02 May, 2010

လက်ထပ်ခြင်း၏ နောက်ပိုင်း စာမျက်နှာများ

 


မြင့်နောင် က အစိုးရ ဓါတ်ဆီဆိုင်က ဝန်ထမ်း၊ ရီမာချို က အလယ်တန်းပြ ဆရာမ ဘဝမှာ စတွေ့ခဲ့ကြခြင်း ဖြစ်သည်။ မြင့်နောင်တို့ ဓါတ်ဆီဆိုင်က ရီမာချိုတို့ အိမ်နဲ့ မျက်စောင်းထိုးလောက်မှာ ရှိသည်။ မြင့်နောင်က ဆယ်တန်းတောင် မအောင်သော ဆီထည့်ဝန်ထမ်းပေမယ့် သူ့မိသားစုကတော့ သူ့အခြေအနေနဲ့ သူ ရှိပါသည်။ သို့ပေမယ့် ရီမာချို့ အဖေကြီးကတော့ သူ့သမီးကို ဆယ်တန်းမအောင်သည့် အလုပ်သမားသာသာနှင့် လုံးဝသဘောမတူပါ။ ရှေးလူကြီးမို့ ဓါတ်ဆီဆိုင် ဝန်ထမ်းက ဘယ်လောက် အပိုဝင်ငွေ ရတယ်ပဲ ပြောပြော သူ့သမီးနဲ့ မတန်ဘူးပဲ ထင်သည်။ ပုံမှန်တော့ ရီမာချိုက သူ့အဖေကို အသေအလဲ ကြောက်ရသော်လည်း အချစ်နဲ့ ပတ်သက်လာတော့ မကြောက်တော့။ သူတို့ နှစ်ယောက် တစ်နေရာကို ခိုးပြေးကြသည်။ ခဏပဲ နေပြီး ရီမာချိုတို့ ရပ်ကွက်ထဲမှာပဲ အိမ်ငှားနေဖို့ ပြန်လာကြသည်။ မြင့်နောင်တို့ အိမ်က ရီမာချို့ အဖေကို ပြန်လာအပ်သော်လည်း သူ့အဖေက လုံးဝ အိမ်ပေါ်တက်မလာဖို့ ပြောသည်။ သူတို့ မင်္ဂလာပွဲလည်း ခပ်ကျဉ်းကျဉ်းနဲ့ ပဲ ပြီးသွားသည်။
***
နောက်တော့ ရီမာချို ယောက်ျားရ ကံကောင်းခဲ့ကြောင်း သူ့အဖေလည်း လက်မခံချင်ပေမယ့် လက်ခံလာရတာပါပဲ။ မြင့်နောင်က အသောက်အစား အပျော်အပါးမရှိ အလုပ်ကြိုးစားသူ ဖြစ်သည်။ သူအလုပ်လုပ်သော ဓါတ်ဆီဆိုင်ကလည်း တော်တော်ရသည်။ သူကလည်း ရသမျှ မိန်းမကို အပ်သည်။ ရီမာချိုကလည်း သုံးသင့်တာပဲ သုံးပြီး စုသင့်တာ စုတတ်သူမို့ သူတို့ မိသားစု တော်တော် အဆင်ပြေနေသည်။ သမီးလေး တစ်ယောက် မွေးပြီးနောက် ရီမာချို့ အဖေ အိမ်မှာပဲ ပေါင်းနေလိုက်ကြသည်။ သူ့ အမေကတော့ ရီမာချို ငယ်ငယ်ကပင် ဆုံးခဲ့ပြီ။

ရီမာချို့မှာ ပြောစရာအပြစ် ဆို၍ ဆရာမ အဆင့်အတန်းနှင့်တောင် မလိုက်အောင် နှုတ်ကြမ်း လျှာကြမ်း မကြိုက်ရင် မကြိုက်သလို ပြောတတ် ဆိုတတ်ခြင်းပင် ဖြစ်သည်။ အဲလို ပြောပေါက်တွေနဲ့ပဲ မြင့်နောင်နှင့် အမြဲ ရန်ဖြစ်ရသည်။ အမြဲလိုလိုကတော့ မြင့်နောင်ကပဲ လျော့လိုက်ရတာပင်။ မြင့်နောင်ကလည်း သူ ဝင်ငွေကောင်းနေသော အချိန်မှာ မိဘနှင့် ကျောင်းမပြီးသေးသော ညီမများကို ထောက်ပံချင်သည်။ နည်းနည်း ပါးပါး ထောက်ပံ့တာကို ရီမာချိုက မသိသလို နေနိုင်ပေမယ့် အချီကြီးတွေ ပေးလျှင်တော့ သူတို့နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ရပြီ။ ရီမာချိုက ကိုယ့်သားသမီးတွေ နောင်ရေးအတွက် စုဆောင်းထားချင်သည်။ သူ့အဖေ နဲ့ စိတ်ဝေဒနာသည် သူ့အစ်မကိုတောင် သူက ဘာမှ သိပ်ထောက်ပံစရာမလိုပဲ သူတို့ စုဆောင်းစာနဲ့ သူတို့ စားနိုင်သောက်နိုင်သည်။ ထို့ကြောင့် ကိုယ့်ဘက်ကို မပေးသလို သူ့ဘက်ကိုလည်း မပေးစေချင်။ မြင့်နောင်ကတော့ ရီမာချိုလည်း သူ့ဘက်ကို ပေးချင်သလောက် ပေးလို့ရသည်။ သူ့ဘက်ကို ပေးတာကိုလည်း လိုက်မပိတ်ပင်စေချင်။ ရီမာချို အပေါက်ဆိုးမှုကြောင့် သူ့ဘက်က မိသားစုနှင့် သိပ်ခင်ခင်မင်မင် ကြည်ကြည်လင်လင် မရှိ။ အဲဒီ ပြဿနာတစ်ခုကလွဲပြီးတော့ သူတို့လင်မယားမှာ တစ်ခြား ပြဿနာ မရှိပါ။ မြင့်နောင်က သားသမီးကိုလည်း ချစ်တတ်သည်။ ဇနီးကိုလည်း တတ်နိုင်သလောက် သည်းခံသည်။
***
ရီမာချိုက သားလေး တစ်ယောက် ထပ်မွေးသည်။ သမီးတစ်ယောက်၊ သားတစ်ယောက် ဆိုတော့ သူတို့အတွက် ပြည့်စုံသွားပြီ။ နည်းနည်းလည်း စုမိဆောင်းမိ ရှိလာသောကြောင့် တစ်ခြား အဆင်ပြေသော ရပ်ကွက် တစ်ခုမှာ အိမ်ကလေး ဝယ်ပြီး သူတို့ သီးသန့် ပြောင်းနေကြသည်။ စီးပွားရေး အဆင်ပြေသလောက် လင်မယား နှစ်ယောက်ကတော့ တကျက်ကျက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အမြဲ ဖြစ်နေကြသည်။ တစ်ချို့ကလည်း ရီမာချို့ကို ယောင်္ကျားကို ဒီလောက် မပြောဆိုဖို့ သတိပေးကြသည်။ ယောင်္ကျားက အိမ်မှာ မပျော်လျှင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုလည်း ရီမာချိုကတော့ ဂရုမစိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြင့်နောင်ကလည်း သူ့မိန်းမနှင့် ကလေးနှစ်ယောက်ကလွဲလျှင် ကျန်တာ အပျော်အပါး ဘာမှ စိတ်မဝင်စားပါ။ အပေါင်းအသင်းကောင်းလို့ အရက်ကလေး ဘာလေး သောက်ရင်သာ သောက်မည်။ အပျော်အပါးကတော့ လုံးဝမလုပ်။ အရက်သောက်လာရင်တောင် မိန်းမနှင့်က ရန်ဖြစ်ရသေးသည်။ ဒါကြောင့် သူ အရက်လည်း သိပ်မသောက်ဖြစ်ပါ။ မိန်းမနှင့် ရန်မဖြစ်ချင်သောကြောင့် မိသားစုကို ထောက်ပံ့တာလည်း တတ်နိုင်သလောက် မိန်းမ မသိအောင်သာ ခိုးပေးရသည်။ အဲဒါ သိသွားလျှင်တော့ ပွဲကြီးပွဲကောင်း ရန်ဖြစ်ကြပြီသာ မှတ်ပေတော့။ တစ်ခုကောင်းတာက ဘယ်လောက်စိတ်ဆိုးဆိုး မြင့်နောင်က မိန်းမကို နာအောင်ကြင်အောင် ရိုက်တာ နှက်တာတော့ တစ်ခါမှ မလုပ်ဖူးပါ။ တစ်ခါတလေ ရီမာချိုကတောင် လက်ပါတတ်သေးသည်။ မြင့်နောင်က မကျေနပ်လျှင် နံရံကို ထိုးတာ ဘာညာသာ လုပ်ရင်လုပ်မည်။ မိန်းမကိုတော့ မလုပ်။ အဲဒါကြောင့်လည်း ရီမာချို့ရဲ့ သူငယ်ချင်းတွေက သူမကို နည်းနည်း လျော့ဖို့ ပြောကြတာဖြစ်သည်။ မလိုသူတွေကလည်း ဒီလောက်တောင် ယောက်ျားအပေါ် မကြင်နာတတ်တဲ့ မိန်းမ ကျန်ခဲ့ရလိမ့်မည် လို့ အတင်းပြောကြတာတွေလည်း ရီမာချိုကြားပါသည်။

