31 May, 2012

တစ်ရံတစ်ခါဆီက မြို့


ရွှေအဆင်းဝင်းလက်
သမိုင်းအဆက်ဆက်က စေတီတော်တွေ…
အုတ်ရိုးရောင်မပျက် ရှေးအဆက်ဆက်ရဲ့
ကောင်းမှု လက်ရာ စေတီတော်တွေ…
အရှေ့ဘက်က ရောင်နီအောက်မှာ
တင့်တယ်နေတဲ့မြို့ ။

ခပ်လှမ်းလှမ်း
အစိမ်းရောင် လယ်ကွင်းတွေဆီက
စပါးသင်းနံ ရလာမယ့် အချိန်ကို
မျှော်လင့်နေတတ်တဲ့မြို့ ။

ညမွှေးပန်းရနံ့တွေ ဆောင်ယူလာတတ်တဲ့
ညလေ အေးအေးနဲ့  အတူ
လရောင်ဆမ်းတဲ့ သစ်ပင်တန်းတွေအောက်
ဂစ်တာသံတွေ လွင့်လာတာကို
သာယာတတ်တဲ့ မြို့ ။

ခေတ်အဆက်ဆက်မှာ
အနာတရတွေလည်း ရဖူးပါရဲ့ ၊
ခုတော့လည်း
လေးထောင့်စပ်စပ် မီးခံတိုက်တွေ နေရာမှာ
အထပ်မြင့် အသစ်တွေ တိုးပွားလား တိုးပွားရဲ့ ၊
အခြေအနေမဲ့တွေကတော့ အရင်လိုပါပဲ။
ရှေးတစ်ခေတ် ဘုရင်လို
တတိယမျက်လုံး မပိုင်ဆိုင်ပေမယ့်လည်း
ကိုယ်အားကိုယ်ကိုးတတ်ဖို့  ကြိုးစားနေတဲ့မြို့ ။

ဧရာဝတီရဲ့ ပွေ့ဖက်မှုထဲ
ဒဏ်ရာတွေကို ဖြေချတတ်ခဲ့တဲ့
မြေလတ်သူ မြေလတ်သားတွေရဲ့
ချစ်မြတ်နိုးခံ မြို့ ။

ဘယ်တော့မှ ကမ်းမကပ်တဲ့ သင်္ဘောတွေကို
လက်ပြနှုတ်ဆက်ရင်း
အနောက်ဘက်ကမ်း တောင်တန်းတွေဆီက
တေးသံကို နားစွင့်ရင်း
တံတားပေါ် ဖြန့်ခင်းထားတဲ့
လိမ္မော်ရောင် ဆည်းဆာကိုခံစားတတ်တဲ့ မြို့ ၊
စုန်ချီ ဆန်ချီ ဝင်ထွက်သွားလာသူတွေကို ကြိုဆိုရင်း
ဘယ်တော့မှ အိုမင်းခြင်း မရှိတဲ့မြို့ ။

အဲဒီမြို့ကို
ငါချစ်တယ်…။

သိင်္ဂါကျော်

29 May, 2012

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ

ူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
နှုတ်ဆက်စကားတွေက
ဝတ်ကျေတန်းကျေ ပုံစံနဲ့ လာတယ်၊
မတွေ့ဖြစ်ဖို့အတွက်
အကြောင်းပြချက်တွေက များလာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
ချိုသာတဲ့ စကားတွေက 
နားခါးစရာတွေ ဖြစ်လာတယ်၊
ချစ်ခင်ဖူးတဲ့ အမူအယာတွေက
အပြစ်မြင်စရာတွေ ဖြစ်လာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
ရင်ဘတ်ချင်း မတိုက်ဆိုင်မှုတွေက
များများ လာတယ်၊
ရင်ခုန်သံစည်းချက်သံစဉ်က
ခြားခြား လာတယ်။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တဲ့ အခါ
မျက်နှာချင်း ဆိုင်ရင်းကပဲ
တဖြည်းဖြည်း ဝေးကွာသလို ခံစားရ၊
ကြိုက်နေကြ သီချင်းတွေနဲ့
သာယာတဲ့ ပတ်ဝန်းကျင်တောင်
အေးစက်ကြမ်းရှ တစပြင်ဝင်ရိုးစွန်းလို ခံစားရ။

သူ့စိတ်က ကိုယ့်ဆီ မရှိတော့တာ သေချာလာတဲ့အခါ
အကြောင်းပြချက် မတောင်းခံပါ၊
အတင်းအကျပ်လည်း မချည်နှောင်ပါ၊
သွားလိုရာ သွားခွင့်ပေးပါ၏၊
ထပ်တူညီသော ချစ်ခြင်းများ ရှိသူသာ
ကိုယ့်ဆီလာပါ။

သိင်္ဂါကျော်

18 May, 2012

ရွံ့ပေတဲ့ ကလေးများ ပုံပြင်





တစ်ခါကပေါ့
ကလေးတစ်ချို့ ကစားကြ
ရွံ့အလူးလူးနဲ့ ကွင်းထဲ
ပြန်တက်လာတော့
အဖေ့ရှေ့မှာ တန်းစီရပ်
သူတို့ကိုယ်မှာ ညစ်ပေမနေသလိုမျိုးနဲ့။
ဒါပေမယ့်လည်း ကလေးတိုင်းသိကြ
တစ်ချို့တလေ မျက်နှာမှာ
ရွံတွေ ပေရေနေတာကိုပေါ့။

အဖေက ပြောတယ်
မျက်နှာပေါ်မှာ ရွံ့ပေနေတဲ့တစ်ယောက် ထွက်ခဲ့တဲ့
ဘယ်သူမှ ထွက်မလာပါ
ဘာကြောင့်ပါလဲ။
ကလေးတိုင်းက
မျက်နှာမှာ ရွံ့ပေနဲ့ တစ်ယောက်ယောက်
ထွက်သွားဖို့ကို စောင့်ကြ
ဘယ်သူမှ
သူကိုယ်တိုင်ရဲ့ မျက်နှာမှာ ရွံ့ပေနေတာတော့
မသိနိုင်ဘူးလေ။

Perfect Logician တွေပါ
လူမှန်ရင် အမှားမကင်းတာတော့
လူတိုင်းသိရဲ့၊
သူတစ်ပါးရဲ့ ပြစ်ချက်တိုင်းကို
အလွယ်တကူ ထောက်တတ်သူတွေလည်း ဖြစ်ရဲ့၊
ဒါပေမယ့်လေ
ကိုယ်တိုင်ရဲ့ အစွန်းအထင်းကိုတော့
ကိုယ်တိုင် ဆင်ခြင်ဖို့ ဘယ်တော့မှ အဆင်သင့်မဖြစ်သူ
သူလည်း လူ၊ ကိုယ်လည်း လူ။

သိင်္ဂါကျော်

Muddy children ဆိုတာ reasoning နဲ့ ပတ်သက်တဲ့ Logic puzzle လေးပါ။ 
http://en.wikibooks.org/wiki/Logic_for_Computer_Science/Reasoning