိုပိုသာသာ ထိုးသွားသည် ထင်၏။ လူသတ်လက်နက် ကို အနီးအနားတွင် မတွေ့ရပါ။ လူသတ်သမားသည် အရင်အခါများလိုပင် သဲလွန်စမကျန်အောင် သေသေချာချာ ဖျောက်ဖျက်သွားပါသည်။ အရင်အခါများလိုပင် မျက်မြင်သက်သေလည်း တစ်ယောက်မှ မရှိခဲ့ပါ။

ဒေါက်တာ ဇလပ်ဖြူလည်း အလောင်းကို စစ်ကြည့်သောအခါ သတ်သူမှာ အရင်နှစ်ယောက် လိုပင် ဘယ်သံ ဖြစ်ကြောင်း တွေ့ ရသည်။ သေဆုံးသော အချိန်မှာ ည ၁၁ နာရီလောက် ဖြစ်သည်။ လူနာ၏ အစာအိမ်ထဲတွင် အရက်တွေလည်း တော်တော်များများ တွေ့ရသည်။ တစ်ခြားတော့ ဘာမှ ထူးထူးခြားခြား သဲလွန်စ မရပါ။

သေသူမှာ ဦးမြင့်အေး ဆိုသူ ဖြစ်ပြီး မိန်းမနှင့် ကွဲနေသူ ဖြစ်သည်။ အသက် ၇နှစ် အရွယ် သားတစ်ယောက် ရှိခဲ့သော်လည်း လွန်ခဲ့သော ၆လ ကပင် ဆုံးပါးခဲ့ပြီး ဖြစ်သည်။ ထိုသား ဆုံးပါးရသော ကိစ္စနှင့် ပတ်သက်ပြီး လင်မယား စကားများကာ ကွာရှင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

နေထွဋ် နှင့် ထက်အာကာက ဦးမြင့်အေး၏ အမျိုးသမီး နေထိုင်ရာသို့ သွားရောက် မေးမြန်းသောအခါ သူတို့ သားကလေး သေဆုံးရခြင်းမှာ ဦးမြင့်အေး၏ ပယောဂ မကင်းကြောင်း သိရသည်။ ဦးမြင့်အေးသည် အရက်မူးပြီး စိတ်ဆိုးကာ ကလေးကို အမှောင်ခန်းတစ်ခုထဲ ထည့်ကာ သော့ခတ် ပိတ်ခဲ့ကြောင်း၊ သော့ကို သူက သိမ်းထားသောကြောင့် သူမမှာလည်း ဖွင့်ပေး၍ မရခဲ့ကြောင်း၊ အတင်းလုယူရာတွင် သူမကို ရိုက်နှက်သဖြင့် မရခဲ့ကြောင်း၊ မနက်မိုးလင်းမှ ဖွင့်ပေးရာ ကလေးက အရမ်း ကြောက်လန့်ပြီး အဖျားကြီး နေခဲ့ကြောင်း၊ ဆေးခန်းသွားသော်လည်း မရတော့ပဲ ဆုံးပါးခဲ့ကြောင်း သိလာရသည်။ နောက်တစ်ခု သိခဲ့ရသည်မှာ ဦးမြင့်အေး ၏ ကွဲကွာနေသော အမျိုးသမီး ဒေါ်သိန်းသိန်း သည် ဘယ်သံ ဖြစ်ကြောင်းပင်။

လောလောလတ်လတ် အမှုမပေါ်သေးသော လူသတ်မှုက သုံးခုတောင် ဖြစ်လာသောအခါ အထက်ကလည်း စိမ်းဝတီ တို့ အဖွဲ့ကို ကြိမ်းနေလေပြီ။ လူသတ်မှု သုံးခုလုံးမှာ ပုံစံတူဖြစ်နေပြီး စိတ္တဇ လူသတ်သမား တစ်ဦးဦး၏ လက်ချက် ဖြစ်ကြောင်း သေချာနေလေပြီ။ လူသတ်သမားသည် မည်သို့သော လူမျိုးကို ရွေးချယ် သတ်ဖြတ်သည်ကို ဆန်းစစ်ကြည့်ဖို့  လိုအပ်လာသည်။

စိမ်းဝတီ၊ ရဲစွမ်းနိုင် နှင့် ထက်အာကာ တို့သည် အသတ်ခံရသော လူသုံးဦး နှင့် ပတ်သက်၍ သိရသမျှကို ဘုတ်ပေါ်တွင် ကပ်ထားပြီး ဆွေးနွေးမိကြသည်။ နွယ်နီကတော့ ကွန်ပျူတာ ရှေ့မှာ ထိုင်ပြီး တစ်ခုခုကို ရှာဖွေနေဆဲ ဖြစ်သည်။

“ဒီ လူသတ်မှု သုံးခုကို ကျူးလွန်သူက တစ်ယောက်တည်း ဆိုတာတော့ သေချာနေပြီ၊ ဒါပေမယ့် သူ့  သားကောင်ကို ဘယ်လို ရွေးလဲ ဆိုတာ သေချာ သိဖို့  လိုတာ”
ထက်အာကာ က ပြောသည်။

 “တူညီတဲ့ အချက်တစ်ခုက အသတ်ခံရတဲ့လူ သုံးယောက်လုံးဟာ အိမ်ထောင်ကွဲတွေ ဖြစ်တယ်”
နေထွဋ်က ပြောသည်။

ရဲစွမ်းနိုင်က   “အသတ်ခံရတဲ့ အချိန်မှာ သုံးယောက်လုံး အရက်သောက်ထားတယ်” ဟု ဆိုသည်။

စိမ်းဝတီကလည်း “သူတို့ သားတွေကို ရက်ရက်စက်စက် နှိပ်စက်ခဲ့တယ်” ဟု ဖြည့်ပေးလိုက်သည်။

“ဒါလောက်နဲ့တော့ ဘာမှ ကောက်ချက်ချလို့  မရသေးဘူး၊ သေသွားတဲ့ လူ သုံးယောက်ဟာ ဘယ်နေရာမှာမှ ဆက်စပ် ပတ်သက်မှု မရှိဘူး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တစ်ခြားစီပဲ၊ ဒီတော့ ဒီလူ သုံးယောက် အကြောင်းကို လူသတ်သမားက ဘယ်လိုနည်းနဲ့ သိခဲ့သလဲ”
စိမ်းဝတီ ၏ အမေးကို ဘယ်သူ့မှာမှ ဖြေစရာ အဖြေမရှိပါ။

ထိုအချိန်မှာပင် နွယ်နီနိုင်က သူ့အခန်းထဲမှ အပြေးအလွှား ထွက်လာသည်။
“သေတဲ့လူ သုံးယောက်ရဲ့ အဆက်အစပ်ကို သိရပြီ”
နွယ်နီနိုင်က ပြောလိုက်သည်။ စိမ်းဝတီ၏ စားပွဲပေါ်ရှိ ကွန်ပျူတာမှာ website ကို ဖွင့်ပြသဖြင့် အားလုံးက ဝိုင်းကြည့်လိုက်ကြသည်။

“ဒီ website ထဲမှာ အသတ်ခံရတဲ့ လူ သုံးယောက်စလုံးရဲ့ အကြောင်း ပါတယ်၊ မိန်းမကို ဘယ်လိုနှိပ်စက် ခဲ့တယ်၊ ကလေးကို ဘယ်လို နှိပ်စက်ခဲ့တယ် ဆိုတဲ့ အကြောင်းတွေ အသေးစိတ် ရေးထားတာ၊ ပထမ ဦးစိုးရွှေ အကြောင်းတင်တယ်။ နောက် နှစ်ရက်နေတော့ ဦးစိုးရွှေ အသတ်ခံရတယ်။ ဒုတိယ ဦးသက်နိုင် အကြောင်း တင်တယ်၊ နောက်တစ်ရက် ဦးသက်နိုင် အသက်ခံရတယ်။ တစ်နေ့က မနက်ပိုင်းမှာ ဦးမြင့်အေး အကြောင်း တင်ထားတာ တွေ့ရတယ်။ လူသတ်သမား ဟာ ဒီ site ကနေ သူ သတ်မယ့် လူတွေ အကြောင်းကို သိခဲ့တာပဲ”

နွယ်နီက သူရှာဖွေ တွေ့ခဲ့သမျှကို ရှင်းပြသည်။

“ဒါဖြင့် ဒီ website ကို ကြည့်တဲ့လူတိုင်း ဒီအကြောင်းတွေကို သိနိုင်တာပေါ့၊ လူသတ်သမားကို ဘယ်လိုလုပ် ရှာလို့ ရနိုင်ပါ့မလဲ”
ရဲစွမ်းနိုင်က စိတ်ပျက်လက်ပျက် ပြောသည်။

“ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ဒီလို သိရတာ အမြတ်ပဲ၊ ဒီ website ရဲ့ admin က ဘယ်သူလဲ၊ ဒါကို တင်တဲ့ စက်ရဲ့ IP address က ဘယ်ကလဲ ဆိုတာကို ရှာရမယ်၊ နောက်ပြီးတော့ သေသူ သုံးယောက် အကြောင်း ဘယ်သူတွေ တင်ထားတာလဲ ဆိုတာလည်း ရှာရမယ်”
စိမ်းဝတီက ပြောလိုက်သည်။ နွယ်နီနိုင်လည်း သူ့စက်ခန်းထဲ ပြန်ဝင်သွားသည်။

စိမ်းဝတီလည်း ထို website ကို ဆက်ကြည့်နေလိုက်သည်။ ထို page မှာ အိမ်ထောင့်တာဝန် မကျေပွန်သော ယောက်ျားများ အကြောင်း၊ မိန်းမ ပွေရှုပ်တတ်သော အိမ်ထောင်သည် ယောက်ျား များအကြောင်း၊ မိန်းမ နှင့် သားသမီးများကို နှိပ်စက်တတ်သော ယောက်ျားများ အကြောင်း အတွေ့အကြုံများကို တင်ကာ အပြန်အလှန် ဆွေးနွေးကြသော page ဖြစ်သည်။ ဦးသက်နိုင် အကြောင်း ရေးထားသူမှာ သူ့သား ထက်သော် ဖြစ်သည်။ ကျန်နှစ်ယောက် အကြောင်း ရေးသူတွေကိုတော့ ဘယ်သူမှန်း မသိသေးပါ။ ထို ပို့စ် သုံးခုစလုံးတွင် ပါဝင် ဆွေးနွေး ထားသူ တစ်ယောက်မှာ ပါမောက္ခ ဒေါ်မြင့်မြင့်သွယ် ဖြစ်နေသည်ကိုပါ တွေ့လာရသည်။

