24 February, 2010

အိပ္မက္မွာ


ငါ့ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ့်
နတ်ဖုရားမလည်း တစ်ယောက်မှမရှိ။
ငါ့ကို မင်းဆီ ယူဆောင်ပေးမယ့်
ပုလင်းထဲက နတ်သမီးကလေး ဂျင်နီလည်း မရှိ။
ကြယ်ကြွေမှာ ဆုတောင်းသူလည်း မရှိ။
ပုလင်းထဲက မှော်အတတ်လည်း မရှိ။
ဒါပေမယ့်
ငါ အိပ်မက် မက်နိုင်ရဲ့
ဘယ်အချိန်မဆိုပေါ့။
ငါ့အိပ်မက်ထဲ မင်းနဲ့အတူလေ။

သိင်္ဂါကျော်
Ref: I Can Dream by Annabelle Aeng

23 February, 2010

စန္ဒယားသံ

  
 

“မာမီ နဲ့ ဒက်ဒီက ဘာဖြစ်လို့ အဝေးကြီးကို သွားရတာလဲ” ဒေါ့ က နေ့တိုင်းလို မေးနေကြမေးခွန်းကို မေးပြန်သည်။
“သမီးတို့ တကယ်ပဲ အဘွားနဲ့ အတူတူ နေရတော့မှာလား ဟင်..”
“တိတ်စမ်း ဒေါ့၊ ငါ နင့်ကို ပြောထားတယ် မဟုတ်လား၊ ဒက်ဒီနဲ့ မာမီက အလုပ်သွားလုပ်နေကြတာ.. ရက်နည်းနည်းကြာရင် ပြန်လာကြမှာ…”
ညီမလေးကို လိမ်လိုက်မိပြီ ဆိုတာ အယ်လဇ်ဇာ ရိုစ်လင်း သိပါသည်။ သူမတို့ မိဘနှစ်ပါး ဘယ်နေရာမှာ ဆိုတာ သိသော်လည်း သူမ၏ ညီမငယ်လေးကို ပြောမပြချင်ပါ။  အယ်လဇ်ဇာ ရိုစ်လင်း နှင့် ဒေါ့ တို့၏ အမေနှင့် အဖေ က ကွာရှင်းပြတ်စဲ ခဲ့ကြပြီး အဆုံးမှာတော့ သူမတို့ နှစ်ယောက်က အဘွားနှင့် သွားနေရတော့မည်။ အယ်လဇ်ဇာ ရိုစ်လင်း က သူမ၏ ညီမငယ်လေးကို မိဘတွေ ကွဲကွာကြတာနှင့် ပတ်သက်ပြီး မနာကျင်စေချင်ပါ။
“အိပ်ကြစို့ ဒေါ့ မနက်ဖြန်ကျရင် လုပ်စရာတွေ ရှိတယ်လေ”
မနက်ဖြန် တနင်္ဂနွေနေ့.. အဘွားအိမ်မှာ အလုပ်ရှုပ်တတ်သည်။ သူမတို့ အဘွား၏ အိမ်မှာ ကြောက်စရာ ရုပ်ရှင်တွေ ထဲကလို ကြီးမားသော အိမ်ဟောင်းကြီး တစ်လုံး ဖြစ်သည်။

အယ်လဇ်ဇာ ရိုစ်လင်း နှင့် ဒေါ့ တို့၏ အခန်းကပင် အိမ်အသေးလေး တစ်လုံးစာလောက် ရှိသည်။ ဤအိမ်ကြီးသည် စစ်အတွင်းက ဒဏ်ရာရသူများ အတွက် ဆေးရုံ လုပ်ခဲ့သေးသည်။ ထိုအရိပ်များ ယခုတိုင် ကျန်နေသေးသည်ဟု အယ်လဇ်ဇာ ရိုစ်လင်းက အမြဲထင်နေပြီး အိပ်မပျော်နိုင် ဖြစ်နေခဲ့သည်။ ဒီညကတော့ ခါတိုင်းညတွေနှင့် မတူ၊ လုံးဝမတူ။ ဒေါ့ကို အိပ်ရာထဲ ပို့ခဲ့ပြီးနောက် အယ်လဇ်ဇာ ရိုစ်လင်းက အိမ်ကြီးကို လျှောက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမသည် ကော်ရစ်ဒါ တလျှောက်လျှောက်လာခဲ့ပြီး ဖုန်တက်နေသော ပုံတူ ပန်းချီကားကို ကြည့်ရင်း မနက်ဖြန် သန့်ရှင်းရေး လုပ်ရမည်ဟု တွေးလိုက်သည်။ ထိုအချိန်မှာပင် စန္ဒယားသံ သဲ့သဲ့ ကို ကြားလိုက်ရသည်။ ပင်ကူအိမ်များကို ကြည့်ရင်း သူမက မနက်ဖြန်တော့ လုပ်စရာတွေ အများကြီးပဲ ဟု တွေးမိသည်။ သူမ စာကြည့်ခန်း နားသို့ ဆက်လျှောက်လာတော့ စန္ဒယားသံက ပိုကျယ်လာသည်။ သူမ ကိုင်လာသော ဖယောင်းတိုင်က ငြိမ်းကာနီး ဖြစ်နေပြန်သည်။

စာကြည့်ခန်းသို့ လာနေစဉ်မှာပင် တစ်စုံတစ်ရာက သူမ၏ အာရုံကို ဖမ်းစားထားသည်။ စန္ဒယားသံ ပင် ဖြစ်သည်။ ဂီတသံက ထိုအခန်းထဲမှ လာခြင်း ဖြစ်သည်။ သို့သော အခန်းထဲမှာ အရမ်းမှောင်နေပြီး ဘယ်သူ့ကိုမှ မမြင်ရပါ။ စာအုပ်တွေ ရာပေါင်းများစွာ ရှိနေသော စာကြည့်ခန်းထဲမှ သူမတို့ အခန်းဆီသို့ အမြန်ပြန်လာခဲ့သည်။ သူမ အိပ်မပျော်နိုင်တော့ပါ။ “ဘယ်သူ စန္ဒယားတီးနေတာလဲ” ဆိုသော မေးခွန်းက သူမ စိတ်ထဲမှာ တစ်ချိန်လုံး မေးနေခဲ့သည်။ သူမ မသိလိုက်ခင်မှာပင် နေရောင်က သစ်ပင်တွေ ထိပ်ဖျားကို ရောက်နေပါပြီ။ “မိုးတောင် လင်းနေပြီ” သူမက ပြောလိုက်သည်။ ဘယ်သူ စန္ဒယားတီးနေတာလဲ ဆိုတာ အဘွားကို မေးမည်ဟု တေးထားလိုက်သည်။ “ထကြတော့ အချစ်ကလေးတို့” အဘွားက ချိုသာသော အသံနှင့် လာနှိုးနေပြီ။
“ငါတို့မှာ ဒီနေ့ လုပ်စရာတွေ ရှိတယ်လေ”
“အဘွား”
“အင်း”
“မနေ့ညက ကော်ရစ်ဒါမှာ စန္ဒယားသံ ကြားမိလားဟင်”
“သမီးလေး၊ အဘွားကတော့ မင်းတို့ အဘိုး ဆုံးပြီးကတည်းက နားထဲမှာ စန္ဒယားသံ အမြဲကြားနေတာပဲကွယ့်”
“ဘာလို့လဲ ဟင်”
“မသိပါဘူးကွယ်.. အမှတ်ရစရာတွေ မို့လို့ပေါ့”
အဘွား အခန်းထဲမှ ထွက်သွားပြီးနောက် အယ်လဇ်ဇာ ရိုစ်လင်း စိတ်ထဲ ရှုပ်ထွေးနေဆဲ။ စန္ဒယား ဘယ်သူတီးတာလဲ ဆိုတဲ့ ငါ့မေးခွန်းကို ဖြေတာလဲ မဟုတ်ဘူး။ ဒေါ့ကို နှိုးပြီး အိပ်ရာက ထလိုက်သည်။ အယ်လဇ်ဇာ ရိုစ်လင်းသည် အသက် ၁၈ ရှိပြီ ဖြစ်သော ချစ်စရာ မိန်းကလေး ဖြစ်သည်။ ထိုနေ့က သန့်ရှင်းရေးတွေ လုပ်ရင်းနှင့် အချိန်က ကုန်သွားသည်။ သူမ စိတ်ထဲတွင် စန္ဒယားတီးသူကို တွေးနေဆဲ ဖြစ်သည်။ ထိုအချိန်မှာပင် ဒေါ့က အော်လိုက်သံကို ကြားသဖြင့် ပြေးသွားတော့ “ပင့်ကူ” တဲ့။ အဲလိုနှင့်ပင် နေ့လည်စာ စားချိန် ရောက်သွားသည်။ နောက်တော့ “အယ်လဇ်ဇာ ရိုစ်လင်း၊ ဖုန်းလာတယ်” ဆိုသဖြင့် သွားကိုင်လိုက်ရသည်။ သူမ စကားပြောချင်နေသော သူမ၏ မာမီ ဖြစ်သည်။

သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့တာ ကြာလှပြီ။ သူမတို့ အကြောင်းအရာတွေ အများကြီး ပြောဖြစ်ကြသည်။ သူမ မာမီက ဤအိမ်သို့ လာနေဖို့ လောလောဆယ် မဖြစ်နိုင်သေးကြောင်း ပြောသည်။ ထိုစကားမျိုးကတော့ အယ်လဇ်ဇာ ရိုစ်လင်း အတွက် ကြားနေကျပင်ဖြစ်သည်။ သူမ ဖုန်းချလိုက်ပြီးနောက် အခန်းကို ပြန်ခဲ့သည်။ သူမ စပြီး ငိုမိတော့သည်။ သူမ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခဲ့သော ခံစားချက်များကို ဖွင့်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ အယ်လဇ်ဇာ ရိုစ်လင်း က စိတ်ဓာတ် ခိုင်မာသော မိန်းကလေး ဖြစ်ပါသည်။ သူမ၏ နာကျင်မှုများကို ဘယ်သောအခါကမှ မပြသခဲ့ပါ။ သူမကို အားငယ်သူတစ်ယောက်အဖြစ် ဒေါ့ကို မမြင်စေချင်ပါ၊ ဒေါ့အတွက် သူမက စံပြဖြစ်အောင် နေခဲ့ပါသည်။ သူမ၏ ဒေါသများ၊ ဝမ်းနည်းမှုများကို ပြေလောက်အောင် ငိုနေဆဲမှာပင် စန္ဒယားသံကို ကြားခဲ့ရသည်။

