31 October, 2009

တရုတ်မရုပ်ကလေး

 

ချစ်စရာကောင်းတဲ့ ၈နှစ်အရွယ် ကလေးမလေး လဇ် ဟာ သူမရဲ့ မွေးနေ့ လက်ဆောင် အဖြစ် ချစ်စဖွယ် တရုတ်မရုပ်ကလေး တစ်ရုပ်ကို ရခဲ့ပါတယ်။ သူမက အရုပ်ကလေးကို ဆမ် လို့ ခေါ်ခဲ့ပါတယ်။ တစ်နေ့မှာ လဇ် ဟာ သူမရဲ့ အရုပ်ကလေးနဲ့ ကစားနေခဲ့တာ သူ့အမေ လာခေါ်တဲ့ အထိပါပဲ။ လဇ်ဟာ အရုပ်ကလေးကို မြေတိုက်ခန်း (စတိုခန်း) ထဲ ပစ်ထားခဲ့ပြီး အိပ်ရာဝင်ခဲ့ပါတယ်။

ညလည်လောက်မှာ သူမဟာ ထူးဆန်းတဲ့ အသံ တစ်ချို့ကို ကြားခဲ့ရပါတယ်။ သူမကြားခဲ့ရတာကတော့ “တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး…. အခုတော့ သူတို့ သေရှာပေါ့ … ” ။ လဇ်လည်း ပြန်အိပ်ပျော်အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပါတယ်။

မနက်မိုးလင်းတော့ သူမရဲ့ မိဘတွေ အခန်းကို ပြေးကြည့်တဲ့ အခါမှာ သူတို့ဟာ သေဆုံးနေကြပြီ ဖြစ်ပါတယ်။ သူမ က ငိုနေခဲ့ပြီး သူ့အစ်ကို ကတော့ မိဘတွေရဲ့ အသုဘ အတွက် ပြင်ဆင်နေခဲ့ရပါတယ်။ လဇ် ဟာ အဲဒီနေ့မှာ ဆမ်နဲ့ မကစားတော့ပဲ စောစော စီးစီး အိပ်ရာဝင်ခဲ့ပါတယ်။

ညလည်လောက် ရောက်တော့ အဲဒီ အသံကို ထပ်ကြားရပြန်ပါတယ်။
“တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး၊ မင်းအစ်ကို အခန်းထဲက တရုတ်မရုပ်ကလေး…. အခုတော့ သူ သေရှာပြီ … ”
လဇ်ဟာ ကြက်သီးတွေထပြီး ကြောက်လွန်းလို့ ခိုက်ခိုက်တုန်နေတယ်။ နောက်ထပ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ ညတစ်ညပါပဲ။

မနက်မိုးလင်းတော့မှ သူ့ အစ်ကို အခန်းထဲကို ဝင်ကြည့်တော့ သူ သေနေပါပြီ။ သူမဟာ သူမ အခန်းထဲကို ပြန်ဝင်ခဲ့ပြီး အပြင်ကို မထွက်ရဲ တော့ပါဘူး။ ညရောက်လာတော့လည်း  အိပ်ပျော်သွားပါတော့တယ်။

တရားစာရွတ်သံလို အသံကို သူမ ထပ်မံ ကြားရပြန်ပါတယ်။
“တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး၊ မင်းအစ်ကို အခန်းထဲက တရုတ်မရုပ်ကလေး… မင်းအခန်းထဲက တရုတ်မရုပ်ကလေး… ”
သူမ ဟာ အရုပ်ကလေးကို ငေးကြည့်နေမိခဲ့ပါတယ်။
 “အခုတော့ မင်း သေတော့မယ်”

