26 August, 2010

အဝေးပြေးကားပေါ်ကလူသတ်မှု

ဘလော့ကို အဆက်ဖြတ်ချင်လို့တော့ မဟုတ်ပါဘူး။ စာရေးဖို့ စိတ်မပါဘူးဖြစ်နေတော့ သူများ ဘလော့တွေ သွားဖတ်ရင်လည်း ကိုယ်ဘလော့မှာကိုယ် တာဝန်မကျေသလို ခံစားရလို့ တမင် မဖတ်ပဲ နေနေပါတယ်။ သင်တန်းတိုလေး တစ်ခု တက်စရာရှိလို့ လုပ်လက်စ အလုပ်ကလေးတွေ လက်စသတ်ရတာရယ်၊ မြန်မာနိုင်ငံက ဝန်ထမ်းတွေ နိုင်ငံခြားသွားရင် ထုံးစံအတိုင်း နေပြည်တော် သွားသွားပြီး ကိစ္စ ဝိစ္စတွေ ရှုပ်ရတာရယ်.. နဲ့.. အလုပ်ရှုပ်နေတာလည်း ပါပါတယ်။ အခုတော့ အိန္ဒိယနိုင်ငံမှာ နှစ်လခွဲသင်တန်း တက်နေပါပြီ။ ကျောင်းက internet ကလည်း သိပ်ကောင်းလှတယ် မဟုတ်တဲ့ပြင် ညဘက် ဟိုတယ်မှာလည်း အင်တာနက် မရတော့ blog တွေ ဖတ်ပြီး comment ပေးဖို့ရာ သိပ်မလွယ်လှသေးပါ။ ဘာမှ လုပ်စရာမရှိလို့ စာရေးဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ စာအသစ် မရေးဖြစ်တဲ့ အချိန် လာလည်တဲ့သူများကို အားလည်းနာတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ဒီဝတ္တုကို စထားတာတော့ တော်တော်ကြာပါပြီ။ ခုမှပဲ အဆုံးသတ်ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း ဝေဖန်လို့ ရပါတယ်နော်..။
 *****************************************************************

Express ကားပေါ်မှ လူအားလုံးနီးပါး အိပ်မောကျနေကြသည်။ လမ်းတစ်ဝက်နားအပြီး ဂိတ်ဆုံးမြို့ကို ရောက်ဖို့ရာလည်း ခရီးတစ်ဝက်ခန့် လိုသေးသည်မို့ အားလုံး စိတ်ချလက်ချ အိပ်ပျော်နေကြသည်။ တစ်ယောက်သောသူကတော့ မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်ကို ဘယ်သူမှ သတိမထားမိကြပါ။
*****

အဝေးပြေးကားတစ်စီးပေါ်တွင် လူသတ်မှု တစ်ခုဖြစ်ခဲ့သောကြောင့် စိမ်းဝတီတို့အဖွဲ့ရောက်လာခြင်း ဖြစ်သည်။ စိမ်းဝတီတို့အဖွဲ့မှာ CSI (Crime Scene Investigation) ဘက်သို့ ရောက်လာသည်မှာ မကြာသေးပါ။ တကယ်တော့ စိမ်းဝတီ၊ နေထွဋ်၊ နွယ်နီချိုနှင့် ရဲစွမ်းနိုင်တို့မှာ အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် အထူးဖွဲ့စည်းထားသော SWAT (Special Weapons and Tactics) အဖွဲ့မှ ဖြစ်သည်။ လွန်ခဲ့သော သုံးလက တာဝန်ယူခဲ့ရသော Mission တစ်ခုတွင် သူတို့ အဖွဲ့၏ ဖြေရှင်းမှုမှာ ကြမ်းတမ်းလွန်းသည်ဟု အပြစ်တင်ခံရပြီး အပြစ်ပေးသည့်အနေနှင့် လက်နက်အသုံးပြုမှုထက် စဉ်းစားချင့်ချိန် ဖြေရှင်းရသော CSI ဌာနသို့ ပို့ထားခံရခြင်း ဖြစ်သည်။

အဝေးပြေးဂိတ်ဝင်းထဲတွင် ကားရပ်၍ မှတ်ပုံတင် စစ်သောအခါမှ ထမလာသော ခုံနံပါတ် ၁၀ မှ လူကို သေချာကြည့်သောအချိန်မှာ ထိုသူသည် အိပ်ပျော်နေခြင်း မဟုတ်ပဲ သေဆုံးနေခြင်း ဖြစ်ကြောင်း တွေ့ရှိကြခြင်း ဖြစ်သည်။ လူသေမှုဖြစ်ကြောင်းသိပြီးနောက် ခရီးသည်အားလုံးကို မဆင်းခိုင်းသေးပဲ CSI ကို လှမ်းအကြောင်းကြားခြင်း ဖြစ်သည်။ ကားနောက်လိုက်၏ ပြောစကားအရ လမ်းတစ်ဝက် ကားရပ်နားချိန်တွင် ကားပေါ်မှ လူအားလုံးဆင်းပြီး ပြန်ထွက်ချိန်မှာလည်း အားလုံးပြန်တက်ခဲ့သောကြောင့် ထိုအချိန် နောက်ပိုင်းမှ ဖြစ်ပျက်ခဲ့သည်မှာ သေချာကြောင်း သိရသည်။ သေဆုံးချိန် အသေးစိတ်ကိုတော့ မှုခင်းဆရာဝန် စစ်ပြီးမှသာ သိရလိမ့်မည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ခန့်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ့ပေါင်ပေါ်တွင် Laptop အိတ် တစ်လုံးတင်ထားပြီး ပစ္စည်းထားသော နေရာမှာတော့ ခရီးဆောင်အိတ်အသေးလေး တစ်လုံးပါလာသည်။ အဖော်မပါပဲ တစ်ယောက်တည်း စီးလာခြင်း ဖြစ်သည်။ သေသူနှင့်ကပ်လျက် ပြတင်းပေါက်ဘေးဘက် နေရာက စီးလာသော ခရီးသည်ကလည်း ထိုသူကို အိပ်ပျော်နေတာလား၊ သေနေတာလား မသိခဲ့ပါဟု ဆိုသည်။ ကားပေါ်တွင်ဖြစ်သော လူသတ်မှုကို ကျူးလွန်သူမှာ ကားပေါ်တွင် ပါသော လူများထဲမှ တစ်ယောက်ယောက်သာ ဖြစ်နိုင်သည်။ လောလောဆယ်မှာ တစ်ကားလုံးကို မသင်္ကာစိတ် ထားရမလို ဖြစ်နေသောကြောင့် သူတို့အားလုံးကို မပြန်ခိုင်းသေးပဲ ဌာနသို့ ခေတ္တ ခေါ်ထားရမည်ဖြစ်သည်။

အလောင်းကို သေချာစစ်ဆေးတော့မှ သူသေရခြင်း အကြောင်းရင်းကို တွေ့ရသည်။ လည်ပင်းဘေးဘက်တွင် သေးငယ်သော စူးဝင်ရာ တစ်ခု ရှိနေသည်။ အတော်ကိုသေးသည်။ မှန်ဘီလူးနှင့်ကြည့်မှပင် သေချာတွေ့ရသည်။ အဆိပ်မြှားလို အရာမျိုး ဖြစ်ဟန်တူသည်။ အလောင်းနှင့် ပတ်ဝန်းကျင်ကိုတော့ နေထွဋ်က ဓါတ်ပုံရိုက်နေသည်။

လည်ပင်းကို မြှားအသေးနှင့် ပစ်ကာ လုပ်ကြံခြင်း ဖြစ်လျှင် မှုတ်ပြောင်း သို့မဟုတ် တစ်ခုခုနှင့် ပစ်မှ ရမည်ဖြစ်ရာ အနီးအနား ထိုင်ခုံများတွင် ထိုင်သူများမှာလည်း မသင်္ကာစရာ ကောင်းနေပြန်သည်။ စိမ်းဝတီသည် သေဆုံးသူ ထိုင်သောနေရာနှင့် ဒဏ်ရာအနေအထားကို သေချာစစ်ကြည့်တော့ ဒဏ်ရာက လူသွားလမ်းဘက်မှာ ဖြစ်နေသည်။ သေသူ၏ဘေးမှာ ထိုင်သူကတော့ မဖြစ်နိုင်ဖို့များသည်။ သေသူနှင့် အနီးဆုံး တစ်ဖက်ခြမ်းရှိ ထိုင်ခုံလေးတွဲလောက်က လူသွားလမ်းဘေးဘက်အခြမ်းမှာ ထိုင်သူတွေထဲမှ တစ်ယောက်ယောက်က မှုတ်ပြောင်းနှင့် ပစ်လျှင်တော့ ယခုလို ပုံစံမျိုး ထိမှန်နိုင်စရာ ရှိသည်။

ခရီးသည်များကတော့ သွားလိုရာ မသွားရသည့်အတွက် ပွစိ ပွစိ လုပ်နေကြသည်။ ဌာနကို ရောက်သည်နှင့် နေထွဋ် နှင့် နွယ်နီချိုက ခရီးသည်များကို စတင်စစ်မေးသည်။ သေသူ၏ ဘေးဘက်တွင် ထိုင်သူမှာ အောင်ညီဟု ခေါ်ပြီး တစ်ဖက်အခြမ်းရှိ တစ်တန်းတည်းခုံ နှင့် မျက်စောင်းထိုးခုံမှာလည်း သူ့မိသားစုဝင်များ ပါသေးသည်။ အဖေ အမေ နှင့် ညီမ မေရီမြင့် တို့ ဖြစ်သည်။ ဘုရားဖူးခရီးထွက်လာသည်ဟု ဆိုသည်။ သေသူ၏ ရှေ့ဘက်ခုံမှာတော့ ကုန်သည်အမျိုးသားနှစ်ယောက်ထိုင်သည်။ နောက်ဘက်ခုံမှာတော့ တာဝန်ဖြင့် ခရီးသွားသော စစ်ဗိုလ်လေး နှစ်ယောက်ထိုင်သည်။ သူတို့နောက်ဘက်ခုံမှာတော့ ကျောင်းပိတ်ရက်မို့ အိမ်ပြန်ကြသည်ဟု ဆိုသော ကွန်ပျူတာသင်တန်း တက်နေသည့် ဆယ်တန်းအောင်ပြီးစ ကောင်လေး လေးယောက် ရှိသည်။ သူတို့အားလုံး တစ်ယောက်မှ မူမပျက်ကြပါ။
*****

ခွဲစိတ်မည့် ကုတင်ပေါ်တွင် ရောက်နေသော အလောင်း၏ လည်ပင်းမှ အဆိပ်အပ်ကလေးကို ဒေါက်တာ ဇလပ်ဖြူက ညှပ်နှင့် ဆွဲထုတ်လိုက်သည်။ အသေးဆုံးလက်ချုပ်အပ် လောက်သာရှိမည့် သစ်သားစကလေးဖြစ်ပြီး အဖျားတွင် အဆိပ်သုတ်လိမ်းထားသည်ကို တွေ့ရသည်။

ဒေါက်တာ ဇလပ်ဖြူ ခွဲစိတ် စစ်ဆေးနေဆဲ အချိန်မှာ စိမ်းဝတီနှင့် ရဲစွမ်းနိုင်က သေဆုံးသူနှင့် တကွ ခရီးသည်များထံမှ ခေတ္တတောင်းယူထားသော နိုင်ငံသားကတ်များကို scan ဖတ်၍ နိုင်ငံသားအားလုံးနှင့်ပတ်သက်သော data များကို သိမ်းထားသော Database ကိုဖွင့်၍ အချက်အလက်များကို ရှာကြည့်နေသည်။

သေဆုံးသူ၏ နာမည်မှာ ဦးဇော်ရှိန်းနိုင် ဖြစ်ပြီး Blue Diamond ကုမ္ပဏီမှ ရှယ်ယာအများစုဝင် မန်နေဂျာ တစ်ယောက်ဖြစ်သည်။ အိမ်ထောင်ရှိသော်လည်း သားသမီးတော့ မရှိပါ။ ခရီးသည်တစ်ယောက်ချင်းစီ၏ အချက်အလက်များကို ကြည့်သောအခါ ထူးခြားမှုတစ်ခုကို တွေ့လာရသည်။ သေဆုံးသူခုံ၏ တစ်ဖက်ခြမ်းတွင် ထိုင်သော မိသားစုမှ ဒေါ်ခင်ဖြူဖြူမြင့်သည်လည်း Blue Diamond ကုမ္ပဏီမှ ရှယ်ယာအများစုဝင် မန်နေဂျာတစ်ယောက်ဖြစ်သည်။ Blue Diamond ကုမ္ပဏီသည် စိန်ကို အဓိကထား၍ ရောင်းဝယ်သော ရတနာကုမ္ပဏီ ဖြစ်သည်။ ယခု အဝေးပြေးကားကြီး ထွက်ခွာခဲ့သော မြို့တွင် head office ရှိပြီး  အခြား မြို့ တော်တော်များများတွင်လည်း branch ခွဲများရှိသည်။ ဦးဇော်ရှိန်းနိုင်က Head Office တွင်လောလောဆယ် တာဝန်ယူထားရသော အကြီးဆုံးတစ်ယောက်ဖြစ်သည်။