မျက်ရည်များကို သုတ်လိုက်ပြီး စာကြည့်ခန်းဆီသို့ လျှောက်လာခဲ့သည်။ သူမက တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ သူမတစ်ခါမှ မမြင်ဖူးခဲ့သော အဘိုး၏ပုံကို ထိုနေရာမှာ တွေ့လိုက်ရသည်။ သူသည် စန္ဒယား ထိုင်တီးနေခြင်း ဖြစ်သည်။ သို့သော် စန္ဒယားသံက ရုတ်တရက် တိတ်သွားပါသည်။ သူမ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မှောင်မဲနေသည်။ သူမ အိပ်ပျော်သွားခြင်း ဖြစ်သည်။ ထိုနေရာတွင် စန္ဒယားတီးနေခြင်း မရှိပါ။ အဲလိုနှင့်ပင် နေ့များ ကုန်ဆုံးသွားသည်။ ဘာမှ ထပ်မဖြစ်ခဲ့ပါ။ သို့သော် တစ်ညမှာတော့ ထပ်ဖြစ်ပြန်သည်။ အယ်လဇ်ဇာ ရိုစ်လင်း ထိုအခန်းသို့ ပြေးကြည့်လိုက်သောအခါ ထိုနေရာမှာ ထိုင်နေသူက သူမ၏ အဘွား။ လှပသော၊ နှင်းလို ဖွေးဖွေးဖြူနေသော ဆံပင်များနှင့် သူမ၏ အဘွားသည် စန္ဒယား တီးနေခြင်း ဖြစ်သည်။ အယ်လဇ်ဇာ ရိုစ်လင်းသည် ထိုနေရာမှာ ထိုင်၍ သူမ စန္ဒယားသံကို နားထောင်ခဲ့သည်။ “စန္ဒယား တီး တီးနေတာ သူမပါပဲလား..”။

Faith Thomas ၏ The Piano ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
သိင်္ဂါကျော်

21 February, 2010

ပြေးလမ်းပေါ်က အလင်းရောင်

“ကိုဉာဏ်၊ ကိုကိုက တွေ့ချင်လို့တဲ့၊ သူ့အခန်းကို ည ၇ နာရီ လောက်လာခဲ့ပါတဲ့”
“ဟုတ်လား၊ ငါတစ်ယောက်တည်းလား၊ ခွန်မင်းရော ပါလား”
“အဲဒါတော့ ဝေလည်း မသိဘူး၊ ဖုန်းဆက်လိုက်ပါ ဆိုလို့”
“အေးအေး ကောင်းပြီလေ၊ လာခဲ့မယ် လို့ပြောလိုက် ဟုတ်လား”
ဉာဏ်သစ်မင်း က ဒီနေ့ တစ်နေ့ကုန် အပြင်ဘက် အလုပ်တွေ လိုက်လုပ်နေရသောကြောင့် ကုမ္ပဏီ ကို မရောက်ဖြစ်သေးပါ။ မင်းစိုးခန့်မှာ သူ့ကို ချိန်းစရာ ဘာကိစ္စ ရှိသလဲ စဉ်းစားလို့ကို မရနိုင်ပါ။ ရောက်တော့မှပဲ သိရတော့မည်။

ဉာဏ်သစ်မင်း၊ မင်းစိုးခန့် နှင့် ခွန်မင်း တို့သုံးယောက်က နာမည်ဆင်ကြပေမယ့် ညီအစ်ကိုတွေတော့ မဟုတ်ကြပါ။ ငယ်ကတည်းက ပေါင်းလာကြတဲ့ သူငယ်ချင်းများသာ ဖြစ်ပါသည်။ မင်းစိုးခန့်က သူတို့နှင့် အတန်းတူသော်လည်း အသက်ကတော့ တစ်နှစ်ကြီးသည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့နာမည်တွေမှာ တူနေတဲ့ “မင်း” ကို ယူပြီး မင်းကုမ္ပဏီ ရယ်လို့ ဖွဲ့စည်း လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ရှယ်ယာ အများဆုံးနှင့် ဦးဆောင်သူ ဥက္ကဌကတော့ မင်းစိုးခန့်ပဲ ဖြစ်သည်။ သူ့အဖေ ဆုံးပြီးနောက်ပြီး ယိုင်နဲ့နဲ့ ကုမ္ပဏီ ကို နာမည် အသစ်၊ ပုံစံ အသစ် နှင့် ပြန်လည် ဖွဲစည်းပြီး ဉာဏ်သစ်မင်းကိုပါ ရှယ်ယာ ပါစေခဲ့သည်။ ခွန်မင်းကတော့ ဒီလို ကုမ္ပဏီ ကြီးမှာ ရှယ်ယာပါနိုင်လောက်အောင် စီးပွားရေး တောင့်တင်းသူ မဟုတ်သောကြောင့် ရှယ်ယာ အနည်းငယ်လောက်သာ စတိပါသည်။ သုံးယောက်သား စည်းစည်းလုံးလုံး ကြိုးစားခဲ့သောကြောင့် ယခုအချိန်မှာတော့ အောင်မြင်သော ကုမ္ပဏီကြီး တစ်ခု ဖြစ်နေပါပြီ။ ဝေဝေစိုး ကတော့ မင်းစိုးခန့်ရဲ့ ညီမ။ ဉာဏ်သစ်တို့ထက် နှစ်တန်းငယ်သော်လည်း သူတို့ သုံးယောက် ကြားထဲ အမြဲတန်းပါခဲ့ပြီး သူငယ်ချင်းလိုပင် ပေါင်းခဲ့ကြသည်။ ကုမ္ပဏီမှာတော့ သူမက အတွင်းရေးမှုး ရာထူး ယူထားသည်။

မင်းစိုးခန့်က သူတစ်ယောက်တည်းကို ချိန်းသည် ဆိုလျှင်တော့ သူ့ညီမ ကိစ္စများ ပြောဦးမလား မသိပါ။ မင်းစိုးခန့် အရင်ကတည်းကပင် ဉာဏ်သစ်ကို ဝေဝေစိုး နှင့် သဘောတူနေသည်။ သူငယ်ချင်းချင်း အတူတူ ဆိုပေမယ့် မိသားစု များပြီး စီးပွားရေးချို့တဲ့သော ခွန်မင်း နှင့်တော့ သူ့ညီမကို သဘောမတူနိုင်သောကြောင့် မင်းစိုးခန့်က အခွင့်သင့်တိုင်း ဉာဏ်သစ်နှင့် ဝေဝေစိုးကို သဘောတူကြောင်း ပြောတတ်သည်။ ဉာဏ်သစ်က ဝေဝေစိုးအပေါ်မှာ ညီမလေး တစ်ယောက်လိုသာ သဘောထားသော်လည်း သူ့မှာ တစ်ခြား လက်ဆုပ်လက်ကိုင် ပြစရာ ချစ်သူရည်းစား ဆိုတာလည်း မရှိသောကြောင့် အလိုက်သင့်ပင် နေခဲ့သည်။ ဝေဝေစိုးကလည်း ဉာဏ်သစ်ထက်စာလျှင် ခွန်မင်းကို ပိုပြီး စိတ်ဝင်စားချင်သည်။ သူ့အစ်ကို စိတ်ကို သိသောကြောင့်သာ ရှေ့မဆက်ရဲခြင်း ဖြစ်သည်။ ခွန်မင်းကတော့ အမြဲတစေ လျှို့ဝှက်တတ်သူ ဖြစ်သောကြောင့် သူ့စိတ်ထဲ ဘယ်လို ဆိုတာ ခန့်မှန်းရခက်ပါသည်။

သူတို့ ကုမ္ပဏီရှိသော ကွန်ဒိုမှာပင် မင်းစိုးခန့်က အခန်းတစ်ခန်း ယူထားပြီးနေသည်။ သူ့အမေနှင့် ညီမ နေသော တိုက်ကိုတော့ တစ်ခါတစ်ရံ မှပင် ပြန်သည်။ ဉာဏ်သစ် နှင့် ခွန်မင်း လည်း အလုပ်ရှိလျှင် တိုင်ပင်စရာရှိလျှင် သူ့အခန်းမှာ ညလုံးပေါက် အလုပ်လုပ်ရင်း နေဖြစ်ကြတာမျိုးလည်း ရှိသည်။ ခုတလောတော့ ကုမ္ပဏီမှာ စီမံကိန်း အသစ်လည်း မရှိ၊ ဘာမှ တိုင်ပင်စရာလည်း မရှိ၊ ပုံမှန်လည်ပတ်နေသောကြောင့် သူ့အခန်းကိုပင် မရောက်ဖြစ်တာကြာပါပြီ။

သူ့အခန်းကို ရောက်တော့ ကိုယ့်ဟာကိုယ်ပဲ နံပါတ်နှိပ်ပြီး ဝင်လိုက်သည်။ သူ့အခန်းတံခါးရဲ့ လျှို့ဝှက်ကုဒ်ကို သူတို့ လေးယောက်လုံး သိကြပါသည်။ သူက သူ့အခန်းအပြင်မှာ CCTV ကင်မရာလည်း တပ်ထားသေးသည်။ စတပ်ကာစက သူတို့အားလုံး သူ့ကို နောက်ပြောင်ကြသော်လည်း သူကတော့ ခပ်တည်တည်ပင် သူ့ကွန်ပျူတာနှင့် ချိတ်ဆက်၍ တပ်ဆင်ထားသည်။

ဧည့်ခန်းထဲရောက်သည်အထိ သူ့အရိပ်အယောင်မမြင်ရတော့မှ ဉာဏ်သစ်က သူ့ကို အော်ခေါ်ရတော့သည်။
“ကိုခန့်ရေ ဘာလုပ်နေတုန်း… ငါရောက်ပြီနော်”
သူကခေါ်ပေမယ့် အတွင်းက လုံးဝ ပြန်ထူးသံ မကြားရပါ။ အိပ်ခန်းထဲ ဝင်ကြည့်တော့မှ သူ့အလုပ်စားပွဲ ပေါ်မှာ မှောက်နေသော မင်းစိုးခန့် ကို တွေ့ရသည်။ အလုပ်လုပ်နေရင်း နေမကောင်းများ ဖြစ်နေသလားလို့ စိုးရိမ်ပြီး သွားကြည့်တော့မှ ထိုင်လျက်နဲ့ ဓားထိုးခံရပြီး အသက်မရှိတော့သော မင်းစိုးခန့် ကို တွေ့ရသည်။