နောက်တစ်နေ့မှာ ရဲတွေက သူမကို တွေ့ခဲ့ကြပါတယ်။ လူသတ်သမားရဲ့ အရိပ်အရောင်ကိုတော့ မတွေ့ခဲ့ကြပါဘူး။ သူတို့ ကြားခဲ့သမျှကတော့ အဝေးက ရယ်သံ သဲ့သဲ့ လောက်ပါပဲ။ ရယ်မောနေတဲ့ ဆံပင် အညိုရောင်၊ မျက်လုံး အညိုရောင်နဲ့ တရုတ်မရုပ်ကလေးကတော့ သူမရဲ့ နောက်ထပ် သားကောင်ကို စောင့်မျှော်နေခဲ့ပါတယ်။

http://www.halloweenishere.com/ghost_stories.html မှ China Doll ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

ဒီနေ့ Halloween Day မို့ Mask ကလေးတွေ အဆစ်ထည့်ပြီး တင်လိုက်ပါတယ်။



 
 
 
 
 
 

 
 
 
ဒီအတိုင်းတင်ရင် ပုံတွေ မကြည့်မှာစိုးလို့ ... :P 




28 October, 2009

တမာပင်တန်းများဆီသို့ အလည်တစ်ခေါက်


ပြင်ဦးလွင်နဲ့ အနီးလေးမှာ နေပေမယ့် ပြင်ဦးလွင် အနှံ လျှောက်မလည် ဖြစ်သေးပဲ မုံရွာဘက်ကို ရောက်သွားပါတယ်။ သွားချင်လွန်းလို့ ကားလမ်းမရှိတဲ့ ဂိတ်ပေါက်ဝကို ၄၅ မိနစ် လမ်းလျှောက်ထွက်ခဲ့ပြီး ပြင်ဦးလွင် - မန္တလေး လိုင်းကား စီးပြီး မန္တလေးကို လာရတာပါ။ မန္တလေး ရောက်တော့ သူများတွေ ဆင်းတဲ့ နေရာမှာ ဆင်းပြီး သူငယ်ချင်းကို ဖုန်းဆက်ပြီး လာကြိုခိုင်းရပါတယ်။ ကိုယ်က အညာမြေကို ပုပ္ပါး နဲ့ ပုဂံ ကလွဲလို့ ဘယ်မှ မရောက်ဖူးသေးပါဘူး။ အဲဒါကြောင့် သွားချင်လွန်းလို့ သူငယ်ချင်း အိမ် အိပ်ရမှာကို အားမနာနိုင်တော့ပဲ လာခဲ့တာပါ။ ရန်ကုန်က လာတဲ့သူတွေ နဲ့အတူ နောက်နေ့ မနက် အစောကြီး ထွက်ပြီး မုံရွာဘက်ကို သွားကြပါတယ်။
 
ပထမဆုံး ဝင်တာကတော့ ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီးပါ။ အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ နေပူနေတာကနေ မိုးတွေဘာတွေတောင် ရွာလို့…။ မိုးရွာကြီးထဲမှာပဲ ထီးလည်း မပါတော့ ဒီတိုင်းပဲ တက်ခဲ့ကြတယ်။ ပထမဆုံး တွေ့ရတာ ဒီစေတီတော်ပါ။

 

လမ်းခုလတ် တောင်စောင်းပေါ်က မြင်ရတဲ့ ဗောဓိတစ်ထောင် ရေလှောင်တမံ ရှုခင်းပါ။

    

စေတီရဲ့ ဘွဲ့တော် မသိပေမယ့် ရှုခင်းလှလို့ ရိုက်ခဲ့ပါတယ်။


 

နောက်ဆုံးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးကို ဖူးတွေ့ရပါတော့တယ်။ ဘုရားကြီးကို ရောက်တော့ မိုးလည်း တိတ်သွားပါပြီ။ ဘုရားကြီးကို ဖူးရတာ တကယ့်ကို ကြည်နူးနှစ်သက်စရာပါ။ အတွင်းထဲကိုတော့ တစ်ထပ် နှစ်ထပ်ပဲ တက်ပြီးတော့ ပြန်ဆင်းခဲ့ကြပါတယ်။
 


 

ဗောဓိတစ်ထောင်မှာပဲ ထမင်း စားသောက်ပြီးမှ (ထမင်းဆိုင်ကတော့ တကယ်ကို ညံပါတယ်) မိုးညှင်းသံဗုဒ္ဓေကို ကားဆက်ထွက်ခဲ့ပါတယ်။ နေပူလွန်းအားကြီးလို့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။