ဘယ်သူတွေ ဘယ်လို ပြောပါစေ ရီမာချိုတို့ကတော့ ပြည့်စုံသော မိသားစု ဘဝလေးထဲမှာ ပျော်ပျော်ရွှင်ရွှင်နေနေဆဲ။ မြင့်နောင် အလုပ်ကလည်း အရင်ကလောက်တော့ မကောင်းသည့်ပြင် သူ့ညီမတွေကလည်း ကျောင်းတွေပြီးလို့ အလုပ်အကိုင်ကိုယ်စီနှင့် ဖြစ်ကုန်ပြီမို့ အထောက်အပံပေးစရာ သိပ်မလိုတော့။ သူတို့နှစ်ယောက်လည်း အရင်လောက်တော့ စကားမများတော့ပါ။ သမီးနဲ့ သားကလည်း တော်တော်ကြီးလာပြီမို့ ရီမာချိုကလည်း သူတို့ကို သိပ်ဂရုစိုက်စရာ မလိုတော့၍ ကျူရှင် ဘာလေး ပြပြီး အပိုဝင်ငွေရှာသည်။ အစစ အဆင်ပြေနေသော မိသားစု ဘဝမှာ သမီး အထက်တန်း စတက်သော နှစ်ကျမှ မမျှော်လင့်တာတွေ ဖြစ်လာခြင်း ဖြစ်သည်။
***
မြင့်နောင် အလုပ်ပြောင်းရသည်။ ဝေးဝေးလံလံ မဟုတ်သော်လည်း အိမ်နဲ့ နည်းနည်းတော့ လှမ်းသွားသည်။ အဲဒီမှာ အဲဒီ မိန်းမ နှင့် တွေ့ခြင်း ဖြစ်သည်။ ကြားကာစကတော့ ရီမာချိုက မယုံသေး။ သူနဲ့ ကိုယ် အိမ်ထောင် သက်တမ်း တစ်လျှောက် ရန်တချိန်းချိန်း ဖြစ်နေပေမယ့် အဲဒီလို ကိစ္စမျိုးတော့ တစ်ခါမှ မပါခဲ့ပါ။ သူ အဲဒီလို ကိစ္စမျိုး ဝါသနာ မပါဘူးပဲ ထင်ခဲ့သည်။ ကိုယ့်အပေါ်ကို အဲဒီလို လုပ်ရက်လိမ့်မယ် လို့လည်း တစ်ခါမှ မတွေးစဖူး။ သူ့ကို မဟုတ်ပဲ ဖွင့်မေးမိရင်တောင် သူစိတ်ဆိုးမလား လို့ ထင်နေသည်။ နောက်ဆုံး ကိုယ်တိုင် သွားကြည့်တော့မှ ကိုယ့်မျက်စိနဲ့ကိုယ် မြင်လာရမှ ယုံတော့သည်။ မြင့်နောင်က အိမ်တစ်အိမ် ငှားပြီး အဲဒီ မိန်းမ နှင့် အတူတူ နေနေသည်။ တစ်ခါတရံ သူအကြောင်းရှာပြီး ညဘက် အိမ်မပြန်ခဲ့တာတွေကို ခုမှ သဘောပေါက်သည်။

မြင့်နောင် အိမ်ပြန်လာချိန်မှာ ကလေးတွေ တစ်ခြား လွှတ်ပြီး နှစ်ယောက်သား ပွဲကြမ်းကြတော့သည်။ ရီမာချို က ကိုယ့်ကို ကြောတယ် ထင်ရင် တစ်ခြား ကိစ္စ အသေးအဖွဲတောင် သည်းမခံခဲ့တာ...။ ဒီလို ကိစ္စမျိုးကတော့ ဘယ်ရလိမ့်မလဲလေ။ သူ့ကို ဖွင့်မေးလို့ သူကဝန်ခံတော့ ရီမာချို ဒေါသ ထွက်လိုက်တာ ပြောမနေပါနဲ့တော့။ အဲဒီ မိန်းမကို ဖြတ်မလား၊ ငါ့ကို ကွာမလား ဆိုတော့ အဲဒီ မိန်းမကိုလည်း မဖြတ်နိုင်ပါ၊ ကလေး တွေ ရှိနေလို့ ကိုယ့်ကိုလည်း မကွာနိုင်ပါ တဲ့။ ကလေးတွေ မရှိရင်တော့ ကွာမယ် ဆိုတဲ့ သဘော။