လူက ပူပူနွေးနွေး…။ သူ့လည်ပင်းကို စမ်းကြည့်တော့ အသက်မရှိတော့တာလည်း သေချာသည်။ စိုက်ဝင်နေသော ဓားမြှောင်ကို ကြည့်လိုက်တော့မှ ဉာဏ်သစ် ပိုထိတ်လန့်သွားသည်။ ထိုဓားမြှောင်က မင်းစိုးခန့်က ဉာဏ်သစ်ကို မွေးနေ့လက်ဆောင် ပေးထားသော ဓားမြှောင်။ ဉာဏ်သစ်က ဓားထူးထူးဆန်းဆန်း လှလှပပ တွေ စုဆောင်းရတာ ဝါသနာပါသည်။ အဲဒီ ဓားလေးက ၈ လက်မလောက် ရှိပြီး အရိုးမှာ ကနုတ်ပန်းတွေနှင့် ဉာဏ်သစ်ရဲ့ နာမည် အတိုကောက် NTM ဆိုတာပါ ပါသည်။ အဲဒီဓားက သူ့အိမ်ကနေ ဘယ်လိုလုပ် မင်းစိုးခန့် ကိုယ်ပေါ်ကို ရောက်နေရပါလိမ့်…။

“မဖြစ်ဘူး၊ ဒါဟာ ထောင်ချောက်ပဲ၊ ငါပြန်မှဖြစ်တော့မယ်…” ။
သူ့ခေါင်းထဲမှာ ဘာမှ ရေရေရာရာ မတွေးနိုင်။ ဘာလုပ်ရမှန်း လဲမသိပဲ အခန်းထဲမှ ပြန်ထွက်လာခဲ့မိသည်။ မင်းစိုးခန့် ရဲ့ အခန်းတံခါးဝမှ ကင်မရာကိုလည်း သတိမထားမိတော့။ သူ့အိမ်ကို ရောက်အောင် ဘယ်လို ကားမောင်း လာခဲ့မိမှန်းပင် မသိပါ။

သူတရားခံ ဖြစ်ပြီ ဆိုတာ မသိစိတ် ထဲက သိနေသည်။ ရဲဌာနကိုလည်း ဖုန်းမဆက်ရဲပါ။ ကျောပိုးအိတ်ထဲကို အဝတ်အစား တစ်ချို့ ပိုက်ဆံနှင့် လိုအပ်တာတွေ ထည့်ရင်း ရှောင်နေရင် ကောင်းမလား၊ ရင်ဆိုင် ဖြေရှင်းလိုက်ရမှာလား ဆိုတာ မဝေခွဲနိုင် ဖြစ်နေသည်။

ခြံရှေ့မှာ ကားရပ်လိုက်သံကို ကြားလိုက်ရသည်။ သူ့အခန်းပြတင်းပေါက်မှ ကြည့်လိုက်တော့ ရဲကား နှစ်စီး။ ခြံစောင့်က တံခါးဖွင့်ပေးဖို့ သွားနေပြီ။ သူ ကားယူပြီး ထွက်လို့ မရနိုင်တော့…။ ကျောပိုးအိတ် ကိုဆွဲပြီး နောက်ဖေးပေါက်မှ ထွက်ခဲ့သည်။ ခြံနောက်ဖက် ခြံစည်းရိုးကို ကျော်လိုက်လျှင် လူသွားလမ်းကလေး ရှိသည်။ ထိုလမ်းကလေးမှ ထွက်လိုက်တော့ လမ်းမကျယ်ကြီး ကို ရောက်သည်။ ကိုယ်ပိုင်ကားများနှင့်သာ သွားလာနေကြ ရပ်ကွက်မို့ ကားလမ်းမပေါ်ရောက်ဖို့ရာ တော်တော်ကြီးကို ဝေးသေးသည်။ ရဲတွေ ပြန်လှည့်လာလျှင် သူလွတ်မည် မဟုတ်ပါ။

လေးခြံကျော်လောက်က သူ့မိတ်ဆွေ လင်မယားခြံထဲ ဝင်လိုက်သည်။ သူ့ခြံဘက်ကို ကြည့်လိုက်တော့ ရဲတွေ ခြံထဲဝင်သွားကြသည်။ သူ့မိတ်ဆွေတွေ ဆီမှာ ကားတစ်စီးက အမြဲပိုနေလေ့ရှိသည်မို့ “သူ့ကားပျက်နေလို့.. ခဏ…” ဆိုပြီး တောင်းကာ မောင်းထွက်လာခဲ့သည်။ ကားလမ်းမကြီးပေါ်သို့ သူ့ကားတက်လိုက်ချိန်မှာ နောက်ဘက်က ရဲကား ဥသြသံများကို ကြားရသည်။ သို့သော် သူ့ကားကို သူတို့ သတိမထားမိပါ။

ဉာဏ်သစ်မင်း ဘဝတွင် တစ်ခါမှ အိပ်မက်ပင် မမက်ဖူးသော ဝရမ်းပြေးဘဝ သို့ ရောက်ခဲ့လေပြီ။

*****

မင်းစိုးခန့် အသတ်ခံရလို့ ဆုံးပြီ.. ဆိုသော သတင်းကို ကြားတော့ မေဦးခင် မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။ သူတို့ နှစ်ယောက် ပွင့်ပွင့်လင်းလင်း ချစ်သူတွေ ဖြစ်ခဲ့တာပင် သိပ်မကြာလှသေးပါ။ မေဦးခင်က ပြင်သစ်မှ Fashion Design Diploma ရခဲ့ပြီး ကိုယ်တိုင်ဦးဆောင်၍ ဒီဇိုင်းဆွဲကာ ပြည်တွင်းဈေးကွက် အတွက်ရော၊ Export အတွက်ပါ May တံဆိပ်နှင့် အမျိုးသမီးဝတ် အင်္ကျီများ ထုတ်သည်။ အထည်ချုပ်စက်ရုံ တစ်ခု အပြင် ပင်ရင်း အရောင်းဆိုင်ကကို ရန်ကုန်မြို့ထဲမှာ သုံးဆိုင် ရှိသည်။ လုပ်ငန်းရှင်များ စုံစုံလင်လင် တက်ရောက်ကြသော ညစာစားပွဲ တစ်ခုမှာ မင်းစိုးခန့် နှင့် ဆုံခဲ့သည်။ သူက သူမထက် နှစ်နှစ်ခန့်ငယ်သည်။ နောက်တစ်ခါ Seminar တစ်ခု မှာ တစ်ခါဆုံသည်။ ဖုန်းနံပါတ်ချင်း ဖလှယ်ပြီး နှစ်ယောက်သား အဆက်အသွယ်ဖြစ်ခဲ့သည်။ နောက်တော့ မင်းစိုးခန့်က သူမကို ပရိုပို့စ် လုပ်ခဲ့သည်။ ငါးလလောက်ကြာမှ သူမက အဖြေပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့ကို အရမ်းကြီး ရင်ခုန်ရတယ် မဟုတ်ပေမယ့် ခင်မင်ရသော မိတ်ဆွေကောင်းလည်းဖြစ်၊ နာမည်ပျက် မရှိသော သင့်တော်တဲ့ ယောက်ျားကောင်း တစ်ယောက်လည်း ဖြစ်တာမို့ လက်ခံခဲ့ခြင်း ဖြစ်သည်။ သူတို့ အတွဲက သိုသိုသိပ်သိပ် တိတ်တိတ်ဆိတ်ဆိတ်မို့ ရင်းနှီးသူများပင် မသိကြပါ။ သူတို့ကလည်း ဘာရယ်မဟုတ် ရှက်တက်တက် ဖြစ်နေတာနှင့်ပင် သူငယ်ချင်း အပေါင်းအသင်းများကို မကြေငြာရသေးပါ။

ယခုတော့ သူဆုံးပြီ။ ဆုံးတာကလည်း ရိုးရိုးတန်းတန်း မဟုတ်။ သူများ သတ်လို့ သေရခြင်း ဆိုပဲ။ စုံစမ်းကြည့်လိုက်တော့ သူ့ကို သတ်သူမှာ ကုမ္ပဏီ ရှယ်ယာဝင် သူငယ်ချင်း ဉာဏ်သစ်မင်း ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေသည်ဟု ဆိုသည်။ ထိုနာမည်ကို သူပြောပြောနေတာ သူမ ကြားဖူးခဲ့ပါသည်။ ညီအစ်ကိုအရင်းလို အချစ်ဆုံး သူငယ်ချင်း ရယ်လို့ သူပြောခဲ့တာ မှတ်မိသည်။ သူပြောခဲ့ဖူးတာ ပြန်စဉ်းစားလိုက်တော့ တစ်နေ့ညက ဖုန်းဆက်ရင်း ပြောခဲ့တာကို ပြန်သတိရသွားသည်။
“ကိုယ့်အရင်းနှီးဆုံး သူငယ်ချင်းက သစ္စာဖောက်တာကို ခံရတာ တကယ်ဆိုးတယ်ကွာ…၊ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ ဒီလောက် လုပ်ရက်လိမ့်မယ်လို့ မထင်ခဲ့ဘူး” တဲ့။
သစ္စာဖောက်တဲ့ အပြင် အသက်ကိုပါ သတ်ရက်တဲ့ သူ့သူငယ်ချင်း ဆိုသူကို ဒီလို လွတ်နေတာမျိုးတော့ မဖြစ်စေချင်။ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံစားရစေချင်သည်။ မေဦးခင်မှာလည်း အဆက်အသွယ်တွေ ရှိပါသည်။ ချက်ချင်းပင် ဉာဏ်သစ်မင်း အကြောင်းကို စုံစမ်းခိုင်းပြီး တစ်မြို့လုံးအနှံ ရှာခိုင်းလိုက်သည်။