သံဗုဒ္ဓေ စေတီတော်ကြီး ပြီးတော့ ကျောက်ကာ ရွှေဂူနီဘုရားကို ဝင်ရောက်ဖူးမြှော်ကြပါတယ်။ ရွှေသင်္ကန်း ကပ်လှူသူတွေ များလွန်းလို့ ရုပ်ပွားတော်မြတ်ချည်း သက်သက်တောင် ဓါတ်ပုံ မရိုက်နိုင်ခဲ့ပါဘူး။ လက်သန်းကို ရွှေချပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။

 

နောက်တစ်နေရာက ထန်းဇလုတ် ရေတံခွန်ပါ။ ရေတံခွန် ဆိုပေမယ့် ဘာမှ သိပ်မရှိပါဘူး။ ဒါပေမယ့် ရေစီးသန်လို့ ချောင်းရေထဲအထိ မဆင်းဖို့ ဒေသခံတွေက သတိပေးကြပါတယ်။

 

ဆက်ထွက်လာကြပြီး သူများ တံတားတွေထက် တံတားဖြတ်ခ ဈေးကြီးတဲ့ ချင်းတွင်းတံတား နဲ့ မြောက်ယမား ချောင်းတံတားကို ဖြတ်ပြီး ဖိုလ်ဝင်တောင် ဆီကို ဦးတည် လာကြပါတယ်။ လမ်းမှာ ရွှေတောင်ဦး စေတီတော် (ဘွဲ့တော် မှန်မယ် ထင်တာပဲ) ကို ဝင်ရောက်ဖူးမြှော်ခဲ့ပါတယ်။ စေတီတော်ရှိရာတောင်ပေါ်ကို ဓါတ်လှေကားနဲ့ တက်လို့ရပါတယ်။ အောက်ကပုံတွေက စေတီ ရင်ပြင်ကနေ ရိုက်ထားတဲ့ ပုံတွေပါ။ စေတီတော်က ငြမ်းတွေဆင်ထားတာနဲ့ မရိုက်ခဲ့တော့ပါဘူး။



 

ဖိုလ်ဝင်တောင် သွားရာလမ်းမှာ တွေ့ရတဲ့ ကြေးထုတ်လုပ်ရာ နေရာတွေကို ကားပေါ်က လှမ်းရိုက်ထားတာပါ။



အဲဒီညက ဖိုလ်ဝင်တောင် ဘုန်းကြီးကျောင်း တစ်ကျောင်းက ဇရပ်မှာ ညအိပ်ပြီး မနက်စောစောမှ တောင်တက် ဘုရားဖူးကြပါတယ်။ စောင်းတန်း အဝင်ဝက ဇော်ဂျီရုပ် တွေပါ။



ဖိုလ်ဝင်တောင် တစ်ခုလုံးမှာ သဘာဝကျောက်လိုဏ်ဂူတွေထဲမှာ ရှေးလက်ရာ ရုပ်ပွားတော်မြတ်တွေ တော်တော်ကို များပါတယ်။ ရုပ်ပွားတော်တွေကို ထွင်းထုပြီးမှ ဂူထဲ သွင်းထားတာမဟုတ်ပဲ ကျောက်ဂူထဲက ကျောက်သားကို ထွင်းထုပုံဖော်ထားတာ လို့ ဂေါပက လူကြီးက ရှင်းပြပါတယ်။


 

 

 

 


အရှင်ဂဝံပတိ ရဟန္တာအရှင်မြတ် ရုပ်ထုတော်ပါ။



 ကျောက်ဂူလေးတွေတိုင်းမှာ ရုပ်ပွားတော်လေးတွေ ပူဇော်ထားပါတယ်။ အကုန်တော့ ဝင်မဖူးနိုင်ခဲ့ပါဘူး။