စိမ်းက ဒေါ်ခင်ဖြူဖြူမြင့်ကို မေးဖို့ တာဝန်ယူလိုက်သည်။ သူမကို စမေးသောအခါ သူမက သေသူကို လုံးဝ မသိပါဟု ဆိုသေးသည်။ ထိုကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်များမှာ သိပ်မများလှသောကြောင့် ရှယ်ယာဝင် အစည်းအဝေးလုပ်တိုင်းလည်း တစ်ယောက်နှင့်တစ်ယောက် တွေ့နေကျ ဖြစ်နေမည်။ ဒေါ်ခင်ဖြူဖြူမြင့်က သေသူကို မသိဘူးဟု ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ Blue Diamond ကုမ္ပဏီ နှင့်ပတ်သက်၍ အခိုင်အမာ မေးသောအခါမှ ဦးဇော်ရှိန်းနိုင်ကို သိရုံသာသိပြီး မရင်းနှီးပါဟုဆိုသည်။
“သူ ဒီကားပေါ်မှာ ပါလာမှန်းတောင် ကျွန်မ မသိရပါဘူး၊ တကယ်ပါ၊ သေနေပြီ ဆိုတော့လည်း သေချာမကြည့်ရဲတာနဲ့ ခုမှပဲ သေတဲ့လူက သူဆိုတာ သိတာပါ”
သူမက ပြောသည်။ အမူအယာကတော့ လိမ်ပြောနေပုံမျိုးမရှိပါ။
“အစ်မ တို့က အခု ဘာကိစ္စနဲ့လာကြတာလဲ၊ မိသားစု ဘယ်နှယောက်လာတာလဲ”
“အစ်မ အမျိုးသားရယ်၊ သားနဲ့ သမီး ရယ် လေးယောက် အဲဒီမြို့ကို အလည်အပတ်သွားပြီး ပြန်လာကြတာပါ၊ အစ်မတို့က ရန်ကုန် ဇာတိပဲ”
“ဟုတ်ကဲ့ အစ်မ အမျိုးသားနာမည်က”
“ဦးလင်းအောင်ဦး ပါ”
“သေသွားတဲ့ ဦးဇော်ရှိန်းနိုင်က ဘယ်လိုလူစားမျိုးလဲ၊ အစ်မနဲ့ရော ဆက်ဆံရေး အဆင်ပြေရဲ့လား”
“သူက လူကောင်းတစ်ယောက်ပါ၊ အရည်အချင်းလည်း ရှိတယ်၊ အစ်မက ကုမ္ပဏီမှာ ဘာမှ တာဝန်ယူမထားဘူး၊ ရှယ်ယာပဲ ဝင်ထားတာ ဆိုတော့ သူနဲ့ ဆက်ဆံစရာ ဘာကိစ္စမှ သိပ်မရှိပါဘူး၊ အဆင်ပြေပါတယ်”

ဒေါ်ခင်ဖြူဖြူမြင့်၏ အမျိုးသား ဦးလင်းအောင်ဦးကို မေးသောအခါ သူကလည်း သေသူ ကို လုံးဝ မသိပါဟု ဆိုသည်။ သူက ဝပ်ရှော့တစ်ခု ထောင်ထားပြီး Blue Diamond ကုမ္ပဏီ၏ ရှယ်ယာ အနည်းငယ်ကို သူ့အမျိုးသမီးက ဝယ်ပေးထားသောကြောင့် သူလည်း ပိုင်ဆိုင်ကြောင်းသိရသည်။ ဘာမှ မသင်္ကာစရာ မရှိသော်လည်း သူ့မျက်လုံးများကို စိမ်းဝတီ သဘောမကျမိပါ။ ဒေါ်ခင်ဖြူဖြူမြင့် ၏ သား နှင့် သမီးကို မေးသော အခါမှာလည်း ထူးခြားချက် တစ်စုံတစ်ရာ မရှိပါ။ အဝေးသင်မှ ဘွဲ့ရပြီးသော မေရီခိုင် ကတော့ အဝေးပြေးကြီး လာခဲ့သော မြို့ရှိ Blue Diamond ကုမ္ပဏီမှာပဲ အရောင်းဝန်ထမ်း လုပ်နေသူ ဖြစ်သည်။ သူမ၏ Boss တစ်ယောက်ဖြစ်သဖြင့် လူကိုတော့ သိသည်။ သို့သော် သူမက အရောင်းဝန်ထမ်းသာ ဖြစ်သဖြင့် တိုက်ရိုက်ဆက်ဆံမှုလည်း မရှိသည့်ပြင် ခင်မင်ရင်းနှီးမှုလည်း မရှိပါဟု ဆိုသည်။ သူမက သေသူနှင့် လမ်းသာခြားသော တစ်ဖက်ခုံမှာ ထိုင်လာသူ ဖြစ်သည်။

သေသူ၏ ဘေးမှာထိုင်ခဲ့သူ အောင်ညီ ကတော့ သူ့အဖေ ဝပ်ရှော့မှာ လုပ်သည်ဟု ဆိုသည်။ သူကလည်း ကားပြန်ထွက်ကတည်းက အိပ်ပျော်သွားသဖြင့် ဘာမှ သတိမထားမိခဲ့ပါဟု ဆိုသည်။ သေသူကိုလည်း လုံးဝ မသိပါဟု ထွက်ဆိုသည်။ စိမ်းဝတီက ကျန်သူများကို ဆက်မမေးတော့ပဲ သူတို့ပြောတာ မှန်မမှန် ပြန်စစ်ကြည့်ရန် ထွက်ခဲ့လိုက်သည်။ နွယ်နီချို နှင့် နေထွဋ်က ကျန်သူများကို ဆက်မေးနေသည်။

ဒေါ်ခင်ဖြူဖြူမြင့်၏ profile ကို သေချာပြန်ကြည့်သောအခါ အမျိုးသားနာမည်မှာ ဦးမျိုးခင် ဟု တွေ့ရသည်။ သို့သော် ယခုလက်ရှိ သူမ အမျိုးသားမှာ ဦးလင်းအောင်ဦး ဖြစ်နေသည်။ File ထဲတွင် သားသမီးး မရှိကြောင်း ဖော်ပြထားသော်လည်း လက်ရှိ သူမမှာ အရွယ်ရောက်ပြီး သားသမီး နှစ်ဦးရှိနေသည်။ ဦးလင်းအောင်ဦးနှင့် ပတ်သက်၍ ရှာကြည့်သောအခါ ထိုနာမည်နှင့် လူတစ်ယောက်တွေ့သော်လည်း သေစာရင်းသွင်းပြီးဖြစ်နေသည်။ သူ့လက်ဗွေရာနှင့် တိုက်စစ်သောအခါမှ နိုင်ငံသား database တွင်သာမက Crime database မှာပါ ရှိနေသော လူတစ်ယောက်ဖြစ်နေကြောင်း တွေ့ရသည်။ သူ့နာမည်မှာ လင်းအောင်ဦး မဟုတ်ပါ။ လိမ်လည်မှု လုယက်မှုများဖြင့် ထောင်ကျဖူးသော လင်းသွင် ခေါ် ရစ်ချတ်မြဦး ဆိုသူ ဖြစ်နေသည်။ သူ့မှာလည်း သားသမီး မရှိပါ။ သူတို့မှာ သားသမီး မရှိခဲ့ပဲနှင့် ဒုတိယအိမ်ထောင်ထူထောင် ကာမှလည်း ဆယ်ကျော်သက် အရွယ် သားနှင့် သမီး မရှိနိုင်ပါ။ သားနှင့်သမီး ၏ လက်ဗွေများကို စစ်လိုက်သောအခါ မတူညီသော နာမည်များနှင့် တွေ့သည်။ သူတို့ မိဘများကလည်း သပ်သပ်စီပင် ဖြစ်သည်။ crime database မှာတော့ မတွေ့ရပါ။

စိမ်းဝတီက တစ်ခြားခရီးသည်များနှင့် ပတ်သက်ပြီး ဆက်ရှာသောအခါ ခုံနံပါတ် ၇ မှာ ထိုင်သူနှင့် ပတ်သက်ပြီး အဆက်အစပ် တစ်ခုကို မမျှော်လင့်ပဲ သွားတွေ့သည်။ ထိုသူသည် သေဆုံးသူ ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီး၏ မောင်တော်သူ ဖြစ်နေသည်။ ခုံနံပါတ် ၇မှ အနည်းငယ် လှည့်၍ ပစ်လျှင်ပင် ခုံနံပါတ် ၁၀ ရှိ သေသူကို ပစ်နိုင်သည်။ သူ့နာမည်က ဒေါက်တာမြင့်စိုး။ သူ့ကိုမေးတော့ ကားရပ်စဉ်က ဦးဇော်ရှိန်းနိုင်ကို တွေ့လိုက်သဖြင့် သူပါလာမှန်း အဲတော့မှ သိခဲ့ကြောင်း၊ ကားပြန်ထွက်တာနှင့် သူက အိပ်ပျော်သွားသဖြင့် ဘာကိုမှ သတိမထားမိပါဟု ဆိုသည်။ သူက ဆရာဝန်တစ်ယောက်ဖြစ်သဖြင့် အဆိပ်နှင့် ပတ်သက်၍ ကောင်းကောင်း သိထားနိုင်သည်။

ဒေါက်တာဇလပ်ဖြူ၏ ပြောကြားချက်အရ အဆိပ်မြှားတွင် သုတ်လိမ်းထားသော အဆိပ်မှာ ဟိုယခင်က တောတိရိစ္ဆာန်များကို အမဲလိုက်ရာတွင် သုံးသော တစ်ဆွေ့ခုန် အဆိပ်မျိုး ဖြစ်ကြောင်းသိရသည်။ ထိုအဆိပ်က နှလုံးကို တိုက်ရိုက်ထိခိုက်ပြီး ခန္ဓာကိုယ်ပြင်ပမှာတော့ ဘာမှ လက္ခဏာ မပြပါ။

နေထွဋ် နှင့် နွယ်နီချိုက စာရင်းလုပ်ထားသော ပစ္စည်းများထဲတွင် မှုတ်ပြောင်းအဖြစ် သုံးနိုင်သောအရာမျိုး ဘယ်သူ့ပစ္စည်းထဲမှာ ပါမလဲ ဆိုသည်ကို ရှာဖွေနေကြသည်။ ကားပေါ်မှာလည်း စိမ်းတို့ စေ့စေ့စပ်စပ် ရှာခဲ့ကြပြီးပြီ။ မှုတ်ပြောင်းကဲ့သို့ သုံး၍ရမည့် အရာမျိုး မတွေ့ခဲ့ကြပါ။
ပစ္စည်းများအားလုံးကို ခဏ သိမ်းဆည်းထားပြီး ခရီးသည်များကိုတော့ ဆက်သွယ်ရန်လိပ်စာ မေးကာ အချိန်မရွေး ပြန်ခေါ်မည် ဖြစ်ကြောင်း ပြောပြီး ပြန်လွှတ်လိုက်သည်။ မသင်္ကာသော ဒေါ်ခင်ဖြူဖြူမြင့်တို့ မိသားစု၊ ဦးမြင့်စိုးနှင့် သေသူခုံနှင့် အနီးဆုံးမှာ ထိုင်သူများကိုတော့ ပြန်မလွှတ်သေးပဲ ခေါ်ထားသည်။
*****

ညနေ ၃ နာရီခွဲ လောက်မှာ ဦးဇော်ရှိန်းနိုင်၏ အတွင်းရေးမှူးနှင့် ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီး လိုက်လာသည်။ အတွင်းရေးမှူး နာမည်က စိုးအောင်ခိုင်။ ဦးဇော်ရှိန်းနိုင်၏ အယုံကြည်ရဆုံး လူယုံတော်ဖြစ်သည်။ သူက ဦးဇော်ရှိန်းနိုင်၏ laptop ကို ပြန်ပေးနိုင်မလား ဟု မေးသည်။ စိမ်းတို့က စစ်ဆေး မှတ်တမ်းရေးပြီးသောကြောင့် ပြန်ပေးလိုက်သောအခါ သူက ထို laptop မှာ ဦးဇော်ရှိန်းနိုင်၏ laptop မဟုတ်ဟု ဆိုလာသောအခါ စိမ်းဝတီတို့ဘက်ကလည်း ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရသည်။ သေချာမေးမြန်းသော အခါမှ သူ့ဆီက လျှို့ဝှက်ချက်တစ်ခုကို သိလာရသည်။ တကယ်တော့ ထို laptop မှာ laptop သက်သက် မဟုတ်ပဲ DVD drive နေရာတွင် လျှို့ဝှက်အံတစ်ခု ထည့်ထားကြောင်းသိရသည်။ ယခုတစ်ခေါက်တွင် ရန်ကုန်မြို့မှ သဌေးမကြီး တစ်ယောက်က မှာကြားသဖြင့် ရန်ကုန် branch တွင် လောလောဆယ် မရှိသော အရည်အသွေးမြင့် စိန်တော်တော်များများ ထည့်လာခဲ့သည်။ head office မှ ပစ္စည်းများ သယ်ရာတွင် ဦးဇော်ရှိန်းနိုင်သည် ထို laptop ဖြင့်သာ သယ်လေ့ရှိကြောင်း သိရသည်။ ယခု ဦးဇော်ရှိန်းနိုင်၏ ပေါင်ပေါ်တွင် တွေ့ရသော laptop မှာ သူ့ laptop နှင့် တစ်ပုံစံတည်း တူသော အသစ်တစ်လုံး ဖြစ်နေသည်ဟု စိုးအောင်ခိုင်က ပြောသည်။ ဦးဇော်ရှိန်းနိုင်၏ laptop ကို ယူပင် ထားသော်လည်း လျှို့ဝှက်အံကို ဖွင့်ရန် လျှို့ဝှက်ကုဒ် လိုသောကြောင့် လွယ်လွယ်ကူကူ ဖွင့်နိုင်မည် မဟုတ် ဟု စိုးအောင်ခိုင် က ပြောသည်။

ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီးကတော့ ရိုးရိုးအေးအေး အိမ်တွင်းပုံး အိမ်ရှင်မ ပုံစံဖြစ်သည်။ သူတို့ နှစ်ယောက်က မိဘပေးစားလို့ ယူခဲ့ကြခြင်းဖြစ်ပြီး ကလေးလည်း မရှိပါ။ သူ့အလုပ်နှင့် ပတ်သက်၍ သူမ ဘာမှ မသိပါ။ သူမကိုလည်း ဘာမှ မပြောပါ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အိမ်ထောင်သက် နှစ်နှစ်လောက်ရှိပြီ ဖြစ်သော်လည်း အေးစက်စက်သာ ဖြစ်သည် ဟု သိရသည်။ ယခု သူ သေဆုံးကြောင်း သိရသော်လည်း သူမပုံစံက ဝမ်းနည်း ပူဆွေးနေပုံမရပါ။ ထို့အတူ ဝမ်းသာနေပုံမျိုးလည်း မဟုတ်ပါ။ ယခုလို ရက်ရက်စက်စက် ကလိမ်ကကျစ် အမှုကို ကျူးလွန်မည့် ပုံလည်း မရပါ။ သူမအနေနှင့် သူ့ကို သတ်ချင်သည်ဆိုလျှင် အိမ်မှာပင် လုပ်ကြံလို့ရပါသည်။ ဘာမှ ကားပေါ်မှာ လုပ်နေစရာမလိုပါ။