*****

ဉာဏ်သစ်သည် ကားကို ပါကင် တစ်ခုမှာ ရပ်ထားခဲ့ပြီး တည်းခိုခန်း ခပ်သေးသေး တစ်ခုမှာ အခန်းယူလိုက်သည်။ သူ့မိတ်ဆွေကို ကားလာယူဖို့ပြောရင်းနှင့် အမှု အကြောင်း စုံစမ်းခိုင်းတော့ .. သူ့ကို လူသတ်သမား အဖြစ်နှင့် လိုက်ရှာနေကြောင်း သိရသည်။ ကင်မရာက ရိုက်ထားသော အခွေမှာလည်း သူ ဝင်သည့် ထွက်သည့်ပုံ ပါနေပြီး ဓားမြှောင်ရိုးမှာလည်း သူ့လက်ဗွေရာ တွေ့ရသဖြင့် သက်သေခိုင်လုံနေသည်ဟု ဆိုသည်။ သူ့အကြောင်းကို ငယ်ငယ်ကတည်းက သိခဲ့သည့် မိတ်ဆွေ လင်မယားကတော့ ထိုအမှုကို သူမကျူးလွန်ခဲ့သည့်အကြောင်းကို ယုံကြည်ကြပါသည်။ သို့သော် သူတို့လည်း ဘာမှ မကူညီနိုင်ပါ။

ခွန်မင်းနှင့် ဝေဝေစိုး ဆီသို့ ဖုန်းဆက်ကြည့်သောအခါ အံသြစရာ နောက်ထပ်တစ်မှု ကိုပါ သိလိုက်ရပါသည်။ ကုမ္ပဏီပိုင် ငွေများကို အလွဲသုံးစားလုပ်မှု ဟု ဆိုပါသည်။ ထိုကိစ္စနှင့် စကားများ၍ သူက မင်းစိုးခန့်ကို သတ်ခြင်း ဖြစ်သည် ဆိုသော အကြောင်းပြချက်ကလည်း ခိုင်လုံနေပါသည်။ သူ့ကို ဘယ်ကနေ ဆက်နေတာလဲ ဟု နှစ်ယောက်စလုံးက မေးကြပါသည်။ သူ မပြောတော့ပါ။ ဆက်ပြီးသည်နှင့် သူ့ iphone ကိုလည်း လမ်းဘေး အမှိုက်ပုံတစ်ခုမှာ ပစ်ခဲ့လိုက်ပါသည်။ မဟုတ်လျှင် ထိုဖုန်းမှ သူ့ကို ခြေရာခံလို့ ရနိုင်လိမ့်မည်။

သူ့စိတ်ထဲတွင် ခွန်မင်းနှင့် ဝေဝေစိုး အပေါ် သံသယ တစ်ခု ဖြစ်လာပါသည်။ ထိုနေ့က သူ့ကို ဖုန်းဆက်ပြောသူမှာ ဝေဝေစိုးသာ ဖြစ်ပြီး မင်းစိုးခန့် ကိုယ်တိုင်ဆက်ခြင်း မဟုတ်ပါ။ ကုမ္ပဏီ စာရင်းဇယားများ နှင့် ပတ်သက်၍ ကိုင်တွယ်သူမှာ ခွန်မင်း ဖြစ်ပြီး သူက ဘယ်သောအခါကမှ လှည့်မကြည့်ခဲ့ပါ။ ကုမ္ပဏီငွေကို သုံး၍ သူ့သဘောနှင့်သူ လုပ်ထားသော ကိစ္စလည်း ဘာတစ်ခုမှ မရှိခဲ့ပါပဲလျက် ဒီလိုသတင်းမျိုး ထွက်အောင် ဘယ်သူက ဖြန့်ဝေခဲ့ပါသလဲ။ သေချာတာကတော့ မင်းစိုးခန့်ရော.. သူပါ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် မှန်အောင်ပစ်လို့ အကျိုးရှိမည့်သူမှာ ဘယ်သူဖြစ်နိုင်ပါသလဲ။ ကုမ္ပဏီမှာ သူတို့ နှစ်ယောက် မရှိခဲ့လျှင် လုပ်ပိုင်ခွင့် အားလုံးရရှိမည့်သူမှာ ခွန်မင်း တစ်ယောက်သာ ဖြစ်သည်။ ဝေဝေစိုးကရော.. ။ ဝေဝေစိုးက သမီး အရင်း မဟုတ်ဘူး ဆိုတာ သူသိထားခဲ့တာ သိပ်မကြာသေး။ သူမ ကိုယ်တိုင်တောင် သိချင်မှ သိလိမ့်မည်။ သိခဲ့လျှင်တောင် နှစ်ပေါင်းများစွာ အစ်ကိုရင်းလို နေခဲ့သူကိုတော့ ကြံစည်ရက်လိမ့်မည်ဟု သူမထင်။ သို့သော် သူမကို သေချာအောင်တော့ မေးဖို့လိုသည်။ သူမက ရဲတွေကို ပြောတော့ သူ့အစ်ကိုက ဉာဏ်သစ်ကို ခေါ်ခိုင်းသည့် ကိစ္စကို လုံးဝ ဖုံးကွယ်ထားခဲ့သည်။ ဘာကြောင့် ဖုံးကွယ်ထားသလဲ ဆိုတာ သူ သေချာသိဖို့ လိုသည်။ သူမကို တစ်ခါလောက်တော့ သွားတွေ့ရလိမ့်မည်။

မင်းစိုးခန့်တို့ ခြံထဲသို့ ကျော်ဝင်ခဲ့ပြီး မင်းစိုးခန့်တို့ မေမေ သိမှာ စိုးသဖြင့် အိမ်ရှေ့ပေါက်မှ မဝင်ပဲ မီးဖိုချောင်ဘက်မှ ဝင်ခဲ့သည်။ အိမ်ဖော်မလေးတွေကလည်း  အိပ်ပျော်နေသဖြင့် မသိလိုက်ပဲ ဝေဝေစိုး အခန်းရှိရာ ဒုတိယထပ်သို့ ဘယ်သူမှ မသိပဲ ရောက်သွားသည်။
သူ့ကို မြင်လိုက်တော့ ဝေဝေစိုး က လန့်သွားသည်။
“ငါ့ကို မှန်မှန်ပြောစမ်း မိဝေ၊ ဟိုနေ့က ကိုခန့်က ငါ့ကို ခေါ်ခိုင်းတာ မဟုတ်ဘူးမို့လား၊ ဘယ်သူက အဲလို ပြောခိုင်းတာလဲ”
“မသိဘူး၊ ကိုကို ခေါ်ခိုင်းတာပဲ၊ ကိုဉာဏ် ဘယ်လိုလုပ် ဒီထဲကို ဝင်လာတာလဲ”
“ကိုခန့်က ငါ့ကို ခေါ်ချင်ရင် သူကိုယ်တိုင်ဖုန်းဆက်နေကြပဲ၊ နင့်ကို ခေါ်ခိုင်းစရာ ဘာလိုသလဲ၊ ပြောစမ်း၊ နင့်ကို ခွန်မင်းက ဆက်ခိုင်းတာလဲ၊ နင်တို့နှစ်ယောက်က ဘယ်လို အခြေအနေလဲ”
“အို ဘာဆိုင်လို့လဲ၊ ကိုခွန်နဲ့ ဘာမှ မဆိုင်ဘူး၊ ကိုခန့် ဆက်ခိုင်းတာလို့ ပြောတာပဲဟာ၊ ဘာတွေ လျှောက်ပြောနေတာလဲ.. ”
“နင်တို့ နှစ်ယောက် ကြိုက်နေတယ် မဟုတ်လား”
“ဟုတ်တယ် ကြိုက်နေတယ်၊ ဘာဖြစ်လဲ၊ ဒါပေမယ့် ဝေက ကိုယ့်အစ်ကိုကိုတော့ မကောင်းကြံပါ့မလား၊ ကိုဉာဏ်သာ ကိုယ့်သူငယ်ချင်းကို လုပ်ရက်တာ”
“နင့်ပါးစပ်ပိတ်ထားစမ်း၊ ငါမလုပ်ဖူး၊ ငါမလုပ်ဖူး ဆိုတာ နင်လည်း သိရမယ်၊ နင်သိရဲ့သားနဲ့ လိမ်နေတာ”

ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်လာပြီး မင်းစိုးခန့် အမေရဲ့ အသံ ပေါ်လာသည်။
“သမီး၊ အောက်ထပ်မှာ ရဲအရာရှိတွေက သမီးကို မေးစရာ တစ်ခုရှိလို့တဲ့”
ဉာဏ်သစ်လည်း ယူလာသော ဓားမြှောင်တစ်ချောင်းနှင့် သူမကို ခြိမ်းခြောက်လိုက်တော့မှ “ဟုတ်ကဲ့ မေမေ၊ သမီး ဆင်းလာခဲ့မယ်၊ ခဏလေး” ဟုပြန်ပြောသည်။ သူမကို ရရာ အဝတ်နှင့် ပါးစပ်ကိုစည်း၍ ရေချိုးခန်းထဲ ထည့်ပိတ်ခဲ့ပြီး အောက်ထပ်သို့ လှေကားမှ ဆင်းရန် မဖြစ်နိုင်တော့သည့် အတွက် သူမ အခန်းပြတင်းပေါက်မှ ထွက်၍ ရေပိုက်လိုင်းကို တွယ်ဆင်းပြီး ပြေးခဲ့ရသည်။

နိုင်ငံခြားကားတွေထဲကလို သူ့ရုပ်ပုံကို တီဗွီက ထုတ်လွှင့်တာမျိုး မရှိသဖြင့် သူ့ကို ဘယ်သူကမှ ဝရမ်းပြေးရယ်လို့ သိမနေပါ။ ရဲတွေနှင့် တည့်တည့် မတိုးအောင် ရှောင်ဖို့သာ အရေးကြီးပါသည်။ ဘတ်စ်ကားတစ်စီး ပေါ်မှ ဆင်းပြီး သူနေသော တည်းခိုခန်းသို့ ရောက်အောင် နောက်ထပ်ပြောင်းစီးဖို့ ပြင်စဉ်မှာ လူမိုက်ရုပ်နှင့် လူ တစ်ချို့ အနီးကပ်လာပြီး သူတို့ လက်ထဲမှ ဓါတ်ပုံနှင့် တိုက်ကြည့်နေသည်ကို မြင်သောကြောင့် သူ့မှာ ပြေးလာခဲ့ရသည်။ သူတို့ကလည်း သူ့နောက်သို့ ပြေးလိုက်လာကြသေးသည်း။ နောက်ဆုံးမှာ ထွက်ကာနီး ဘတ်စ်ကား တစ်စီးပေါ်သို့ သူ တက်လိုက်လာပြီး သူတို့ ကျန်ခဲ့သည်။ ရဲတွေ မဟုတ်ပဲနှင့် သူ့ကို လိုက်ရှာနေတာ ဘယ်သူ့ ခိုင်းစေမှုကြောင့်လဲ.. သူမသိနိုင်ပါ။

