14 December, 2009

စိုးအတွက် အမှတ်တရ ...


ကိုယ်တို့ ကျောင်းတက်တုန်းက အခင်ဆုံး သူငယ်ချင်း သုံးယောက် ရှိပါတယ်။ တစ်ယောက်က chinese၊ တစ်ယောက်က indian ပါ။ ချောင်းသာ သွားကြတော့ အတန်းကြီး အစ်ကိုကြီးတွေက သတိထားမိသွားပြီး ချစ်ကြည်ရေးအသင်း လားလို့တောင် နောက်ကြပါတယ်။ Chinese မလေး ကတော့ အိမ်ထောင်ကျသွားပါပြီ။ သုံးယောက် အခင်အမင် တူကြပေမယ့် စိတ်ဓါတ်တို့ အကျင့်စရိုက်တို့ကျတော့ ကိုယ်တို့ နှစ်ယောက်က ပိုတူကြပါတယ်..။ သောကြာသမီး ချင်းလည်း တူ... ဒီဇင်ဘာမွေး ဓနုရာသီဖွား ချင်းလည်း တူတယ်လေ..။ ကိုယ့်မွေးနေ့က ဒီဇင်ဘာ ၁ ရက်၊ သူမ မွေးနေ့က ဒီဇင်ဘာ ၁၅ ရက်ပါ။

ကိုယ်တို့ နှစ်ယောက်က စာအုပ်ကြိုက်တာချင်းလည်း တူတယ်..။ ဘာသာပြန် စုံထောက် ဝတ္တုတွေဆို နှစ်ယောက်လုံး အသည်းအမည်း ကြိုက်ကြတယ်။ နိုင်ငံခြားကားဆို Action / Horror မှ ကြိုက်ကြတာ..။ ထွက်သမျှ ကားတွေ အကုန် အလွတ်မပေးပဲ ကြည့်ကြတာ..။ အရင်ကတော့ ငှားကြည့်၊ အခုတော့ ဝယ်ကြည့်ကြတယ်။ Korea Drama လည်း အလွတ်မပေးပါဘူး။ သီချင်း ဆိုလည်း ထွက်သမျှ အခွေ အကုန်နားထောင်။ Hip Hop ကို အစက ကိုယ်က မကြိုက်ဘူး၊ သူ အစလုပ်ပေးတာကို နားထောင်ရင်းနဲ့ တစ်ချို့ သိပ်မစစ်တဲ့ hip hop သီချင်းတွေ ကြိုက်သွားတယ်..(သိပ်စစ်ရင် စကားတွေပဲ ပြောတာလေ.. အဲဒါတော့ သိပ်မကြိုက်ဘူး၊ သူကတော့ အဲဒါမျိုးလည်း ကြိုက်တာပဲ။)

Master တက်တုန်းကဆို ပိတ်ရက်တိုင်းမှာ နှစ်ယောက်သား ရုပ်ရှင် မှန်မှန် ကြည့်ကြတယ်..။ ဟို သူငယ်ချင်း တစ်ယောက်က အိမ်ထောင်မကျခင် ကတည်းက ရုပ်ရှင် သိပ်မကြိုက်တဲ့သူမို့ အိမ်ထောင်လည်း ကျပြီးရော ပိုဆိုးတော့တာပေါ့။ လျှောက်လည်ချင်ရင် ကိုယ်တို့ နှစ်ယောက်ပဲ ရှိတော့တာလေ..။ (Master ဆက်မတက်တဲ့ တစ်ခြား သူငယ်ချင်းတွေကတော့ ကျောင်းပြီးတော့ နယ်ပြန်သွားကြတယ်လေ။) ကိုယ်တို့ နှစ်ယောက်က ရုပ်ရှင်ကြည့်ပြီး အပြန်မှာ ဖြစ်ဖြစ်၊ မကြည့်ခင် ဖြစ်ဖြစ် အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်း အိမ်ကို ဝင်ပြီး ဟိုပြော ဒီပြော ပြောကြပေါ့။ သူကလည်း ကိုယ်တို့ လွတ်လွတ်လပ်လပ် သွားလာနေတာကို နည်းနည်းတော့ အားကျမှာပေါ့။ (ကိုယ့်အထင်ပြောတာပါ)။ သူ့ဆီက ပြန်လာပြီးတော့ ကိုယ်တို့ နှစ်ယောက်က ပြောကြသေးတာ.. “သူက ကျောင်းတုန်းက ဒီလောက်စာတွေ တော်တာ၊ ခုတော့ အိမ်ထောင်ရှင်မကြီး ဖြစ်ပြီး ဘာအလုပ်မှလည်း မလုပ်ဘူး၊ သူ့ ဘဝကြီးတော့ တုံးသွားပြီ၊ ငါတို့တော့ ဒီလို မနေနိုင်ပါဘူး” ဆိုပြီး အတင်းပြောကြသေးတာ...။ ဒီလို စိတ်ဓါတ်မျိုး ရှိလို့ ထင်ပါရဲ့။ နှစ်ယောက်သားက ကိုယ့်ဘဝကိုယ် ရုံးကန် အလုပ်လုပ်ပြီး အပျိုကြီး တွေပဲ ဖြစ်နေကြတာ..။ ဟိုသူငယ်ချင်းမကတော့ ဘာမှ အပူအပင်မရှိ အိမ်ထောင်ရှင်မ ဘဝနဲ့ သူ့ဟာသူ ပျော်ရွှင် အေးချမ်းလို့..။