နွယ်နီချိုနှင့် နေထွဋ်က သူတို့ စစ်ဆေးခဲ့ပြီးသော ပစ္စည်းများထဲတွင် ထို laptop ပုံစံမျိုး တစ်ခုမှ မပါကြောင်း သေချာသိသည်။ ကားပေါ်ရှိ လူအားလုံး၏ ပစ္စည်းများကိုလည်း သေချာစာရင်းမှတ်၍ ရှာဖွေ စစ်ဆေး ပြီးလေပြီ။ laptop ကို လဲယူထားသူသည် ထို laptop ကို ဘယ်နေရာတွင် ဖွက်ထားနိုင်ပါသလဲ...။ လမ်းတွင် ဆင်းသွားသူလည်း တစ်ယောက်မှ မရှိသောကြောင့် ထို laptop က အပြင်ရောက်သွားစရာ အကြောင်းလည်း မရှိပါ။ စိမ်းဝတီ တို့အဖွဲ့သားတွေ တော်တော် ဦးနှောက်ခြောက်သွားသည်။ စိမ်း နှင့် နွယ်နီက စာရင်းတွေ ပြန်ကြည့်ပြီး နေထွဋ် နှင့် စွမ်းနိုင်က ကားပေါ်မှာ ထပ်ရှာသည်။ ထို laptop နှင့် တူတာဆို၍ အရွယ်တူတာ မပြောနှင့် တံဆိပ်တူတာပင် မတွေ့ရပါ။ တစ်နည်းနည်းနှင့် ကားပေါ်မှ အပြင်ရောက်တာလည်း ဖြစ်နိုင်သည်။ ဦးဇော်ရှိန်းနိုင်ကို သတ်ရသော ရည်ရွယ်ချက်ကတော့ ရှင်းသွားပြီဖြစ်သည်။

အဆိပ်မြှားနှင့် ပစ်သူသည် ဦးဇော်ရှိန်းနိုင်၏ အလေ့အထနှင့် လျှို့ဝှက်ချက်ကို သေချာသိနေသူ ဖြစ်ရမည်။ ရဲစွမ်းနိုင်က စိုးအောင်ခိုင်ကိုပင် ပူးပေါင်းကြံစည်သူ အဖြစ် မသင်္ကာ ဖြစ်နေပြီး မေးမြန်း စစ်ဆေးသော်လည်း သူက ကျေနပ်လောက်သော အဖြေမျိုးကို ပြန်ပေးနိုင်ပြီး သူ့မျက်လုံးများမှာလည်း ရိုးသားမှုကို တွေ့ရသောကြောင့် လက်လျှော့လိုက်ရသည်။ သူ့အပြောအရ စိန်များကို ထိုနည်းဖြင့် သယ်ဆောင်သည့်အကြောင်းကို အတွင်းရေးမှူးဖြစ်သော သူအပါအဝင် ကုမ္ပဏီ လူကြီး တော်တော်များများနှင့် သူတို့၏ အတွင်းရေးမှူးများ သိကြကြောင်း သိရသည်။
*****

စိမ်းဝတီသည် အမှုနှင့် ပတ်သက်၍ အသေအချာ ပြန်စဉ်းစားကြည့်သည်။ မသင်္ကာစရာ အကောင်းဆုံးမှာ ဒေါ်ခင်ဖြူဖြူမြင့်တို့ မိသားစု ဖြစ်နေသည်။ သူတို့အားလုံး ရှယ်ယာဝင်ဖြစ်သည့်ပြင် ဒေါ်ခင်ဖြူဖြူမြင့်က ရှယ်ယာအများဆုံးသူတွေထဲမှာ တစ်ယောက်အပါအဝင်။ ဒါ့အပြင် သမီးလုပ်သူကလည်း ဦးဇော်ရှိန်းနိုင်၏ ရုံးမှာ အလုပ်လုပ်သူ ဖြစ်သည်။ နောက်ထပ် မသင်္ကာစရာ ကောင်းသူက သေသူ၏ ယောက်ဖ ဆိုသူ ဖြစ်သည်။ သူကလည်း ဦးဇော်ရှိန်းနိုင်၏ အလုပ်နှင့် ပတ်သက်၍ သိသင့်သလောက် သိထားနိုင်သည် မဟုတ်ပါလား။

သေသူ၏ ယောက်ဖ ဒေါက်တာ မြင့်စိုးက စေတနာဆရာဝန် တစ်ယောက်အနေနှင့် သူလုပ်နေသော မြို့တွင် နာမည်ရနေသူ တစ်ယောက်ဖြစ်သည်။ သူ့မှာ ဘာမှ ပြစ်ချက်လည်း ရှာမတွေ့၊ မသင်္ကာစရာလည်း ရှာမတွေ့ပါ။

ဒေါ်ခင်ဖြူဖြူမြင့် အကြောင်း သေချာပြန်လိုက်တော့ သူမ၏ ပထမ အမျိုးသားက ကား အက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ ထို အမှုကို ပြန်ရှာလိုက်တော့ မတော်တဆ ဖြစ်မှု အနေနှင့် အပြီး မပိတ်သေးသော အမှု ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ငါးလခန့်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ သက်သေခံ ကားသည်ပင် သိမ်းဆည်းထားရာမှာ ရှိနေသေးသည်။ အမျိုးသား ဆုံးပြီး ငါးလပင် မရှိသေးခင် နောက်ထပ် အိမ်ထောင် ထူထောင်လိုက်သော ဒေါ်ခင်ဖြူဖြူမြင့်သည် ဘယ်လို အမျိုးသမီးမျိုး ဖြစ်လိမ့်မည်လဲ။

ရဲစွမ်းနိုင်သည် ဒေါ်ခင်ဖြူဖြူမြင့်၏ အမျိုးသား ဦးမျိုးခင် စီးခဲ့သော ကားကို သိမ်းဆည်းထားရာသို့ သွားလိုက်သည်။ ဦးမျိုးခင်မောင်းလာသော ကားသည် ရုတ်တရက် ဘရိတ်ပေါက်ကာ ချောက်ထဲသို့ ကျသွားခဲ့ခြင်းဖြစ်သည်။ စွမ်းနိုင်က ကားအင်ဂျင်နှင့် ဘရိတ်ကြိုး စသည် အတွင်းပိုင်း စက်ကိရိယာများ အကြိုအကြားမကျန် အားလုံးပြန်စစ်သည်။ သူ ပင်ပန်းရကြိုးနပ်သွားသည်။ ဘယ်နေရာမှာမှ လက်ဗွေရာ ရှာမတွေ့သော်လည်း တစ်နေရာမှာတော့ ကျန်နေသည်။ လက်အိတ်စွပ်ပြီး လုပ်နေရာမှ ရုတ်တရက် လက်အိတ်ချွတ်လိုက်ပုံရသည်။ စွမ်းနိုင်လည်း ထိုလက်ဗွေရာကို သေချာယူ၍ ပြန်လာခဲ့သည်။

ဦးမျိုးခင်၏ ကားပေါ်မှရသော လက်ဗွေရာကို Database ထဲတွင် တိုက်စစ်လိုက်သောအခါ လင်းအောင်ဦး ခေါ် လင်းသွင်၏ လက်ဗွေရာနှင့် သွားတူနေသည်ကို တွေ့ရသည်။ သူသည် ဒေါ်ခင်ဖြူဖြူမြင့်၏ ခင်ပွန်းကို လုပ်ကြံခဲ့ပြီးနောက် သူမကို အကြံအစည်နှင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့လာရသည်။ သူ့ နောက်ကြောင်းများအရ ဦးဇော်ရှိန်းနိုင်ကို သတ်သော လူသတ်သမားမှာ သူပဲ ဖြစ်ဖို့များသည်။ သူ့နေရာ ခုံနံပါတ် ၁၅ မှလည်း သေသူကို ပစ်နိုင်သည်။ သို့သော် သက်သေ မရှိပဲနှင့် ဤအမှု၏ တရားခံပါဟု စွပ်စွဲ၍ မရနိုင်ပါ။

“ ကိုလင်းအောင်ဦးလို့ ခေါ်ရမှာလား၊ ကိုလင်းသွင်လို့ ခေါ်ရမှာလား၊ ဒါမှမဟုတ် ရစ်ချတ်မြဦးလား”
လင်းအောင်ဦး မျက်နှာ အနည်းငယ်ပျက်သွားသည်။ သို့သော် အပြောအဆိုကတော့ ခပ်တည်တည်ပင်။
“ခေါ်ချင်သလို ခေါ်ပါ၊ ဒါပေမယ့် ကျုပ်မှာ လောလောဆယ် ဘာပြစ်မှုမှ လုပ်ထားတာ မရှိဘူး၊ အရင်ပြစ်မှုတွေ အတွက်လည်း ပြစ်ဒဏ်ခံပြီးသားပဲ၊ အခုတော့ ရှင်းတယ်ဗျာ၊ ကျုပ် အိမ်ထောင်ကျပြီး ကောင်းကောင်းမွန်မွန် နေနေတယ်လေ”
“ဒေါ်ခင်ဖြူဖြူမြင့် ရဲ့ အရင်အမျိုးသားက ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားတယ် ဆိုတာ သိမှာပါနော်.. အဲဒီ အမှုက အခုထိ မပိတ်ရသေးဘူးဗျ၊ ဆိုလိုတာက အဲဒါ မတော်တဆမှု မဟုတ်ပဲ တမင်သေကြောင်းကြံတာဖြစ်နိုင်တယ်၊ ဒေါ်ခင်ဖြူဖြူမြင့်က Blue Diamond ကုမ္ပဏီက အရေးပါတဲ့ သဌေးမကြီး တစ်ယောက်ဆိုတော့ လိုချင်တဲ့လူက ကြံစည်တာဖြစ်နိုင်တယ်လေ”
“အဲဒါကတော့ မင်းတို့ အလုပ်ပဲ မဟုတ်လား”
“ခင်ဗျားနဲ့ ဒေါ်ခင်ဖြူဖြူမြင့်နဲ့ ဘယ်လိုတွေ့ကြတာလဲ”
“ဒီလိုပဲ မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်မှာ တွေ့တာလေ၊ ဘာလဲ ကျုပ်က သူ့အရင် ယောင်္ကျားကို သေကြောင်းကြံပြီး သူနဲ့ တမင်တွေ့အောင် ဖန်တီးတယ်လို့ ဆိုချင်တာလား၊ အဓိပ္ပါယ်မရှိဘူးကွ၊ မင်းတို့မှာ ဘာသက်သေပြစရာရှိလဲ၊ သူနဲ့ ငါနဲ့ ဖူးစာရှိလို့ တွေ့ကြတာပဲ”
“ဒါပေမယ့် ဦးမျိုးခင်ကို ကားအက်ဆီးဒင့် ဖြစ်အောင် လုပ်ကြံခဲ့တာတော့ ခင်ဗျားပဲ”
“မင်းတို့မှာ ဘာသက်သေရှိလို့လဲ၊ အထင်နဲ့တော့ ရမ်းမပြောပါနဲ့ကွာ..”
“ရမ်းမပြောပါဘူးဗျာ၊ ကားစက် အစိတ်အပိုင်းတွေထဲက တစ်နေရာမှာ ခင်ဗျား လက်ဗွေရာကို တွေ့ပြီးပြီ၊ ဦးမျိုးခင်ဟာ တမင်လုပ်ကြံခံခဲ့ရတာပဲ၊ အဲဒီအမှုအတွက် ခင်ဗျားကို ကျွန်တော်တို့ ဖမ်းလိုက်ပြီ”

လင်းအောင်ဦး ခေါ် လင်းသွင်မှာ ဘာမှ မပြောနိုင်တော့ပါ။
*****

“အစ်မကြီးနဲ့ ဦးလင်းအောင်ဦးနဲ့ ဘယ်မှာ စတွေ့တာလဲ”
“မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာပါ၊ ဘာဖြစ်လို့လဲ”
“အစ်မခင်ပွန်း ဆုံးပြီးတော့ လေးလလောက်အတွင်းမှာ ထပ်ပြီး အိမ်ထောင်ပြုခဲ့တာနော်..”
“အစ်မခင်ပွန်း ဆုံးသွားတော့ အရမ်း အထီးကျန်ဆန်သလို ဖြစ်သွားတယ်လေ၊ ကိုလင်းက စကားပြောကောင်းတယ်၊ ဟာသဥာဏ်လည်း ရှိတယ်၊ အစ်မက စိတ်ကျရောဂါလို ဖြစ်ချင်နေတာ၊ သူနဲ့ တွေ့လို့သာ သက်သာရာရသွားတာပဲ၊ သူက စိတ်သဘောထားလည်း ကောင်းတယ်၊ ကြင်နာတတ်တယ်လေ၊ အဲဒါနဲ့ အန်တီလည်း ကြာကြာအချိန်မဆွဲတော့ပဲ တစ်ပင်ထူလိုက်တာပါ”

သေချာတာကတော့ ဒေါ်ခင်ဖြူမြင့်သည် ဦးလင်းအောင်ဦး အကြောင်းကို ကောင်းကောင်းမသိပဲ အညာခံခဲ့ရခြင်းသာ ဖြစ်သည်။ ဦးလင်းအောင်ဦးက ဦးမျိုးခင်ကို လုပ်ကြံခဲ့ကြောင်း ပြောပြလိုက်သောအခါ သူမ တော်တော် ခံစားသွားရသည်။
*****