သူနေသော အခန်းကလေး ကတော့ ခုထိ လုံခြုံနေဆဲ ဖြစ်သည်။ အခန်းကျဉ်းထဲက ကုတင်ပေါ်မှာ လှဲရင်း ပြဿနာကို သေချာ စဉ်းစားနေမိသည်။ မင်းစိုးခန့်ကို သတ်သူ အစစ်ကို ဖော်ထုတ်နိုင်မှသာ ဉာဏ်သစ်အတွက် ဒီဘဝမှ လွတ်မြောက်နိုင်လိမ့်မည်။ တရားခံ အစစ်မှာ သူ မဟုတ်ကြောင်း သက်သေပြနိုင်မှသာ သူ့ဘဝအမှန်ကို သူပြန်ရလိမ့်မည်။

မင်းစိုးခန့်ရဲ့ security camera ထဲမှာ သူ့ပုံတော့ ပါပြီး လူသတ်သမားရဲ့ ပုံကတော့ ဘာကြောင့် မပါရပါသလဲ။ သူမလာခင်လေးမှာပင် လူသတ်သမားက ထွက်သွားခြင်း ဖြစ်ရမည်။ သူ့လိုပင် တံခါး၏ code နံပါတ်ကို သိပြီး ဝင်လာသူ ဖြစ်သောကြောင့်သာ ပြန်ထွက်သောအခါမှာလည်း တံခါးကို ပြန်ပိတ်သွားနိုင်ခြင်း ဖြစ်ရမည်။ ဤအခန်း၏ code နံပါတ်ကို သိသူမှာ မင်းစိုးခန့်အပြင် သူ၊ ခွန်မင်း နှင့် ဝေဝေစိုးတို့သာ ရှိသည်။ သူ့အမေပင် တစ်ခါမှ မလာဖူးသဖြင့် code နံပါတ် မသိကြောင်း ပြောဖူးသည်။ ကင်မရာ ထဲက ပုံရိပ်များကို ကူးထားသည့် အခွေကိုတော့ ရဲတွေ ယူသွားပြီ ဖြစ်မည်။ သို့ပေမယ့် Backup data တော့ ရှိနိုင်သေးသည်။ မင်းစိုးခန့်ရဲ့ အိမ်သုံး ကွန်ပျူတာကို တစ်ချက်လောက် စစ်ကြည့်ဖို့ လိုလာပြီ ဖြစ်သည်။ ရဲတွေ ချိတ်ပိတ်ထားပြီ ဖြစ်သော ထိုအခန်းထဲသို့ ရအောင် ဝင်ကြည့်နိုင်မှသာ ဖြစ်လိမ့်မည်။

*****

မင်းစိုးခန့်ရဲ့ အခန်းကို တားမြစ်နယ်မြေ အမှတ်အသား ပြထားသော်လည်း အစောင့်တော့ တစ်ယောက်မှ မထားထားသဖြင့် ဉာဏ်သစ် ကံကောင်းသွားသည်။ တံခါးဝမှ security camera ကတော့ သူ့တာဝန်သူ ထမ်းဆောင်နေဆဲ…။ တံခါးဖွင့်သော code နံပါတ်ကိုလည်း ပြောင်းမထားသဖြင့် ဉာဏ်သစ် အလွယ်တကူပင် ဝင်လိုက်နိုင်သည်။ ပတ်ဝန်းကျင်မှ သတိထားမိမည် စိုးသဖြင့် မီးတွေ အားလုံး မဖွင့်တော့ပဲ ကွန်ပျူတာ ပေါ်မှ မီးချောင်းလေးကိုသာ ဖွင့်လိုက်သည်။ မင်းစိုးခန့်ရဲ့ password က ဘာမှ ထွေထွေထူးထူး မဟုတ်။ သူတို့ သုံးယောက်ရဲ့ တူညီသော နာမည် “Minn” ပါ။ မင်းစိုးခန့် က သူ့ရဲ့ ကင်မရာ အလုပ်လုပ်ပုံကို တစ်ခါက ပြောခဲ့ဖူးသည်။ နေ့စဉ် အဝင်အထွက် ပုံရိပ်များကို record လုပ်ထားပြီး တစ်လကြာတိုင်း auto ဖျက်ပစ်သည်။ သို့သော် လျှို့ဝှက်ချက်တစ်ခုတော့ ရှိသေးသည်။ ပုံမှန် record လုပ်ထားသည့် နေရာအပြင် backup အနေနှင့် ပြန်သိမ်းထားသော နေရာ တစ်နေရာ ရှိသေးသည်။ ထိုအကြောင်းကို ပြောပြစဉ်က ခွန်မင်းက စိတ်မဝင်စားပဲ နောက်ဘက်အခန်းထဲ ရောက်နေခဲ့သည်ကို မှတ်မိသေးသည်။ ဉာဏ်သစ်က ထို backup data ကို ပြန်ရအောင် ကြိုးစားကြည့်လိုက်သည်။ သိမ်းထားသော နေရာကို တွေ့သော်လည်း password ပိတ်ထားသဖြင့် မဝင်နိုင်ပဲ ဖြစ်နေသည်။ Password အမျိုးမျိုးနှင့် ဝင်ကြည့်ဖို့ ကြိုးစားနေဆဲမှာပင် သူ့ခေါင်းကို တစ်စုံတစ်ခုနှင့် ရိုက်ခြင်းကို ခံလိုက်ရပြီး သတိလစ်သွားရသည်။

ဉာဏ်သစ် သတိရလာသောအခါ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ မေဦးခင် ပင်ဖြစ်ပါသည်။ ဉာဏ်သစ် ဖွင့်ချင်သော Backup System ကို သူမက ဖွင့်လိုက်နိုင်ပြီ ဖြစ်ပါသည်။ Password က သူမ နာမည်ပင် ဖြစ်သည်။ အရေးကြီးသော password များကို သူမ နာမည် ပေးထားသည် ဟု သူ တစ်ခါက ပြောခဲ့ဖူးတာကို  သတိရပြီး စမ်းကြည့်လိုက်သောအခါ ဝင်သွားသည်။ သို့သော် ဘယ်လို ဆက်သွားရမှန်း မသိဖြစ်နေသဖြင့် ဉာဏ်သစ် သတိရအောင် စောင့်နေလိုက်ခြင်း ဖြစ်သည်။ သူက တရားခံ ဆိုတာ သေချာလျှင် ရဲဌာနသို့ ဖုန်းဆက်ပြီး အဖမ်းခံစေရမည်။ သူ ဘာကို လိုချင်လို့ ဒီအခန်းကို ပြန်လာတာလဲ ဆိုတာ အရင် သိအောင် လုပ်ရမည်။
“ရှင်က တရားခံပြေး ဉာဏ်သစ်မင်း မဟုတ်လား”
“ခင်ဗျားက ဘယ်သူလဲ”
“ကျွန်မက မင်းစိုးခန့်ရဲ့ ချစ်သူ မေဦးခင် တဲ့”
“ကိုခန့် ချစ်သူ ဟုတ်လား၊ ကိုခန့်က တစ်ခါမှလည်း မပြောဖူးပါဘူး”
“ဟုတ်တယ်လေ၊ ကျွန်မတို့က သူငယ်ချင်းတွေကို မကြေငြာရသေးဘူး၊ မကြာခင်မှာ ကြေငြာတော့မလို့ပဲ၊ အခုတော့ သူ ဒီလို ဖြစ်သွားတယ်၊ သူ့ကို သတ်သွားတဲ့လူကို အပြင်မှာ လွတ်နေတာ ကျွန်မ မမြင်ချင်ဘူးရှင့်”
“သူ့ကို သတ်တာ ကျွန်တော် မဟုတ်ဘူးဗျ၊ ကျွန်တော် သတ်တယ်လို့ ထင်ရအောင် အကွက်ဆင်ထားတာပဲ”
“ဒါကို ရှင် သက်သေ ပြနိုင်ဖို့ လိုတယ်လေ”
“အဲဒါကို သက်သေ ပြဖို့ ကျွန်တော် ဒီအခန်းကို ပြန်လာတာပဲ၊ သူ့ ကွန်ပျူတာထဲက Backup System ကို ဖွင့်နိုင်ရင် အဲဒီနေ့က Record အစစ်အမှန်ကို ပြန်ရမှာပဲ”
“ရှင် ဖွင့်ချင်တဲ့ System ကို ကျွန်မ ဖွင့်ထားပြီးပြီ၊ ဘာဆက်လုပ်ရမလဲ ကျွန်မကို ပြောပါ”

ဉာဏ်သစ်ကို သူမက မင်းစိုးခန့် ကုတင်ပေါ်မှာ ကြိုးတုပ်ထားခြင်း ဖြစ်သည်။ ကုတင်ဘေး စားပွဲပေါ်ရှိ ၁၉ လက်မ မော်နီတာ ကိုတော့ သူ ကောင်းကောင်း မြင်နေရသဖြင့် ဘာလုပ်ရမည်ကို ဉာဏ်သစ်က ပြောပြပြီး သူမက တစ်ဆင့်ချင်း လိုက်လုပ်သည်။ နောက်ဆုံးမှာ အခင်းဖြစ်သော အချိန်တစ်ဝိုက်က Backup Record ကို ရှာတွေ့သွားသည်။ အဲဒီနေ့က ဉာဏ်သစ် ဝင်မလာခင် မိနစ် အနည်းငယ်လောက်က ခွန်မင်း ဝင်လာသည်။ သူ့ဟာသူ တံခါးဖွင့်ပြီး ဝင်လာခြင်း ဖြစ်သည်။ ၅ မိနစ်လောက် ကြာတော့ သူ ပြန်ထွက်လာသည်။ သူထွက်သွားပြီး ခဏကြာတော့ ဉာဏ်သစ် ဝင်လာသည်။ ဉာဏ်သစ် ထွက်သွားပြီး ချက်ချင်းလိုပင် ခွန်မင်း ပြန်ဝင်လာပြန်သည်။ Video record ကို ဖျက်ပစ်ဖို့ ပြန်ဝင်လာခြင်း ဖြစ်နိုင်သည်။ သူပြန်ထွက်သွားသည်ကိုလည်း မတွေ့ရတော့ပါ။ ဘယ်က ပြန်ထွက်သွားသည်ကိုတော့ မသိနိုင်။ ကင်မရာက အခန်းတွင်းမှာ မရှိသောကြောင့် အခန်းထဲမှာ သူ ဘာလုပ်သည်ကိုတော့ မသိနိုင်ပါ။

