03 January, 2011

ဆောင်းသစ်ရွက်



ဆောင်းဦးသစ်ရွက်တွေ
ပွင့်သစ်စနေရောင်ထဲ လှပနေသလိုမျိုး
မင်း အစွမ်းကုန် ချစ်ခဲ့တဲ့ ရာသီကတည်းက
ငါက မယုံဘူးလို့ ငြင်းခဲ့ပြီးသား။

မင်းတောင်းတဲ့ အကြောင်းပြချက်ကို
ပြေလည်အောင် မပေးနိုင်တာကလွဲရင်
မယုံကြည်ခြင်းက သေချာနေလေတော့
ငါ့ကိုယ်ငါတောင်
နှလုံးသားကို ဖုံးဖိထားခဲ့သယောင်
အထင်အမြင်မှားချင်သေးရဲ့။

တလောကလုံးရဲ့အဝေးကို
ထွက်ပြေးရှင်သန်ဖို့
မင်းက စိန်ခေါ်ခဲ့ပေမယ့်
ငါကတော့
ပတ်ဝန်းကျင်ရဲ့ အဝေးမှာ
မရှင်သန်နိုင်သူပါကွယ့်။

ဆောင်းသစ်ပင်တွေ အမြဲမလှနိုင်တာ
ကြိုသိခဲ့သူ ဆိုပေမယ့်
မင်းဘက်က အစိမ်းရောင်ပြောင်းပုံက
အံသြလောက်အောင် ပိုစောခဲ့ပါရဲ့။

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။


ဘာပဲဖြစ်ဖြစ်
ငါကတော့
ဆောင်းဦးသစ်ရွက်တွေ
လှနေချိန်ကို
ချစ်တတ်မြဲပဲ။


သိင်္ဂါကျော်
(အပေါ်ကပုံကတော့ ဂျပန်က ချစ်သူငယ်ချင်းလေး facebook မှာ တင်ထားတဲ့ ပုံကို ခွင့်တောင်းပြီး ယူသုံးပါတယ်)

31 December, 2010

မင်္ဂလာပါ ၂၀၁၁

၂၀၁၁ နှစ်သစ်ကို Happy New Year သီချင်းလေးနဲ့ ကြိုလိုက်ပါတယ်...။







In the New Year,
we wish you the best year you’ve ever had,
and that each New Year
will be better than the last.
May you realize your fondest dreams
and take time to recognize and enjoy
each and every blessing.





Happy New Year,
And many more!
 



By Joanna Fuchs
 

ဘလော့ဂါ သူငယ်ချင်းများ၊ စာလာဖတ်နေကြ သူငယ်ချင်းများနဲ့ စာဖတ်သူ အားလုံး နှစ်ဟောင်းတုန်းက ကိုယ်ထားခဲ့ချင်တဲ့ မကောင်းတဲ့ အရာ အားလုံး ၂၀၁၀ မှာ ထားခဲ့နိုင်ပြီး ၂၀၁၁ ကစလို့ ပျော်ရွှင်စရာ အိပ်မက်အသစ်များကို အကောင်အထည် ဖော်နိုင်ပါစေ...။

သိင်္ဂါကျော်

24 December, 2010

ထူးမခြားနား ဒီဇင်ဘာ



ဒီဇင်ဘာတွေသာ အများကြီး ဖြတ်ဖြတ်သွားတယ်

ငါ့ဘဝထဲ ဘာမှလည်း မည်မည်ရရ မရှိခဲ့ပါဘူး။

Sweet December မှာ ငါ့ကိုမွေးလို့ ဒီဇင်ဘာကို ငါချစ်တယ်၊
ဒီတစ်ခုကလွဲရင်
လွမ်းစရာ အမှတ်တရလည်း မရှိ၊
ပျော်စရာ အမှတ်တရလည်း မရှိ၊
ဒီဇင်ဘာ.. ဒီဇင်ဘာ.. မြည်တမ်းနေရင်းလည်း
ငါ့ရင်ထဲမှာတော့ ဘလာဟင်းလင်း သက်သက်ပါ။

ခရစ္စမတ် ကို စိတ်ကူးနဲ့ရူး
အနားမှာ ရှိစေချင်တဲ့သူ ကလည်း
ဘယ်တော့မှ လာမှာမဟုတ်ခဲ့ဘူး။

ရေခဲမှုန်တွေ ကြဲပက်သလို
အေးစက် ကြမ်းရှ လေပြည်ထဲ
ငါတစ်ယောက်တည်း လမ်းလျှောက်လို့...။

“ဘဝကို ပျော်သလိုပဲနေတယ်”
အမြဲတမ်း ကြွေးကြော်နေရင်းလည်း
အထီးကျန်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...
ကိုယ့်ဘဝကို မနှစ်သိမ့်နိုင်မှုက တစ်ထောင့်တစ်နေရာက တိုးထွက်လာလိုက်...နဲ့
အတွင်းလှိုက်စားဆဲ ဒဏ်ရာတွေလည်း မပျောက်နိုင်ဘူး။

ဒီလိုနဲ့ပဲ
ဒီဇင်ဘာက ထုံးစံအတိုင်း
၃၁ ရက်မှာ ပစ်ဖို့ အဟောင်းတွေ စုထား တဲ့
ငါ့ကို သတိပေးရင်း ဖြတ်လျှောက်သွားတယ်။
အသစ်က ဘာလဲ၊ အဟောင်းက ဘာလဲ၊
ငါကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး...
New Year ဆိုလည်း ကြိုလိုက်ရုံပေါ့။
မပြည့်နိုင်တဲ့ ဆုတောင်းတွေလည်း တောင်းဆဲပဲ။

၂၀၁၀ က တာဝန်က အနားယူပြီး
၂၀၁၁ က ခြေလှမ်းအသစ် စတော့မယ်၊
ငါ့ကိုယ်ငါတော့
ထူးမခြားနားတွေထဲက ခုထိ ဆွဲမထုတ်နိုင်သေးဘူး။

သိင်္ဂါကျော်
23.12.2010