ဘယ်သူ့ကို ဘယ်လိုပင် ထင်နေစေ... သက်သေအထောက်အထား မခိုင်လုံလျှင် ဘာမှလုပ်လို့ မရပါ။ စိမ်းဝတီလည်း မကျေနပ်နိုင်ပဲ သေသူ၏ ခုံကို လှမ်းမြင်နိုင်လောက်သော နေရာများမှ ခရီးသည်များကို ပြန်ခေါ်ပြီး စစ်မေးနေသည်။ ပထမအကြိမ်က သူတို့က ပြီးပြီးရော သဘောနှင့်ရော အိပ်ချင်မူးတူး စိတ်နှင့်ရော ဘာမှ မမြင်ဘူးဟု ဖြေလိုက်သော်လည်း တကယ်တမ်း တစ်ခုခုကို သတိထားမိသူ တစ်ယောက်ယောက် ရှိချင်ရှိနေနိုင်သည်။ သို့သော် ဘာမှ မထူးခြားပါ။ သေသူနှင့် လေးခုံလောက်ခြားသော နောက်တန်းမှ အမျိုးသမီးတစ်ယောက်ကို မေးပြီးလျှင်တော့ ဆက်မမေးတော့ဟု စဉ်းစားလိုက်သည်။ ညနေ ၆ နာရီလည်း ထိုးတော့မည်။
“အစ်မကြီး နာမည်က”
“မခင်မြင့်ပါ”
“ညတုန်းက လမ်းမှာ နားပြီး တက်လာတော့ တန်းပြီးတော့ အိပ်ပျော်သွားတာပဲလား အစ်မကြီး”
“ဟင့်အင်း၊ တော်တော်နဲ့ အိပ်မပျော်ပါဘူး၊ ဟိုလှည့်ဒီလှည့်နဲ့ တော်တော်ကြီး ကြာမှ ခဏ အိပ်ပျော်သွားတာ၊ နိုးလာတော့ ဂိတ်ရောက်နေပြီလေ”
“အစ်မကြီး အိပ်မပျော်ခင် ဘာများ သတိထားမိတာ ရှိသေးလဲ၊ အစ်မကြီး လိုပဲ နိုးနေတဲ့သူရော ရှိလား”
“အကုန်လုံး အိပ်ပျော်နေကြတာပဲ၊ မနာလိုစရာတောင် ကောင်းတယ်၊ အဲ နေဦး.. နိုးနေတဲ့သူ တစ်ယောက်တော့ ရှိတယ်၊ ဟို အရှေ့ဘက်လောက်ကပဲ၊ မိတ်ကပ်ဘူးထဲက မှန်ကိုကြည့်နေတယ်၊ ညကြီးမင်းကြီးမှာလေ”
“ဘယ်ခုံလောက်ကလဲ”
“သေချာတော့ သတိမထားမိဘူး၊ မျက်စောင်းထိုး ရှေ့ဘက် နှစ်ခုံကျော်လောက်က ထင်တာပဲ”
“တစ်ခြားရော ဘာတွေ သတိထားမိသေးလဲ”
“ဟင့်အင်း တစ်ခြားလူတွေ အကုန်လုံးက ငြိမ်နေတာပဲ၊ နောက်တော့ ကျွန်မလည်း အိပ်ပျော်သွားတာပဲ”
“ကျေးဇူးပဲ အစ်မကြီး”
သူများတွေ အားလုံးအိပ်နေချိန်မှာ မှန်ကြည့်နေတာ ဘယ်သူများပါလဲ။ ကားရပ်ကာနီး အချိန်လည်း မဟုတ်ပါပဲ.. အလှပြင်စရာလည်း အကြောင်းမရှိပါ။ ထိုနေရာလောက်မှာ ထိုင်သူကို ပြန်ကြည့်တော့ လင်းအောင်ဦး၏ သမီး ဆိုသူ မေရီခိုင် ဖြစ်နေသည်။

စိမ်းဝတီက နွယ်နီ့ကို ပြောတော့ နွယ်နီက ပစ္စည်းစာရင်းကို ပြန်စစ်ကြည့်သည်။ မေရီခိုင်၏ လက်ပွေ့အိတ်ထဲတွင် မိတ်ကပ်ဘူး တစ်ဘူးပါသည်ကို တွေ့ရသည်။ ခရီးသည်များ၏ ပစ္စည်းများကို မသင်္ကာစရာ မရှိတာ သေချာလျှင် ပြန်ပေးမလို့ လုပ်နေတုန်းပင် ရှိသေးသည်။ မပေးရသေးပါ။ နွယ်နီက ထိုအိတ်ကို ပြန်ရှာပြီး မိတ်ကပ်ဘူးကို လက်အိတ်စွပ်လျက်ထုတ်လိုက်သည်။ ရိုးရိုးသာမန် Revlon မိတ်ကပ်ဘူးတစ်ဘူးသာ ဖြစ်သည်။ စိမ်းနှင့် နွယ်နီက မကျေနပ်နိုင်ပဲ မိတ်ကပ်ဘူးကို လှည့်ပတ်ကြည့်သည်။ ဘေးဘက်တွေ၊ အောက်ဘက်တွေ လျှောက်နှိပ်ကြည့်သည်။ ဘေးဘက်က ခလုတ်ဟု မထင်ရသောနေရာကို နှိပ်လိုက်မိသောအခါ ဝှစ်ခနဲ အရာတစ်ခု ထွက်လာသည်။ ကံကောင်း၍သာ ဘေးကကြည့်နေသော စိမ်းကို မမှန်ခြင်းဖြစ်သည်။ စိမ်း၏ အင်္ကျီလက်မောင်းဘေးကို ဖောက်ထွက်သွားသည်။ လူသတ်လက်နက်ကို တွေ့လေပြီ။

မေရီခိုင်ကို ဖမ်း၍ ရလေပြီ။ သို့သော် ဦးဇော်ရှိန်းနိုင်၏ laptop မှာ အစပျောက်သွားမှာ စိုးရသည်။ နေထွဋ် နှင့် ရဲစွမ်းနိုင်ကလည်း မကျေပွဲအနေနှင့် ကြီးကြီးမားမား ပစ္စည်းများကို ပြန်စစ်ဆေးနေပြန်သည်။ ကားဗိုက်ထဲတွင် ထည့်ထားသော ပစ္စည်းကြီးကြီးမားမားတွေပါမကျန်အောင် သူတို့စစ်ကြသည်။ ခရီးဆောင်အိတ်တွေ အားလုံးကိုလည်း ဖွင့်ရှာပြီးပြီ။ နေထွဋ်လည်း စိတ်ပေါက်လာပြီး ပန်းသီးသေတ္တာတွေရော၊ EVD စက်ဗူးတွေကိုပါ ဖွင့်စစ်တော့သည်။ ပစ္စည်းများထဲမှာ EVD ပက်ကင်ပိတ်နှစ်ဗူး ပါလာသည်။ အရွယ်ကတော့ laptop အရွယ်လောက် အပြားကြီးကြီးတွေပင်။ အပေါ်ရော၊ အောက်ရော၊ လက်မှာ ကိုင်ထားတာတွေရော.. အကုန် စုလိုက်တော့ ဘယ်ပစ္စည်းဘယ်နေရာက ထွက်လာသည်ကိုတော့ မသိတော့ပါ။ ဘယ်သူ့ပစ္စည်းက ဘာတွေ ဆိုတာတော့ နွယ်နီ မှတ်ထားပြီးသားပါ။

နေထွဋ်က EVD စက်တစ်လုံးကို အပေါ်အခွံကို ဝက်အူတွေပါ ခွာပြီးကြည့်လိုက်သည်။ ဘာရယ်တော့မဟုတ်ပါ။ သာမန်ထက် လေးနေသည်ဟု စိတ်ထဲက ထင်သောကြောင့်သာ။ အံသြစရာကောင်းသည်က ထိုအရာသည် သာမန် EVD တစ်လုံး မဟုတ်ပါ။ EVD အခွံအောက်တွင် laptop တစ်လုံးမြှုပ်ထားသည်ကို တွေ့လိုက်ရတော့ သူ တော်တော်အံသြသွားသည်။ သူက အဲလို ထင်၍ ခွာကြည့်ခြင်းလည်း မဟုတ်ပါ။ မကြည့်ရ မရှိစေရန်သာ ကြည့်လိုက်ခြင်းဖြစ်သည်။ အခုတော့ လျှို့ဝှက်ချက်ကို တွေ့လေပြီ။ ထို EVD ပိုင်ရှင်ကို ရှာဖွေရန်သာ ကျန်တော့သည်။

ထို laptop ပေါ်မှ လက်ဗွေရာများကို ယူပြီးနောက် စိုးအောင်ခိုင်ကို လာစစ်ကြည့်ခိုင်းသောအခါ ဦးဇော်ရှိန်းနိုင်၏ laptop ဖြစ်ကြောင်း အတည်ပြုသည်။ လျှို့ဝှက်ကုဒ်ကို ဖွင့်ပြီး DVD အံဝှက်ထဲမှ စိန်များကိုလည်း ထုတ်ပြသည်။

Laptop ပေါ်မှ လက်ဗွေရာများကို စစ်လိုက်သောအခါ အောင်ညီ၏ လက်ဗွေရာများ ဖြစ်ကြောင်း တွေ့ရှိရသည်။ သူသည် ကားပေါ်မှ တစ်ခြားလူများ မသိအောင် အမြန်လဲရသဖြင့် လက်အိတ်မစွပ်ပဲ လုပ်ခဲ့ပုံ ရသည်။ ဦးဇော်ရှိန်းနိုင်၏ laptop နေရာမှာ အသစ်တစ်လုံး အစားထိုးကာ အစစ်ကိုတော့ EVD အခွံထဲထည့် ပက်ကင်ပိတ်ကာ သူ့ထိုင်ခုံအောက် ချထားလိုက်ခြင်းဖြစ်သည်။ ညဘက် အားလုံးလည်း အိပ်နေသည့်ပြင် သူ့နေရာကလည်း အတွင်းဘက်မှာ ဖြစ်နေသောကြောင့် ဘယ်သူမှ ထိုကိစ္စကို သတိမထားမိခဲ့ကြပါ။

ဦးဇော်ရှိန်းနိုင်ကို မေရီခိုင်က မိတ်ကပ်ဘူးထဲမှ အဆိပ်လူးအပ်နှင့် ပစ်ခဲ့ပြီး သူ့ပေါင်ပေါ်မှ laptop ကိုတော့ ဘေးမှာကပ်ထိုင်သော အောင်ညီက ဘယ်သူမှ မသိအောင် အသာလေး လဲယူထားလိုက်ခြင်းပင်။ အောင်ညီက သူ့အပေါ် အလွယ်တကူ မသင်္ကာ ဖြစ်မှာစိုးသဖြင့် အဆိပ်အပ်ကို သူ့ဘက်က မပစ်ခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ယောက် ဘယ်လိုပဲ လိမ်ညာ ပြောပါစေ ယခုတော့ ဘွားဘွားကြီး ပေါ်လာပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်ကို တစ်ယောက်စီခေါ်ကာ သက်သေ အထောက်အထားပြ၍ မေးသောအခါ သူတို့မငြင်းနိုင်တော့ပါ။

လုပ်ကြံရမည့် မိတ်ကပ်ဘူးကိုတော့ လင်းသွင်က လုပ်ပေးခြင်းဖြစ်သည်။ အမှုတစ်ခုကို ရှောင်ရင်း အာဖရိကသို့ ရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့သူ မုဆိုးတစ်ယောက်ထံမှ ထိုအဆိပ်ကို ရခဲ့ခြင်းဖြစ်သည်။ မိတ်ကပ်ဘူး အံဝှက်ကိုတော့ သူကိုယ်တိုင် လုပ်ခြင်း ဖြစ်သည်။ မေရီခိုင်နှင့် အောင်ညီက အကုန်ဖော်ပြောပြီး ဖြစ်သောကြောင့် လင်းသွင်လည်း မငြင်းနိုင်တော့ပါ။

တကယ်တော့ ဦးဇော်ရှိန်းနိုင် ထိုညက စိန်တွေနှင့် ခရီးထွက်မည့် အကြောင်းကို မေရီခိုင်က စိုးအောင်ခိုင် ထံမှ သိခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က တွဲနေခဲ့ကြသည်။ သို့သော် ထိုအကြံအစည်ထဲတွင် စိုးအောင်ခိုင်ကတော့ အလိုတူအလိုပါ မဟုတ်ခဲ့ပါ။ အမှတ်တမဲ့ သူ့ချစ်သူကို ပြောလိုက်မိခြင်းသာဖြစ်သည်။ စိမ်းဝတီတို့က သူတို့နှစ်ယောက်ကို မဆက်စပ်မိသဖြင့် သူတို့နှစ်ယောက် သိ မသိ ကိုလည်း မမေးမိခဲ့ပါ။

လင်းသွင်၊ အောင်ညီ နှင့် မေရီခိုင် တို့က လိမ်နေကြအဖွဲ့ ဖြစ်သည်။ ယခုတစ်ခေါက်တော့ အချီကြီးချဖို့ ကြံစည်ကာ ဦးမျိုးခင်ကို လုပ်ကြံပြီး ဒေါ်ခင်ဖြူမြင့်ကို အပိုင်ကိုင်ကာ Blue Diamond ရှယ်ယာဝင်တွေလည်း ဖြစ်အောင် မေရီခိုင်လည်း Head Office မှာ အလုပ်ရအောင် ကြံစည်ခဲ့ခြင်းဖြစ်သည်။ စိုးအောင်ခိုင်ကိုလည်း မေရီခိုင်က အကြံအစည်နှင့် သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။ အောင်ညီနှင့် မေရီခိုင်မှာလည်း မောင်နှမ မဟုတ်ပဲ ချစ်သူတွေသာ ဖြစ်သည်။ သူတို့သည် ယခုတစ်ချီ မမိလျှင် နောက်ထပ် ကြံစည်ဖို့ပင် ရှိသည်။ တစ်သက်စာ ရတော့မှ နိုင်ငံခြားအထိ သွားရှောင်နေကြဖို့ပင်။ ယခုတော့ စိမ်းဝတီတို့ အဖွဲ့၏ မလျှော့သော ဇွဲနှင့် ကြိုးစားမှုကြောင့် နေ့မကူးခင်မှာပင် သူတို့အဖွဲ့ကို သက်သေအထောက်အထားနှင့် တကွ ဖမ်းမိခဲ့ပြီ ဖြစ်သည်။

သိင်္ဂါကျော်
25.8.2010
11:30 PM


20 July, 2010

အချစ်ကဘယ်မှာ



မတွေ့ဆုံလိုဘူးလို့ ဆန္ဒမပြုခဲ့ဖူးဘူး
ကြောက်တယ်လို့လည်း မဆိုခဲ့ဖူးဘူး
မယုံကြည်ဖူးလို့လည်း
အသံကောင်း မဟစ်ခဲ့ဖူးပါဘူး။
ဒါပေမယ့်လည်း
အဲဒီအချစ်နဲ့
မတော်တဆ လမ်းမှားပြီးတောင် မထိတွေ့ဖူးတာ
ငါ့ဘဝရဲ့ ကျိန်စာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

သစ္စာဖောက်မှုတွေနဲ့ မကြုံခဲ့ဖူးတာ
ချန်ရစ်ထားခံရမှုတွေနဲ့ ကျန်မနေခဲ့ဖူးတာ
ကံကောင်းသူရယ်လို့
ယူဆချင်ယူဆနိုင်ပါတယ်။