သူ့ကို ရီမာချို ဘယ်လောက်ပဲ ချစ်ချစ်၊ ဘယ်လောက်ပဲ လိုအပ်လိုအပ်၊ ဒီကိစ္စမှာတော့ လုံးဝ အသနားလည်း မခံနိုင်၊ မျက်ရည်ခံလည်း မထိုးနိုင်၊ အရှုံးလည်း မပေးနိုင်ပါ။ နောက်တစ်နေ့မှာ မြင့်နောင် မရှိတဲ့အချိန် အဲဒီမိန်းမကို သွားတွေ့တော့ သူမလည်း ခပ်မာမာပါ။ ကြည့်ရတာကတော့ ကြေးကြီးစား ပုံစံမျိုး။ အဲဒီမိန်းမက အရင်က ကြေးကြီးစား ရယ်လို့ ပတ်ဝန်းကျင်က ပြောတာလည်း ရီမာချို ကြားပါသည်။ သိပ် လည်း အသက်မငယ်တော့။ ရီမာချိုထက် တစ်နှစ် နှစ်နှစ် လောက်ပဲ ငယ်မည်။ မျက်နှာကတော့ အပေါစား မိတ်ကပ် မျက်နှာနှင့်။ ခုတော့ အကောင်းစား မိတ်ကပ်လည်း ဖြစ်ချင်ဖြစ်မည်ပေါ့။ ချောသလား ဆိုတော့လည်း ပြောရလောက်အောင် အချောအလှကြီး မဟုတ်။ မြင့်နောင် ဘာကို ကြိုက်သွားသလဲ လို့ ရီမာချို စဉ်းစားလို့ပင်မရ။ အတော် အံသြမိသည်။

သူ့ အငယ်မကို သွားတွေ့တာ သိတော့ မြင့်နောင်က စိတ်ဆိုးသေးသည်။ ကလေးတွေကို အစက ဖုံးထားသေးသော်လည်း အခုတော့ အားလုံး သိနေကြပြီ။ သားက ဘာသိဘာသာ နေပေမယ့် သမီးကတော့ ရှက်လို့ ငိုရှာသည်။ အစကတော့ သူနောင်တ ရလာရင် ပြန်လက်ခံဖို့ စိတ်ကူးသော်လည်း သူက တော်တော်ကို မွှန်နေပြီမို့ ဆေးမမီတော့ သော အခြေအနေ ဖြစ်နေသည်။ အဲဒီတော့လည်း ရီမာချိုက ကွာပေးဖို့ပဲ ပြောလိုက်သည်။ “ကလေးတွေကို ငါ့ဟာငါ ရအောင် ရှာကျွေးမယ်၊ ဘာမှ စိတ်မပူနဲ့၊ ကွာပြီးရင် နင်လည်း ကလေးတွေကို လုံးဝ တွေ့စရာ မလိုတော့ဘူး၊ ငါတို့မိသားစု နဲ့ နင်နဲ့ ဒီဘဝ ဒီမျှပဲ ၊ အပြီး ပြတ်ပြီ” ရယ်လို့ မြင့်နောင်ကို ပြောလိုက်သည်။ ရီမာချို့ အတွက် ငိုရမှာတောင် မျက်ရည်ခမ်းနေသည်။ မြင့်နောင်ကို မုန်းတီးသော အမျက်သည် ဘယ်တော့မှ မပြေနိုင် ဟု ထင်မိသည်။
***
မြင့်နောင် ဝယ်ပေးထားသော အိမ်မှာ မနေချင်သောကြောင့် ရီမာချိုတို့ သားအမိတတွေ အဖေ့အိမ် ပြန်နေကြသည်။ အဖေ့အိမ်က ရီမာချို့ကျောင်းနှင့်လည်း ပိုနီးသည်လေ။ သူကလည်း ထိုအိမ်မှာ ပြန်လာမနေတော့ပဲ သားနှင့် သမီးအတွက် ပေးလိုက်ပြီ ဟု ဆိုသောကြောင့် ထိုအိမ်ကို အငှားထားထားသည်။ ကွာရှင်းပြီးတော့ မြင့်နောင်က ကလေးတွေ စားရိတ်ကိုတော့ လစဉ်ထောက်ပံ့သည်။ ရီမာချိုက ကလေးတွေကို အဖေနှင့် မတွေ့ရဟု ပြောထားသော်လည်း သားငယ်ကတော့ အမေ မသိအောင် တစ်ခါတရံ သွားသွားတွေ့သည်။ သမီးကတော့ အမေလိုပဲ စိတ်နာနေပုံနှင့် အဖေကို အတွေ့မခံ။ သမီး စိတ်ထဲမှာလည်း ခံစားမှုတစ်ခုတော့ ဝင်နေမှာ သေချာသည်။ ငယ်ကတည်းက စာအသင့်အတင့် တော်ခဲ့သော သမီးက ကိုးတန်းကို ကျသောကြောင့် ဆပ်ပလီ ပြန်ဖြေလိုက်ရသည်။

သူပေးသော ပိုက်ဆံကို ကလေးတွေ အတွက်ကလွဲလို့ ရီမာချိုက ကျန်တဲ့ နေရာမှာ လုံးဝမသုံး။ ကျူရှင်ပြပြီး အိမ်စားရိတ် ရှာသည်။ အဲလို ရှာပြန်တော့ ကလေးတွေကို မျက်နှာလွှဲ သလို ဖြစ်ပြီး သမီးက ဆယ်တန်း နှစ်မှာ ကျပြန်သည်။ မဖြစ်ဘူး ဆိုပြီး သမီးဘက်ကို အာရုံစိုက်ကာ Guide လေး ဘာလေး ငှားရုံမက ကိုယ်ကလည်း ကြပ်မတ်ပေးရတော့သည်။ သားကိုလည်း လမ်းမှားရောက်မှာ စိုးသောကြောင့် ဂရုစိုက်ရသေးသည်။ သားကတော့ သူ့အဖေနှင့် အဆင်ပြေသည်။ သူ့အဖေကလည်း သူ့သားသူတော့ ဆုံးမပုံရပါသည်။ ရီမာချိုကတော့ သူ့အကြောင်းကို လုံးဝ မသိချင်သောကြောင့် သူ့အကြောင်း ပြောမယ် ဆိုသူတွေကို တားမြစ်၍ လုံးဝ မသိခဲ့ဘူးသူလို မေ့ပျောက်ထားသည်။ သား နဲ့ သမီးကိုတော့ အဖေ နဲ့ မတွေ့ရဘူး ဘာညာ တားမြစ်မနေချင်တော့လို့ ဒီတိုင်းပဲ လွှတ်ထားလိုက်သည်။ သူ့ နာမည်ကို ပါးစပ်ထဲကို ထည့်မပြောချင်တာလည်း ပါသည်။