မျောက်သားအမိပုံပါ။
 

လမ်းတလျှောက် မျောက်တွေကတော့ သွားလာနေကြတယ်။ သူတို့က ငှက်ပျောသီးနဲ့ ကုလားပဲ ရေစိမ်ကို အရမ်းကြိုက်တယ်။ သူတို့ကို ကျွေးဖို့ အဲဒါတွေ ယူသွားခဲ့တယ်လေ။ မျောက်စာ ရောင်းတဲ့သူတွေ ဆီက မြေပဲ ဆားလှော်ကို သူတို့က သိပ်မကြိုက်ကြဘူး။



 

ရွှေဘတောင်ကိုတော့ နီးမှန်းမသိလို့ မသွားဖြစ်ခဲ့ဘူး။ အဲဒီက ထွက်လာတော့ ၈ နာရီ ခွဲနေပြီ။ စစ်ကိုင်းကောင်းမှုတော်ကို ဝင်ကြသေးတယ်။ ကျောက်ပြင်တွေ သနပ်ခါးတုံးတွေ၊ နွားနို့ယိုတွေ ဝယ်ကြသေးတယ်။ တစ်ယောက်က စကော သွားဝယ်နေတာ ကြာနေလို့ သူ့ကို စောင့်ကြရသေးတယ်။



နေကလည်း အရမ်းပူနေ၊ အချိန်ကလည်း မရှိဆိုတော့ ကောင်းမှုတော် ဘုရားကြီးကို မုခ်ဦးဝကနေ ဓါတ်ပုံရိုက်ချင်တာ မရိုက်ဖြစ်ခဲ့ဖူး။ အဲဒီက ထွက်ပြီး စစ်ကိုင်တောင်ရိုးကို တန်းလာခဲ့တယ်။ မီနီဘတ်စ်ကို အောက်မှာ ရပ်ခဲ့ပြီး တောင်တက်ကားနဲ့ တက်ခဲ့ကြတယ်။ ပထမဆုံး ဥမင်သုံးဆယ်။

  

 

နောက် ဆွမ်းဦးပုညရှင် စေတီတော်နဲ့ ရုပ်ပွားတော်မြတ်ပါ။


 

ဆွမ်းဦးပုညရှင်ဘုရားပေါ်က ကြည့်ရင် ရှုခင်းတွေကတော့ တကယ်လှပါတယ်။ ဆည်းဆာချိန် ဆိုရင် ဘယ်လောက်များ လှလိုက်မလဲ တွေးကြည့်မိတယ်။



 

အင်းဝတံတား အဟောင်း နဲ့ ဧရာဝတီတံတား(ရတနာပုံ) ကို ဆွမ်းဦးပုညရှင်တောင်ပေါ်က ရိုက်ထားတဲ့ပုံပါ။



ပန်းချီကားလေးတွေ ရောင်းတဲ့ဆိုင်။ ဒီဆိုင်က ဟုတ်မဟုတ်တော့မသိဘူး။ တော်တော် အသက်ကြီးတဲ့ အဘိုး တစ်ယောက် ပန်းချီကားလေးတွေကိုင်ပြီး ကားတွေပေါ် တက်ရောင်းနေရရှာတယ်။ အသက်ကြီးရင် အဲလို ဖြစ်မှာကို အကြောက်ဆုံးပဲ။



ဆွမ်းဦးပုညရှင်က ပြန်ထွက်ပြီး ထမင်းကျွေးမယ့် သီလရှင်ကျောင်းကို သွားပြီး သက်သတ်လွတ် ဟင်းတွေနဲ့ ထမင်းစားခဲ့ကြတယ်။ ထမင်းစားချိန်ကလည်း လွန်နေ၊ ဟင်းတွေကလည်း အရမ်းကောင်းဆိုတော့ တအားကို စားခဲ့ကြတာပဲ။