တစ်ယောက်တည်းဘဝကို ပျော်တတ်သူထဲမှာ
ငါလည်း မပါခဲ့ဘူး။
တကယ်ပါ ငါကတော့
တစ်စုံတစ်ယောက်ကို အားကိုးချင်ခဲ့သူပါ၊
ဘဝကို တစ်ယောက်တည်း ရင်ဆိုင်ရမှာလည်း
ကြောက်တတ်သူလေ။

လက်တွဲဖော်မပါပဲ လမ်းလျှောက်ရမှာလည်း
အားငယ်ချင်သူပေါ့။
အသက်တွေ တစ်နှစ်တစ်နှစ် ကြီးလာ
ဖူးစာရေးနတ်က မျက်စိရှန်းနေလည်း
ငါ့နှလုံးသားကတော့ ပန်းနုရောင်သမ်းနေတုန်းပဲ။
အိပ်မက်ထဲက မင်းသားကို မျှော်နေတာ မဟုတ်ဘူး၊
တွေ့ရာကြုံရာလည်း လက်လှမ်းတတ်သူ မဟုတ်ဘူး၊
လက်တွေ့ဂရုစိုက်မှု တစ်ခုကိုပဲ လိုချင်ခဲ့သူပါ။

ဘယ်ဆီမှာ အိပ်ပျော်နေမှန်းမသိတဲ့
ငါ့ရဲ့ လိုက်ဖက်တဲ့ တစ်ခြမ်းကို
တစ်ချိန်ချိန် တစ်နေရာရာမှာတော့ တွေ့လိမ့်မယ်၊
ရူးနှမ်းတဲ့ စိတ်တစ်ခုနဲ့
မျှော်လင့်နေသူပေါ့။

သိင်္ဂါကျော်

သူမ ဆိုတဲ့ ကဗျာ တင်တုန်းက သူငယ်ချင်း တစ်ယောက်က သူ့စိတ်က အဲလိုမဟုတ်ဘူး၊ သူ့အတွက်လည်း ကဗျာတစ်ပုဒ်လောက် ရေးပါဦးလို့ ပြောဖူးလို့ တစ်ယောက်ထဲလည်း မနေရဲ၊ သရဲလည်းကြောက်တတ်တဲ့ သူငယ်ချင်းမလေး ကိုယ်စား ရေးထားတာပါ။ :D

17 July, 2010

ခရမ်းရင့်နှလုံးသား

မယုံကြည်တတ်ဘူးလို့ပြောတိုင်းလည်း
ခဲမှန်ဖူးတဲ့ စာသူငယ်လို့ မထင်စေချင်ဘူး။
ငါက လေ့လာသူ သက်သက်ပါ၊
Interview လုပ်ဖို့
ဝေးဝေးလံလံတောင် သွားရှာစရာ မလိုဘူး၊
အသည်းကွဲဖူးသူတွေ
လမ်းသွားရင်းတောင် ခလုတ်တိုက်မိလောက်တယ်။

အစစ်အမှန်အချစ်နဲ့ သစ္စာဘာသာစကားကို
လေ့လာချင်ပေမယ့်လည်း
ငါမသိနိုင်လောက်အောင်
ဝေးလို့နေဆဲပါပဲ...။

လောကကြီးကိုက အရောင်တွေစုံနေမှတော့
နှလုံးသားတစ်ခုတည်း တစ်သမတ်တည်းရှိကြေးဆို
မတရားရာများ ကျနေလေမလား...။
ငါကလည်း
အကောင်းမြင်ဝါဒကို အားပေးသူလေ။

ဧည့်သည်လာချင်လာပါ...
မတွေ့ဆုံလိုလို့ တံခါးပိတ်ထားတာလည်း မဟုတ်ဘူး၊
Welcome လုပ်ပြီး ဖွင့်ထားချင်တဲ့သူလည်း မဟုတ်ဘူး၊
ပုံမှန်ပါပဲ...
စေ့ရုံစေ့ထားတာပါ။
တံခါးလာခေါက်ရင်တော့
အလာပ သလာပ ပြောဖို့ အဆင်သင့်ရှိပါရဲ့။
နှလုံးသွေးတွေ ပူနွေး ဆူပွက်လောက်အောင် ဖြစ်ဖို့တော့
ခဲယဉ်းကောင်း ခဲယဉ်းလိမ့်မယ်။
ငါ့နှလုံးသားကိုက
ခရမ်းရင့်ရောင်သမ်းနေပြီးသားမို့ပဲ။

အဲဒါကြောင့်ပဲလားမသိ
ဆဌမအာရုံရှိသူတွေကလည်း
တံခါးလာမခေါက်ကြလေဘူး။

သိင်္ဂါကျော်

14 July, 2010

ငါဟာပန်းတစ်ပွင့်ပါ


ငါဟာ ပန်းတစ်ပွင့်လိုပဲ
ဘယ်အချိန် သေမလဲ မသေချာ၊
ဘယ်အချိန် ပြန်လည်ရှင်သန်လာမလဲ မသေချာ၊
ဘယ်အချိန်များ နာကျင်မှုနဲ့ ငိုကြွေးမှုတွေကြောင့်
ပြိုလဲပျက်စီးရလေမလဲ...။

သည်းမခံနိုင်လောက်တဲ့ နာကျင်မှုတွေ ကြုံရတဲ့အခါ
ငါ့ကိုယ်ငါ ထူထောင်နိုင်မလား မသေချာ၊
ငါ့ရဲ့ပွင့်ချပ်တွေ ကြွေသွားတဲ့အခါ ဘာလုပ်ရမလဲ၊
မိုးထဲမှာ ပြန်ရှာဖွေလို့ ရနိုင်ပါ့မလား။

တစ်နေ့တာလုံးမှာ ရေလုံလုံလောက်လောက် မရခဲ့ရင်
ငါဘာလုပ်ရမလဲ...၊
ကောင်းကင်ကို မော့ကြည့်တဲ့အချိန်မှာ 
ငါ ဘာလုပ်ရမလဲ၊
နေမင်းက အလင်းတန်းတွေ မလွှတ်ခဲ့ရင်လေ...။

ပန်းတစ်ပွင့်လို ငါရပ်တည်ပါတယ်
ဖြစ်နိုင်သလောက် ခပ်ကြာကြာပေါ့၊
ငါ့အရောင်အဆင်းကို ပြသရင်း ငါရပ်တည်..
ဒါ ငါ့ရဲ့ ရည်ရွယ်ရာပဲ။

ငါဟာ သီးကင်းတစ်ခုလည်း ဖြစ်နိုင်တယ်
ငါ့ပွင့်ချပ်တွေ ကြွေချင် ကြွေနိုင်ပေမယ့်
ငါ့ရဲ့ရှင်သန်ကြီးထွားမှုကိုတော့ မတားဆီးနိုင်။
ငါ့အချစ်၊ ရိုးသားမှု နဲ့ အလှအပတွေကို
ပြသနေဆဲပေါ့။

ငါဟာ ပန်းတစ်ပွင့်လိုပဲ
သန်မာတယ်၊ အဆုံးစွန် သတ္တိပြောင်မြောက်တယ်၊
ငါ့ကို နင်းခြေတာလည်း ခံရနိုင်တာပဲ..
ဒါပေမယ့် ငါ့အိပ်မက်တွေထဲက ယုံကြည်မှုကတော့
ဘယ်တော့မှ ဆုံးရှုံးမှာ မဟုတ်လေဘူး။

သိင်္ဂါကျော်
14.7.10
3:05 PM

The Flower in Me ကို ပြန်ဆိုပြီး ပုံကို google က ရှာယူထားပါတယ်။ 

12 July, 2010

ကြည့်ဖြစ်တဲ့ရုပ်ရှင်

ခုတလောမှာ လုပ်ရမယ့်အလုပ်တွေကလည်း များနေလို့ စာအသစ်ရေးဖို့ တွေးထားတာတွေ ရှိပေမယ့် မရေးဖြစ်သေးပါဘူး။ ဒါပေမယ့် ညဘက်တော့လည်း 5 series က ကိုရီးယားကားလေးတွေ 5 movie က လာသမျှတွေ ကြုံကြည့်တော့ ကြည့်ဖြစ်နေပါတယ်..။ ဒါတင်မက အခွေကလည်း ဝယ်ကြည့်လိုက်သေးတယ်။ ခုနောက်ဆုံး ကြည့်ပြီးသွားတဲ့ ကားက အမုန်းစာရင်း ဆိုတဲ့ ကိုရီးယား Drama ကားလေးပါ။ Jumong နဲ့ The Kingdom of the Winds ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Song Il Gook ပါဝင်ပြီး မူရင်းနာမည်ကတော့ Shinira Bulriwoon Sanai (or) A Man Called God ပါ။

မိုက်ကယ်ကင်း ခေါ် ချွဲကန်တာ (Song Il Gook) ဟာ သူ ငယ်စဉ်က သူ့ဖခင်ကို ဓါးနဲ့ ထိုးသတ်ပြီး သူ့မိခင်နဲ့ သူတို့မောင်နှမ နှစ်ယောက်ကို အိမ်မီးရှို့သတ်ခဲ့သူများကို ကိုယ်တိုင် မြင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို မိဘမဲ့ဂေဟာကနေ မွေးစားပြီး အမေရိကန်နိုင်ငံကို ခေါ်သွားခံခဲ့ရပါတယ်။ သူကြီးပြင်းလာချိန်မှာတော့ သူ့မိဘများကို သတ်ခဲ့သူ အပေါင်းအပါ အားလုံးကို လိုက်လံရှာဖွေပြီး လက်စားချေဖို့ကြိုးပမ်းခဲ့ပါတယ်။  မြေအောက်လောကမှာတော့ သူ့ကို ပီတာပန် အဖြစ် လူသိများခဲ့ပါတယ်။ သူနဲ့အတူ သူ့ကို ပါရမီဖြည့်ပေးနေသူကတော့ တစ်ချိန်က သူကယ်တင်ခဲ့ဖူးတဲ့ သဌေးသမီးလေး ဗီဗီယန် (Han Go Eun) ဖြစ်ပါတယ်။ 

လက်စားချေဖို့ ရည်ရွယ်ချက်နဲ့ ကိုရီးယားကို ပြန်လာတဲ့ မိုက်ကယ်ကင်းဟာ သတင်းထောက်မလေး ဂျင်ဘိုဘေ(Han Chae Young) ကို မေတ္တာသက်ဝင်သွားခဲ့ပါတယ်။ ဂျင်ဘိုဘေရဲ့ စီနီယာ အချစ်ဟောင်း၊ ဟွမ်ဝူဟွန်း (Kim Min Jong) ဟာ CSI က ရဲစုံထောက် တစ်ယောက် ဖြစ်ပေမယ့် မိုက်ကယ်ရဲ့ ဖခင်ကို သတ်ခဲ့တဲ့ သူ လေးယောက်ထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူ့ဖခင် ဗိုလ်မှုးကြီးဟောင်းရဲ့ အပြစ်တွေကို ကာကွယ်ပေးဖို့ ကြိုးစားရာက ရာဇဝတ်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်လာပါတော့တယ်။ 

မိုက်ကယ်အနေနဲ့ သေပြီလို့ထင်ထားခဲ့တဲ့ ညီမငယ်ဟာလည်း ရဲအရာရှိတစ်ယောက် ဖြစ်နေပြီး မိုက်ကယ်အပေါ် အထင်လွဲမှုတွေ ပြေလည်သွားပြီးနောက်မှာ သူ့ကို အစ်ကိုအနေနဲ့ လက်ခံခဲ့ပြီး လွန်ခဲ့တဲ့ ၂၅နှစ်က အမှုကို ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဟွမ်ဝူဟွန်း တို့အဖွဲ့က မိုက်ကယ်အပေါ် အကွက်ဆင်စွပ်စွဲထားတဲ့ အမှုများကို အမှုမှန်ပေါ်အောင် ကြိုးစားခဲ့ပါတယ်။ 

အဆုံးသတ်မှာတော့ လွန်ခဲ့သော ၂၅နှစ်က အမှုကို ပြန်လည်ဖော်ထုတ်နိုင်ပြီး ကျူးလွန်ခဲ့သူများဟာလည်း သူတို့ကျူးလွန်ခဲ့သော အပြစ်အလျောက် ခံစားခဲ့ရပါတော့တယ်..။ မိုက်ကယ်ရဲ့ ညီမငယ်လေးခမျာတော့ တိုက်ခိုက်မှုများကြားမှာ ကံဆိုးခဲ့ရပါတယ်။ ဟွမ်ဝူဟွန်းလည်း သူ့အပြစ်များကို ရှောင်လွဲရန် မဖြစ်နိုင်တော့သောကြောင့် ကိုယ့်ကိုယ်သတ်သေခဲ့ပါတယ်။

သဘာဝမကျပဲ ရုပ်ရှင်ဆန်တဲ့ ပြကွက်တွေ ပါဝင်ပေမယ့်လည်း ကြည့်ပျော်ရှုပျော် ရှိတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ဇာတ်လိုက်မင်းသားကို ဟီရိုးတစ်ယောက် အဖြစ် အသားပေးထားတဲ့ ကား ဖြစ်ပါတယ်။ မင်းသား Song Il Gook ကတော့ ရာဇဝင်ကားတွေထဲမှာလောက် ကြည့်မကောင်းပဲနဲ့ ဆံပင်ရှည်ရှည်နဲ့ ပုံစံတစ်မျိုး ဖြစ်အောင် လုပ်ထားပါတယ်။ James Bonds ကားများလို စောင့်ကြည့်တဲ့ ကိရိယာများ၊ ကျည်ကာကုတ်အင်္ကျီ၊ ရေထဲမှာ အသက်ရှုဖို့ ဗူးငယ်၊ စီဒီဗုံး၊ မီးခိုးဗုံး စတာတွေ ပါဝင်ပြီး အဆင့်အတန်း မြင့်မြင့် ရိုက်ကူးထားတဲ့ ကားဖြစ်ပါတယ်။ Episodes 24 ပိုင်း ပါဝင်ပါတယ်။