မြင့်နောင် ထိုမိန်းမ နှင့် ကွဲသွားပြီ ဟု ပြောသံလည်း ကြားရသည်။ ရီမာချိုကတော့ ဘာမှ မေးမြန်းစုံစမ်း မနေပါ။ သား နှင့် သမီးက အဖေ အကြောင်း သိပုံရသော်လည်း အမေ ရှေ့မှာ မပြောရဲကြ။ သမီး က တက္ကသိုလ် တက်နေစဉ် သား ဆယ်တန်းအောင်တော့ DSA ပါသွားသည်။ သား နဲ့ သမီးက လိမ္မာကြသောကြောင့် ရီမာချို စိတ်ချမ်းသာရသည်။ ကိုယ့်သမီးလေးကို အိမ်ထောင်ရေး ကံမကောင်းမှာတော့ ရီမာချို အရမ်း စိုးရိမ်သည်။ သား ချည်း မွေးထားမိရင် ကောင်းမှာလို့တောင် တွေးမိသည်။ ကိုယ့်အိမ်ထောင်ရေးကလည်း စတင်ကာစကတော့ ကံကောင်းလိုက်တာ လို့ အများက ပြောကြရတဲ့ အိမ်ထောင်ရေးပါပဲ။ ခုလို ပြိုကွဲလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မလဲ။ လောကကြီးက မထင်တာတွေလည်း ဖြစ်တတ်သည်။ ယောက်ျားများရဲ့ စိတ်ကိုလည်း တသမတ်တည်း တွက်ထားလို့မရ။ ရီမာချို အခုတော့ အချစ်ကိုလည်း မယုံကြည်တော့။ အချစ်နှင့် တည်ဆောက်သော အိမ်ထောင်ပေမယ့်လည်း လက်ထပ်ပြီးနောက်မှာ ဘယ်နှစ်နှစ်လောက်အထိ တည်မြဲနေနိုင်ပါသလဲ။ ဘယ်သူမှ မသေချာပါ။
***
နှစ်တွေ ကြာခဲ့တာ ၅ နှစ်ပေမယ့် ဒီထက်မက ကြာနေပြီ လို့တောင် စိတ်ထဲထင်ချင်သည်။ အဲဒီနှစ်တွေ အတွင်း အဖေနှင့် အစ်မ လည်း ဆုံးခဲ့ကြသည်။ လောကကြီးမှာ ရီမာချို တစ်ယောက်တည်းပဲ ကျန်ခဲ့တော့သည်။ သမီး နှင့် သား ရှိလို့ တော်သေးသည်။ မြင့်နောင် အပေါ် ချစ်ခြင်းကြောင့် ဖြစ်ရသော အမုန်းတရားများလည်း ရီမာချို့မှာ မရှိတော့ပါ။ ချစ်ခြင်း မုန်းခြင်း မဟုတ်သော ဥပေက္ခာတရား ထားနိုင်လာသည်။ ကိုယ်နှင့် မသိသူ တစ်ယောက်လို သူ ကောင်းကောင်း ဆိုးဆိုး ဘယ်လိုမှ မနေသော စိတ်ကို မွေးဖို့ ကြိုးစားထားသည်။ မကြားချင်ပေမယ့်လည်း မြင့်နောင် သတင်းတွေက ကြားနေရသည်။

သူ ပထမ နေသော မိန်းမနှင့် ကွဲသွားကြသည်။ ထိုမိန်းမ အကျင့်မကောင်းမှန်း သူ နောက်သိလာတော့ သူတို့ အိမ်ထောင်ရေး အဆင်မပြေကြတော့ခြင်း ဖြစ်သည်။ ထိုသတင်းတွေကို ရီမာချို၏ ယောက္ခမအိမ်က ဖောက်သည်ချ ကြခြင်း ဖြစ်သည်။ သူတို့ကလည်း အရင်က ရီမာချိုကို သိပ်ကြည့်မရပေမယ့်လည်း သားအတွက် အိမ်ထောင်ဘက်ကောင်းရယ်လို့ လက်ခံထားရာကနေ ဒီလို ဖြစ်လာတော့ သူတို့ သားကို ကြည့်မရကြတော့။ ညီမများကလည်း ကန့်ကွက်သည်။ နောက်ထပ် မိန်းမကို သူတို့အိမ်က လုံးဝ အသိအမှတ်မပြုခဲ့။ အဲလို ပြောဆိုပါများတော့ သူတို့ အိမ်ကိုပါ အလာကျဲသွားသည်။ အလုပ်မကောင်းတာ အကြောင်းပြ၍ ထောက်ပံ့တာမျိုးလည်း လုံးဝ မရှိတော့။ ပထမအိမ်ထောင်က ကလေးတွေလည်း ထောက်ပံ့ရသေးသည် ဟူသော အကြောင်းပြချက်ကောင်းနှင့် မိဘ ဘက်ကို လုံးဝ လှည့်မလာတော့ပါ။

