ငြီးငွေ့တေးသွားတွေ ဆိုညည်းနေတုန်း
ပြတင်းပေါက်ထဲ မိုးငွေ့တွေ ရိုက်ခတ်လာတယ်
မိုးခေါင်ရေရှားရပ်ကွက်က ငါးတွေ ရယ်မောစပြုလာပေါ့။
ပက်ကြားအက် စိတ်ဓါတ်တွေကတော့
ရေအိုင်ထဲလို အလွယ်တကူ ဖြည့်ဖို့ လွယ်မှာမဟုတ်ဘူး။
ဝိုင်တစ်စက်မှ မသောက်ပဲ မူးနေသူပါ..
အလိမ်အညာအငွေ့တွေ မိနေခဲ့တာ အတော်ကြာပြီးတဲ့နောက်
နွေနှောင်းရဲ့ ရူးသွပ်အရိပ်တွေ ပြန်မလိုချင်တာ အထာကျရဲ့။
မင်းမသိတဲ့ငါနဲ့ ငါမသိတဲ့မင်းရဲ့ ဇာတ်လမ်းပဲ
မိုးတိမ်ညိုတွေရဲ့ အစကို ရှာမတွေ့နိုင်သလိုမျိုး
ဘယ်သူက စခဲ့မိမှန်းတောင် မသိလိုက် မသိဘာသာနဲ့
ဖြုန်းခနဲ ရွာချလိုက်လေတယ်။
မေက မေလို မကျင့်ကြံနိုင်မှတော့
ငါ့တစ်ကိုယ်စာ အတ္တကို ဘာကိစ္စ ထိန်းသိမ်းရမလဲ
မိုးဆိုတာ ရွာချင်တဲ့ အချိန် ရွာမှာပါ
အကြောင်းရင်း သိဖို့က ငါ့အလုပ်မှ မဟုတ်လေတာ။
မေက မေပီပီသသ ခဏတောင် မနေနိုင်ခဲ့တာ
အဲဒီ မိုးတွေ စလာကတည်းကပေါ့..။
ငါ့ပန်းပွင့်ကလေးတွေ အနားသတ်မလှမှာစိုးလို့
စိုရုံရွာဖို့ တောင်းပန်ချင်တာတောင် မရတဲ့အခါ
သည်းကြီးမည်းကြီးကိုသာ မငြိုငြင်ဖို့ ရှိပါတော့တယ်..။
မေက မုတ်သုန်ကို ကြိုဆိုရမှာလား မကြိုဆိုရမှာလားတောင် မသေမချာနဲ့ပဲ
ကောင်းကင်ရဲ့ မျက်ရည်နဲ့ နွေနှောင်းတွေကို လှပစေ..
ဘယ်အချိန်ကတည်းက မာကျောအေးခဲ နေတဲ့ နှလုံးသားမို့လည်း
ရွာချချိန်မှာတောင် အေးခဲ နေခဲ့တာလေ..။
သိင်္ဂါကျော်