ကိုယ်က ငယ်ငယ်တည်းက လက်စားချေတဲ့ ဇာတ်လမ်းများကို သဘောကျတတ်သူမို့ ဒီကားကိုလည်း သဘောကျပါတယ်။ ငယ်ငယ်တည်းက လက်စားချေတဲ့ ဝတ္တုတစ်ပုဒ် ဖြစ်တဲ့ The Court of Monte Christo ဝတ္တုကို ရွှေဥဒေါင်း ဘာသာပြန်တဲ့ ရတနာသိုက်ကိုလည်း ကြိုက်လွန်းလို့ နှစ်ခါ သုံးခါ ပြန်ဖတ်ဖြစ်ခဲ့ပါတယ်။

ဘာရယ်မဟုတ် ရေးစရာမရှိလို့ drama review လေး ရေးလိုက်တာပါ။

27 June, 2010

တစ်ဖက်သက်ညနေခင်း

အရောင်ပြောင်းတတ်တဲ့တိမ်တွေကို
မမြင်ရမနေနိုင်အောင်
ငါ အားအားယားယား ဖြစ်နေတာ မဟုတ်ဘူး။
ဒါပေမယ့်
သူမကတော့ အဲဒီလိုထင်ခဲ့တယ်။


ငါချစ်တဲ့ သူမက
ညနေခင်းမှာ လွတ်လွတ်လပ်လပ်မြင်နေနိုင်မယ့်
တောပန်းတစ်ပွင့်လည်း မဟုတ်ခဲ့ဘူး။
 

ငါချစ်တဲ့ သူမက
မြေပြင်ကို ငုံကြည့်တတ်တဲ့
ပန်းတစ်ပွင့်လည်း မဟုတ်ခဲ့ဘူး။


ငါချစ်တဲ့ သူမက
တော်ဝင်သဇင်လိုမျိုး
ဝင့်ကြွားတဲ့ အသွင်သဏ္ဍန်နဲ့
လှပတဲ့ မွှေးရနံ့နဲ့
အဆင့်မြင့်မြင့် ပန်းတစ်ပွင့် ဖြစ်ခဲ့တယ်။

ညနေခင်းမှာ
နေမင်းက တောင်တန်းတွေကို နှုတ်ဆက်
တိမ်တွေကလည်း တောက်တောက်ပပ လက်ပြကြရင်း
အစိမ်းရောင် တောရိုင်းပင်တွေ ခြံရံတဲ့
ညနေခင်း လမ်းမက သာသာယာယာနဲ့။
ဒါပေမယ့်
ငါချစ်တဲ့ သူမကတော့
ငါလွမ်းနေတာကို မသိခဲ့ဘူး။

သိင်္ဂါကျော်

23 June, 2010

အချစ်ကြောင့် ရူးကြသူများ


ဒီတစ်ခါ အချစ်က တစ်သက်တာပဲလို့
လူသိရှင်ကြား ကြေငြာကြ …
အချိန်တစ်ခု ရောက်တော့လည်း
နောက်တစ်ယောက်ပြောင်းကြ…
ဒါမျိုးတွေ များနေတဲ့ လောကကြီးမှာ…။

တစ်ရက်တစ်ခါ ဖုန်းမဆက်လို့
ငိုပွဲဆင်ကြသူတွေလည်း ရှိရဲ့၊
Online ပေါ်မှာ တစ်ရက်မတွေ့ရရင်
တစ်ကမ္ဘာကြာသလို ထင်သူတွေလည်း ရှိရဲ့
မိန်းမသား ဆိုတော့လည်း
အချစ်ကို ပျော်ပျော်ကြီး ကိုးကွယ်တာပေါ့။

 “သူနဲ့ ဆိုရင်” ဆိုပြီး..
“လက်ထပ်ဖြစ်ကြရင်..” ဆိုပြီး
မျှော်လင့်ချက်တွေ… ထားချင်တိုင်းထား၊
စိတ်ကူးအိပ်မက်တွေ… ယဉ်ချင်တိုင်းယဉ်။

“အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်” လို့
တစ်ချို့ကလည်း ဆိုရဲ့။

သူကပိုချစ်တာ.. ငါကပိုချစ်တာ
ပြိုင်ချင်တိုင်းလည်း ပြိုင်ကြရဲ့၊
ချစ်သက်တမ်း အစက ပိုချစ်ခဲ့သလား..
ကြာလာမှ ပိုချစ်လာတာလား..
သဘောထားတွေလည်း ကွဲပြားကြပေါ့။

အချစ်တစ်ခုဟာ
ဘယ်နှလ၊ ဘယ်နှနှစ်၊ ဘယ်နှရာစုမှာ
သက်တမ်းကုန်မယ်ဆိုတာ
ဘယ်သူ သတ်မှတ်နိုင်ကြသလဲ။

“ယနေ့မှစ နှစ်တစ်ရာတိုင်”
ရွှေလက်တွဲသူတွေရဲ့ မှတ်တမ်းကလည်း
တောက်ပနေဆဲပဲ ဆိုပေမယ့်
ဖူးစာရေးနတ်ကလည်း
အမှားအယွင်း လုပ်မိတတ်တာပဲ။


ကောင်မလေး ရေ…
အချစ်ဆိုတာ
ရူးသွပ်စေတယ်…၊
အဲဒီ ရူးသွပ်မှုက
ဘယ်လောက်အထိ ခံမယ် ဆိုတာလည်း
ခန့်မှန်းရခက်တယ်…။

ပိုးဖလံမျိုးရဲ့ မီးကိုတိုးတတ်တဲ့ ဗီဇကို
ဘယ်မျိုးရိုးဗီဇ ပညာရှင်မှ မပြင်ဆင်နိုင်တာပဲ၊
ကောင်မလေး ရေ..
မင်းကိုလည်း ဘယ်သူမှ မတားပါဘူး…
ချစ်ချင်တဲ့အချိန်မှာ
အားရပါးရသာ ချစ်လိုက်ပါ။
မီးလျှံတွေကြား ရောက်ရင်လည်း
ဘယ်သူ့ကိုမှ မငြူစူပါနဲ့။

“လောကကြီးမှာ တည်မြဲနေတာ ဘယ်အရာမှမရှိ” လို့
ရှင်တော်ဗုဒ္ဓ ဟောခဲ့တာလည်း
အသိပဲ မဟုတ်လား…။
ကောင်မလေးရေ…
အရာရာတိုင်းဟာ မတည်မြဲဘူး ဆိုတာတော့
မှတ်သားထားလိုက်ပါ။

သိင်္ဂါကျော်
23.6.2010
2:10 PM

ပုံကို ဒီနေရာ က ယူပါတယ်။

16 June, 2010

အသွင်တူ ဖူးစာ

လင်းသည် မင်းကျော်ထင် ဆိုသော ထိုကောင်လေးကို တူမ ဝမ်းကွဲလေး နှင့် ပတ်သက်ပြီး သိခဲ့ရခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကို နှစ်ဖက်မိဘက သဘောတူထားပြီး တစ်ဦးကို တစ်ဦး လေ့လာရန် အချိန်ပေးထားသော ကာလတွင် တူမလေးက ကူပြီး လေ့လာပေးပါဦးဟု ကြိုပြောထားကာ ခေါ်လာခြင်း ဖြစ်သည်။ လင်း အကဲခတ်၍ ရသလောက်တော့ ရိုးသားအေးဆေးပုံ ပေါ်သောကြောင့် မဆိုးပါဘူး လို့ပဲ တူမလေးကို ပြောဖြစ်သည်။ တူမလေး ချယ်ကလည်း ခေတ်ဆန်ဆန် ဝတ်စားပြင်ဆင်တတ်ပြီး အပေါင်းအသင်းများတာကလွဲ၍ ချစ်သူရည်စား ဆိုတာမျိုး မရှိသေးသူပါ။ ယောက်ျားလေး တစ်ယောက်တွေ့သည်နှင့် အပြစ်အနာအဆာ တစ်ခုခုတော့ ရအောင် ရှာတွေ့တတ်သော လင်းက သည်လူငယ်လေးကိုတော့ သဘောမတွေ့စရာ ရှာမတွေ့မိသေး။ တစ်ခါတည်း တွေ့ဖူးသေးလို့လည်း ဖြစ်မည်။ တစ်ခြား လင်းရဲ့ ညီမဝမ်းကွဲ၊ တူမဝမ်းကွဲ တွေ မိတ်ဆက်ပေးသမျှ ကောင်လေးတွေနဲ့လည်း တွေ့ခဲ့ဖူးပါသည်။ တစ်ချို့ကျတော့ အမြင်နှင့်ပင် လင်းက သဘောမကျဖြစ်မိသလို၊ တစ်ချို့ကျတော့ သူတို့ပတ်ဝန်းကျင်မှ မြင်ရ ကြားရသော အကြောင်းများနှင့်ပင် သူတို့စိတ်ဓါတ်၊ သူတို့ သဘောထားကို မကြိုက်မိတာမျိုး ရှိခဲ့သည်။ လင်းက သဘောမတွေ့သော အရာကို သူတို့မိန်းကလေးများကတော့ အပြစ်ရယ်လို့ မမြင်ကြပါ။ အဲဒါကြောင့်လည်း လင်းက အပျိုကြီး ဖြစ်ခဲ့တာ နေမည်။ တစ်ဦးတည်းသော သမီး လင်းက ဝမ်းကွဲညီအစ်မများ၊ တူ တူမ များကို ခင်မင်သလို သူတို့ကလည်း သူတို့ ပြောသမျှ နားထောင်ပေးတတ်သော လင်းကို ချစ်ရေး ချစ်ရာကိစ္စမှ အစ တိုင်ပင်တတ်ကြသည်။
*****

အရင်နှစ်များက သင်္ကြန်တွင်းဆို သက်သတ်လွတ်စား ဥပုသ်စောင့် လောက်သာ လုပ်ဖြစ်ခဲ့သော်လည်း လင်းသည် ဒီနှစ်တော့ ၁၀ ရက် တရားစခန်း ဝင်ဖြစ်သွားပါသည်။ အသက် ၄၀ လည်း ပြည့်ပြီးပြီမို့ ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် မလုပ်ဖြစ်ခဲ့သော တရားအလုပ်ကလေးတော့ လုပ်ဦးမှ ဖြစ်မည်ဟု ဆုံးဖြတ်ပြီး ဝင်ဖြစ်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုတရားရိပ်သာတွင် စခန်းဝင်သော ချယ့်ကောင်လေးကို တွေ့သည်။ ချယ် ပြောပြသဖြင့် ထိုကောင်လေး ဘုရားတရား ကိုင်းရှိုင်းတာတော့ သိပြီးသားဖြစ်ပေမယ့် ခုလို တရားစခန်းတွေ ဘာတွေ ဝင်တာကိုတော့ တကယ်ကို ချီးကျူးမိပါသည်။ ဆွမ်းမစားခင်တစ်ချိန်မှာ သူက လာနှုတ်ဆက်ရင်း ပြောသဖြင့် အားလပ်ရက်ရတိုင်း သူ တရားစခန်း ဝင်တတ်ကြောင်း သိရသော အခါ ပို၍ပင် သာဓုခေါ်မိပါသည်။ ချယ်အတွက်လည်း စိတ်ချမိသွားသည်။

လင်းသည် ကိုယ့်ရှယ်ယာ သုံးပုံတစ်ပုံ ပါသော ကုမ္ပဏီမှာပင် လုပ်နေသူဖြစ်သည်။ လင်းတို့ ကုမ္ပဏီကို Computerized System ပြောင်းမည်ဟု ဆုံးဖြတ်လိုက်ကြသောအခါ Software House တစ်ခုနှင့် ဆက်သွယ်ပြီး ဈေးညှိနှိုင်းဖို့၊ လိုအပ်ချက်များ ပြောပြဖို့တာဝန်မှာ General Manager ဖြစ်သော လင်းတာဝန် ဖြစ်လာသည်။ လင်းတို့ ရွေးချယ်လိုက်သော Software Team မှာ ချယ့်ကောင်လေးကို တွေ့သည်။ ကွန်ပျူတာတက္ကသိုလ်တွင် မာစတာ တက်နေရင်း အချိန်ပိုင်း ဝင်လုပ်နေခြင်း ဖြစ်သည်ဟု သိရသည်။ ခုခေတ်မှာ အတွေ့ရနည်းသော သပ်သပ်ရပ်ရပ် ပုဆိုးနှင့် ရှပ်အင်္ကျီနှင့် ဝတ်တတ်သော သူ့ပုံစံကိုလည်း လင်းလို လူကြီးသူမ မျက်စိက သဘောတွေ့သည်။

ကိုယ့်လို လူကြီးကသာ လူကြီးဆန်ဆန်ကောင်လေးကို သဘောကျပေမယ့် သူ့ကောင်မလေး ချယ်ကတော့ သူနှင့် တွဲရတာ ပျင်းလာပြီ ဟု မနေ့ညကပင် ဖုန်းဆက်သေးသည်။ သူက အေးလွန်းအားကြီးပြီး ခွင့်လွှတ်တတ်လွန်းသောကြောင့် ရန်ဖြစ်ချင်လို့ပင် မဖြစ်ရသောကြောင့် ပျင်းစရာကောင်းသည် ဟု ချယ်က ဆိုသည်။ ရန်မဖြစ်ရလို့ ပျင်းသော တူမကို လင်းမှာ အံ့သြလွန်းလို့ ဘာမှပင် ပြန်မပြောနိုင်ခဲ့ပါ။

ထို Software ကုမ္ပဏီမှ အထက်ပိုင်းကလည်း သူနှင့် ပတ်သက်၍ တော်ကြောင်း အေးဆေးကြောင်းသာ ချီးကျူးကြသည်။ မင်းကျော်ထင်တို့ ကုမ္ပဏီနှင့်ပင် စာချုပ်ချုပ်ဖြစ်သောကြောင့် နှစ်ခေါက်၊ သုံးခေါက် သွား၍ Requirements (လိုအပ်ချက်) တွေ ပြောပြရသည်။ နောက်ပိုင်း လင်း သွားစရာ မလိုတော့ သော်လည်း မင်းကျော်ထင်ကတော့ သူတို့ Software ရေးနေစဉ်  လင်းတို့ ကုမ္ပဏီ လုပ်ပုံကိုင်ပုံ နှင့် ပတ်သက်၍ သိချင်တာ မေးဖို့ နှစ်ခေါက် သုံးခေါက် လာရသေးသောကြောင့် သူနှင့် ပိုရင်းနှီးသွားသည်။ လင်းတို့ကို System အပ်ပြီးနောက်ပိုင်းလည်း အသုံးပြုနည်းကို ရှင်းပြဖို့ သူပဲ လာရသေးသည်။ လင်းလည်း သူတို့ နှစ်ယောက်ကို ပြေလည်စေချင်သူမို့ တွေ့တိုင်း ချယ်နှင့် အခြေအနေကို မေးရသည်။ ဂရုစိုက်ဖို့ ပြောရသည်။ သူကတော့ ဘယ်အခါမေးမေး အဆင်ပြေသည် ဟုသာ ဆိုမြဲပင်။ နောက်ထပ် သူနှင့် ပြောဖြစ်တာက တရားအကြောင်း...။ သူက နေ့စဉ် နာရီဝက်လောက်တော့ အနည်းဆုံး တရားထိုင်သည် ဟု ဆိုသဖြင့် ရိပ်သာက ထွက်ကတည်းက တရား မထိုင်ဖြစ်တော့သော သူ့ထက် အသက်တစ်ဆ ကြီးတဲ့ လင်းမှာတော့ ဘာပြန်ပြောရမှန်းမသိ။