“စွမ်းနိုင်ရေ.. တို့နှစ်ယောက် ဆေးတက္ကသိုလ်ကို သွားကြဦးစို့”
“ဘာဖြစ်လို့လဲစိမ်း၊ ထက်သော်ကို မေးစရာ ရှိသေးလို့လား”
“မဟုတ်ဘူး၊ ဒေါ်မြင့်မြင့်သွယ်ကို မေးစရာလေး နည်းနည်း ရှိလို့”

စိမ်းဝတီ နှင့် စွမ်းနိုင် တို့နှစ်ယောက် ဆေးတက္ကသိုလ်သို့ရောက်သွားသောအခါ ပါမောက္ခ ဒေါ်မြင့်မြင့်သွယ်ကို သူ့အခန်းထဲတွင် အဆင့်သင့်ပင် တွေ့ရသည်။ စိမ်းဝတီက website ပေါ်မှ သူမ၏ ဆွေးနွေးချက် အကြောင်း မေးမြန်းသောအခါ သူမက ထို site ကို သူမ တင်ထားခြင်း ဖြစ်ကြောင်း၊ အဖေ အမေ မပီသသူများ၏ ရက်စက်မှုကို ခံခဲ့ကြရသော ကလေးများ၏ စိတ်ဒဏ်ရာကို ဆွေးနွေး ဖြေသိမ့်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောသည်။

“ဒေါက်တာ့ ရဲ့ website မှာ post တင်ထားတဲ့ အကြောင်းအရာတွေထဲမှာ ပါတဲ့ လူ သုံးယောက် လောလောလတ်လတ် အသတ်ခံ လိုက်ရတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောစရာများ ရှိလဲ မသိဘူးနော်”

“ဒါကတော့ ကိုယ်နဲ့ မဆိုင်ဘူးလေ၊ ကိုယ်ဘက်ကတော့ ငယ်ငယ်က စိတ်ဒဏ်ရာ ရဖူးတဲ့ ကလေးတွေ အတွက် ရင်ဖွင့် စရာ တစ်ခု အနေနဲ့ ဒီ site ကို ဖွင့်ပေးထားတာပါ၊ ဒါကို ဖတ်မိတဲ့ လူတွေ အများကြီး ရှိမှာပဲလေ၊ ဒီအထဲက တစ်ယောက်ယောက်က အစွန်းရောက်တဲ့ စိတ်နဲ့ လုပ်မယ်ဆိုလည်း ဖြစ်နိုင်ပါတယ်၊ ကိုယ့်အနေနဲ့တော့ ဘာမှ ပြောနိုင်တာ မရှိပါဘူး”

“ဒီထဲမှာ ထက်သော်ကလည်း သူ့အဖေ အကြောင်း တင်ထားတယ်နော်”
“ဟုတ်တယ်၊ ဒါပေမယ့် ဒီကောင်လေးကတော့ အဲလို စိတ္တဇမျိုး မရှိနိုင်ဘူး၊ အခုအချိန်မှာ ပေါင်းသင်းဆက်ဆံရေး လည်း အဆင်ပြေတယ်၊ စာလည်း တော်တယ်၊ ပုံမမှန်တာ တစ်ခုမှ မရှိပါဘူးကွယ်”

“ကျွန်တော်တို့ကလည်း ထက်သော်ကို မထင်ပါဘူး၊ ဒါပေမယ့် လူသတ်သမားဟာ ဒီ website ကို ကြည့်တာတော့ သေချာတယ် ဒေါက်တာ”
စွမ်းနိုင်က ပြောသည်။

“ဒါက မောင်လေးတို့ စုံစမ်းရမယ့် ကိစ္စပဲလေ၊ ကဲ ကိုယ်လည်း အတန်းချိန် ဝင်စရာ ရှိသေးတယ်”
“တစ်ခုလေး ဒေါက်တာ၊ စိတ်မရှိပါနဲ့ ၊ ဒေါက်တာ ညက ဘယ်မှာ ရှိနေခဲ့လဲ ဆိုတာလေး တစ်ချက်လောက် ပြောပေးပါလား”
စိမ်းက မေးလိုက်သည်။

“ညကလား၊ ကိုယ် ဒီ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရင်း အိပ်ပျော်သွားလို့  အိမ်မပြန်ဖြစ်ဘူး”
“ဟုတ်ကဲ့ ၊ အခုလို ဖြေတာ ကျေးဇူးပါ ဒေါက်တာ”

အခန်းထဲမှ ပြန်မထွက်ခင် ဒေါက်တာ့ အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်တော့ စိမ်းဝတီတို့ မလာခင်က သုံးနေပုံ ရသော ဒေါက်တာ့ ကွန်ပျူတာ ဘေးမှ mouse သည် ညာဘက်တွင် ရှိနေသည်ကို သတိထားမိလိုက်သည်။
ဒေါက်တာ့ကို မသင်္ကာသည် မဟုတ်သော်လည်း သူပြောတာ မှန်မမှန် သိရန်အတွက် သူ့အဆောင်ရှေ့မှ အစောင့်ကြီးကို စုံစမ်းသောအခါ ညက ဒေါ်မြင့်မြင့်သွယ် အခန်းက တစ်ညလုံး မီးလင်းနေခဲ့ကြောင်း၊ ညဘက် ပြန်သည်ကို မတွေ့မိကြောင်း ဆိုသည်။ သို့သော် တစ်ခုတော့ ရှိသည်။ သူမ ကားသည် နောက်ဘက် ကားရပ်နားရာတွင် ရပ်လေ့ရှိပြီး အနည်းငယ် ကွေ့ပတ်သွားရသော နောက်ဘက် ထွက်ပေါက်မှလည်း ထွက်၍ ရသည်။ ထိုသို့ ထွက်လျှင် အရှေ့ပေါက်မှ အစောင့်ကြီးက သိလိမ့်မည် မဟုတ်ပါပေ။

စိမ်းဝတီတို့ ပြန်လာသော လမ်းမှာ နွယ်နီက ဖုန်းဆက်သည်။ ပထမ သေသူ နှင့် ဒုတိယ သေသူ အကြောင်း တင်ထားသူ နှစ်ယောက်၏ IP address နှင့် လိပ်စာကို သိရပြီ ဆိုသော အကြောင်းပင်။
“ဒါဆို ကိုနေ နဲ့ ထက်အာကာ က တစ်နေရာ သွားလိုက်လေ၊ ကိုယ်တို့ နှစ်ယောက်က (…) ရိပ်သာ ထဲ သွားလိုက်မယ်၊ အခု လမ်းသင့်နေတယ်၊ လိပ်စာသာ သေချာပြောတော့”
နွယ်နီနိုင် ပြောသော လိပ်စာကို ပြန်ရွတ်ပြလိုက်သောအခါ ကားမောင်းနေသော စွမ်းနိုင်က ကားကို ထိုနေရာသို့ ဦးတည်လိုက်သည်။

“နေပါဦး ဒီလိပ်စာကို မြင်ဖူးသလိုပဲ.. စွမ်းရဲ့”
“ကျွန်တော်တော့ တစ်ခါမှ မသွားဖူးပါဘူး”

ဟိုအိမ်ကို ရောက်မှ ထိုလိပ်စာမှာ တတိယ သေဆုံးသူ ဦးမြင့်အေး၏ မိန်းမ ဒေါ်သိန်းသိန်း နေထိုင်သော အိမ် ဖြစ်နေကြောင်း သိရသည်။ ထိုအိမ်မှာ ဒေါ်သိန်းသိန်း၏ မိဘ အိမ် ဖြစ်ပြီး၊ သူမ အမေ၊ ညီမ တို့နှင့် အတူနေကြောင်း သိရသည်။ ဒေါ်သိန်းသိန်း ၏ ယောက်ျား ကို သူမ အိမ်က အစကတည်းက သဘောမတူ ခဲ့ပဲ ထိုယောက်ျားနှင့် ယူသဖြင့် စွန့်ပစ်ထားခဲ့သည်။ ယခု ထိုယောက်ျားနှင့် ကွဲသောအခါမှ အိမ်က ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။ သူမ ယောက်ျား အကြောင်း ပို့စ် တင်သူမှာ ဒေါ်သိန်းသိန်း မဟုတ်ပဲ သူမ ညီမ ဒေါ်ဆင့်ဆင့် ဖြစ်သည်။ ဒေါ်ဆင့်ဆင့်မှာ ကွန်ပျူတာနှင့် ပတ်သက်သော အလုပ်အကိုင်ကို လုပ်ကိုင်နေသူ ဖြစ်ပြီး အပျိုကြီး တစ်ယောက် ဖြစ်ကာ ဒေါ်သိန်းသိန်း၏ ယောက်ျားကိုလည်း နဂိုကတည်းကပင် ကြည့်မရသူ ဖြစ်သောကြောင့် ထိုအကြောင်းကို တင်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်သိန်းသိန်း၏ ယောက်ျား သေဆုံးသော ညက ဒေါ်ဆင့်ဆင့်သည် ရုံးတွင် လုပ်ဖော်ကိုင်ဖက် တစ်ချို့နှင့် အတူ အချိန်ပို ဆင်းနေခဲ့သည် ဟု ဆိုသည်။ သူမသည် ရုံးသို့ ကိုယ်ပိုင်ကားဖြင့် တက်သူ ဖြစ်သည်။ ဒေါ်ဆင့်ဆင့်၏ ကွန်ပျူတာကို ကြည့်ရှု ရာတွင် သူမမှာ ညာသံ ဖြစ်ကြောင်း သိလိုက်ရသည်။