ထို မိန်းမ နှင့် ကွဲပြီး သိပ်မကြာခင်မှာပင် နောက်ထပ် မိန်းကလေး တစ်ယောက်နှင့် ထပ်တွေ့သည် ဟုဆိုသည်။ ဒီတစ်ယောက်ကတော့ သူ့ထက် ဆယ်နှစ်လောက်ငယ်သည်။ ပညာကတော့ မတတ်။ သူများ ဆိုင်မှာ အကူဝန်ထမ်း လုပ်ရသော မိန်းကလေး။ အရင် တစ်ယောက်ထက်တော့ ရိုးရိုးသားသား ရှိပုံရသည်။ အဲဒီ မိန်းကလေး နှင့် တော့ အတည်အတံ့ ဖြစ်နေသည်။ အိမ်ကို ငှားနေရာက အပိုင်ဝယ်လိုက်သည်။ နောက်ထပ် သားတစ်ယောက် သမီးတစ်ယောက်လည်း ထပ်ရသည်။ ဒါတွေကတော့ ရီမာချို မစုံစမ်းလည်း လူသတင်း လူချင်းဆောင်ပြီး ကြားနေရပါသည်။ သူ့မိသားစုနှင့်လည်း သူမရှိမှပင် ပိုပြေလည်နေပါသည်။ သူတို့မှာလည်း မြေးဆို၍ ရီမာချို့ သားနှင့် သမီးပဲ ရှိတာမို့ ချစ်ကြပါသည်။ သမီး နှင့် သားက အရွယ်ရောက်လာတော့ ပိုနားလည်လာလို့လား မသိ။ သူတို့ အဖေ အကြောင်းကို ရီမာချို မတားပါပဲနှင့် မပြောကြတော့ပါ။ သူတို့ အဖေကို လမ်းတွေ့လျှင် ကောင်းကောင်း နှုတ်ဆက်ကြသော်လည်း ငယ်ငယ်တုန်းကလို သူ့အဖေအလုပ်ကို လိုက်သွားပြီး တကူးတက သွားတွေ့တာမျိုး မလုပ်တော့ပါ။ သူတို့ အပေါ် အဖေ နှင့် အမေ ဘယ်သူ့ မေတ္တာက စစ်မှန်သည်ကို သိလာပြီ ဟုထင်သည်။
***
ယောက်ျား တစ်ယောက်နှင့်ပင် ယောက်ျားတွေရဲ့ သစ္စာကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးသော ရီမာချိုသည် နောက်ထပ် အိမ်ထောင်ပြုဖို့ကိုလည်း လုံးဝ စိတ်ကူးထဲ မရှိတော့ပါ။ ယောက်ျားတွေရဲ့ သစ္စာ ဆိုပေမယ့်လည်း အားလုံးကိုတော့ မဆိုလိုပါ။ ရီမာချို့ အဖေ ကတော့ ရီမာချို နှင့် ဥာဏ်ရည်မမီသော အစ်မ တို့ ခပ်ငယ်ငယ်ကပင် အမေ ဆုံးပါးသွားခဲ့သော်လည်း သမီးနှစ်ယောက်ကို လူလားမြောက်အောင် ရှာဖွေကျွေးမွေး၍ နောက်အိမ်ထောင် မပြုခဲ့သူ ဖြစ်သည်။ ရီမာချိုက “အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာများမှာ အချစ်မဟုတ်တော့ပဲ မေတ္တာတွေ သစ္စာတွေ ပါလာရမှာပေါ့” ဆိုသည့် ဝင်းဝင်းလတ် ရဲ့ ဝတ္တုထဲက စကားကို သဘောကျခဲ့ဖူးသည်။ လက်ထပ်ပြီး နောက်ပိုင်း စာမျက်နှာများထဲက ကိုယ့်အိမ်ထောင်ဘက်ရဲ့ သစ္စာ နှင့် မေတ္တာက ဘယ်လောက်အထိ ကြာရှည်တည်တံ့မယ်ဆိုတာ မိန်းကလေး တစ်ယောက်က လက်မထပ်ခင် ဘယ်လိုများ သိနိုင်ပါ့မလဲလေ။ ဒါကြောင့်လည်း အိမ်ထောင်ပြုတယ်ဆိုတာ ကံစမ်းမဲ နှိုက်ရသလိုပဲလို့ ပြောကြတာပေါ့။ ရိုးမြေကျ ပေါင်းနိုင် မပေါင်းနိုင် ဆိုတာက ပေါက်ဖို့ ခက်ခဲတဲ့ ကံစမ်းမဲ ဖြစ်နေပေမယ့်လည်း ပိုးဖလံမျိုးတွေကတော့ မီးကို မတိုးပဲမှ မနေနိုင်လေတော့ အဲဒီ ကံစမ်းမဲကို လည်း လူတိုင်းလို နှိုက်နေကြတုန်းပါပဲ။ ပေါက်တဲ့လူလည်းပေါက်၊ မပေါက်တဲ့လူလည်း ဘဝတွေ အရှုံးခံကြရင်းနဲ့ပေါ့...။

(အရင် စိတ်ကူးယဉ်ပြီး ရေးတဲ့ Happy Ending ဝတ္တုများကို အပြင်လောကမှာ မဖြစ်နိုင်ဘူးလို့ ပြောကြသူများ အတွက် တကယ့် အဖြစ်ကို အခြေခံတဲ့ ဝတ္တုအတိုလေးပါ။ နောက်လည်း ရေးပါဦးမယ်။ တကယ့် အဖြစ်အပျက်များက စိတ်ကူးယဉ် ဇာတ်လမ်းများလို မလှပကြပါဘူး။)

သိင်္ဂါကျော်
2.5.2010
5:20 PM

28 April, 2010

ဒီသင်္ကြန်

ပြန်ရောက်လာပါပြီ။ 

ဒီသင်္ကြန်ပိတ်ရက်မှာ ရည်မှန်းမထားပဲ သီလရှင်ဝတ်ရင်း တရားစခန်းဝင်ဖြစ်ခဲ့ပါတယ်။ မေမေတို့ တက္ကသိုလ်နားက ဘုန်းကြီးကျောင်းမှာပါ။  ဒုလ္လဘ ကံထူးရှင်မဲတွေ ဖောက်ပြီး ရဟန်းခံ၊ သီလရှင်ဝတ်တာ နှစ်စဉ်လုပ်နေကြဖြစ်ပြီး စတုတ္ထအကြိမ် ရှိခဲ့ပါပြီ။ ကိုယ်လည်း သူများက သီလရှင် ဝတ်မယ်ဆိုတဲ့ အသံကြားတော့ စိတ်ထဲမှာ အရမ်း ဝတ်ချင်သွားတာနဲ့ ဘုန်းကြီးကျောင်း သွားပြီး စုံစမ်းခိုင်းတော့ မဲပေါက်ပြီး မဝတ်တဲ့လူရှိသေးလို့ အစားဝတ်လို့ ရတယ်ဆိုတာနဲ့ ဝတ်ဖြစ်သွားတာပါ။ 
အကြိုနေ့ ညနေပိုင်း ဒုလ္လဘ ရဟန်း၊ သီလရှင်များ ဖြစ်ပြီးနောက် သိမ်ဆင်း လောင်းလှူကြပါတယ်။


ပြီးတော့ သီလရှင်များပါ အပါအဝင် အနီးအနား ရပ်ကွက်မှ သိမ်ဆင်း လောင်းလှူချင်သူများအတွက် ရပ်ကွက်၊ လမ်းများ အတိုင်း ကြွခဲ့ကြပါတယ်။



သင်္ကြန်အကြိုနေ့ ညနေ သုံးနာရီလောက်က စဝင်ခဲ့ပြီး နှစ်ဆန်း နှစ်ရက်နေ့ မနက်ပိုင်းမှာ ထွက်ခဲ့ပါတယ်။ နံနက်ပိုင်း ၄း၀၀၊ ၄း၃၀ မှာ အိပ်ရာက ထပြီး ၅း၀၀ မှာ ဘုရားဝတ်တက်ကာ နာရီဝက်ခန့် တရားထိုင်ရပါတယ်။ အဲဒီနောက် နံနက် အာရုဏ်ဆွမ်း စားရပါတယ်။ ခဏနားပြီး နံနက် ၇း၀၀ နာရီမှာ တရားနာ သို့ တရားထိုင်ခြင်း ကို တစ်နာရီကြာ လုပ်ရပါတယ်။ ၈း၀၀ မှာ နားပြီး ၈း၃၀ မှာ တရားနာ သို့ တရားထိုင်ခြင်း ပြန်စပါတယ်။ တစ်ချို့ရက်မှာ ဆရာတော် ကိုယ်တိုင် တရားဟောပြီး ၉း၀၀ သို့ ၉း၁၅ မှာ ပြီးဆုံးပါတယ်။ အဲဒီနောက် ၉း၃၀ လောက်မှာ ကျောင်းနေ ရဟန်းတော်များနဲ့ ဒုလ္လဘ ရဟန်းများက ဆွမ်းခံထွက်ကြရပါတယ်။ သီလရှင်များကတော့ လာရောက်ကြတဲ့ ဥပုသ်သည်များနဲ့အတူ တရားနာပြီး ကိုးပါးသီလ ခံယူကြရပါတယ်။ တရားနာပြီး ခဏအကြာ ၁၁ နာရီ ကျော်ကျော်လောက်မှာ ဆွမ်းစားကြရပါတယ်။ 