လင်း အလုပ်ကိစ္စနှင့် စင်ကာပူ တစ်လလောက် သွားလိုက်ရပြီး သူတို့ နှစ်ယောက်စလုံး နှင့်လည်း အဆက်အသွယ်ပြတ်သလို ဖြစ်သွားသည်။ လင်းမသွားခင် နောက်ဆုံး ချယ် ဖုန်းဆက်တုန်းကတော့ မင်းကျော်ထင်ကို စိတ်ကုန်နေသော လေသံက နည်းနည်း ပြင်းထန်သလို ထင်ရသဖြင့် လင်းကပင် နားလည်အောင် ပြောပြလိုက်ရသေးသည်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ လောင်းကစား ဝါသနာမပါ၊ မိန်းကလေး ဆိုလို့လည်း ချယ်ကလွဲလို့ ဘယ်သူနဲ့မှ အမြင်စောင်းစရာ အနေအထိုင်မရှိသူ။ အဲလို ယောက်ျားလေးမျိုး နောက်တစ်ယောက် တွေ့ဖို့ မလွယ်ကြောင်း နားချလိုက်ရသည်။ ချယ့်အမေ ကိုယ့်အစ်မဆီတောင် ဖုန်းဆက်ပြီး သူတို့ကို မြန်မြန်နေရာချပေးလိုက်ဖို့ မတိုက်တွန်းစဖူး တိုက်တွန်းလိုက်မိသေးသည်။ သို့သော် ချယ်ဆိုတဲ့ မိန်းကလေးက စိတ်မပါတော့ဘူး ဆိုလျှင် စောင်းငဲ့မကြည့်တတ်သူ။
*****

ချယ်ကလေး ရောက်လာတော့ သူတို့ စေ့စပ်ပွဲအတွက် လာဖိတ်တာလို့ပင် လင်းက ထင်လိုက်သေးသည်။ “သမီးတို့ လမ်းခွဲလိုက်ပြီ” ဟု ချယ်ကပြောတော့ လင်းမှာ ယုံတောင် မယုံချင်။ ချယ်ပြောတာကတော့ .. ရေခဲတုံးလို ယောက်ျား တစ်ယောက်နှင့် တစ်သက်လုံး အတူမနေနိုင်၍ပါ တဲ့။ သူမက သဝန်တိုအောင် လုပ်ပြသော်လည်း သဝန်မတိုတတ်သူ၊ ချိန်းသည့်အချိန်ထက် တော်တော်ကြီး နောက်ကျပြီးမှ လာတာကိုပင် စိတ်မတိုတတ်သူ၊ စတိတ်ရှိုးတို့၊ ရုပ်ရှင်ရုံတို့ သွားလျှင်လည်း ပုံတုံးကြီးနှင့်ပင် လိုက်လာပြီး တက်တက်ကြွကြွမရှိပဲ အိပ်ငိုက်နေသလား၊ တရားပဲမှတ်နေသလား မသိ လုပ်နေတတ်သူ .. စသဖြင့် ချယ့်ဘက်က မြင်သော အပြစ်များကလည်း အများသား။ ချယ်က စကတ်အတို၊ ဘောင်းဘီတို ရှည် စသဖြင့် ဝတ်တတ်သော ခေတ်မိန်းကလေး။ တက်တက်ကြွကြွ ဆူဆူပူပူ ကိုမှ သဘောကျတတ်သူ သည်ကလေးမက ရန်ဖြစ်လိုက်၊ စိတ်ကောက်လိုက်၊ ပြန်ချစ်လိုက် ဆိုသော အချစ်မျိုးကိုမှ လိုချင်သူ ဖြစ်နေသည်။ လင်းမှာလည်း ဘာမှ ပြောစရာ မရှိတော့ပါ။ အသွင်မတူ အိမ်တူ မဖြစ် ဆိုသော စကားကိုသာ သတိရလိုက်မိသည်။

နောက်တစ်ပတ်လောက် အကြာမှာတော့ မင်းကျော်ထင်နှင့် ချယ် က နှစ်ဖက်မိဘကို ဖွင့်ပြော၍ လမ်းခွဲဖို့ လုပ်ကြရာ မိဘများက လက်မခံပဲ ဇွတ်အတင်း စီစဉ်ကြသည်။ ရလာဒ်ကတော့ ချယ်က တစ်ခြား ကောင်လေး တစ်ယောက်နှင့် လိုက်ပြေးသွားခြင်းပင်။

သူ့မိဘတွေလည်း ဘယ်သူနှင့်မှန်းတောင် သေသေချာချာ မသိကြသည့်အတွက် စိတ်ပူနေကြသည်။ လင်းလည်း ထို့အတူပင်။ သူ ကောင်လေး တစ်ယောက်နှင့် တွဲလာတာ တွေ့တာတောင် မင်းကျော်ထင်က သဝန်မတိုကြောင်း ချယ်ပြောပြဖူးတာကို သတိရပြီး မင်းကျော်ထင်ကို ဖုန်းဆက်လိုက်မိသည်။ ချယ့်ကောင်လေးကို သူ သိချင်သိနိုင်သည်။
“စိတ်မပူပါနဲ့ အန်တီလင်းရယ်၊ ချယ်နဲ့ အလုပ်တူ အတန်းတူ အဝေးသင် နောက်ဆုံးနှစ်က ကောင်လေးပါ၊ ကျွန်တော် တွေ့ဖူးပါတယ်၊ မဆိုးပါဘူး” တဲ့။ သူကပြောသည်။ သူ့လေသံ ခပ်အေးအေးကို နားထောင်၍ လင်းပင် စိတ်တိုသွားသည်။ သူ ချယ့်ကို တကယ် မချစ်ခဲ့ဖူး ထင်ပါရဲ့။ ဒါကြောင့်သာ ချယ်ပြောသလို ချယ့်ကို သဝန်မတိုတာပေါ့။ လမ်းခွဲတော့လည်း ခပ်အေးအေးပဲ နေနိုင်သည်။
“အန်တီ့ကိုတော့ အဲဒီကောင်လေး အကြောင်း ဘာမှ မပြောဖူးဘူး ကွယ့်၊ မင်း သဝန်တိုအောင် သူတမင်လုပ်ဖူးတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့တာတော့ သိတယ်၊ အဲဒီကောင်လေး ပဲလား...”
“ကျွန်တော့်ကို တမင်တွဲပြတဲ့ ကောင်လေးပါပဲ၊ အဲဒီကောင်လေးက သူ့ကို ပရိုပို့စ် လုပ်ထားတယ်တဲ့၊ နောက်တော့ သူနဲ့ စိတ်သဘောထားချင်း၊ ဝါသနာချင်း တိုက်ဆိုင်လို့ တကယ် သဘောကျသွားပြီလို့ ကျွန်တော့်ကို ပြောတယ်၊ ကျွန်တော်နဲ့ လမ်းခွဲရအောင် ဆိုလို့ သူစိတ်ချမ်းသာအောင် လုပ်ပေးခဲ့တယ်၊ မိဘတွေကိုလည်း သူ့စိတ်တိုင်းကျ ငြင်းပေးခဲ့တာပါပဲ၊ မိဘတွေက လက်မခံတာတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူးလေ”
“မင်းကလည်း တော်တော် သွေးအေးတဲ့သူပဲနော်၊ နည်းနည်းပါးပါး ကိုယ့်ဘက်ပါအောင်များ ပြန်ဆွဲဆောင်ပါတော့လားကွယ်၊ ခုတော့ သူ့အိမ်ကလည်း ဘာမှ မသိရတော့ စိတ်ပူနေတယ်၊ သူတို့ ဘယ်သွားကြမယ်လို့ မင်းထင်လည်း...”
“ကိုယ့်အပေါ် စိတ်မရှိတော့တဲ့သူ တစ်ယောက်ကို ဘယ်လို ပြန်ဆွဲဆောင်လို့ ရမလဲ အန်တီရယ်၊ ကျွန်တော် အဲဒါမျိုးလည်း မလုပ်ချင်ဘူး၊ သူတို့ ထွက်ပြေးတော့မယ် ကူညီဦး လို့ ကျွန်တော့်ကို ပြောလို့ ဟဲဟိုးက သူငယ်ချင်း လင်မယားဆီ သွားဖို့ ကျွန်တော်ပဲ စီစဉ်ပေးလိုက်ရတယ်၊ သူက ဘယ်သူ့မှ မပြောပါနဲ့ ဆိုပေမယ့် အန်တီတို့ စိတ်ပူနေမှာ စိုးလို့ ပြောတာပါ၊ သူတို့ အဆင်ပြေမှာပါ၊ တစ်ပတ်လောက်နေရင် ပြန်လာကြမယ် ပြောတယ်၊ စိတ်မပူပါနဲ့ အန်တီ”
“မင်း အသံ နားထောင်ရတာ ခံစားချက် မရှိသလိုပဲ မင်းကျော်ထင်ရယ်၊ မင်း ချယ့်ကို သံယောဇဉ် မရှိခဲ့ဘူးလား..”
လင်းက မနေနိုင်မထိုင်နိုင် သူ့ကို မေးမိပြန်သည်။
“ချယ်က ကျွန်တော့်ရဲ့ အချစ်ဦးပဲ သံယောဇဉ် မရှိပဲ နေပါ့မလား အန်တီရယ်၊ ဒါပေမယ့် ခုတော့ ညီမလေး တစ်ယောက်လိုပဲ သဘောထားလိုက်ပါပြီ၊ တွေ့ကြုံ ဆုံကွဲ ဆိုတာ ရှောင်လွှဲလို့ မရနိုင်ဘူးလေ၊ သံယောဇဉ် ဆိုတာလည်း ပြတ်အောင် ဖြတ်ရင် ရတာပါပဲ”
“ကောင်းပါလေ့ကွယ်၊ မင်းလေသံက ချယ့်အဖို့ နောင်တ မရချင်စရာပါပဲ”
*****

ရှင်စောပု ဘုရင်မကြီး ကိုးကွယ်ခဲ့သော ရုပ်ပွားတော် တန်ဆောင်းထဲတွင် ဒီနေ့ ရှားရှားပါးပါး လူရှင်းနေသည်။ လင်းသည် ပုတီးကို စမစိပ်ဖြစ်သေးပဲ ထိုကလေးမလေးကို ခေတ္တ ငေးမောနေမိသေးသည်။ ခုခေတ်မှာ တွေ့ရခဲလှသော ကျက်သရေရှိရှိ အလှရှင်ကလေး ဖြစ်သည်။ ကျစ်ဆံမြီး တုတ်တုတ် တစ်ချောင်းတည်း ကျစ်ထားသည်မှာ တင်ပါးအောက်နား လောက်အထိ ကျနေပြီး စံပယ်ကုံးလေး တစ်ကုံးကို ရစ်ခွေပြီး ပန်ထားသေးသည်။ ရင်စေ့ လက်စက အင်္ကျီလေးနှင့် လုံချည်ရှည်ရှည်လေး ဝတ်ထားသည်။ အဆင်ကလေး ခပ်မှိန်မှိန် အပွင့်ကျဲကျဲလေး ဖြစ်သည်။ မျက်နှာလေးကလည်း နုနယ်ကြည်လင်လှသည်။ ချယ်တို့ အရွယ်လောက်ပင် ဖြစ်မည်။

လင်း ပုတီးစိပ်ပြီး၍ ဆုတောင်း မေတ္တာပို့ အမျှဝေကာ မျက်စိကို ပြန်ဖွင့်လိုက်ချိန်တွင် ထိုကလေးမလေး ပုတီးစိပ်၍ မပြီးသေးသည်ကို တွေ့ရသည်။ လင်း ပုတီး စ မစိပ်ခင်ကလေးမှာ ထိုမိန်းကလေး ရောက်လာခြင်းဖြစ်သည်။ လင်း ပုတီးစိပ်တာက တစ်နာရီနီးပါး ကြာသောကြောင့် ထိုမိန်းကလေး ပုတီးစိပ်တာလည်း လင်းထက်ပင် ကြာပုံရသည်။ လင်းသည် ယောဂီတဘက်ကလေး ပခုံးပေါ်တင်၍ မျက်လွှာချ၍ ထိုမိန်းကလေး ကို ကြည့်၍ မဆီမဆိုင် ရှပ်အင်္ကျီနှင့် ပုဆိုးအကွက်စိပ်စိပ်သာ ဝတ်တတ်သော မင်းကျော်ထင်ကို သတိရလိုက်မိသည်။ သူတို့နှစ်ယောက်သာဆိုလျှင် လိုက်ဖက်မည်ဟု စိတ်ကူးယဉ်လိုက်မိသေးသည်။

နောက်နေ့များမှာလည်း ရွှေတိဂုံဘုရားပေါ်မှာ ခဏခဏ တွေ့ဖြစ်သဖြင့် ထိုကလေးမလေးနှင့် မျက်မှန်းတန်းမိသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း လင်းလိုပင် ထိုရုပ်ပွားတော်ရှေ့မှာ အဓိဌာန်ဝင်နေခြင်းဖြစ်ကြောင်းသိရသည်။ လင်းကပင် လူကြီးပီပီ စနှုတ်ဆက်ပြီး စပ်စုသဖြင့် ခင်မင်သွားခြင်းလည်း ဖြစ်သည်။ သူမနာမည်မှာ ရွှေသဇင် ဖြစ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ် မှ ရန်ကုန်သို့ ပြောင်းလာပြီး ဂုဏ်ထူးတန်း တက်နေခြင်းဖြစ်သည်။ လင်းကလည်း ထိုကလေးမကို ချစ်သွားသဖြင့် ဖုန်းနံပါတ်တွေ လိပ်စာတွေပါ ပေးပြီး မိတ်ဖွဲ့ဖြစ်ခဲ့သည်။