ပထမ အသတ်ခံရသူ ဦးစိုးရွှေ အကြောင်း တင်သူကို နေထွဋ် နှင့် ထက်အာကာတို့ သွားရောက် စုံစမ်းရာတွင် ဦးစိုးရွှေ သားအကြီး၏ အတန်းပိုင် ဆရာမ တစ်ယောက် ဖြစ်နေသည်။ ဆရာမသည် ပိန်ပိန်သေးသေး ပုပု ညှက်ညှက်ကလေး ဖြစ်သည်။ ဦးမြင့်အေးလို ခပ်ဝဝ လူတစ်ယောက်ကို ပြန်လည် မခုခံနိုင်အောင် ဓါးဖြင့် ထိုးရန် သိပ်မဖြစ်နိုင်ဟု ထင်ရသည်။ သို့သော် ထို ဆရာမသည် ဘယ်ရော ညာရော နှစ်ဖက်စလုံး အသုံးပြု နိုင်သူ ဖြစ်နေပြန်သည်။

ရုံးခန်းထဲ ပြန်ရောက်ကြပြီးနောက် စိမ်းသည် ဦးသက်နိုင် အသတ်ခံရသော ကားပါကင်မှာ ထိုးထားသော ကားများကို သေချာ ပြန်မစစ်ရသေးသည်ကို သတိရပြီး ကားနံပါတ်များနှင့် ပိုင်ရှင်များကို လိုက်ရှာ ကြည့်နေလိုက်သည်။

စိတ္တဇ လူသတ်သမား ဘယ်သူ ဘယ်ဝါ ဆိုတာ သေချာ စွပ်စွဲနိုင်လောက်သော အထောက်အထား ကတော့ ခုထက်ထိ မရှိသေးပါ။ နွယ်နီနိုင်ကတော့ ထို website ကို စောင့်ကြည့်နေသည်။ ထို website ကို ဘယ်သူတွေ ကြည့်ခဲ့သလဲ ဆိုတာ သိနိုင်သော်လည်း လာရောက်ကြည့်ရှုသူမှာ အတော် များပြားရာ ထိုသူတွေ အကုန်လုံးကို လိုက်လံ စုံစမ်းနေဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါပေ။

စိမ်းဝတီကတော့ ထိုသို့သော website ကို ဒေါ်မြင့်မြင့်သွယ် ဘာကြောင့် တင်သလဲ ဆိုတာကို စိတ်ဝင်စားမိသည့် အတွက် ဒေါ်မြင့်မြင့်သွယ် အကြောင်းကို ရှာဖွေကြည့်နေမိသည်။ ဒေါ်မြင့်မြင့်သွယ်၏ ကလေးဘဝ သည်လည်း ဆိုးသွမ်းသော ဖခင် လက်ထဲတွင် ကြီးပြင်းခဲ့ရသည့် အကြောင်း ကို မထင်မှတ်ပဲ တွေ့လိုက်ရသည်။ သူမ၏ ဖခင်သည် အလုပ်အကိုင် မည်မည်ရရ မရှိပဲ အရက်သောက်၊ လောင်းကစားများ လုပ်ကာ မိန်းမနှင့် ကလေးများကို နှိပ်စက်တတ်သူ ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်များကပင် သူမ၏ မိခင် နှင့် ဖခင်မှာ ကွယ်လွန် ခဲ့ပြီး ဖြစ်သည်။ ဒေါ်မြင့်မြင့်သွယ်သည် နိုင်ငံရပ်ခြား တက္ကသိုလ် တစ်ခုမှ ကလေးသူငယ် စိတ်ပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့  ရခဲ့သူ ဖြစ်သည်။ စိမ်းဝတီသည် သူမ အကြောင်းကို ရနိုင်သမျှ လျှောက်ဖတ်နေခဲ့သည်။ ထို့နောက် အပြင်ခဏ ထွက်သွားလိုက်သည်။

နောက်တစ်နေ့ မနက်မှာ စိမ်းဝတီတို့ ဝိုင်းဖွဲ့ ဆွေးနွေး ဖြစ်ကြသည်။ သို့သော် တရားခံ ဘယ်သူလဲ ဆိုသည့် အဖြေကတော့ ထွက်မလာနိုင်သေးပါ။ လူသတ်သမားသည် မိန်းမ နှင့် ကလေးများကို နှိပ်စက်တတ်သော လင်ယောက်ျားဆိုး များကို ရွေးသတ်နေသည်။ ထိုယောက်ျားသည် မိန်းမနှင့် ကွဲပြီးသား၊ တစ်ခြား မိန်းကလေးများနှင့် ပွေရှုပ်နေသူ လည်း ဖြစ်နိုင်သည်။ အရက်လည်း သောက်တတ်သည်။ အဓိက အချက်က ကလေးကို ရေနွေးပူနှင့် လောင်းပြီး နှိပ်စက်တတ်သည်။ မိန်းမကို ရိုက်နှက်တတ်သည်။ နွယ်နီနိုင်သည် ထို website ၏ admin account ကို hack ကာ ထိုအချက်များနှင့် အများစု ကိုက်ညီသော ပို့စ် တက်လာပါက ချက်ချင်း ဖျက်ပစ်ရန် စောင့်ကြည့်လျှက် ရှိသည်။ ထိုသို့  ဖျက်ပစ်ခြင်းဖြင့်လည်း လူသတ်သမား အကြောင်းကိုတော့ သိလာနိုင်မည် မဟုတ်ပါ။ နောက်ထပ် အသတ်ခံရသူ မရှိစေရန် လောလောဆယ် ဟန့်တားခြင်းသာ ဖြစ်နိုင်မည်။

“တို့ လုပ်စရာ တစ်ခုပဲ ရှိတော့တယ်”
စိမ်းဝတီက ပြောလိုက်သည်။

*******

“ခန့် စော၊ နင် ဟိုကိစ္စတွေ ရပ်တော့နော်၊ ရဲအရာရှိမက တုံးတုံးအအ မဟုတ်ဘူး၊ မကြာခင် သိသွားလိမ့်မယ်၊ ဒီ website ပေါ်က သတင်းရတယ် ဆိုတဲ့ အကြောင်း သူတို့ သိနေပြီ”
“မပူပါနဲ့ မမရာ၊ ဒီ website ကို ကြည့်တဲ့လူ အများကြီး ရှိတာကို..၊ ဘယ်သူ ဆိုတာ သူတို့ မသိနိုင်ပါဘူး၊ ကျွန်တော်ကတော့ ဆက်လုပ်ရမှာပဲ၊ ဒီကိစ္စ လုပ်ရတာ အရမ်းသဘောကျနေပြီ၊ ကျွန်တော် ရပ်လို့ မရတော့ဘူး မမရဲ့”
“ဘာပဲဖြစ်ဖြစ် ခုလောလောဆယ်တော့ မဖြစ်ဘူး၊ နင် ဆက်မလုပ်နဲ့ တော့၊ အဲဒါကိုလည်း ကြည့်မနေနဲ့တော့၊ ဘယ်သူတွေ ဘာပဲတင်တင်”
“ဒီမှာ စိတ်ဝင်စားစရာ ပို့စ် တစ်ခု တွေ့ ပြီ၊ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ ကလေးကို သူ့အဖေက စိတ်ဆိုးပြီး ရိုက်နှက်ရုံတင်မက ရေနွေးပူနဲ့ လောင်းတာ ဆေးခန်းတောင် ပို့လိုက်ရတယ်တဲ့၊ မိန်းမကိုလည်း ရိုက်နှက်ထားတာ မျက်နှာမှာ ဖူးယောင်နေတာပဲတဲ့၊ အဲဒီလိုလူမျိုးကို လောကမှာထားရင် မြေကြီးလေးတယ်၊ ကျွန်တော် စီရင်ရမှာပဲ၊ မမ မလိုက်ချင် နေခဲ့လေ”
“မလုပ်ပါနဲ့တော့ မောင်လေးရယ်၊ လိမ္မာပါတယ်၊ ရဲတွေက မမကို စောင့်ကြည့်နေတယ်လို့ ထင်တယ်၊ တစ်ခုခု မှားသွားရင် သူတို့ သိသွားနိုင်တယ်၊ မမ မင်းကို တစ်ခုခု အဖြစ် မခံနိုင်ဘူး”
“ကျွန်တော့်ကို စိုးရိမ်ရင် မမ လိုက်ခဲ့လေ၊ ကျွန်တော်ကတော့ သဲလွန်စတွေ သန့်ရှင်းရေး လုပ်ဖို့ စိတ်မဝင်စားဘူး၊ ဒီတိုင်း ထားခဲ့ရမှာပဲ”
“ခက်တော့တာပဲ ခန့်စောရယ်၊ ငါတော့ သေချင်တာပါပဲ..”
*******

စိမ်းဝတီ နှင့် ရဲစွမ်းနိုင် တို့သည် ဒေါ်မြင့်မြင့်သွယ်နှင့် ထက်သော် ဆီသို့ နောက်တစ်ခေါက် ထပ်ရောက်ခဲ့ကြပြန်သည်။ နေထွဋ်၊ ထက်အာကာ နှင့် နွယ်နီ တို့လည်း ဦးစိုးရွှေ၏ သားကြီး၊ ဒေါ်သိန်းသိန်း၊ ဒေါ်ဆင့်ဆင့် နှင့် အလယ်တန်းပြ ဆရာမ တို့၏ အသွားအလာများကို လိုက်စုံစမ်းနေကြသည်။