သူ့မှာ ကိုယ်မကြိုက်တဲ့ အကျင့်တွေလည်း ရှိပါရဲ့။ ရုပ်ရှင်ကြည့်ဖို့ ချိန်းကြပြီဆို ကိုယ်ချည်း အမြဲတမ်း စောင့်ရတာပဲ။ အဲဒါနဲ့ သူ့ကို ပြောဖူးတယ်။ “သူငယ်ချင်းမို့သာ နင့်ကို ဒီလောက်စောင့်တာ.. ရည်းစားသာဆို ဒီလိုအမြဲနောက်ကျရင် ဖြတ်တာကြာပြီ” လို့...။ ကိုယ်တို့နှစ်ယောက် ဆိုတာ ဘယ်တော့မှ ကြော်ငြာတွေ၊ ရုပ်ရှင် Trialerတွေ ဘာတွေ မမီပါဘူး။ ဝင်လိုက်ရင် အမြဲတမ်း မီးက မှိတ်ပြီးနေပြီ။ တစ်ခါတစ်လေကျ အခွေကြည့်ပြီးပါလျက် မြင်ကွင်းကျယ် ကြည့်ချင်တယ် ဆိုပြီး ပြန်ကြည့်ကြသေးတယ်..။ မှတ်မိတာတော့ Mission Impossible တို့ Transformers တို့ ကို နှစ်ခါပြန်ကြည့်ကြတယ်...။ အဲလို ကားတွေကလည်း ရုပ်ရှင်ရုံမှာ ကြည့်ရတာ ပိုကောင်းတယ်လေ။ နိုင်ငံခြားကားပဲလား ဆိုတော့ .. မဟုတ်သေးဘူး။ တစ်ခါတစ်လေ  နိုင်ငံခြားကား ကြည့်စရာ မရှိတော့ရင် မြန်မာကားလည်း ကြည့်ကြတာပါပဲ...။ ပြီးတော့ တစ်ခါမှ အကောင်းမပြောကြဘူး။

ခု သူ Sg ရောက်သွားတော့ ကိုယ် ရန်ကုန် မှာ ရှိတဲ့အချိန်တောင် ရုပ်ရှင် မကြည့်ဖြစ်တော့ပါဘူး။ ကြည့်စရာ အဖော်လည်း မရှိဘူးလေ...။ အခွေပဲ ကြည့်ဖြစ်တော့တယ်...။ တစ်ခြား သူငယ်ချင်းတွေနဲ့ကြည့်ဖြစ်တာက ရှားပါတယ်..။ သူတို့က ကိုယ့်လောက် ဝါသနာ မကြီးကြဘူးလေ။ သူလည်း ဟိုမှာ အခွေ ဈေးကြီးလို့ ဒီမှာလို အမြဲမဝယ်နိုင်လို့ စိတ်ညစ်နေလေရဲ့။