နောက်ပိုင်းမှာ သူမကလည်း တိုင်ပင်စရာရှိလျှင် လင်းကို ဖုန်းဆက်သည်။ သူမပြောပြသဖြင့် သူမမှာလည်း ချစ်သူ၏ ပစ်ခွာခြင်းကို ခံခဲ့ရသူ ဖြစ်ကြောင်း လင်း သိရသည်။ ဘာသာချင်း မတူသဖြင့် ရွှေသဇင်၏ မိဘများက လုံးဝသဘောမတူသလို ထိုသူကလည်း ထိုသို့ သဘောမတူရခြင်းကို မကျေမနပ်ဖြစ်၍ လမ်းခွဲခဲ့ကြခြင်း ဖြစ်သည်။ သူ့ဘက်ကသာ မိဘတွေကို ဆန့်ကျင်ပြီး လိုက်ခဲ့ဖို့ ခေါ်လျှင် အဲဒီအချိန်တုန်းကတော့ ရွှေသဇင်က လိုက်ခဲ့ဖို့ အဆင်သင့် ရှိခဲ့သည်။ သို့သော် သူက သူ့လို ပညာအရည်အချင်းလည်း ပြည့်စုံပြီးသား၊ အလုပ်အကိုင် ရှိပြီးသားလူကို သဘောမတူတာကိုပင် မခံနိုင်သလို သဘောမျိုး ရှိခဲ့ပုံပေါ်သည်။ ရွှေသဇင်ကသာ ပြည့်စုံသော သူမ အသိုင်းအဝိုင်းကို စွန့်လာနိုင်သော သတ္တိရှိခဲ့သော်လည်း သူ့ဘက်ကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ဖို့ စိတ်ကူး ရှိပုံမရခဲ့ပါ။ ထို့အပြင် သူငယ်ချင်းပါ လို့ တွင်တွင် ပြောနေခဲ့သော အစ်မကြီး တစ်ယောက်နှင့် တွဲသွားတွဲလာတာကလည်း မပျက်ခဲ့ပါ။ ထိုလူနှင့် အဆက်အသွယ်ပြတ်အောင် ဆိုပြီး ရွှေသဇင် ရန်ကုန် ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ အခုတော့ ထိုလူက သူ့အိမ်က သဘောတူသော ဘာသာတူ မိန်းကလေးတစ်ယောက်နှင့် လက်ထပ်လိုက်ပြီ ဖြစ်သည်။ ဘာသာတရားဘက်ကို လိုက်စားရင်း ဖြေနေရသော်လည်း အချစ်ဦးမို့ အသည်းကွဲသော ဒဏ်ရာကိုတော့ အလူးအလဲ ခံစားခဲ့ရကြောင်း ရွှေသဇင်က လင်းကို ရင်ဖွင့်သည်။

လင်းသည် မဟောသဓ ဇာတ်တော်ထဲမှ အခန်းတစ်ခန်းကို သတိရမိသွားသည်။ ဒိသာပါမောက္ခ ဆရာကြီးက ပညာစုံပြီဖြစ်သော တပည့်တစ်ယောက်နှင့် သမီး ကို လက်ဆက်ပေးပြီး ပြန်လွှတ်လိုက်သောအခါ လမ်းခရီး ၌ မိန်းကလေး၏ ဘုန်းကံကြောင့် ထိုလုလင်က စွန့်ခွာထွက်ပြေးသွားရာ ဝိဒေဟရာဇ် မင်းကြီးနှင့် တွေ့ဆုံ၍ မိဖုရား မြှောက်ခြင်း ခံခဲ့ရသော အကြောင်းကလေး ဖြစ်သည်။ မင်းကျော်ထင်နှင့် ရွှေသဇင် တို့ကို သူတို့ ချစ်သူများက စွန့်ခွာသွားရခြင်းမှာလည်း ထိုသဘောတရားပင် ဖြစ်လေမလားဟု လင်းက တွေးနေမိပါသေးသည်။
*****

ရပ်တန့်မနေသော အချိန်ကလေးတွေက တရွေ့ရွေ့ စီးမျောသွားကြသည်။ မင်းကျော်ထင်က ကုမ္ပဏီမှ ထွက်ကာ Master Thesis ပြီးပြီးချင်းပင် ဆရာဝင်လုပ်သည်ဟု ကြားရသည်။ ရွှေသဇင်ကလည်း Master မတက်ခင်မှာပင် ဆရာမ ဝင်လုပ်လိုက်သည်ဟု လင်းကို ပြောခဲ့သည်။ သူတို့ နှစ်ယောက်စလုံးနှင့် မတွေ့တာ ကြာသဖြင့် တစ်ယောက်အကြောင်း တစ်ယောက် သိအောင်ပင် လင်းမှာ မပြောဖြစ်ခဲ့ပါ။ ရွှေသဇင်က မင်းကျော်ထင်ထက် ငယ်သော်လည်း ကျောင်းချင်း တူသဖြင့် သူတို့ချင်း တွေ့ဖူးချင်တောင် တွေ့ဖူးလိမ့်မည် ထင်သည်။ မင်းကျော်ထင်က ကျောင်းပြီးပြီးချင်း နယ်ကောလိပ်တစ်ခုသို့ ပြောင်းရွှေ့ရကြောင်း လင်းကို ဖုန်းဆက်သေးသည်။ နောက်ပိုင်း သူနှင့်လည်း အဆက်အသွယ် ပြတ်သွားသည်။  နောက်နှစ်ဝက်လောက်မှာ ရွှေသဇင်လည်း နယ်ပြောင်းကာနီးမို့ ဆိုပြီး လာနှုတ်ဆက်သည်။ လောလော လောလော နဲ့မို့ ဘယ်တက္ကသိုလ် ဆိုတာတောင် သေချာ မကြားမိလိုက်ပါ။

တူမဝမ်းကွဲ ချယ်တို့ လင်မယားကတော့ သူမ မိဘတွေ ပေးထားသည့် တိုက်ခန်းမှာ နေကြပြီး ကလေးတစ်ယောက်ပင် ရနေလေပြီ။ သူ့ကောင်လေးသည် စိတ်သဘောထား သေးသိမ်သူ ဖြစ်ပြီး ချယ့်ကို အနိုင်ယူတတ်သည်ဟု ကြားရသည်။ ကောင်လေး မိဘများက လူလတ်တန်းစား မျှသာဖြစ်ပြီး ကောင်လေး ကိုယ်တိုင်ကလည်း အရောင်းဝန်ထမ်း ဘဝမှ တက်ဖို့ အရည်အချင်း မရှိသူမျိုးဖြစ်သည်။  မင်းကျော်ထင် မိဘများ၏ ထိတ်ထိတ်ကျဲ ချမ်းသာသော အခြေအနေ၊ မင်းကျော်ထင်ရဲ့ အရည်အချင်း နဲ့တော့ နှိုင်းမရအောင် ကွာလှသည်။ ဘာပဲဖြစ်ဖြစ် ရန်ဖြစ် ပြန်ချစ် ဘဝမျိုးမှာ ချယ်က ပျော်နေသည် ဆိုတော့လည်း လင်းတို့က ပူပန်ပေးနေလို့ အလကားပင်။
*****

မတွေ့တာကြာပြီ ဖြစ်သော မင်းကျော်ထင်နှင့် ရွှေသဇင် တို့ကို တွေ့မယ့် တွေ့တော့လည်း  အတွဲလိုက် လင်း အိမ်ကို လာလည်ကြခြင်း ဖြစ်သည်။ နယ်က လက်ဆောင်တွေလည်း တစ်ပုံတစ်ပင် ပါလာသေးသည်။ နယ်တွင် မင်းကျော်ထင်က နှစ်နှစ်၊ ရွှေသဇင်က တစ်နှစ် ကြာခဲ့ပြီးနောက် ယခု နှစ်ယောက်စလုံး Ph.D ဝင်ခွင့် ဖြေရန် ရန်ကုန် လာကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက် မကြာခင် လက်ထပ်ဖို့ ရည်ရွယ်ထားသည် ဟု ကြားရတော့ လင်း ဖြစ်စေချင်သည့် စိတ်ကူးအတိုင်း ဖြစ်သွားသည့်အတွက် ဝမ်းသာရသည်။ Ph.D တက်ဖြစ်လျှင်တော့ ပြီးမှပဲ လက်ထပ်ဖြစ်ချင်လည်း လက်ထပ်ဖြစ်မည် ဟု ပြောကြသည်။ သူတို့ နှစ်ယောက်က နတ်ရေးတဲ့ ဖူးစာလို တကယ် လိုက်ဖက်သော စုံတွဲဟု ခံစားရသည်။

“မင်းကျော်ထင်ရယ်၊ မင်း မိန်းမမှ ယူပါတော့မလားလို့၊ ဘုန်းကြီးပဲ ဝတ်တော့မလားလို့ ထင်နေတာ၊ ဒီတစ်ခါတော့ အချစ်စစ်ကို တွေ့သွားပြီလား..”
“အဲဒီလောက်ထိ ပါရမီ မရင့်ကျက်သေးလို့ပေါ့ အန်တီလင်းရယ်၊ သူနဲ့ ကျွန်တော်က စတွေ့တွေ့ချင်းကတည်းက ဘာမှ မပြောရသေးပဲနဲ့ကို အချင်းချင်း နားလည်ခဲ့ကြတယ် အန်တီရဲ့..”
သူ့မျက်နှာက ခုတော့လည်း မတုန်မလှုပ် ကျောက်ရုပ်မဟုတ်တော့ပဲ ချိုမြနေသည်။

“ရွှေသဇင် ကရော..”
“အရင် ကြုံဖူးခဲ့တာ ပူလောင်တဲ့ အချစ် အန်တီလင်းရဲ့၊ အဲဒါက ခုတော့ အစအနတောင် မကျန်အောင် ပျောက်သွားပါပြီ၊ သူ့အပေါ်ထားမိတာက အေးချမ်းတဲ့ မေတ္တာပဲ၊ အလိုလို ဖြစ်လာတဲ့ အချစ်မျိုး”
ရွှေသဇင်က ရှက်ပြုံးလေးနှင့် ရှင်းပြနေသေးသည်။

“အေးကွယ်၊ အန်တီ သမီးကို မြင်ကတည်းက မင်းကျော်ထင်နဲ့ဆို လိုက်မှာပဲ လို့ တွဲမြင်မိတာ၊ အိမ်ထောင့်တာဝန်တွေ များလာရင်လည်း ဘုရား၊ တရားကိုတော့ မေ့မပစ်ကြနဲ့ ဟုတ်လား”
“ဟုတ်ကဲ့ပါ အန်တီ”
“အမယ်လေး အန်တီရယ် သင်္ကြန်တုန်းက သမီးက အိမ်ပြန်မလို့ဟာကို သူ ဆွယ်တာနဲ့ တရားရိပ်သာ ဝင်ဖြစ်သွားတယ်၊ အိမ်တောင်မပြန်ဖြစ်တော့ဘူး”
“အေး.. အေး .. ကောင်းတာပေါ့ကွယ်”

သူတို့ နှစ်ယောက် လင်းကို ကန်တော့ပြီး ပြန်သွားကြသည်။ စိတ်တူ အသွင်တူ စုံတွဲလေးဖို့ စိတ်ချမ်းမြေ့ရပါသည်။ သူတို့ နှစ်ယောက်စလုံး ဖူးစာမစစ်သူ၊ ကိုယ်နှင့် မထိုက်တန်သူနဲ့ ကွဲကွာပြီး ဖူးစာရှင် အစစ်နှင့် ဆုံတွေ့ခဲ့ရပြီ ဟု လင်း ဝမ်းမြောက်ဝမ်းသာ ထင်လိုက်ပါသည်။
****************************************************************************


(အရင် ၅ နှစ်လောက်က ရေးထားတဲ့ စာမူလေး အိမ်ပြန်တုန်းက တွေ့လို့... နည်းနည်းပါးပါး ပြင်ရိုက်ပြီး တင်လိုက်တာပါ)


သိင်္ဂါကျော်

13 June, 2010

ဘဝရဲ့ ရွေးချယ်မှု

ရွေးချယ်စရာတွေ အပြည့်နဲ့ ဘဝမှာ
မှန်တဲ့ တစ်ခုကိုသာ သေချာရွေးကောက်တတ်ဖို့လိုရဲ့
အသံတွေကို နားမထောင်ပါနဲ့
မင်းရင်ထဲက စကားပဲ ကြားအောင်လုပ်ရင် မင်းနိုင်မှာပဲ။

လူတွေအများကြီးက မင်းကို ပြောကြလိမ့်မယ်
မင်းပြောင်းလဲဖို့ လိုအပ်တယ်လို့..
သူတို့အမြင်ကို လက်မခံလိုက်လေနဲ့
ကြီးကျယ်မြင့်မြတ်တဲ့လူဆိုတာ စာအုပ်တွေထဲမှာပဲ ရှိတယ်လေ။

တစ်ခုတည်းသော အသံကိုပဲ
မင်း နားထောင်သင့်တာ
အဲဒါက မှန်ကန်တဲ့ ရွေးချယ်မှုအတွက် အထောက်အကူဖြစ်စေမှာ
အဲဒါက မင်းအတွက် အကောင်းဆုံးဖြစ်စေမှာ။

မင်းကိုယ်တိုင်ကိုပဲ ကြည့်လိုက်ပါ
မင်းကို အမြဲတမ်းချစ်တဲ့ တစ်စုံတစ်ယောက်ရှိနေတယ်
မင်းဘယ်တော့မှ တစ်ယောက်တည်းမဖြစ်ပါဘူး
မှန်ကိုသာ ကြည့်လိုက်ပေါ့
ဘယ်သူလဲ ဆိုတာ မင်းမြင်လိမ့်မယ်။

သိင်္ဂါကျော်


Rose ရဲ့ Life's Choices ကို ပြန်ဆိုပါတယ်။


ပုံကိုတော့ ဒီနေရာ က ယူထားပါတယ်။