စိမ်းက ဒေါ်မြင့်မြင့်သွယ်၏ ငယ်ဘဝ အကြောင်းကို မေးရာ သူမက ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့သည်။ သူမ အဖေသည် သူမအမေနှင့် သူမတို့ မောင်နှမ နှစ်ယောက်အပေါ် အလွန် ဆိုးခဲ့ကြောင်း၊ သူမထက် သူမ မောင်လေးက ပို၍ပင် နှိပ်စက်ခံခဲ့ရကြောင်း၊ ခါးပတ်ချွတ်၍ ရိုက်နှက်ခြင်း၊ ရေချိုးခန်းထဲ ခေါ်သွားကာ ရေနွေးပူပိုက်နှင့် လောင်းခြင်းများပင် လုပ်ဖူးကြောင်း၊ သူမ အမေ မှာလည်း တတိယ ကိုယ်ဝန် ရှိခိုက် ရိုက်နှက် ခံရသဖြင့် ကိုယ်ဝန်ပျက်ကျကာ ဆေးရုံပို့သော်လည်း ရက်အနည်းငယ် အတွင်း သေဆုံးခဲ့ကြောင်း၊ သူမတို့  အမေ သေဆုံးပြီးနောက် အဖေက သူမတို့ မောင်နှမကို ပို၍ပင် နှိပ်စက်လာကြောင်း၊ ထိုအကြောင်းများကြောင့် ယခုအချိန်တွင် သူမက ထိုသို့သော ကလေးငယ်များကို တတ်နိုင်သမျှ အားပေး စောင့်ရှောက်ဖို့  ကြိုးစားနေကြောင်း.. အေးအေး ဆေးဆေးပင် ပြောသည်။ သူမက ထက်သော်ကိုလည်း တက္ကသိုလ် ကျောင်းစားရိတ်ကို ယခုအချိန်ထိ ထောက်ပံ့နေခဲ့သူ ဖြစ်သည်။ ထို့အပြင် အခြား ထောက်ပံ့နေသည်များလည်း အများအပြား ရှိသေးသည်။

“ဒါထက်. စကားမစပ်၊ ဒေါက်တာ့ရဲ့ မောင်လေးကရော ခု ဘယ်မှာ ပါလဲ၊ ဒေါက်တာနဲ့ အတူတူပဲ နေသလား ဟင်”
“အင်း ဟုတ်တယ်၊ အတူတူပဲ နေတယ်လေ၊ သူက အပြင်အလုပ်တော့ မလုပ်ဖူး၊ အိမ်မှာပဲ.. စာတွေ ဘာတွေ ရေးတယ်၊ စာရေးဆရာ တော့လည်း မဖြစ်သေးပါဘူး”
“သြော် ဟုတ်ကဲ့၊ ကျေးဇူးပါပဲ၊ ဒေါက်တာ့ အချိန်တွေကို လာယူရတာ စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ ပြန်ပါဦးမယ်”

စိမ်းသည် ပြန်ကာနီး ဒေါက်တာ့ ကွန်ပျူတာကို တစ်ချက် အကဲခတ်မိရာ mouse သည် ဘယ်ဘက်သို့  ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားမိသည်။ စိမ်းတို့ မလာခင် ဒေါက်တာ့ ကွန်ပျူတာကို ဘယ်သံ တစ်ယောက်ယောက်က သုံးနေခဲ့ပုံရသည်။

ထက်သော်ကို ဦးမြင့်အေး သေသော ည အကြောင်း မေးမြန်းရာတွင် သူက သူငယ်ချင်း အိမ်တွင် စာ ဝိုင်းဖွဲ့ ကျက်နေကြသည်ဟု ဆိုသည်။
*******

Website တွင် တင်ထားသော အဖေဆိုး တစ်ယောက် ဖြစ်သည့် ဦးပိုင် ဆိုသူသည် ဤအဆောက်အဦတွင် အလုပ်လုပ်သည် ဟု ဆိုထားသည်။ ညဘက်များမှာ နောက်ကျမှ ပြန်လေ့ ရှိပြီး ယနေ့ညလည်း ကျိန်းသေပေါက် ညဘက် အလုပ်လုပ်လိမ့်မည် ဟု ဆိုထားသည်။ ဤအဆောက်အဦ ဝင်ပေါက်တွင် လုံခြုံရေး ကင်မရာများ မရှိသဖြင့် ရှေ့ပေါက်မှပင် အလွယ်တကူ ဝင်၍ ရသည် ဟု ဆိုသည်။ ဦးပိုင် ၏ အခန်းမှာ တတိယထပ် အခန်း( ) ဖြစ်သည် ဟု ရေးထားသည်။

ခန့်စော၏ လက်ထဲတွင် ဓါးမြောင် တစ်လက် ကိုင်ဆောင်ထားသည်။ ထိုဓါးသည် လူနှစ်ဦးကို သတ်ဖူးပြီးသော ဓါးပင် ဖြစ်သည်။ သူသည် အခန်းထဲမှ လူကို သတ်ဖို့ရာ စိတ်စောနေပြီး ပတ်ဝန်းကျင်ကို လုံးလုံး သတိမထားမိပါ။ ဘေးမှ ပါလာသော သူ့အစ်မကိုလည်း နည်းနည်းမှ ဂရုမထားပါ။ အခန်းတံခါးသည် လော့ခ်ချ မထားသဖြင့် အလွယ်တကူပင် ဖွင့်ရသွားပါသည်။ သို့သော် သူမျှော်လင့်ထားသလို စားပွဲနောက်မှ ခုံတွင် ဘယ်သူမှ ထိုင်မနေပါ။

“လက်ထဲက ဓါးကို ချလိုက်ပါ ဒေါက်တာ”
စိမ်းဝတီက အခန်းထောင့်မှ သေနတ်နှင့် ချိန်လျှက် ထွက်လာပါသည်။
ရဲစွမ်းနိုင်သည် သူ အစ်မလို ခင်ရသော ဒေါက်တာမြင့်မြင့်သွယ်ကို ဓါးမြောင် ကိုင်လျှက် မြင်လိုက်ရသော အခါမှာ ဘာမှ မပြောနိုင်လောက်အောင်ပင် အံသြသွားရပါသည်။

“ဦးပိုင် ဆိုတဲ့လူဟာ တကယ်တော့ မရှိပါဘူး၊ လူသတ်သမား လာအောင် ကျွန်တော်တို့ အဖွဲ့ ဆင်ထားတဲ့ ဇာတ်လမ်းပါ ဒေါက်တာ”
စိမ်းဝတီက ပြောလိုက်သည်။
“ဘာတွေ လာပြောနေတာလည်း၊ ငါ ဒေါက်တာလည်း မဟုတ်ဘူး၊ ငါ့နာမည် ခန့်စော၊ ငါ့လမ်းကြောင်းကို လာရှုပ်တဲ့လူတွေ အားလုံးကို သတ်မယ်”

ဒေါက်တာ မြင့်မြင့်သွယ်သည် ဘယ်လက်တွင် ကိုင်ထားသော ဓါးမြောင်ဖြင့် စိမ်းဝတီကို တရှိန်ထိုး ထိုးသွင်းလိုက်သည်။ သူမသည် လုံးဝ အသိစိတ် မရှိတော့ပါ။ စိမ်းသည် ဓါးမြောင်ကိုင် လက်ကို တားပြီး သူမနှင့် လုံးထွေး သတ်ပုတ် ရတော့သည်။ စိတ္တဇ အင်အားသည် ပုံမှန်ထက် ပိုကြီးမားသည် ဖြစ်ရာ သူမကို မနိုင်နိုင်အောင် ဖြစ်နေသည်။ ထက်အာကာ နှင့် နေထွဋ် ရောက်လာပြီး ဝိုင်းဝန်း ဖမ်းဆီးမှပင် သူမကို လက်ထိပ် ခတ်လိုက် နိုင်ပါတော့သည်။ ရဲစွမ်းနိုင် မှာတော့ သေနတ်ကိုင်လျှက်နှင့် ကြောင်ကြည့်နေတုန်းပင် ရှိသေးသည်။

“ခန့်စော ဆိုတာ ဒေါက်တာ့ မောင်လေးပါ၊ လွန်ခဲ့တဲ့ ရှစ်နှစ် ကတည်းက သေဆုံးခဲ့ပါပြီ၊ သူ့ ကို ငယ်ငယ်တည်းက အရမ်းနှိပ်စက် ခဲ့တဲ့ အဖေရင်းကို သတ်ပြီး ကိုယ့်ကိုယ်ကိုလည်း သတ်သေ သွားခဲ့တာပါ၊ ဒါပေမယ့် ဒေါက်တာ့ အနေနဲ့ မောင်လေး သေဆုံးတာကို လက်မခံချင်ပဲ၊ မသေသေးဘူး ဆိုတဲ့ သဘောနဲ့ စိတ်ထဲမှာ နေရာပေး ထားခဲ့တာပါ၊ ခန့်စော ရဲ့ စိတ် ဝင်လာတဲ့ အချိန်မှာ ဒေါက်တာဟာ ဘယ်သံ ဖြစ်သွားတယ်၊ ခန့်စော အနေနဲ့  လုပ်တယ်၊ ပြောတယ်၊ ခန့်စော အနေနဲ့  လူသုံးယောက်ကို ရက်ရက်စက်စက် ဓါးနဲ့ ထိုးသတ်ခဲ့တယ်၊ အဲဒီနောက် ဒေါက်တာ မြင့်မြင့်သွယ် အနေနဲ့  သက်သေခံတွေ တစ်စ မကျန်ရအောင် လိုက်ရှင်းပေးခဲ့တယ်၊ ပထမ အမှုမှာလည်း သဲမွန်ကို မေ့ဆေးငွေ့နဲ့  အိပ်ပျော်နေအောင် လုပ်တယ်၊ မီးဖိုထဲက ဓါးကိုယူပြီး သတ်တယ်၊  ပြီးတော့ သဲမွန်ရဲ့  လက်ဗွေရာ ကျန်အောင် တမင် ထားခဲ့တယ်၊ အဲဒီ နောက်ပိုင်း ကိစ္စတွေက ဒေါက်တာရဲ့ အသိစိတ်နဲ့ လုပ်တာတွေ ချည်းပဲ”

“မဟုတ်ဘူး၊ ခန့်စော မသေဘူး၊ ခန့်စော မသေဘူး၊ သူ ကိုယ့်နားမှာ အမြဲ ရှိနေတာ၊ ဒီအမှုတွေ သူပဲ ကျူးလွန်နေတာ၊ ကိုယ်ပြောတယ် မလုပ်ပါနဲ့ လို့ .. သူက ရပ်လို့  မရတော့ဘူး တဲ့”

ဒေါက်တာ မြင့်မြင့်သွယ်သည် ယောက်ျား တစ်ယောက် အင်အားနှင့် ခုခံ ရုံးကန် နေသဖြင့် အတော်ကလေး ဝိုင်းဝန်း ထိန်းသိမ်းကာ ခေါ်သွားလိုက်ရသည်။