ရဲတွေ ကူးသွားသော ပုံမှန် record ကို ပြန်ကြည့်သောအခါမှာတော့ ထိုတစ်နေ့တာမှာ မင်းစိုးခန့် ဝင်လာသည်။ တော်တော်ကြီးကြာတော့ ဉာဏ်သစ် ဝင်လာသည်။ ပြန်ထွက်သွားသည်။ ဒါပဲ ပါသည်။ ခွန်မင်း ဝင်လာတာ..၊ ထွက်သွားတာ…၊ ပြန်ဝင်လာတာ…၊ လုံးဝ မပါတော့ပါ။ သူ နောက်တစ်ခါ ဝင်လာခြင်းသည်။ သူပါသော ထို အပိုင်းများကို ဖျက်ပစ်ရန်ပင် ဖြစ်သည်။

ဉာဏ်သစ်ကို မေဦးခင်က အနည်းငယ် ယုံကြည်သွားပြီး ကြိုးဖြည် ပေးလိုက်ပါသည်။
“ဒီလောက်နဲ့တော့ အဲဒီလူ ခွန်မင်း သတ်ပါတယ်လို့ သက်သေပြလို့ မရနိုင်သေးဘူး၊ ဓားမြှောင်ပေါ်က လက်ဗွေရာက ရှင့် လက်ဗွေရာ ဖြစ်နေတယ်လေ”
“အဲဒီဓားမြှောင်က ကျွန်တော့် ဓားမြှောင်ပဲလေ၊ ကျွန်တော့် လက်ဗွေရာတော့ ရှိမှာပေါ့… သူက လက်အိတ်နဲ့ ကိုင်တယ် ဆိုရင် သူ့လက်ဗွေရာ မရှိပဲ ကျွန်တော် လက်ဗွေရာပဲ ကျန်နေမှာပေါ့”
“ရှင်ပြောတာ မှန်ပါတယ်၊ ဒါပေမယ့် သူ့ကို တရားစွဲနိုင်ဖို့ ဆိုရင် နောက်ထပ် မငြင်းနိုင်မယ့် သက်သေ ထပ်ရှာဖို့ လိုဦးမယ်၊ ကျွန်မကလည်း ကိုမင်းကို တကယ်သတ်တဲ့ လူကိုပဲ ထောင်ထဲ ပို့ချင်တာပါ”
“ကျွန်တော်ကလည်း လူသတ်တရားခံအစစ်ကို ဖမ်းချင်တာပဲ ဗျ”
“အခု ရှင် ဘယ်မှာ နေတာလဲ၊ အဆင်ပြေရဲ့လား”
“Motel အသေးလေး တစ်ခုမှာ နေတယ်၊ အခုထိတော့ လုံခြုံတုန်းပဲ ဗျ”
“ကောင်းပါတယ်၊ ရှင်အဆင်မပြေရင် ကျွန်မကို ဖုန်းဆက်လိုက်ပါ”
သူမက လိပ်စာကတ် တစ်ခု ပေးသည်။

ပြန်ကာနီးမှ ဉာဏ်သစ်က မီးဖိုခန်းထဲက ပြတင်းပေါက်ကို သတိထားမိသွားသည်။ ထိုပြတင်းပေါက်က ပိတ်ထားသော်လည်း စေ့ထားရုံသာ ဖြစ်သည်။ ထိုပြတင်းပေါက်တွင် သံတိုင် သံပန်း တပ်ထားခြင်း မရှိပါ။ မှန်တံခါးများ တပ်ထားပြီး အမြဲတမ်း ပိတ်ထားသော ပြတင်းပေါက် ဖြစ်သော်လည်း ဖွင့်လိုက်လျှင် ရေပိုက်လိုင်းနှင့် နီးသောကြောင့် ရေပိုက်မှ တွယ်ဆင်း၍ ဖြစ်စေ၊ ကြိုးနှင့် ဆင်း၍ ဖြစ်စေ အောက်ရောက်အောင် ဆင်း၍ ရသည်။ မေဦးခင်ကို ပြောပြတော့ သူမကလည်း သူထင်သလိုပင် ထင်သည်။ လူသတ်သမားက နောက်တစ်ခေါက်တွင် တံခါးပေါက်မှ ပြန်မထွက်တော့ပဲ ထိုပြတင်းပေါက်မှ ဆင်းသွားခြင်း ဖြစ်နိုင်သည်။

မင်းစိုးခန့် အခန်းမှ ထွက်၍ ဉာဏ်သစ်လည်း အခါတိုင်းလိုပဲ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ မှတ်တိုင်မှာ ဆင်းလိုက်တော့မှ ကားစောင့်နေသော လူတွေက သူ့ကို ဝိုင်းကြည့်ကြသလို စိတ်ထဲမှာ ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာ ထင်နေရုံသာ မဟုတ်ပါ။ ကားမှတ်တိုင် ကြော်ငြာဘုတ်ပေါ်မှာ မိတ္တူကူးထားသော သူ့ဓါတ်ပုံ ကပ်ထားသည်ကို တွေ့လိုက်ရသည်။ တစ်မြို့လုံးအနှံ အဲလိုသာ ကပ်ထားလျှင်တော့ သူ့အတွက် ဒုက္ခရောက်တော့မည်။ မိုတယ်က လူတွေ သိ မသိတော့ မသေချာသေးသဖြင့် သူပြန်လာခဲ့သည်။ သူတည်းသော မိုတယ်ကို လှမ်းမြင်ရလောက်သော လမ်းထိပ်သို့ အရောက်မှာတော့ အခြေအနေမကောင်းသည်ကို သိလိုက်ရသည်။ မိုတယ် ရှေ့တွင် ရဲကား တစ်စီး ရပ်ထားပြီး အပြင်ဘက်မှာလည်း ရဲများကို တွေ့ရသောကြောင့်ပင်။

မိုတယ် ရောက်အောင်မသွားတော့ပဲ လှည့်ပြန်ခဲ့ရသည်။ လမ်းဘေးမှ P.C.O တစ်ခု ကိုဝင်၍ မေဦးခင်ကို ဖုန်းဆက်ရသည်။ မေဦးခင်ကို ယုံသင့်သလား၊ မယုံသင့်သလား လည်း မစဉ်းစားနိုင်တော့ပါ။ မေဦးခင်သာ သူ့ကို ရဲလက် အပ်ချင်လျှင် ဟိုအခန်းမှာ ကတည်းက အပ်လိုက်နိုင်သည် မဟုတ်ပါလား…။ သူမကိုတော့ ယုံကြည်နိုင်လောက်သည်ဟု ထင်ရတာပါပဲ။

မေဦးခင်ကလည်း ဉာဏ်သစ်လိုပင် မိဘနှစ်ပါးစလုံး မရှိတော့သူ ဖြစ်သည်။ အဒေါ်အပျိုကြီးနှင့် အတူနေသူ ဖြစ်သည်။ ဉာဏ်သစ်ကို မေဦးခင်က လာခေါ်ပြီး သူ့အိမ်ကို ပို့ထားသည်။ စုံစမ်းစရာ ကိစ္စတွေကို သူမပဲ စုံစမ်းပေးမည်၊ ဉာဏ်သစ်ကို အိမ်ပြင် မထွက်ဖို့ ပြောထားသည်။

*****

မေဦးခင်က မင်းစိုးခန့်တို့ ကုမ္ပဏီမှ ငွေစာရင်း ကိစ္စကို စုံစမ်းနေသည်။ ဝေဝေစိုး ကိုလည်း သွားတွေ့ပြီးသွားပြီ။ သူမကလည်း မူမမှန်တာ သေချာသည်။ မင်းစိုးခန့် လက်အောက်က မန်နေဂျာ ကိုမင်းသိမ်း နှင့် ကွန်ပျူတာကျွမ်းကျင် မဆွေ ကို သိမ်းသွင်း၍ စုံစမ်းခိုင်းထားသည်။ ကုမ္ပဏီ ငွေစာရင်းနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူမှာ ခွန်မင်း ဖြစ်ကြောင်း သူတို့ကလည်း ပြောကြသည်။ ခွန်မင်းက စီမံကိန်း အသစ်တစ်ခု တင်ထားသည်မှာ မကြာလှသေး။ ထိုအတွက် သူ ငွေလိုနေသည်ဟု သူတို့က ပြောကြသည်။ ပြီးတော့ သူတစ်ခြားမှာ ရှယ်ယာဝယ် ထားသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ ကုမ္ပဏီပိုင် ငွေတွေကို သူ ဒီအတွက် သုံးလိုက်တာ ဖြစ်နိုင်သည်။

ခွန်မင်း ၏ ကွန်ပျူတာထဲမှာ တစ်ခုခု တွေ့ကောင်းတွေ့နိုင်သောကြောင့် သူ့ကွန်ပျူတာထဲကို ရှာဖို့ မေဦးခင် နှင့် မဆွေ တို့ နှစ်ယောက်သား သူ့ရုံးခန်းထဲသို့ ညဘက်ကြီး ဝင်ခဲ့ကြသည်။ မထင်မှတ်ပဲ မဆွေက Hacker ကောင်း တစ်ယောက်ဖြစ်နေသည်။ ခွန်မင်း၏ ဝင်စာ ထွက်စာများ၊ ဘဏ်စာရင်းများ နှင့် ကုမ္ပဏီငွေစာရင်းများကို ကြည့်တော့ မသင်္ကာစရာများ တွေ့ရသည်။ ခွန်မင်း၏ account ထဲသို့ ငွေအများကြီး ထည့်ပြီး မကြာခင်မှာပင် ထုတ်ထားသည်ကို တွေ့ရသည်။ တစ်ချို့ အချက်အလက်တွေကို သူတို့ ကူးလာခဲ့ကြသည်။ ရယ်စရာ ကောင်းတာက မင်းစိုးခန့်က သူ့အခန်းမှာတော့ ကင်မရာ တပ်ထားပြီး ကုမ္ပဏီမှာတော့ ကင်မရာ တပ်မထားပါ။ လုံခြုံရေး အစောင့်ကြီးနှင့် တိုးတော့ မလို ဖြစ်၍ သူတို့ နှစ်ယောက် မနည်း ပုန်းနေပြီးမှ ပြေးခဲ့ရသည်။