အချိုပွဲတွေ ဘာတွေ စားရင်း မွန်းတည့် ၁၂ နာရီမှာ စားသောက်ခြင်း အမှု ပြီးသွားတော့ အနားယူကြပြီး မွန်းလွဲ ၂ နာရီမှာ အလုပ်စခန်း ပြန်စပါတယ်။ သိပ်မပြည့်စုံတဲ့ ကျောင်းတိုက်မို့ ဆွမ်းစားဆောင်နဲ့ တရားနာခန်းမက အတူတူ ဖြစ်နေတော့ စားပွဲခုံတွေ ဟင်းကျန် ဆွမ်းကျန်တွေ ရှင်းလင်း သိမ်းဆည်းပြီးမှ တရားထိုင်ရာ ခန်းမ အဖြစ် ပြန်ပြင်ဆင်နိုင်မှာ မို့ပါ။ ၂ နာရီကနေ ၃ နာရီ အထိ တရားထိုင်၊ ပြီးတော့ နားပြီး ၅ နာရီမှာ ပဋိစ္စသမုပ္ပတ် တရားတော် သင်ကြား ဟောပြောပါတယ်။ ၆ နာရီမှာ ပြီးပြီးတော့ ၂ နာရီ နားပါတယ်။ ၈ နာရီမှာ တရားနာခြင်း သို့ တရားထိုင်ခြင်း ပြန်လည် စတင်ပြီး ည ၉ နာရီမှာ ပြီးဆုံးပါတယ်။

တရားထိုင်တာနဲ့ ပတ်သက်ပြီး ငယ်ငယ်ကတည်းက အဘိုးရော အမေရော ပြောဆိုကြတာနဲ့ စာအုပ်တွေ ဖတ်ထားတာနဲ့ နည်းစနစ်တွေကိုလည်း သိနေပေမယ့်လည်း မလုပ်ဖြစ်ပါဘူး။ ခပ်ငယ်ငယ်ကမှ တစ်ခါတရံ ၁၅မိနစ်လောက် ထိုင်ဖူးသေးပေမယ့် ခုနောက်ပိုင်းတော့ လုံးဝကို ဘာမှလည်း မလုပ်ဖြစ်တာပါ။ ခုတရားစခန်းဝင်တော့မှပဲ စနစ်တကျ လုပ်ဖြစ်သွားပါတယ်။ ကိုယ်က သူများထက်ပိုပြီး အတွေးများတတ်တဲ့ လူမို့ ပြေးလွှားနေတဲ့ စိတ်ကလေးကို တည်ငြိမ်အောင်ထိန်းဖို့ အတော်ကြိုးစားရပေမယ့် တတ်နိုင်သမျှ ရတဲ့ အချိန်လေးမှာတော့ အကျိုးရှိအောင်တော့ ကြိုးစားလုပ်ခဲ့ပါတယ်။ အမှန်တကယ်တော့ တရားစခန်းဝင်မှ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အားတဲ့အချိန်လေးတွေမှာ တတ်နိုင်သလောက် ဘာဝနာ အလုပ်ကို လုပ်နေသင့်တာပါ။ တချို့က တရားစခန်းဝင်တယ်၊ ဝင်တယ် ဆိုပြီး အိမ်လည်း ပြန်ရောက်ရော တရားဆိုတာ ဘယ်နေမှန်းမသိ လုံးဝမေ့ပစ်ပြီး လောဘ၊ ဒေါသ၊ မောဟတွေထဲပဲ ပြန်နစ်နေတတ်ကြတာပါ။ တကယ်တော့ ကိုယ် ဘယ်အချိန်သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အရာပါ။ အသက်ငယ်သေးတာပဲ ဆိုပြီး သေမင်းကလည်း မခေါ်ပဲ နေမှာ မဟုတ်ပါ။ အဲဒီတော့ ကိုယ် သွားတဲ့အချိန်မှာ ဒါန၊ သီလ၊ ဘာဝနာ နဲ့ ထိုက်သင့်သလောက် ပြည့်နေအောင် ကြိုးစားကြရမှာပါ။ (တကယ်တမ်းတော့ ကိုယ်လည်း မလုပ်ဖြစ်ပါဘူး... ဒါပေမယ့် မေ့လျော့နေတဲ့ စာဖတ်သူများကို သတိပေးချင်လို့ပါ ) 


ကိုယ်တို့ အားထုတ်ခဲ့တာ မိုးကုတ် ဆရာတော်ဘုရားကြီး ရဲ့ တရား နည်းလမ်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပတ် စက်ဝိုင်းကြီးကိုတော့ ပြန်ရှင်းမပြချင်တော့ပါဘူး။ မိုးကုတ် တရားစခန်း ဝင်ဖူးတဲ့ သူတိုင်း သိမှာပါ။ ဆရာတော် ဟောတာကလည်း ရှင်းလင်း ပြတ်သားပြီး နားလည်လွယ်ပါတယ်။ (ဒါပေမယ့် စာမေးပွဲစစ်မယ်လို့ ပြောတော့ ဘယ်သူမှ မလှုပ်ကြပါဘူး..။ :D)