“လုံးဝ မထင်ဘူးဗျာ၊ လူသတ်သမား လာမယ် ဆိုတာ တစ်ခြား တစ်ယောက်ပဲ ဖြစ်လိမ့်မယ် ထင်နေတာ၊ စိမ်းက ဘယ်တုန်းကစပြီး ဒေါက်တာ့ကို မသင်္ကာ ဖြစ်သွားတာလဲ”
စွမ်းနိုင်က မေးသည်။ ကျန်သူများကလည်း သူမေးသလိုပင် မေးချင်နေသည်။

“ကိုယ်လည်း အစကတော့ မထင်မိပါဘူး၊ ဒေါက်တာ့ နောက်ကြောင်းကို ဖတ်မိပြီးတော့ နည်းနည်း မသင်္ကာဘူး၊ ဒါပေမယ့် ထင်တော့ မထင်သေးဘူး၊ နောက်ဆုံး တစ်ခေါက် သွားမေးတော့ သူက သူ့မောင်လေးက သူနဲ့ အတူနေတယ်လို့ ပြောကတည်းက မဟုတ်တော့ဘူး ဆိုတာ သိလိုက်တယ်။ အဲဒီနေ့က သူ့ ကွန်ပျူတာက mouse ကလည်း ဘယ်ဘက်ကို ရောက်နေတယ်၊ ပထမ တစ်ခါ သူ့အခန်းထဲ ရောက်တုန်းက သူ့  mouse က ညာဘက်မှာပဲ၊ ပြီးတော့ သူ စာရွက်စာတမ်းတွေ ပိုက်ထားတာ ညာဘက်နဲ့ မို့လို့ သူ့ကို ညာသံလို့ သိခဲ့တယ်လေ၊ တကယ်တော့ သူ့မောင်လေးက လွန်ခဲ့တဲ့ ရှစ်နှစ်ကပဲ ဆုံးသွားပြီ ဆိုတာ ကိုယ် သိထားပြီးသား၊ အဲဒီမှာ မသင်္ကာ ဖြစ်သွားတာပဲ၊ ပြီးတော့ ဦးသက်နိုင် ဆုံးတဲ့ ညက လူကို မမြင်ရပေမယ့် အဲဒီ ကားပါကင်မှာ သူ့ကား ရှိနေခဲ့တယ်၊ သူ့ကားကို camera တစ်ခုမှာ မြင်လိုက်ရတယ်၊ လူသတ်မှုတွေ ဖြစ်တဲ့ အချိန်တွေမှာ သူ အလီဘိုင် ပြတာတွေ ကလည်း ရေရေရာရာ မရှိဘူး”

“အို.. ဖြစ်မှ ဖြစ်ရလေတယ်နော်၊ စိတ်ပညာ ပါရဂူက စိတ်ရောဂါ ဝေဒနာရှင် ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”
နွယ်နီက သက်ပြင်းချရင်း ဆိုသည်။

“ဟုတ်တယ်၊ ကလေးဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာ ဆိုတာ လွယ်လွယ်ကူကူနဲ့ ပျောက် မသွားနိုင်ဘူးလေ၊ သူ့မောင်လေးက သူ့ထက် နှစ်နှစ် ငယ်ပေမယ့် ငယ်ကတည်းက သူ့ကို အမြဲတမ်း ကာကွယ်ပေးခဲ့တာ၊ သူကလည်း သူ့မောင်လေးကို အရမ်းချစ်ခဲ့တာ ဆိုတော့၊ သူ့မောင်လေး သေသွားတဲ့ အချိန်မှာ ဘယ်လိုမှ လက်မခံနိုင်ပဲ လူတစ်ကိုယ် စိတ်နှစ်မျိုး ဖြစ်သွားတော့တာပဲ၊ ”

ဒေါက်တာမြင့်မြင့်သွယ် ကို စိတ်ရောဂါကု ဆေးရုံသို့ ပို့ ပြီးနောက် သူမ တင်ခဲ့သော website ကိုလည်း အပြီး ပိတ်ပစ်လိုက်သည်။ ဒေါက်တာနှင့် ပတ်သက်ပြီး စိမ်းဝတီလည်း စိတ်မကောင်းပါ။ သို့သော် သူက စိတ္တဇ လူသတ်သမား ဖြစ်နေသည့်အတွက် နောက်ထပ် လူသတ်မှုများ ထပ်မဖြစ်ခင် ဖမ်းမိနိုင်ခဲ့ခြင်းကိုတော့ ကျေနပ်ပါသည်။

Japanese drama series, Boss 2 ၏ episode တစ်ခုမှ idea ရယူပါသည်။

သိင်္ဂါကျော်

27 July, 2012

မယုံကြည်ရသော ချစ်ခြင်းနှင့် ရူးသွပ်စွာ…


 
နွေသည် မကြေငြာပဲနှင့် စောစီးစွာ ရောက်ရှိလာသည်။ မိုးကလည်း ဒီဒေသအတွက် ဖြစ်တောင့်ဖြစ်ခဲ ခေါင်နေသလိုပင်။
လေတစ်ချက် အဝှေ့ကလည်း ခါတိုင်းကဲ့သို့  မအေးမြစေနိုင်ပါ။ ပန်းအိ အတွက်တော့ ဒီနွေက ပို၍ ပူလောင် နေသလိုပင်။ လမ်းနံဘေးက သစ်ရွက်အချင်းချင်း ရိုက်ခတ်သံကပင် ပန်းအိကို လှောင်ရယ်နေသံလို ခံစားရသည်။ ပတ်ဝန်းကျင်မှာ ပန်းအိဟာ  အချစ်ရူးမလေး ဖြစ်နေလေပြီလား။ ဘာကိုမှ ပြန်မတွေးချင်တော့ပါ။ ခုနေမှာ အတိတ်မေ့ရောဂါ ဖြစ်ဖို့ ပန်းအိ အထူးလိုလားနေသည်။ ပန်းအိ ဘဝထဲက သူ့ကို ချစ်မိသော အချိန်များကို ဖဲ့ထုတ်လို့  ရမည်ဆိုလျှင် ထုတ်ပစ်လိုက်ချင်သည်။ သူနှင့် ဘယ်တုန်းကမှ မတွေ့ ခဲ့ရလျှင် ဘယ်လောက်များ ကောင်းလိုက်မလဲ။
*****

ပန်းအိ အလုပ်စဝင်သည့် သင်တန်းကျောင်းမှာ သူက သင်တန်းသား တစ်ယောက်ဖြစ်ခဲ့သည်။ ပန်းအိက သူတို့ အခန်းကို သင်သည့် သင်တန်းဆရာမ၊ သူက တပည့် တစ်ယောက် ပုံစံနှင့် စတင် ပတ်သက်ခဲ့ရခြင်း ဖြစ်သည်။ ပန်းအိကလည်း အသက်ငယ်ငယ် အလုပ်ဝင်စ instructor မလေး တစ်ယောက် အနေနဲ့ သင်တန်းသားများ စကြ နောက်ကြမှာ စိုးပြီး နည်းနည်းတော့ ခပ်တည်တည် လုပ်ထားရပါသည်။ ကျောင်းသားတွေနှင့်လည်း အရောတဝင် မရှိခဲ့ပါ။ ပန်းအိက ကျောင်းတုန်းကတည်းကပင် အများက စာကြမ်းပိုး ခေါ်ကြသည့် သူမျိုးထဲ တစ်ယောက် အပါအဝင် ဖြစ်ကာ အတန်းထဲက ယောက်ျားလေးများနှင့်လည်း မခင်မင်ခဲ့ပါ။ ကိုယ့်တပည့် ဖြစ်နေသူ များနှင့်တော့ ပို၍ပင် မခင်မင်လွယ်သူ ဖြစ်သည်။

သင်တန်း အခန်းထဲက ယောက်ျားလေးများထဲမှာ သူ့ကိုတော့ စောစီးစွာပင် ပန်းအိက သတိထားမိခဲ့သည်။ ယောက်ျားလေး တန်မဲ့ သပ်ရပ် သန့်ရှင်း အလှကြိုက်တတ်ပုံရသော သူ့ပုံစံကို ပန်းအိက အမြင်ကပ်ကပ်နှင့်ပင် မကြာခဏ လိုက်ကြည့်နေမိခဲ့သည်။ ဘယ်တော့မှလည်း အလှမပြင်တတ်၊ ယူနီဖောင်း ဖြစ်လျှင် ပြီးရော အလွယ်ဝတ်တတ်သူ ပန်းအိဟာ အင်္ကျီပုံစံ လှတပတ ဆိုတာမျိုး ဘယ်တော့မှ မစဉ်းစားသလို၊ ဆံပင်ကိုလည်း ဖြစ်သလို စည်းနှောင်၊ နှုတ်ခမ်းမှာလည်း နှုတ်ခမ်းနီတောင် မတင်တတ်သူ ဖြစ်သည်။ သူကတော့ ယောက်ျားတန်မဲ့ သူ့ ဆံပင်လေးကို သကာ သကာ၊ ပုဆိုးတို့ ၊ ဂျင်းဘောင်းဘီတို့  ဆိုတာကလည်း မီးပူ ခေါက်ရိုးမကျိုးအောင် တောက်ပ၊ အင်္ကျီလေးတွေကလည်း သပ်ရပ်ဖြူစင်ကာ ယောက်ျားအင်္ကျီ တန်မဲ့ ဒီဇိုင်းတောင် ဆန်းသေးသည်။ ပန်းအိ တို့က လမ်းဘေးက ဗွက်အိုင် ခပ်သေးသေး တွေ့လျှင် လွှားခနဲ ခုန်ကျော်နေကျ ဖြစ်လျှက် သူကတော့ ပုဆိုးလေးမကာ ကွေ့ပတ်သွားသတဲ့။ စာသင်တဲ့ အလုပ် စလုပ်ကတည်းက အသံကို ခပ်ကျယ်ကျယ် ပြောတတ်သွားသော ပန်းအိ အတွက် သူက စာမေးလျှင် ညင်ညင်သာသာ ခပ်တိုးတိုး မေးတတ်တာကို အမြင်ကပ်၍ မဆုံး ဖြစ်ခဲ့သည်။ အဲသလိုနှင့်ပဲ သူသည် ပန်းအိ စိတ်ထဲသို့  မသိမသာ ရောက်လာခဲ့တာ ဖြစ်သည်။