*****

နောက်တစ်ကွက်ကတော့ ဉာဏ်သစ် အကူအညီနဲ့ လုပ်ရခြင်း ဖြစ်သည်။ ဉာဏ်သစ် နှင့် မင်းစိုးခန့် က အရပ်အမောင်း မျက်နှာကျ ကအစ တူသည်။ မေဦးခင်က ရုပ်ရှင်ရိုက်ကွင်းမှ နာမည်ကြီး မိတ်ကပ်ဆရာကို ချဉ်းကပ်ကာ ဉာဏ်သစ်ကို မင်းစိုးခန့် နှင့် တူအောင် ပြင်ခိုင်းလိုက်သည်။ ရိုးရိုးတန်းတန်း နည်းလမ်းနှင့်တော့ ခွန်မင်းကို ကြိုးကွင်းစွပ်နိုင်မည့် သက်သေကို ရဖို့ မလွယ်ကူသောကြောင့် ပရိယာယ် သုံး၍ ရှာမှသာ ဖြစ်နိုင်မည်။

ညလည်လောက်ကြီး ခွန်မင်းအခန်းထဲသို့ ဉာဏ်သစ် နှင့် မေဦးခင် တို့နှစ်ယောက်သား ဝင်ခဲ့ကြသည်။ ခွန်မင်းကလည်း သူ့မိသားစုနှင့် အတူမနေပဲ သူ့တိုက်ခန်းနှင့် သူ နေသည်။ သူ့တိုက်ခန်းက code နံပါတ်ကိုလည်း သူတို့လေးယောက်လုံး သိကြပါသည်။ ညနက်နေပြီမို့ ခွန်မင်းလည်း အိပ်နေပါပြီ။ သူ့အိပ်ခန်းထဲမှာတော့ ညကြည့်မီးလေး လင်းနေသည်။ အိပ်ခန်းတံခါးကို ချက်ချ မထားသဖြင့် ဉာဏ်သစ် အလွယ်တကူ ဝင်သွားလို့ရသည်။ ဉာဏ်သစ်က သူ့ကို ခပ်သာသာလေးလှုပ်ပြီး ကုတင်နောက်မှာ ရပ်နေလိုက်သည်။

ခွန်မင်း နိုးလာပြီး မျက်လုံးဖွင့်လိုက်တော့ သူ့ကုတင်ခြေရင်းမှာ ရပ်နေသော မင်းစိုးခန့်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။ သူ အိပ်မက်မက်နေသည်ဟု ထင်သွားသည်။ သူ မျက်စိကို ပိတ်ပြီး ပြန်ဖွင့်လိုက်သော်လည်း မင်းစိုးခန့်က ရှိနေဆဲ။

“မင်း ဘယ်လိုလုပ် ရောက်လာတာလဲ.. သွားစမ်း၊ သွားစမ်းပါ…”
“မင်းကို လက်စားချေဖို့ ပြန်လာတာကွ၊ မင်းက ငါ့ကို ရက်ရက်စက်စက် သတ်ခဲ့တယ်၊ ပြောစမ်းပါဦး၊ မင်းဘာလို့ ငါ့ကို ဒီလောက်မုန်းနေတာလဲ”
“မင်းကို မုန်းလို့ မဟုတ်ဘူး၊ အဲဒီလို မလုပ်လို့ မဖြစ်လို့ လုပ်လိုက်ရတာကွ၊ မင်းက ငါ ငွေယူသုံးထားတဲ့ ကိစ္စကို ဘာလို့ ဖော်မယ်လို့ ပြောတာလဲ၊ ပြီးတော့ ဘာမှ မဆိုင်ပဲ ဝေဝေစိုး နဲ့ သဘောမတူဘူးလို့လည်း ပြောသေးတယ်၊ မင်းသေရင် အားလုံး အေးသွားမှာပဲ”
“မင်းက ငါ့ကို သတ်ရုံတင် မဟုတ်ဘူး၊ ဉာဏ်သစ်ကို လည်း လွဲချသေးတယ်၊ တော်တော် ယုတ်မာတဲ့ကောင်ပဲကွ”
“ဟုတ်တယ်လေ၊ လုပ်တဲ့နောက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ရမှာပဲ၊ ဉာဏ်သစ် ဓားကို ခိုးပြီး မင်းကို ထိုးလိုက်တယ်လေ၊ မင်းတို့ နှစ်ယောက်လုံး မရှိမှာ ကုမ္ပဏီရော၊ ဝေဝေစိုးရော ငါ့လက်ထဲ ရောက်မှာပေါ့”
“ကုမ္ပဏီကို မင်းလက်ထဲ မရောက်စေရဘူးကွ၊ မင်းကို သတ်မယ်၊ မင်းကို သတ်ဖို့ ဝိညာဉ် ဘဝနဲ့ ပြန်လာတာကွ”
“သွားစမ်း၊ ငါမယုံဘူး၊ မင်း ကိုခန့် မဟုတ်ဘူး၊ ကိုခန့်က သေပြီ၊ သရဲ ဆိုတာ ငါမယုံဘူး၊ မင်း ဘယ်သူပဲဖြစ်ဖြစ် မင်းကိုလည်း ငါသတ်မယ်”
ခွန်မင်းက သွေးရူးသွေးတန်းဖြစ်လာသည်။ ထိုအချိန်မှာပဲ မေဦးခင်က မိန်းချလိုက်သဖြင့် ညကြည့်မီးပါငြိမ်းသွားပြီး ပိန်းပိတ်အောင် မှောင်သွားသည်။ ဉာဏ်သစ်လည်း အိပ်ခန်းအပြင်သို့ ပြန်ထွက်ခဲ့သည်။ မေဦးခင်က မိန်းကို ပြန်ဖွင့်ပေးခဲ့ပြီး သူတို့ နှစ်ယောက် တိုက်ခန်း အပြင်သို့ ပြန်ထွက်လာကြသည်။ ခွန်မင်း ပြောသမျှကို recording သွင်းထားပြီး ဖြစ်သဖြင့် မငြင်းနိုင်လောက်သော သက်သေကို သူတို့ ရခဲ့ပြီ။
*****
မေဦးခင်က ဝေဝေစိုးကို ကော်ဖီဆိုင် တစ်ခုမှာ ချိန်းဆို၍ recording သွင်းထားသော mp3 ကို ဖွင့်ပြလိုက်သည်။ တကယ်တော့ ခွန်မင်း မင်းစိုးခန့်ကို သတ်ရာမှာ ဝေဝေစိုးက ကြံရာပါ မဟုတ်ခဲ့ပါ။ ခွန်မင်းပြောခိုင်း၍ ဉာဏ်သစ်ကို မင်းစိုးခန့်ဆီ လာဖို့ ပြောပေးရုံသာ။ ရဲတွေ မေးတော့ ခွန်မင်းနှင့် ပတ်သက်မှာ စိုး၍ လိမ်ပြောခဲ့သည်။ ခွန်မင်းအပေါ် ဘယ်လောက် ချစ်နေပါစေ အစ်ကိုကို သတ်ဖို့ ကြံစည်မှန်း ကြိုသိခဲ့လျှင်တော့ သူမ ပါမည်မဟုတ်ပါ။ မေဦးခင်၏ သက်သေပြချက်ကြောင့် ခွန်မင်းက သူ့အစ်ကိုကို သတ်မှန်း ယုံကြည်သွားပြီး တရားရုံးမှာ အမှန်အတိုင်း ထွက်ဆိုဖို့ ကတိပေးလိုက်သည်။

*****

နောက်တစ်နေ့မှာ ဉာဏ်သစ် ရဲဌာနသို့ သွားရောက် အဖမ်းခံခဲ့သည်။ ဉာဏ်သစ်အတွက် မေဦးခင် သူငယ်ချင်း နာမည်ကြီး ရှေ့နေ ဒေါ်မေသစ္စာဟန် ကိုလည်း ပြောထားပြီးပြီ။ တစ်ဖက်က ဉာဏ်သစ်ရဲ့ တရားလို ရှေ့နေကလည်း ပွဲတိုင်းနိုင်ခဲ့သော နာမည်ကျော် ရှေ့နေ ဦးစိုးမင်းထိုက်။ သူတို့နှစ်ယောက်ကလည်း အမြဲတမ်း ပြိုင်ဆိုင်ပြီး မတည့်ကြသော နှစ်ယောက်။ ဉာဏ်သစ်ကို စစ်ဆေးသော တရားခွင်ကတော့ တော်တော်ကို စည်ကားနေသည်။ စာနယ်ဇင်း သမားတွေပါ ပါသေးသည်။ ခွန်မင်းလည်း လာသည်။ မေဦးခင်ကလည်း ရှေ့ဆုံးတန်းမှာ ထိုင်နေသည်။

တစ်ဖက် ရှေ့နေက သူရထားသော သက်သေ အထောက်အထားများအရ ဉာဏ်သစ်ကို စမေးသည်။ ဉာဏ်သစ် ဘာကြောင့် မင်းစိုးခန့် အခန်းကို လာရသလဲ… က စပြီးမေးသည်။ သူက အမှန်အတိုင်းဖြေလိုက်သည်။ သူ့ဘက်က ရှေ့နေက ဝေဝေစိုးကို သက်သေအနေနှင့် မေးမြန်း၍ ခွန်မင်းက အကြံအစည်နှင့် ခေါ်ခိုင်း၍ သွားရကြောင်း၊ ဉာဏ်သစ်မှာ သွားဖို့ အစီအစဉ် မရှိကြောင်း ပြန်လည် သက်သေထူသည်။ ဝေဝေစိုးကို သက်သေအဖြစ် ခေါ်သောအခါ ခွန်မင်းမှာ ထင်မထားသဖြင့် တော်တော်အံသြသွားသည်။