အတိုဆုံး နဲ့ ကိုယ်သိသလို တရား နည်းစနစ်လေး တော့ပြန်ပြောပါရစေ...။ ကြာရှည်ထိုင်နိုင်မယ့် ပုံစံနဲ့ ကိုယ်နှစ်သက်သလို ထိုင်နိုင်ပါတယ်။ (ခြေထောက်တစ်ခုနဲ့ တစ်ခု မဖိပဲ တင်ပလ္လင်ခွေထိုင်ကတော့ အကောင်းဆုံးပါ) ခါးကို ခပ်ဆန့်ဆန့် သင့်လျော်သလိုထားနိုင်ပါတယ်။ အထိုင်ပြင်ပြီးရင်တော့ နှာသီးဖျားက ဝင်လေ ထွက်လေကို သိနေရမှာ ဖြစ်ပါတယ်။ အာနာပါန ကမ္မဌာန်း သက်သက်ကပဲ စိတ်တည်ငြိမ် သမာဓိ ရစေခြင်း၊ ရောဂါများ ပျောက်ကင်းစေခြင်း အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဝိပဿနာ အနေနဲ့ ပွားများမယ် ဆိုရင်တော့ ပုံမှန် အသက်ရှုနေရင်း နှာသီးဖျားကို ရိုက်ခတ်ပြီး ဝင်သွားတဲ့လေ၊ ထွက်သွားတဲ့လေကို သိနေရင်း စိတ်တည်ငြိမ်လာပြီ ဆိုရင် ကိုယ့်ရဲ့  ခန္ဓာကိုယ် တစ်ခုလုံးကို စိတ်အာရုံ အသိနဲ့ ခြုံကြည့်ပြီး ဝေဒနာ (ယားနာ၊ နာတာ၊ ကျင်တာ၊ အေးတာ၊ ပူတာ စသည်) ဖြစ်ပေါ်နေတဲ့ နေရာကို သိစိတ်ကို ပြောင်း သိရပါမယ်။ ဝေဒနာ ရဲ့
ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောလေးကို သိနေရမှာ ဖြစ်ပါတယ်။

ကိုယ် တရားစခန်း ဝင်ခဲ့တဲ့ ကျောင်းက ပြည်မြို့ သံတချောင်းလမ်း၊ ပြည်တက္ကသိုလ် အနီးက မဟာဇေယျုံကျောင်းတိုက်မှာပါ။ ဆရာတော်ကလည်း သက်တော် ငယ်ရွယ်ပြီး လက်ရှိ ပဲခူးတိုင်း ဥက္ကဌ ဖြစ်ပါတယ်။ အဲဒီကျောင်းက ဘုန်းကြီးကျောင်းသင် ပညာရေးကို အကောင်အထည်ဖော်နေတဲ့ ကျောင်းတစ်ကျောင်းပါ။ အနီးအနား ပတ်ဝန်းကျင်က ကျောင်းသားများအပြင် မတတ်နိုင်ရှာတဲ့ ခပ်ဝေးဝေး ရွာများက ကျောင်းသားများပါ လာရောက်တက်ကြပါတယ်။ သူငယ်တန်းမှ ဆယ်တန်းအထိ ဆရာ၊ ဆရာမများကို ပုံမှန် လခပေး ငှားရမ်းထားပြီး သင်ကြားစေပါတယ်။ ဆရာတော်က တရားပွဲများ လိုက်လံဟောကြားရင်း ရရှိသော အလှူငွေများကို အဲဒီ ပရဟိတ လုပ်ငန်း အတွက် သုံးစွဲနေတာပါ။ ဆယ်တန်း စာမေးပွဲကြီး နီးလာရင်လည်း နာမည်ကြီး ကျူရှင်ဆရာများကို ငှားရမ်းပေးပြီး ဆယ်တန်း ကျောင်းသားများကို  Guide လုပ်ပေးစေပါတယ်။ ကျူရှင်တက်ဖို့ မတတ်နိုင်တဲ့ ဘယ်သူမဆို လာရောက် တက်နိုင်အောင် စီစဉ်ပေးထားပါတယ်။ 


ကိုယ်တို့ ညအိပ်ရတဲ့ အဆောင်က ကလေးတွေရဲ့ ကျောင်းဆောင်ပါ။ မမြင်ဖူးတာ ကြာပြီဖြစ်တဲ့ မြေဖြူနဲ့ ရေးတဲ့ ကျောက်သင်ပုံးတွေ ရှိပါတယ်။ ကလေးတွေရဲ့ ထိုင်ခုံ ခပ်စုတ်စုတ်လေးတွေကို စုပြီး ကုတင်လုပ်ပေးထားတာပါ။ အိမ်က လူတွေကလည်း ကိုယ့်ကို သီလရှင်ဝတ်ချင်တာ ကြိုမပြောလို့ ဆိုပြီး ပြောကြပါတယ်။ ကြိုပြောရင် ပိုပြီးပြည့်စုံတဲ့ ကျောင်းမှာ ဝတ်ဖို့ စီစဉ်ပေးမှာပေါ့လို့ ဆိုပေမယ့် ကိုယ့်အတွက်တော့ ခဏတဖြုတ် တရားအလုပ်လုပ်ခိုက်မှာ ပြည့်စုံတာ မပြည့်စုံတာကို စကားထဲ ထည့်မပြောချင်ပါ။ ဘုန်းကြီးကျောင်း ပညာရေး၊ ကလေးတွေ အတွက် လှူချင်စိတ်နဲ့ နောင် တရားစခန်းတွေ ပြည့်ပြည့်စုံစုံ ဖွင့်နိုင်အောင် ကျောင်းတိုက်အသစ် ဆောက်လှူချင်တွေတော့ ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုယ်တို့ မိသားစုက နှစ်ဆန်းတစ်ရက်နေ့မှာ အရုဏ်ဆွမ်း တစ်နပ်စာ လှူခဲ့ပြီး ထွက်တဲ့ နေ့မှာလည်း တတ်နိုင်သလောက် နည်းနည်း ထပ်လှူခဲ့ပါသေးတယ်။ ပရဟိတ အလှူကို စိတ်ဝင်စားကြသူများ အတွက် ဒီကျောင်းတိုက်ကိုလည်း လှူနိုင်ပါတယ်လို့ သတင်းပေးလိုက်ပါရစေ..။

သိင်္ဂါကျော်

08 April, 2010

အကောင်းမြင်၊ အဆိုးမြင် နှင့် လက်တွေ့ကျသောအမြင်

(မနက်ဖြန် သင်္ကြန်ပိတ်ရက်မို့ အိမ်ပြန်ပါတော့မယ်။ ဇာတိမြို့မှာ internet ဆိုင်တွေ ရှိပေမယ့် connection ကတော့ သိတဲ့ အတိုင်း သိပ်ကောင်းတာမဟုတ်လို့ Post အသစ်လည်း တင်ဖြစ်မယ် မထင်ပါ။ Blog ပေါ်ကနေ သုံးပတ်လောက် ပျောက်နေမယ့် အကြောင်း ခွင့်တိုင်သွားပါတယ်နော်..။ မသွားခင် ကိုဇော်ရဲ့ အမြင်များ ဆိုတဲ့ Tag post လေးကို ခပ်တိုတိုပဲ ရေးတတ်သလိုရေးပြီး တင်လိုက်ပါတယ်။)
-------------------------------------------------------------------------------------------------------------
"The pessimist complains about the wind; the optimist expects it to change; the realist adjusts the sails."
—William A. Ward

“အဆိုးမြင်သမားက လေမုန်တိုင်းထန်ရင် ဘယ်လိုလုပ်မလဲလို့ တွေးတယ်၊ အကောင်းမြင်သမားကတော့ ရာသီဥတုကောင်းသွားမှာပါလို့ မျှော်လင့်တယ်၊ လက်တွေ့သမားကပဲ ရွက်တွေကို ညှိရတယ်” လို့ William A. Ward က ပြောပါတယ်။