ကိုယ်တို့ နှစ်ယောက်က shopping ကလည်း ထွက်သလား မမေးနဲ့။ အဓိကကတော့ သူကပိုဝယ်တာပါ။  အင်္ကျီ အဝတ်အစား၊ ဖိနပ်တွေ ဘာတွေ ကျတော့ သူနဲ့ကိုယ် အကြိုက်ချင်း မတူပြန်ဘူး။ သူက အိန္ဒိယနွယ်ဖွားမို့ သူကြိုက်တဲ့ အရောင်တွေ သူကြိုက်တဲ့ ရှုပ်ရှုပ်ရှက်ရှက်တွေ ကိုယ်က မကြိုက်ဘူး။ ဒါပေမယ့် မီးခိုးရောင် ကြိုက်တာချင်းကျတော့ တူပြန်ရော..။

ကိုယ် နိုင်ငံ့ဝန်ထမ်း အလုပ်ဝင်ဖြစ်တာ သူနဲ့ အတူတူ မို့လို့ပါ။ ပထမဆုံး ပိုစတင်ချတော့လည်း သူ့ဇာတိကို အတူတူပဲ။ ခုတော့ သူကထွက်ပြီး လွတ်လပ်စွာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေပြီ။ ကိုယ်ကတော့ ခုထိ ဒီထဲမှာ ကျန်နေတုန်း။ သူသွားပြီးတော့ ကိုယ့်ကို အမျိုးမျိုး လိုက်ခဲ့ဖို့ ခေါ်ပါရဲ့။ ကိုယ့်က အဲလို သွားဖို့ အခြေအနေ မပေးလို့ပါ။ ပြောရရင် သူက အရင်ကတည်းက သူ့အိမ်မှာ သမီးကြီး၊ စီးပွားရေးကိုလည်း ဦးဆောင်ပြီး လုပ်နိုင်တဲ့သူပါ။ အဲဒါကို စီးပွားရေး မလုပ်ချင်ပဲ ကိုယ့်ပညာနဲ့ကိုယ်ပဲ ရပ်တည်ချင်တယ် ဆိုပြီး ထွက်သွားခဲ့တာပါ။ ကိုယ်တို့က ဘဝကို ဒီလို ရုံးကန်နေမှ အဓိပ္ပါယ် ရှိတယ်လို့ ထင်ကြသူတွေလေ..။ သူက ခုတော့ စိတ်ပျော့လာပြီ ထင်ပါရဲ့ ဘဝအဖော် ရှာဖို့ ရည်ရွယ်နေပြီ.. ကိုယ်လည်း မတားပါဘူး.. နှစ်ကိုယ်တူ အချစ်ဆိုရင် အဆင်ပြေကြဖို့ ဆုတောင်းပြီးသားပါ။ (သူလည်း ခုထိတော့ မတွေ့သေးဘူး ထင်ပါရဲ့)။ တာဝန် ဝတ္တရား တစ်ရပ် အနေနဲ့တော့ မလုပ်နဲ့လို့ သာ ပြောဖူးတာပါ။ သူ့အိမ်က ထုံးစံအတိုင်း အိမ်ထောင်ချပေးချင်တယ်လေ..။ သူက ကိုယ့်လို မဟုတ်ဘူး။ စွံတယ်။ လာတောင်းကြသူတွေ အများကြီး။ သူက တစ်ယောက်မှ မကြိုက်လို့ အဲလို ထွက်သွားတာလေ...။ ကိုယ်ကလည်း အားပေးတယ်.. မကြိုက်ရင် မယူနဲ့လို့။ အရင်က ပြောခဲ့ကြဖူးတယ်... အဲလို မယူလို့ အိမ်က အမွေပြတ်စွန့်ရင်လည်း နင်နဲ့ငါနဲ့ နှစ်ယောက် နေကြမယ် .. လို့..။