တရားလိုရှေ့နေက မင်းစိုးခန့်၏ အခန်း အဝင်အထွက် video record ကို သက်သေပြတော့ ထိုအခွေမှာ အစစ်အမှန် မဟုတ်ကြောင်း ငြင်းလိုက်ပြီး ဉာဏ်သစ်တို့ဘက်က Backup record အစစ်အမှန်ကို သက်သေ အဖြစ်တင်လိုက်သော အခါ အားလုံးက အံသြသွားသည်။ ထို အခွေကို ပြသောအခါ ခွန်မင်း မျက်နှာက ပြင်မရအောင် ပျက်သွားသည်။ ကျွမ်းကျင်သော ပညာရှင်ကလည်း ထို အခွေမှာ အစစ်အမှန် ဖြစ်ကြောင်း ပြောလိုက်သည်။

တရားလိုရှေ့နေကတော့ သူ့လျှောက်တင်ချက်မှာ… မှတ်တမ်းနှစ်ခွေလုံးမှာ ဉာဏ်သစ်က့ အဝင် အထွက် ပါနေသောကြောင့် မင်းစိုးခန့် သေသောအချိန်က သူ့အခန်းကို လာခဲ့တာ သေချာကြောင်း၊ ဓားမြှောင်ပေါ်က လက်ဗွေရာများမှာ ဉာဏ်သစ်၏ လက်ဗွေရာများ ဖြစ်သည့်အတွက် ဉာဏ်သစ်က မင်းစိုးခန့်ကို သတ်သည်မှာ ငြင်းဆို၍ မရနိုင်အောင် ထင်ရှားကြောင်း စသည်ဖြင့် လျှောက်တင်သွားသည်။

ဉာဏ်သစ်၏ ရှေ့နေ မေသစ္စာဟန်ကလည်း တစ်ချက်ပြီး တစ်ချက် ပိုင်ပိုင် ဖြေရှင်းသွားသည်။ အမှုလိုက် ရဲအရာရှိနှင့် အတူ ရယူထားသော မင်းစိုးခန့်၏ အခန်း ပြတင်းပေါက်ပေါင်ပေါ်မှ လက်ဗွေရာများ စစ်ချက်ကို တင်ပြလိုက်သော အခါ သူမ ပြောသော ဇာတ်လမ်းက စိတ်ကူးယဉ် မဟုတ်တော့ပဲ အမှန်တကယ် ဖြစ်ကြောင်း ထင်ရှားလာသည်။ လူသတ်သမားသည် ဉာဏ်သစ် ထွက်သွားပြီးနောက် ပြန်ဝင်လာပြီး video record များကို ဖျက်ပြီး ပြတင်ပေါက်မှ ပြန်ထွက်သွားခဲ့ကြောင်း…။ ခွန်မင်း မျက်နှာက ပျက်သထက် ပျက်လာသော်လည်း သူ့ကို စွဲချက်တင်နိုင်လောက်မည် မထင်၍လား မသိ၊ ထိုင်ရာမှ မထသေး။

မေသစ္စာဟန်က နောက်ဆုံး သက်သေ တစ်ခုကို တင်လိုက်သော အခါမှာတော့ အားလုံးက တိတ်ဆိတ်သွားပါသည်။ ထိုသက်သေမှာ ခွန်မင်း အခန်းထဲမှာ အသံဖမ်းထားသော mp3 ပင် ဖြစ်ပါသည်။ ထို mp3 ကို ဖွင့်ပြလိုက်သော အခါမှာတော့ ခွန်မင်းက အခြေအနေမဟန်မှန်းသိပြီး ထိုင်ရာမှ ထသွားတော့သည်။ သို့သော် တရားခွင်မှာ ရှိနေသော ရဲအရာရှိများက သူ့ကို ထွက်သွားခွင့် မပေးတော့ပါ။

ဉာဏ်သစ်မင်းမှာ အပြစ်မရှိကြောင်း ထင်ရှားသဖြင့် တရားသေ လွှတ်လိုက်ပါသည်။ ဉာဏ်သစ် သူ့ဘဝမှန်ကို သူပြန်ရပါပြီ။ ဒေါ်မေသစ္စာဟန် ကလည်း ဦးစိုးမင်းထိုက်ကို အနိုင်ရလိုက်သဖြင့် ကျေနပ်ဝမ်းသာနေသည်။ တရားခံ ခွန်မင်းအတွက်တော့ သူမက တရားလို ရှေ့နေအဖြစ် လိုက်ချင်ပါသေးသည်။ ဉာဏ်သစ် နှင့် မေဦးခင် တို့ နှစ်ဦးသား အပြုံးချင်း ဖလှယ်မိကြသည်။ သူမက ပြေးလမ်းပေါ်မှ ဉာဏ်သစ်ကို လက်ကမ်းသော အလင်းရောင်ရှင်မကလေးပါ။ မင်းစိုးခန့် ကိုယ်စား သူက စောင့်ရှောက်ပေးနိုင်ဖို့ မျှော်လင့်ပါသည်။

သိင်္ဂါကျော်
19.2.2010
9:40 PM

18 February, 2010

လရဲ့အဝေး



အဲဒီတစ်ချိန်ကတော့

သူ့အရိပ်ကို
ကိုယ် ခိုခွင့် ရှိခဲ့ပါတယ်။

ကိုယ်ရှုံးနိမ့်မောပန်းတဲ့ အခါတွေတိုင်း
သူ့ချွေးသိပ်စကားတွေနဲ့
အေးမြစေခဲ့တာပေါ့။

ကိုယ်လက်လျှော့မယ် ကြံတိုင်းလည်း
သူ့ရင်ခွင်မှာ လုံခြုံစေပြီး
အားသစ်တွေ ထည့်ပေးခဲ့မြဲ။

သူမရှိရင် ကိုယ်မဖြစ်နိုင်ဘူး…
ကိုယ်မရှိရင်လည်း သူမဖြစ်နိုင်ဘူး..လို့
ဖွင့်မပြောပဲ တည်ဆောက်ခဲ့တဲ့ သစ္စာတွေနဲ့။

ဒါပေမယ့်လေ
ဘဝဆိုတာ
ဝတ္တုတစ်ပုဒ်လို
ဇာတ်သိမ်းကို ကြိုတွေးလို့မှ မရနိုင်တာ…။
တစ်ခါတစ်ရံ
ဇာတ်လမ်းတွဲတွေလိုလည်း
ရင်နင့်စရာ ဝေးကွာမှုတွေ
ရှိတတ်တာ သဘာဝပေါ့။

သူ့ရဲ့ အရိပ်အောက်
ဟိုအဝေးမှာ…
သူ့အလင်းကို တမ်းတရင်းနဲ့
မရေနိုင်တဲ့ အိပ်ပျက်ညတွေ…။

ကိုယ်လည်း မမှားဘူး၊
သူလည်း မမှားဘူး၊
ကံကြမ္မာကပဲ မှားခဲ့တာပါ။

အဆုံးသတ် မဟုတ်သေးဘူးလို့တော့…
မျှော်ချင်မိသေးရဲ့၊
ကိုယ့်ဘဝကို
သူ့ရင်ခွင်ကလွဲလို့
ဘယ်မှာမှ မမြှုပ်နှံချင်ခဲ့တာ…
ကိုယ့်လမင်းလည်း အသိပါ။

အိပ်မက်တွေ တူခဲ့ရင်
သစ္စာတွေ သိမ်းထားနိုင်ခဲ့ရင်
တစ်နေ့နေ့တော့
လရဲ့ အလင်းအောက်ကို
ကိုယ်အရောက်လာခဲ့မှာပါ။

သိင်္ဂါကျော်
18.2.2010
10:10 PM


17 February, 2010

ဆူးကြားထဲက ပန်းများ


ဘလော့ကို ပစ်ထားကြာသွားပါတယ်..။ Transformer ပျက်နေလို့ မီးပျက်နေတာက တစ်ပတ်လောက် ရှိမယ်..။  လျှပ်စစ်မီး မရှိတဲ့ ရွာတွေမှာလိုပဲ မီးသွေး မီးဖိုနဲ့ ထမင်း၊ ဟင်း ချက်စား..။ ညကျတော့ ရေဒီယိုလေးနဲ့ FM လေး နားထောင်..။ လျှပ်စစ်မီး မရှိတဲ့ ဘဝဟာ ဘယ်လို မနေပျော်မှန်းကို မသိပါဘူး။ မီးပြန်လာတော့လည်း အလုပ်အကြွေးတွေ လုပ်နေတာနဲ့..။ ပြီးတော့ အိမ်ပြန်နေတာနဲ့...။ မီးပျက်နေတုန်း ဝတ္တုတစ်ပုဒ် လက်ရေးနဲ့ ရေးထားတာလည်း တန်းလန်းကြီး ပြန်ရိုက်နေတာလည်း မပြီးသေးလို့...။ ခု blogger.com ကလည်း ဒီအတိုင်းဖွင့်လို့ မရတော့ပဲ freedom နဲ့ ကျော်မှပဲ ရပါတော့တယ်...။ တင်ဖို့ရာ အရင်လို သိပ်မလွယ်ကူတော့ဘူး။ Internet ဆိုတာလည်း Yatanarpon Teloport ကြီးနဲ့ အနီးလေးမှာကို ခုတလော ဘာဖြစ်မှန်းမသိပဲ နှေးကွေးနေတာ...။ ဟဲဟဲ အမှန်တော့ စာရေးပျင်းနေတာကို အကြောင်းပြချက်တွေ ပေးနေတာပါ။ မြန်မာနိုင်ငံက ကိုယ်ပိုင်ဆိုက်ဒ် မဝယ်နိုင်သေးတဲ့ ဘလော့ဂါတွေ ရဲ့ ဘလော့ပေါ်မှာ တင်ရဖို့ အရေးက ဆူးကြားမှာ ပွင့်တဲ့ cactus ပန်းလေးတွေလိုပါပဲလို့...။ ဝတ္တုတစ်ပုဒ် ရိုက်နေတာ မပြီးသေးလို့ ပုံလေးတွေ တင်ပြီး တောင်းပန်တာပါ..။ :D