တဖြည်းဖြည်းနှင့် သူတို့ အဖွဲ့ တွေနှင့် နည်းနည်းခင်လာသည်။ သို့ပေမယ့် ပန်းအိ တို့ စိတ်ထဲ ဘာမှ ထူးထူးခြားခြား မရှိခဲ့တာ သေချာပါသည်။ ပန်းအိကလည်း ကိုယ့်ထက် ၈ နှစ်ကျော်လောက် ငယ်မည့် ကလေးတွေကို ကိုယ့်မောင်လေးတွေလို သဘောထားပြီး ခင်မင်မိတာက လွဲလျှင် တစ်ခြား ဘာမှ မတွေးဖြစ်ခဲ့ပါ။ အဲလိုနှင့်ပဲ အချိန်တွေ ကုန်သွားသည်။ သူတို့ သင်တန်း ကာလ ပြီးဆုံးသွားသည်။ ပန်းအိလည်း အခြားမြို့  သင်တန်းတစ်ခုသို့  ပြောင်းရွှေ့ ရသည်။ သူနှင့် ပတ်သက်သော အမှတ်တရများက သာမန်လောက်သာ ဖြစ်မည် ထင်ခဲ့သော်လည်း မကြာခဏ သူပုံစံကို ပြန်မြင်ယောင်မိပြီး သူငယ်ချင်းများကိုပါ ပြောပြမိခဲ့သေးသည်။ ပန်းအိဘဝထဲတွင် သူ ထပ်မံ လာရောက် ပတ်သက်မည်ကို မသိသေးသော်လည်း ပန်းအိက သူ့ကို အမှန်တကယ် သတိတရ ရှိနေဖြစ်ခဲ့သည်။

နောက်တော့ သူနှင့် online မှာ ပြန်တွေ့ ဖြစ်ကြသည်။ သူကလည်း အလုပ်ရှာရင်း မကြာခဏ internet သုံးဖြစ်နေသလို ပန်းအိကလည်း နေ့ရော ညပါ internet သုံးဖြစ်နေချိန်တွေမို့ chat ထဲမှာ စကားပြောဖြစ်ကြသည်။ အစကတော့ ရိုးရိုးပါပဲ… နှုတ်ဆက်သည်၊ အလ္လာပ သလ္လာပ ပြောကြသည်။ Internet အချိန်ပြည့် သုံးသူတို့ရဲ့  ထုံးစံအတိုင်း ပန်းအိမှာ တခြား online က ခင်မင်သော သူငယ်ချင်း များလည်း ရှိပါသည်။ သို့ပေမယ့် သူနှင့် စကားပြောရတာ ကတော့ သူများနှင့် မတူအောင် ပန်းအိကို ပျော်ရွှင်စေသည်။ ပန်းအိကို သူ သဘောကျလိမ့်မည် လို့တော့ မထင်ရေးချ မထင်ခဲ့တာ အမှန်ပါ။ ပန်းအိက သူ့ထက် အသက် ၈နှစ် ကျော် ကြီးသည်။ ပြီးတော့လည်း မိန်းမချောလေး ပြောရလောက်အောင် မဟုတ်သည့် သာမန် ရွက်ကြမ်းရေကျို မိန်းကလေး တစ်ယောက်။ သူက အများအမြင်မှာကို သိသာစေသည့် ကောင်ချောကလေး မဟုတ်လား။

သူ online မလာလျှင် ပန်းအိ မျှော်ရသည်။ မပြောသွားပဲ အကြာကြီး ပျောက်နေလျှင် ပန်းအိ စိတ်ကောက်ချင်သည်။ ပန်းအိ ရစ်သမျှကို သူက စိတ်ရှည် သည်းခံသည်။ သူ့ မှာ ခုထိ ချစ်သူ မိန်းကလေး မရှိသေး ဆိုတာကိုလည်း ပန်းအိက အလွယ်တကူ ယုံခဲ့ပြီး သူ့ကို ပိုင်ဆိုင်သူ မရှိသေးသည့် အဖြစ်ကို သဘောတကျ ရှိခဲ့သည်။ ခုတော့ ဆရာ တပည့် လည်း မဟုတ်တော့ပြီမို့  သူနှင့် ပန်းအိက အများတကာလို online က သူငယ်ချင်းတွေ ပုံစံ ဖြစ်လာသည်။ စကားဆိုတာကလည်း ပြောပါများတော့ နယ်ကျွံချင်သည်။ ဒီလိုနဲ့ပဲ…။

သူက စသလို နောက်သလို ချစ်စကား ပြောသည်ကို ပန်းအိက စိတ်မဆိုးမိခဲ့ပါ။ တကယ်တမ်းတော့ ပန်းအိ နှလုံးသားက သူ့ကို စကတည်းကပဲ တိတ်တခိုး မျှော်လင့်ခဲ့မိသည် မဟုတ်လား။ ပန်းအိ အိပ်မက်ထဲက မင်းသားက သူ ဖြစ်နေခဲ့တာ ဘယ်အချိန်ကတည်းက မှန်းတောင် မသိလိုက်ပါ။ တစ်ခါမှ မချစ်ဖူးသေးသည့် ပန်းအိ အတွက်တော့ အချစ်သည် မူးယစ် ရူးသွပ်စေသော အရာ အမှန်တကယ် ဖြစ်၏။ သူ့ကို သိပ်ကြီး အချိန်ဆွဲ မစဉ်းစားပဲ အဖြေပြန်ပေးခဲ့တာကို သူ အထင်သေးမလား လည်း မတွေးဖြစ်ခဲ့ပါ။ သူ ပန်းအိကို ချစ်ခြင်းသည် ဘုရားပေးသော လက်ဆောင်ဟု သဘောထားမိသည်။ သူ့ ချစ်ခြင်း အပေါ် သံသယ တစ်စုံတရာ မဝင်မိခဲ့လောက်အောင် သူက အပြောကောင်းသူ ဖြစ်ခဲ့သည်။ အပြင်မှာ တုန်းကတော့ သူ့ကို ပန်းအိက စကားသိပ်မပြောသည့် လူအေးကလေး လို့တောင် ထင်ခဲ့ဖူးသေးသည်။

တကယ်တော့လည်း သူက ပင်ပင်ပန်းပန်း မခူးဆွတ် လိုက်ရပဲ သူလက်လှမ်းရုံနှင့် အလိုက်သင့် ကြွေကျ ပေးခဲ့သော ပန်းတစ်ပွင့်မှာ ပန်းအိသာ ဖြစ်မည် ထင်၏။ ဘာပဲဖြစ်စေ သူ့ကို ချစ်ရသော အဖြစ်မှာ ပန်းအိ အတွက် ချိုမြိန်သော ပျော်ရွှင်စရာများသာ ပြည့်နေခဲ့သည်။
*****

ချစ်သူ ဖြစ်ကြပြီးမှ ပထမဆုံး အကြိမ် သူက လာတွေ့မည် ဆိုသောအခါ ပန်းအိ သဲသဲလှုပ်ခြင်းကို သူငယ်ချင်းများပါ သိလောက်အောင် ဣနြေ္ဒပျက်ဖူးသည်။ ပန်းအိ စိတ်ထဲက စိုးရိမ်မှု တစ်ခုက သူနှင့် ပန်းအိ တွဲသွားကြလျှင် လိုက်ဖက်မညီဟု အများက ထင်ကြမှာကိုပင် ဖြစ်သည်။ သူ့ မျက်စိထဲမှာလည်း ပန်းအိ လှနေချင်သည်။ တစ်ယောက်ယောက်ကို ချစ်မိသွားသော မိန်းကလေးတိုင်း ဒီလိုပဲလား မသိပါ။ သူက ယောက်ျားလေး တန်မဲ့ ခပ်ပိန်ပိန်လေးမို့  သာမန်ကိုယ်လုံးလောက်မျှ ရှိသော ပန်းအိကလည်း သူနဲ့ တွဲသွားလျှင် ကိုယ်က ပိုဝနေသည်ဟု ထင်ကြမှာ စိုးသည်မို့  ညနေစာ မစားသော diet တွေလည်း တော်တော် ကြိုးကြိုးစားစား လုပ်လိုက်ရသည်။ သူသည် ပန်းအိ အတွက် အရာရာ ဖြစ်ခဲ့သည်။

နှစ်ယောက်တွေ့သော အချိန်များက တကယ့်ကို ခဏ ဆိုသော်လည်း ပန်းအိ စိတ်ထဲတော့ တစ်သက်မမေ့နိုင်သော အချိန်များသာ ဖြစ်သည်။ သူနှင့် တွဲရိုက်ဖြစ်ခဲ့သော ဓါတ်ပုံတွေကို တစ်စိမ့်စိမ့် ပြန်ကြည့်ရင်း ကြည်နူးနေမိသည်မှာ သူငယ်ချင်းများက အမြင်ကပ်ကြသည်အထိပင်။ အဲသလောက်ထိ သူ့ကို ချစ်ခဲ့သည်။ သူက ပန်းအိကို ပန်းအိ ချစ်သလောက် ပြန်ချစ်ရဲ့လား စမ်းချင်လို့  တစ်ခါတလေ ရစ်မိတာကတော့ ချွင်းချက်ပေါ့ကွယ်။ သူများတကာ ချစ်သူတွေ လုပ်ကြသလို သူ့ဆီက gmail password တောင်းကြည့်မိတော့ သူက လုံးဝ မပေးခဲ့ပါ။ ပန်းအိ ဘယ်လိုပဲ ရစ်ရစ် မပေးခဲ့ပါ။ ပန်းအိ စိတ်ကောက်တာကိုလည်း စကားနဲ့သာ ချော့လျှက် account password ပေးဖို့ကိုတော့ စကားနဲ့တောင် စမလာခဲ့ပါ။ အဲဒီကတည်းက သူ့ မှာ ပန်းအိကို မသိစေချင်သော အဆက်အသွယ်များ ရှိနေတာ သေချာနေခဲ့ပါလျှက် နောက်ဆုံးတော့ သူစိတ်ဆိုးမှာကိုပဲ ပန်းအိက ပြန်ကြောက်ကာ စိတ်ကောက်ပြေလိုက်ရပါလေသည်။ တင်းလွန်းလျှင် ပြတ်မည် စိုးသူက ပန်းအိပဲ မဟုတ်လား..။