သူက ကိုယ့်ထက် အများကြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်...။ သောကြာသမီး ပီသစွာ စကားလည်း ပြောတယ်..။ ကိုယ်ကတော့ အရင်းအနှီး သူငယ်ချင်းတွေကလွဲရင် သိပ်စကားမပြောတတ်တဲ့သူပါ။ အခုတော့ ကိုယ်လည်း အသက်ကြီးလာလို့ အရင်လောက်တော့ မအေးတော့ဘူးပေါ့။ အရင်နှစ်က Sg ကို သွားလည်ကြတော့ သူ့ဆီ ရောက်သေးတယ်။ တစ်ခြား  အလုပ်တူ သူငယ်ချင်းတွေလည်း ပါတယ်လေ။ သူကတော့ နုပျိုလှပလို့ အလန်းပဲ...။ သူတင်မဟုတ်ပါဘူး။ နိုင်ငံခြား ရောက်နေသူတိုင်းပါပဲ။ ကိုယ်တို့ကတော့ ပုံစံခွက်ထဲမှာ နေရသူတွေမို့ ပိုပြီး ရင့်ရော်သလားလို့တောင် ထင်ရပါတယ်..။ အဲဒီတုန်းက သူ့တိုက်ခန်းမှာ သူချက်ကျွေးတဲ့ ထမင်း တစ်နပ် စားခဲ့သေးတာပေါ့။

သူနဲ့ ကိုယ် မတူတာတွေထဲမှာ .. သူက ထမင်း ဟင်း ချက် တာကို စိတ်ဝင်စားတယ်။ ကိုယ်ကတော့ ဟင်းချက်ရတာ အပျင်းဆုံး။ တစ်ယောက်တည်းဆို အမြဲတမ်း ဖြစ်သလို စားနေကြ။ သူကတော့ တစ်ယောက်တည်းလည်း အားနေရင်တော့ ကောင်းကောင်း ချက်စားတယ်။ မအားရင်သာ ဖြစ်သလိုစားတာ..။ ကိုယ်ကတော့ ဟင်းကို စိတ်ရှည်လက်ရှည် ချက်ဖို့ ဘယ်တော့မှ မအားဘူး.. ဟီးဟီးး။

အပြင်မှာ သူနဲ့ ကိုယ် မတွေ့ရတာ တစ်နှစ်ကျော်ပြီပေါ့..။ Online မှာတော့ တွေ့နေပါတယ်..။ ကိုယ့်အလုပ်နဲ့ ကိုယ် ဆိုတော့ စကားတော့ သိပ်မပြောဖြစ်ကြဘူးပေါ့။

မွေးနေ့ကိတ်ကို ဒီကပဲ ပို့လိုက်တယ်နော်...



ဒီဇင်ဘာ ၁၅ ရက်မှာ ကျရောက်မယ့် သူငယ်ချင်း စိုး မွေးနေ့မှာ ပျော်ရွှင်ပါစေ...။ ရည်မှန်းချက်အတိုင်း အောင်မြင်အောင် ကြိုးစားနိုင်ပြီး ဖူးစာရှင် ချောချောလေးနဲ့လည်း တွေ့ဆုံနိုင်ပါစေ...။ သည်နှစ် မွေးနေ့မှသည် နောင်လာမယ့် မွေးနေ့ပေါင်းများစွာတိုင်အောင် ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်...။



သိင်္ဂါကျော်
14.12.2009
11:33


14 comments:

ဝက်ဝံလေး said...

Happy Birthday ပါ မမစိုးရေ

မမ ရေ မမ သူငယ်ချင်းအတွက် ဆုတောင်းပေးသွားတယ်နော်

Nge Naing said...

ညီမလေးရေ
သူငယ်ချင်းအတွက် ဒီလို အသိအမှတ်ပြုတဲ့ မွေးန့ပို့လေး တင်ပေးတာ သူငယ်ချင်းအတွက် တကယ်ကို နွေးထွေးမှု ပိတိကို ဖြစ်စေမှာ အမှန်ပဲ။ ညီမလေး သူငယ်ချင်းအတွက် ညီမလေးနဲ့ ထပ်တူ ဆုတောင်းပေးသွားပါတယ်။
Happy Birthday!

ရွှေရတုမှတ်တမ်း said...