အဲဒီက ပြန်လာတော့ အချိန်ကလည်း သိပ်မရှိတော့တာမို့ မင်းကွန်းကို မဝင်ဖြစ်တော့ပဲ ဦးပိန်တံတားကိုပဲ တစ်နေ့တာရဲ့ နောက်ဆုံး အနေနဲ့ ဝင်ခဲ့ကြပါတယ်။ ဦးပိန် တံတားပေါ်ကနေ ရှုခင်းလေး နည်းနည်း ရိုက်လာခဲ့သေးတယ်။ သရဲခြောက်တယ်ဆိုတဲ့ တိုင် အမှတ်ကို တော့ မသိတော့လို့ မကြည့်ခဲ့ရပါဘူး။



  
  

(သိင်္ဂါကျော်)

27 October, 2009

မသေတဲ့ကဗျာ

ဒီတစ်ပတ်ပိတ်ရက်မှာ ခရီးသွားနေလို့ စာမရေးဖြစ်တာပါ။ ဘလော့နဲ့ အဆက်မပြတ်ချင်လို့ နည်းနည်း ကလေးဆန်ပေမယ့် အတွေးလေးကို သဘောကျမိတဲ့ ငယ်ငယ်က ကဗျာလေး တစ်ပုဒ်တင်လိုက်ပါဦးမယ်။



ပစ်သံခတ်သံကြားမှာ
ပြိုလဲသွားတဲ့
သက္ကရာဇ်တွေ
တအိအိ ပြိုကျနေကြ
မနက်နဲ့ညတွေ
တစ်နာရီ၊ တစ်နာရီမှာ
ပြောင်းပြောင်းသွားကြတဲ့ ဘဝတွေ…။

မနက်၊ ည …
နာရီ၊ မိနစ် …
သက္ကရာဇ် …
အားလုံးအိုသွား
သေဆုံးသွား
ပြီးတော့…
မွေးဖွား
လည်ပတ်
ရာစုတွေ ဆက်ခဲ့…။

ချိုးဖြူငှက်နဲ့
အနုမြူရဲ့ကြား
ဘဝခါးခါးတွေ
မစားချင်ပဲ စားနေရ
ဘဝများများဟာ
မပြောင်းချင်ပဲ ပြောင်းနေရ။

မတည်မငြိမ်တဲ့
ဒီလောကထဲ
အမြဲတမ်းမဟောင်း
ထာဝရရှင်သန်တာ …
မသေတဲ့ ကဗျာ။

(သိင်္ဂါကျော်)


ပုံကို http://farm3.static.flickr.com မှ ယူထားပါတယ်။

22 October, 2009

အိပ်မက်ပူပူ



အဲဒီနွေမှာ
အနောက်ဘက်က ပန်းခင်းတွေ
ညနေခင်း နွမ်းလျသလိုမျိုး
နေ့ဘက် သွပ်တရှိန်ရှိန်
ပိတ်လှောင်ကျဉ်းကြပ်
အခန်းကျဉ်းထဲကည
အိပ်မက်ဖို့ အခွင့်အရေး သိပ်မရပါပဲလျက်
မောဟခါးခါးတွေဝါး
လောဘပူပူတွေ မျိုသောက်
မစ္ဆိရိယ မီးလျှံတွေ တညီးညီး နဲ့
အိပ်မက်တွေလည်း အပူလောင်ခဲ့။


နေရာလည်း မရှိ
ဝေဒနာလည် မရှိ
ဘလာဟင်းလင်း ရင်ခွင်နဲ့လူ
ညပျက်ညရဲ့ အမှောင်တစ်ဝက်အောက်
ပြေးထွက်လျှောက်ခဲ့လေတယ်။

(ခပ်ငယ်ငယ်က ရေးထားတဲ့ ကဗျာလေးပါ)

သိင်္ဂါကျော်

21 October, 2009

ယဉ်တကိုယ်မယ်

ဘာရယ်တော့ မဟုတ်ပါဘူး။ မျက်စိ အစာကျွေးရအောင်ပါ။ အိန္ဒိယ ဆာရီ ဝတ်ထားတဲ့ ရုရှ မော်ဒယ်လ် တစ်ယောက်ရဲ့ ပုံတွေပါ။ စာလည်း မရေးဖြစ်သေးတာနဲ့..။ :)