ပန်းအိ အတွက် သူနဲ့ online မှာ တွေ့ရဖို့ ၊ သူနဲ့ ဖုန်းပြောရဖို့ က အရေးအကြီးဆုံး ပျော်ရွှင်မှု ဖြစ်သလို သူ့ ဘက်ကရော ပန်းအိအပေါ် ဘယ်လောက်ထိ လေးလေးနက်နက် ချစ်သလဲ သိချင်လှသည်။  သူက ဘယ်လိုပဲ “ပန်းအိကို တွေ့ မှ အချစ်ကို သိတာပါ..၊ ပန်းအိကို အရင်ကတည်းက ချစ်ခဲ့တာပါ..၊ သူ့ ဘဝမှာ ပန်းအိ တစ်ယောက်တည်းပဲ ရှိခဲ့တာပါ..” လို့ ပြောစေ.. ပန်းအိ စိတ်ထဲ သူ့ကို ယုံကြည်လိုခြင်းက တစ်ပိုင်း၊ သူ့ကို စိတ်မချခြင်းက တစ်ပိုင်း.. ဖြစ်နေခဲ့တာ ဘာကြောင့်လဲ မပြောတတ်ပါ။ သူ့ ကို ဆုံးရှုံးရမှာ ကြောက်သော ပန်းအိ ရဲ့  စိတ္တဇပဲ ထင်သည်။
*****

သူက အလုပ်များလို့  အကြောင်းပြပြီး ပန်းအိဆီ ဖုန်းဆက်ချိန် နည်းလာသည်ကို လွမ်းရလို့  ကောက်ချင်တာက လွဲလျှင် စိတ်ထဲမှာ ဘယ်လိုမှ မထင်ထားခဲ့။ တစ်ညတော့ သူဖုန်းဆက်ချိန်မှာ ပန်းအိက ခါတိုင်းလိုပဲ သူ့ကို ရစ်ဖို့ အတွက် မေးခွန်းတစ်ခု မေးလိုက်မိသည်။
“နင် ငါ့ကို ဖုန်းဆက်ဖို့တောင် အချိန်မပေးနိုင် တော့ဘူး ဆိုတော့ အသစ်တွေ့နေပြီလား မောင်”
“ဟုတ်တယ် မ ၊ တွေ့နေပြီ၊ အလုပ်ထဲကပဲလေ”
“မောင် နင် ငါ့ကို အဲလို မနောက်နဲ့ နော်၊ အဲသလို ပြောစရာလား”
“မနောက်ဘူး မ၊ အတည်ပြောနေတာ၊ သူက ကျွန်တော်နဲ့ ရွယ်တူပဲ၊ အလုပ်ထဲက ကောင်မလေး”
“တော်ပြီ မောင်၊ ဘာမှ မပြောနဲ့ ..၊ နင် ငါကလွဲပြီး ဘယ်သူ့ မှ မချစ်ရဘူး၊ တကယ်သာဆို နင့်ကို ငါ သတ်ပစ်မယ် သိလား..”

အဲသည်ညက ပန်းအိ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ သူ နောက်ပြောင်နေတယ် လို့လည်း ယုံချင်သည်။ တကယ်ဖြစ်နေမှာ ကိုလည်း စိုးရိမ်သည်။ သူသာ ချန်ထားခဲ့လျှင် ပန်းအိ ဘယ်လို ဖြစ်သွားနိုင်လဲ... သူနှင့် ချစ်မိပြီး ကတည်းက တစ်ခါမှ မတွေးဖူးသော အရာ ဖြစ်သည်။ အို. ကျေးဇူးပြုပြီး ပန်းအိ ဟာ ချန်ထားခံရသူ မဖြစ်ပါရစေနှင့်။ သူက ပန်းအိ မဟုတ်သော တစ်ခြား မိန်းကလေး တစ်ယောက်ကို ချစ်နေသည် ဆိုတာကို နောက်ပြောင်သည့် စကား အနေနှင့်ပင် မကြားလိုပါ။

ဘယ်သူ့ကိုမှလည်း ပြောမပြ၊ ဘာမှလည်း မစုံစမ်းရဲပဲ တစ်ပတ်လုံးလုံး ပန်းအိ အတွေးတွေနှင့် ရူးသွပ်နေခဲ့သည်။ သူကလည်း နောက်ထပ် ဖုန်းမဆက်သေးပါ။ တကယ်ဆို ပန်းအိက “မ ရေ၊ ဟိုနေ့က ကျွန်တော် နောက်လိုက်တာ တော်တော် စိတ်ဆင်းရဲသွားလား” ဆိုတာမျိုးကို ကြားချင်မိတာပါ။ ဒါပေမယ့် သူက ဖုန်းဆက်မလာ။ တစ်ပတ်တိတိ ကြာပြီးသည့် အချိန်မှာ မနေနိုင်သည့် ပန်းအိကပဲ သူ့ဆီ စဆက်လိုက်တော့ သူ့ဘက်က မပြောချင်သလို ပြောချင်သလို၊ ညဘက်ကြီးတောင် အလုပ်တွေပဲ ရှုပ်နေသလို လုပ်နေသည်။ ဟိုနေ့က ကိစ္စကို ပန်းအိက မေးလည်း ထပ်မေးချင်သည်။ သူ ထပ်ဝန်ခံမှာ ကြောက်လို့ မေးလည်း မမေးရဲသလို ဖြစ်နေသည်။ သူကလည်း ဟိုနေ့က ကိစ္စ နောက်တာပါလို့ တစ်ခွန်းမှ မပြောပါ။ ဖုန်းချကာနီးမှာတော့ သူက စကားတစ်ခွန်း ပြောသွားသည်။
“မရေ.. နောက်ဆို မ ဆီ ကျွန်တော် ဖုန်းမဆက်တော့ဘူး၊ ကျွန်တော့် ကောင်မလေးက မကြိုက်တော့ဘူးလေ၊ ဒါပဲနော်” တဲ့။

အဲဒီတော့မှပဲ ပန်းအိ သည် ဘယ်လိုမှ မနေနိုင်ပဲ သူ့ သူငယ်ချင်းများ၊ ဟိုအရင် သူ့ကို အတူတူ သိခဲ့ဖူးသည့် ကိုယ့်သူငယ်ချင်း များကို သူ့ အကြောင်း မေးမြန်းကြည့်မိသည်။ ပန်းအိရော သူပါ နှစ်ယောက် ပတ်သက်မှုကို အရင် သင်တန်းက သူငယ်ချင်းများ မသိအောင် လျှို့ဝှက်ထား ခဲ့ကြသဖြင့် ပန်းအိတို့ နှစ်ယောက် ချစ်သူ ဖြစ်နေမှန်း မသိကြလေရာ သူတို့ဆီက အမှန်စကားများကို ပန်းအိ ကြားခဲ့ရတော့သည်။

“သူ့ မှာ ကောင်မလေး ရှိတာပေါ့ တီချယ် မသိဘူးလား” တဲ့။ သူနှင့် အတူတူ သင်တန်းတုန်းက ပန်းအိ သင်ခဲ့ဖူးသည့် သူ့ သူငယ်ချင်း ကောင်လေးက ပြောသည်။
“လေးနှစ်လောက် ရှိပြီလေ၊ သူတို့ မြို့ကပဲ ငယ်ချစ်တွေပေါ့”
“လေးနှစ် တောင် ရှိပြီ၊ သေချာရဲ့လား ဟယ် သင်တန်းတုန်းကတော့ သူ့ မှာ ကောင်မလေး ရှိတယ် မကြားမိပါဘူး”
“ဒီကောင်က လျှို့ဝှက်တတ်တော့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ချို့လောက်ပဲ သူ့အကြောင်းသိတာ၊ ခု သူနဲ့ ကုမ္ဗဏီ တစ်ခုတည်း ဖြစ်နေမှ သူက သူငယ်ချင်းတွေကို ကြေငြာတာလေ”

သည်စကားက ပန်းအိကို ရှော့ ရသွားစေသည်။ သူ့ အလုပ်မှာ အနေနီးလို့  ခုမှ တွေ့သည့် မိန်းကလေး မဟုတ်ဖူး ကိုး။ အလုပ်မှာ နီးစပ်ပြီး ကောင်မလေး ဘက်က ဆွဲဆောင်သဖြင့် သူ ပါသွားသလားလို့ တောင် ပန်းအိက သူ့ဘက် အလေးပေးပြီး တွေးမိသေးတာပင်။ သူနှင့် ပန်းအိ ချစ်ခဲ့ကြတာ ၂ နှစ် သာသာ လောက်ပင် ရှိဦးမည်။ သူ့  ကောင်မလေး နှင့် သူ ချစ်နေတာက လေးနှစ်တောင် ရှိပြီ ဆိုပါလား…။ ဒါဟာ သူ့ ဘက်က ပန်းအိကို သက်သက် ပညာပေးလိုတာ မဟုတ်လျှင် ဘာသဘောလဲ။ ပန်းအိက သူ့အပေါ် ဘာများ မှားမိလို့ လဲ။ ပန်းအိ အချစ်ကိုမှ သူက လှည့်စား ယူလိုခဲ့သတဲ့လား။ ဘာကြောင့်လဲကွယ်…။ မင်းထက် အသက်လည်းကြီး၊ ရုပ်လည်း မချောတဲ့ မိန်းမ တစ်ယောက်ရဲ့  အချစ်ကို လှည့်ဖျား ရယူလိုက်ရတာ တော်တော် ကျေနပ်သွားသလား မောင်..။

သူကသာ ပန်းအိ အချစ်ကို မတောင်းခံခဲ့လျှင်၊ ပန်းအိကို မျှော်လင့်ချက်တွေ မပေးခဲ့လျှင် ပန်းအိ စိတ်က သူ့ အပေါ် ဒီလောက်အထိ နစ်ဝင်မိမှာတဲ့လား…။ ဝေးဝေးက သာမန် အသိတွေပဲပေါ့။ ဘာကြောင့် သူ့မှာ ချစ်သူ ကောင်မလေး ရှိရဲ့နဲ့  ပန်းအိကို စတင်ခဲ့ပါလဲ။ ပန်းအိ သိလိုတာ တစ်ခုပဲ ရှိပါသည်။ သူ ပန်းအိကို နည်းနည်းလေး လောက်ပဲ ဖြစ်ဖြစ် တကယ်ချစ်ခဲ့သလား ဆိုတာပင်။
*****