ဟင်..သိင်္ဂါမွေးနေ့ကကျော်သွားပြီ..
hip hop ကတော့ အမဲဒီဖိုင်းတွေ အမြင်ကပ်လို့ကို မကြိုက်ဘူး..

လင်းကြယ်ဖြူ said...

မွေးနေ့ရှင်ရော
မွေးနေ့ပွဲ ကျင်းပပေးသူရော
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

မောင်သီဟ said...

ကျွန်တော်လဲဆုတောင်းပေးသွားတယ်ဗျို့
သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင်ပြန်ဆုံနိုင်ပါစေး)

subuueain said...

ဆုတောင်းပေးသွားပါတယ်။ ဓနုရာသီဖွား သူငယ်ချင်းနှစ်ယောက်လုံးအတွက်ပါ။ ညီမလည်း ဓနုရာသီဖွား :)

snow said...

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆို သိင်္ဂါကျော်ဘယ်သွားမှာလဲ မမေးလိုက်နဲ့... မေးလိုက်တိုင်း စိုးနဲ့ရုပ်ရှင်ကြည့်ဖို့ချိန်းထားလို့ လို့ဖြေတာ သတိရမိပါသေးတယ်...:P

ဒဏ္ဍာရီ said...

သူငယ်ချင်းရဲ့ သူငယ်ချင်းအတွက် မွေးနေ့ဆုတောင်းပေးလိုက်တယ်နော်။

စိုး ရဲ့ မွေးနေမှာသည် နှစ်ပေါင်းများစွား အခုလို ခင်မင် ချစ်စရာကောင်းတဲ့ သူငယ်ချင်းကောင်းတွေနဲ့ ထာဝရ လက်တွဲနိုင်ပါစေ...။

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ဆုတောင်းပေးပါတယ်ဗျာ...မွေးနေ့မှသည် နောက်နှစ်အဆက်ဆက် ပျော်ရွှင်နိုင်ပါစေလို့..

ခင်မင်မှုဖြင့်
ညရဲ့ကောင်းကင်

Anonymous said...

ဒီဇင်ဘာတစ်ရက်နေ့တုန်းက ဆွိဒီဇင်ဘာလို့ လာနှုတ်ဆက်တာလေးကို သတိရနေသေးတယ်။ အဲဒီနေ့က တိုက်ဆိုင်စွာ မွေးနေ့လည်း ဖြစ်နေခဲ့တာကိုးးးး။
အများကြီးနောက်ကျသွားပေမဲ့ ဒီဇင်ဘာလမကုန်သေးတော့ ဆုတောင်းပေးလို့ ရသေးတာပေါ့နော်..။

Happy birthday to you and yourfriend-Soe!!
May both of you be happy, healthy and lucky forever.

Best wishes,
လသာည...

Anonymous said...

ထပ်တူတူထပ်မျှ ဆုတောင်းပေးသွားပါတယ်ရှင်..။

shwezinu said...

ချစ်တဲ့ သူငယ်ချင်း အတွက် အတူတူ ဆုတောင်းပေးသွားပါတယ်

ဆောင်းယွန်းလ said...

သူငယ်ချင်းအပေါ်မှာထားတဲ့ သံယောဇဉ်က လေးစားလောက်စရာပါပဲ...
သူငယ်ချင်းအတွက် ဝိုင်းပြီးဆုတောင်းပေးသွားပါတယ်..
ညီမလေး သိဂါင်္ကျော်ဆုတောင်းသလိုပါပဲလို့

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ....
သူငယ်ချင်းကို တော်တော်ချစ်ပုံရတယ်နော်...။ နောက်ကျနေခဲ့ပေမယ့်လည်း...စိုး..ဆိုတဲ့ သူငယ်ချင်းအတွက် ဆုတောင်းပေးခဲ့ပါတယ်ဗျာ...။
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေလို့လေ...။
(ကျွန်တော်လည်း ဟစ်ပ်ဟော့ ဆို အရမ်းပြင်းတာမခံစားနိုင်ဘူး....၊ ရန်ဖြစ်နေတာ... ကိုယ့်ကို ရန်တွေ့နေတာ ထင်မိလို့...:D...)

ခင်မင်တဲ့
ဏီလင်းညို