ကိုယ့်ကို အကောင်းမြင်သမားလားလို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အဆိုးမြင်သမားလား လို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး တစ်ခါတလေလည်း အကောင်းမြင်ပေးနိုင်တာ ရှိသလို တစ်ခါတလေလည်း အကောင်းမြင် မပေးနိုင်တာမျိုး ရှိတတ်တာပဲလေ။ များသောအားဖြင့်တော့ အမှန်ကို အမှန်အတိုင်း မြင်နိုင်အောင် တတ်နိုင်သမျှကြိုးစားပါတယ်။

အားလုံးသိကြတဲ့ ပုံပြင်ထဲကလို အကောင်းမြင်သမားက ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်ကို တွေ့တော့ ရေတစ်ဝက်တောင် ရှိသေးတာပဲ လို့ ပြောတယ်၊ အဆိုးမြင်သမားကတော့ ရေတစ်ဝက်ပဲ ကျန်တော့တယ် လို့ ပြောပါတယ်။ တကယ်တော့ ဒီရေကို ခပ်ကတည်းက အပြည့်မလိုချင်လို့ တစ်ဝက်ထဲ ခပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတဲ့ အဖြစ်မှန်ကိုသာ မြင်ဖို့ အရေးကြီးတာပါ။

ကိုယ်တို့ မြန်မာတွေကလည်း တကယ်တော့ အကောင်းမြင်သမားတွေများပါတယ်။ ကိုယ့်ဘဝကိုယ် ရောင့်ရဲတင်းတိမ် ကျေနပ်နေတတ်တာကလည်း အကောင်းမြင်တတ်တာပဲ မဟုတ်လား။ အဲလိုသာ အမြဲ အကောင်းမြင်ပြီး ကိုယ့်အခြေအနေကိုယ် ကျေနပ်နေရာကနေ တိုးတက်ဖို့ မကြိုးစားဘူး ဆိုရင်လည်း အဲဒါ ကောင်းတဲ့ ရလာဒ် မဟုတ်ပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက်ဆိုးနေတယ် ဆိုတာကိုလည်း အဆိုးမြင်သမား ရှုထောင့်ကနေ မြင်တတ်ဖို့ လိုပါတယ်။ ဆိုးတာကို ကောင်းတယ်လို့ အတင်းကြီး အကောင်းမြင်နေပြီး ပြင်ဆင်ဖို့ မကြိုးစားတာမျိုးကလည်း မမှန်ဘူးလို့ ထင်ပါတယ်။ ဆိုးတာကို ဆိုးတယ်လို့ အမှန်ကို အမှန်အတိုင်း မြင်တတ်မှသာ ပိုပြီးကောင်းအောင် ပြင်ဆင်ဖို့ အခွင့်အလမ်း ရှိမှာပါ။

ဒါပေမယ့် အဆိုးကို မှန်မှန်ကန်ကန် မြင်တာထက် ပိုပြီး အရာရာကို အပျက်သဘောချည်း မြင်နေတာမျိုးကတော့လည်း မကောင်းပါဘူး။ ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို မလုပ်ခင်ကတည်းက မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘောနဲ့ ရှုမြင်တာမျိုးကလည်း မအောင်မြင်မှုကို ဦးတည်နေတဲ့ အမြင်မျိုးပါ။ ပြဿနာ တစ်ခုကြုံလာရင် အဆိုးတွေပဲ တွေးတောပြီး ငြီးတွားနေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို အပြုသဘော အမြင်နဲ့ ရှုမြင်ပြီး စိတ်ရှည်သည်းခံမှုနဲ့ အဖြေရှာမှသာ ဘဝမှာ အောင်မြင်မှုတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုးမြင်တာရော အကောင်းမြင်တာရော နှစ်ခုစလုံးမှာ အစွန်းရောက်လွန်းတာကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ အဓိကတော့ လက်တွေ့ကျတဲ့ အမြင်နဲ့ ကြိုးစားအားထုတ်မှုပါပဲ။

လေ့လာချက်တွေအရ အကောင်းမြင် အပြုသဘော ဝါဒီတွေဟာ အသက်ပိုရှည်ကြတာကို တွေ့ရပါတယ်တဲ့။ အကောင်းမြင်သမားတွေမှာ သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိပြီး အဆိုးမြင်ဝါဒီတွေမှာတော့ သေဆုံးနှုန်း ၅၇ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ အဆိုးမြင်ဝါဒီတွေမှာ heart attack နဲ့ တစ်ခြားရောဂါတွေ ပိုဖြစ်နိုင်ပြီး စိတ်ခံစားချက်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေလည်း ပိုဖြစ်လွယ်တယ်လို့ ဆိုပါတယ်။

 အပြုသဘောအမြင်ဟာ ကောင်းမွန်တယ် ဆိုတဲ့အကြောင်း သေချာစေတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ ဖြစ်နိုင်တယ်လို့ စိတ်ပိုင်းဖြတ်ပြီး အပြုသဘောနဲ့ ကြိုးစားခဲ့တဲ့အတွက် ရည်မှန်းချက် ပြည့်မြောက်ခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ပထမဆုံး ကိုယ်ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် အဆိုးကို အဆိုးအတိုင်း မြင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးအမြင်နဲ့ကြည့်ပြီး ဘာတွေ လိုအပ်နေသလဲ၊ ဘာတွေ ပြုပြင်ဖို့ လိုနေသလဲ ဆိုတာ လက်တွေ့ကျကျ သုံးသပ်ကြည့်ရပါမယ်။ ပြီးရင်တော့ ဒါကို ပြင်ဖို့မလွယ်ဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘော အတွေးမျိုး မတွေးပဲ အပြုစိတ်ထားနဲ့ လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားဖို့လိုပါတယ်။ အဲဒါမှသာ ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင် ပြင်ဆင်လို့ မရနိုင်တဲ့ ပတ်ဝန်းကျင်က အရာတွေကိုတော့ အဆိုးမြင်နဲ့ချည်း ကြည့်ပြီး စိတ်ပျက်လက်မှိုင်ချမနေပဲ အကောင်းဘက်က လှည့်တွေးသင့်ရင်လည်း တွေးရပါမယ်။ တစ်ချို့အရာတွေကျတော့လည်း လက်တွေ့ကျကျ မြင်နိုင်မှ အဆင်ပြေသွားတာပါ။ စာဖတ်သူရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်ပါသလဲ...။ အကောင်းမြင်သမားလား...။ အဆိုးမြင်သမားလား...။ လက်တွေ့ကျကျ မြင်တတ်သူလား...။

သိင်္ဂါကျော်
8.4.2010
9:40 PM