ဇာတ်လမ်းက ပြီးပြတ်သွားသင့်ပြီ ဖြစ်ပါလျှက်၊ သူ့ကို စိတ်နာသင့်ပါလျှက် ပန်းအိ နှလုံးသားက မလိုက်နာလို ဖြစ်နေသည်ကို ဘယ်ကဲ့သို့  ထိန်းရမည် မသိပါ။ ပြီးသွားပြီ ဟု စိတ်ထဲမှာ ပြောနေလျှက်က သူ့ အသံကို ကြားချင်လာသည်။ သူနှင့် စကားပြောချင်လာသည်။ သူကတော့ ပြတ်ပြတ်သားသားကို ပန်းအိကို ဖုန်းမဆက်တော့ပါ။ ဒီတော့လည်း မဆက်သင့်တော့မှန်း သိလျှက်နှင့် ပန်းအိက စဆက်မိပြန်သည်။ ပန်းအိမှာ သူနှင့် ပတ်သက်လာလျှင် မာန ဆိုတာကို တစ်စွန်းတစ်စလေးတောင်မှ မထားခဲ့တာပါ။ သူကလည်း ပန်းအိကို ကောင်းကောင်းမွန်မွန်တော့ ပြန်ပြောပါသည်။ သို့ပေမယ့် မတူတော့…။ အရင်နှင့် မတူတော့တာကို ပန်းအိ စိတ်ထဲက ခံစားနေမိသည်။ “နင် ငါ့ကို တကယ် ချစ်ရဲ့လား” လို့  မသိယောင်ဆောင်ပြီး မေးတာကို သူက ဝေ့လည် ကြောင်ပတ် လုပ်ပြီး မဖြေခဲ့ပါ။ သူ့စိတ်က ပန်းအိ ထံမှာ မရှိတော့တဲ့အခါ ဘယ်လို စကားတွေကမှ သူ့စိတ်ကို ပြန်ရအောင် မလုပ်နိုင်တော့ပါ။ သူ့စိတ်က အစကတည်းက ပန်းအိထံမှာ မရှိခဲ့တာလည်း ဖြစ်နိုင်သည်။ ပန်းအိက လက်မခံချင်၍သာ မတွေးခြင်း ဖြစ်သည်။

ပန်းအိ နှလုံးသား အလိုကို လိုက်ပြီး သူ့ကို ဖုန်း စဆက်ဆက်နေတာ ခုနစ်ခါ မြောက်မှာတော့ ဖုန်းဖြေသူမှာ သူ မဟုတ်ပဲ ကောင်မလေး တစ်ယောက် ဖြစ်နေခဲ့သည်။ သူ့ရဲ့ ချစ်သူ ကောင်မလေး ပါတဲ့။ “သူတို့ ချစ်လာကြတာ လေးနှစ်ကျော်ပါပြီ၊ မကြာခင် လက်ထပ်ကြတော့မှာမို့၊ နောက်ထပ် မနှောက်ယှက်ပါနဲ့တော့” လို့ ပေါ်တင်ကြီး ပြောလာသည့် အခါမှာတော့ ပန်းအိ တစ်ယောက် သိက္ခာ ဆိုတာ တစ်ပြားမှ မကျန်တော့လောက်အောင် ဖြစ်သွားရသည်။ ပန်းအိမှာ သူ့ကို ဖုန်းဆက်ခွင့်မျှ မရှိတော့သည်ကို လက်သင့်ခံရတော့မည်။

သူဟာ စကတည်းက ပန်းအိ အချစ်ကို လိမ်ညာယူခဲ့သူ။ အချစ်ကို မသိနားမလည်သည့် ပန်းအိကို စတင် ပြုစားခဲ့သူ။ သို့ပေမယ့် ပန်းအိ သူ့ကို စိတ်မနာနိုင်တာ ဘာကြောင့်ပါလိမ့်။ ပန်းအိ သူ့ကို မုန်းမရ ပြုမရ ချစ်မိ နေသေးတာ ဘာကြောင့်ပါလိမ့်။ ခေါင်းမာလိုက်တဲ့ နှလုံးသားပါလားနော်..။

“ပုံကြည့်တော့ ရိုးရိုးအေးအေးလေးနဲ့ မထင်ရဘူးနော်..၊ ငါတို့က နင့်ကိုတောင် သူ့ကို သဝန်တိုလွန်းတယ်၊ ရစ်စရာမရှိ ရစ်နေတယ် ထင်နေသေးတာ၊ ယောက်ျားဆိုတာ ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရဘူး၊ ဒီလိုကောင်အတွက် ဘာမှ ခံစားနေစရာ မလိုဘူး”

“နောင်မှ အသစ်တွေ့တာထက် အရင်တည်းက ရှိပြီးရဲ့နဲ့ နင့်ကို အပျော်တွဲတယ် ဆိုတာ ပိုပြီး ယုတ်မာတယ်၊ သူ့ ဆရာမတောင် ဖြစ်ခဲ့ဖူးတာကို ဘာအကြံအစည်နဲ့ နင့်ကို ဒီလို လုပ်တာလဲ၊ သူတို့ သူငယ်ချင်းတွေ အချင်းချင်း လောင်းကြေး စားကြေး လုပ်ကြတာတောင် ဖြစ်နိုင်သေးတယ်၊ သူ နိုင်သွားမှာပေါ့..”

“နင်ကိုက မဟုတ်လို့ ခံရတာ၊ ဒီလောက် မကောင်းတဲ့ အကောင်ကို ဘာလို့ ဖုန်းဆက်နေသေးတာလဲ၊ ခံရတာတောင် နည်းသေးတယ်”

“ဘယ်ယောက်ျားကိုမှ အသည်းနှလုံး ပုံအပ်ပြီး မချစ်နဲ့ ဒါသင်ခန်းစာပဲ၊ နည်းနည်းလောက် လျှော့ချစ်၊ တစ်ယောက်သွားတော့လည်း နောက်ထပ် လာမှာပေါ့၊ အကြာကြီး အသည်းကွဲမနေနဲ့၊ အရေးမပါဘူး”

သူငယ်ချင်းတွေရဲ့ သူ့အပေါ် ဒေါသတွေ၊ ပြစ်တင် ပြောဆိုမှုတွေထဲမှာတောင် လိုက်ဝင် မပြောနိုင်လောက်အောင်ပဲ ပန်းအိဟာ သူ့အပေါ် အပြစ် မတင်လိုသူ ဖြစ်ပါသည်။ သူကသာ တစ်ဖက်ကို ဖြတ်လိုက်ပါပြီ၊ မ ကိုပဲ ချစ်တာပါ လို့ ပြောလာမည့် နေ့ကို စောင့်နေဆဲ လို့ ဆိုလျှင် လူတိုင်းက ပန်းအိဟာ သွက်သွက်ခါအောင် ရူးနေပြီ လို့ ဆိုကြလေမလားပဲ။ ပန်းအိဟာ သူ့ကို ဘယ်အချိန်မဆို ပြန်လက်ခံဖို့ အသင့်ရှိနေခဲ့သည်။ သို့သော် သူ ဘယ်တော့မှ ပြန်မလာ တော့မှာကိုလည်း ပန်းအိ မသိ မဟုတ် သိနေပါသည်။

ချစ်ခြင်းကို ကစားခံရခြင်းသည် ဘယ်လောက် နာကျင်သည်ကို သူ နားလည်နိုင်မည် မဟုတ်ပါ။ သူက ကစားသူ ဖြစ်သည်လေ။ ပန်းအိ နှလုံးသားက အက်ရာသည် ဘယ်တော့မှ အကောင်းအတိုင်း ဖြစ်နိုင်တော့မည် မဟုတ်သည်ကို ဘယ်သူ နားလည်နိုင်ပါ့မလဲ။ ကုစားသူ ရှိလာဖို့လည်း ပန်းအိ မမျှော်လင့်ချင်တော့ပါ။ ကုစားသူ မဟုတ်ပဲ နောက်ထပ် အနာတရ ထပ်ပေးမည့်သူ ဆိုလျှင် ပန်းအိ ခံစားနိုင်မည် မဟုတ်တော့ပါ။

အနာဂါတ် အိပ်မက်များ၊ စိတ်ကူးများ.. အားလုံးသည် သူ့ နင်းချေမှု အောက်မှာ တစစီ ပြိုကွဲခဲ့ရပြီ ဖြစ်သည်။ မေတ္တာသည် ရောင်ပြန် မဟပ်ခဲ့၊ သစ္စာသည် အရာမထင်ခဲ့။ မယုံကြည်ရသော သူ့ချစ်ခြင်းအောက်မှာ ပန်းအိ ရူးသွပ်ခဲ့ရခြင်းသည် မတန်ဟု ဆိုလည်း ဆိုကြစေ.. နှလုံးသားသည် တန်ဖိုး ညှိတတ်သူ မဟုတ်ခဲ့ပါလေ။ ပန်းအိ ကို အရူးလုပ်ခဲ့ရခြင်း အပေါ် သူပျော်သည် ဆိုလျှင် ပျော်ပါစေ..။ ပန်းအိ ခံစားရသလို သူ တစ်ချိန် ပြန်ခံစားရ ပါစေလို့ ပန်းအိ မကျိန်ဆို ရက်ပါ။ သူ့ ချစ်သူနှင့် သူ ပျော်နေပါစေ။ Time Machine တစ်ခုသာ ရခဲ့လျှင်တော့ သူနဲ့ မတွေ့ရသော ကမ္ဘာ ကိုပဲ ပန်းအိ ပြန်ရောက်သွားချင်ပါသည်။ သူလည်း သူ့ဟာသူ ပျော်နေ၊ ပန်းအိလည်း ကိုယ့်ဘာသာ ပျော်နေပါရစေ…။ ချစ်ခြင်းတစ်ခုမှာ ဘယ်တော့မှ မရူးသွပ်သော ကိုယ်သာ ဖြစ်ချင်ပါသည် ကွယ်...။

သိင်္ဂါကျော်